အပိုင်း ၁၃၁
Viewers 62k

အခန်း ၁၃၁ “ဧကရာဇ်၏ အသုဘ အခမ်းအနား”


နောက်တစ်နေ့မနက်ခင်း နေရောင်ခြည် ထွက်ပေါ်လာချိန်တွင် အင်ပါယာနန်းတော်အတွင်းမှ ၀မ်းနည်းကြေကွဲဖွယ် ခေါင်းလောင်းသံများ ထွက်ပေါ်လာလေသည်။ အင်ပါယာမြို့တော်က ရုတ်တရက် နိုးထလာသကဲ့သို့ အိမ်တိုင်းမှ လူများက လမ်းမပေါ်သို့ ထွက်လာကြသည်။ ထူထဲသော ချည်သား၀တ်ရုံကို ၀တ်ဆင်ထားကြသော ပြည်သူများက ပူဆွေး၀မ်းနည်းနေသော အမူအယာများနှင့် အင်ပါယာနန်းတော်သို့ သွားနေကြသည်။


အင်အားကြီးမားသော သူတို့၏ ခေါင်းဆောင် ကျဆုံးသွားခြင်းက သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်။ တိုင်းသူပြည်သားများက အင်ပါယာမင်းမြတ် ဂျိချန်းဖန်ကို ယုံကြည်လေးစား၍ အားကိုးကြလေသည်။ အင်ပါယာမင်းမြတ်က လေအလင်းအင်ပါယာကို အင်အားကြီးမားလာစေရန် ကြီးမားသော လုံ့လ၀ရိယနှင့် ကြိုးစားခဲ့ပြီး သူတို့တစ်ယောက်ခြင်းစီအတွက် အကျိုးဆောင်ခဲ့သောကြောင့် ဖြစ်သည်။ 


ဤနေ့က အင်ပါယာမင်းမြတ်၏ အသုဘ အခမ်းအနား ဖြစ်သောကြောင့် တိုင်းသူပြည်သားများက အင်ပါယာမင်းမြတ်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရန် ပြင်ဆင်နေကြသကဲ့သို့ မြို့တော်၏ အပြင်ဘက်တွင် နေထိုင်ကြသူများက နောက်ဆဲုးအကြိမ်အဖြစ် အင်ပါယာမင်းမြတ်၏ မျက်နှာတော်ကို မြင်ရရန်အတွက် လာရောက်နေကြလေသည်။ ၀မ်းနည်းကြေကွဲဖွယ်ရာ ခေါင်းလောင်းသံက လူတို့၏ ပူဆွေးသောကများကို အားပေးနေသကဲ့သို့ ရှိနေလေသည်။ 


လျို့ဝှက်ကောင်းကင် ဂိတ်တခါး၀တွင် ပြည်သူများ ပို၍ များပြားလာကြပြီး တပ်သားများကလဲ ဂိတ်တခါးအတွင်း ၀င်ရောက်ခြင်းမရှိစေရန် တားဆီးထားကြသည်။ ထို့ကြောင့် သူတို့က အင်ပါယာမင်းမြတ်၏ ရုပ်အလောင်း သယ်ဆောင်လာချိန်တွင် စောင့်ကြည့်ရန် စောင့်ဆိုင်းနေကြသည်။


အသုဘအခမ်းအနား ၀တ်ဆုံကို ၀တ်ဆင်ထားသော အိမ်ရှေ့စံမင်းသားက ပူဆွေးသောက ရောက်နေသော အမူအယာနှင့် ခန်းမကျယ်ထဲတွင် ငေးမောနေလေသည်။ သူ၏ နောက်တွင် တရားရုံးအရာရှိများက အသုဘ အခမ်းအနား၀တ်စုံများကို ၀တ်ဆင်ထားကြပြီး ငြိမ်သက်စွာ ရပ်နေကြလေသည်။ ဘုရင်ခံယုက မျက်နှာသေနှင့် မတ်တပ်ရပ်နေသည်။သူ၏ နောက်တွင်လည်း တရားရုံးတော်မှ အရာရှိအချို့ ရှိနေပြီး ရုံးတော်သား အသွင်ယူထားသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများ ရောနှောပါ၀င်နေလေသည်။ ဂီတသမားများက ၀မ်းနည်းဖွယ်ရာ သီချင်းများကို တီးမှုတ်နေကြပြီး ခန်းမထဲမှ ထွက်လာကြလေသည်။ 


ရှောင်မန်က သူ၏ စစ်၀တ်စုံပေါ်တွင် အထိမ်းအမှတ် ၀တ်စုံကို ၀တ်ဆင်ထားပြီး ပူဆွေးသောကရောက်စွာ ငိုကြွေးနေသော သူ၏ ဇနီး ဂျိရုအာကို ဖေးမ၍ ရပ်နေလေသည်။ ဂျိရုအာက သုံးနှစ်ကြာ မေ့မြောနေရာမှ နိုးလာချိန်တွင် သူမ၏ ဖခမည်းတော် ကွယ်လွန်သွားသည်ကို သိလိုက်ရသောကြောင့် ပူဆွေးသောက ရောက်နေလေသည်။ သူမ၏ လူများကြားတွင် ဂျိချန်းရွဲ့ကို မတွေ့သောကြောင့် ပို၍ သောကရောက်နေလေသည်။


“ဂျိချန်းရွဲ့ရော… သူဘာလို့ ဒီမှာရှိမနေတာလဲ…” ဂျိရုအာက အားနည်းဖျော့တော့သော အသံနှင့် မေးလိုက်လေသည်။


ရှောင်မန်၏ မျက်၀န်းများထဲတွင် သံသယများပြည့်နှက်သွားပြီး တွေးလိုက်မိသည်။


“သူမနေ့က အန္တရာယ်တောထဲကနေ လုံး၀ လွတ်မြောက်သွားတယ် မဟုတ်ဘူးလား… ဘာလို့ ပေါ်မလာသေးတာလဲ… အင်ပါယာမင်းမြတ်ရဲ့ သေတမ်းစာမှာ သူ့ကို နဂါးပလ္လင်လွဲပြောင်းပေးထားတာဆိုတော့ သူက စောစောတောင် ရောက်နေရမှာလေ… တစ်ခုခုများ ဖြစ်နေတာလား…” 


“ဘာမှမဖြစ်ပါဘူး… သူ့မှာတစ်ခြား အရေးကြီးတာ တစ်ခုခု ရှိနေလို့ ဖြစ်မှာပါ… မကြာခင်မှာပဲ သူရောက်လာလိမ့်မယ်.. သူက ပလ္လင်တော်ကို ဆက်ခံရမယ့်သူပဲလေ…”  


သို့သော် သူက ဟန်လုပ်ပြုံးလိုက်ပြီး ဂျိရုအာကို ပြန်ပြောလိုက်သည်။ ဂျိရုအာက ပူပင်သောက ရောက်နေသော်လည်း ရှောင်မန့်၏ စကားကြောင့် ပြုံးပြလိုက်လေသည်။ ရှောင်ယန်ယုနှင့် ရှောင်ရှောင်လုံတို့၏ သူတို့၏ ရှေ့တွင် တစ်ဦးကိုတစ်ဦး ကြင်နာစွာ ပြုမူနေကြသော မိဘနှစ်ပါးကို ကြည့်၍ ပျော်ရွှင်နေကြသည်။ ရှောင်ယန်ယုက သူမ၏ ပတ်၀န်းကျင်ကို အကဲခတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေလိုက်သည်။


ရှောင်မန်ရှင်းပြလိုက်ပြီးနောက် သူမတို့၏ အကိုကြီး ရှောင်ယုက ဂျိရုအာကို သက်သာလာစေရန် ကူညီခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့အပြင် ဂျိရုအာက ကိစ္စတစ်ခုလုံးကို ရှင်းပြပြီး ဖြစ်သောကြောင့် ရှောင်ယုအပေါ် မုန်းတီးမှုများက ပျက်ပြယ်သွားပြီး သူတို့ကိုယ်သူတို့ အပြစ်ရှိသကဲ့သို့ ခံစားနေရလေသည်။


ဂီတသမားများ၏ နောက်တွင် အသုဘ အခမ်းအနား ၀တ်ရုံကို ၀တ်ဆင်ထားသော လျန်ဖုက တစ်ဖြည်းဖြည်းချင်း လျောက်၍ လိုက်ပါလာလေသည်။ သူ၏ မျက်၀န်းများက မို့ဖောင်းနေပြီး မျက်သားများက ရဲရဲနီနေကာ ခန္ဒာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါများက မတည်မငြိမ် ဖြစ်နေလေသည်။ သို့သော် လျန်ဖုက အင်ပါယာမင်းမြတ်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ကြေကွဲ၀မ်းနဲနေမည်ကို လူတိုင်းက နားလည်ကြသောကြောင့် လျစ်လျူရှုထားကြလေသည်။


“တတိယမင်းသားက ဘယ်မှာလဲ…” လျန်ဖုက သူ၏ လက်ထဲမှ သားမွှေးတုတ်ကို ဝေ့ရမ်းလိုက်ပြီး စူးရှရှအသံနှင့် မေးမြန်းလိုက်သည်။ 


ထိုအချိန်တွင် အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့က ရှေ့သို့ တစ်ပြိုင်တည်း တိုးထွက်လာကြပြီး လျန်ဖုကို အရိုအသေ ပြုလိုက်ကြသည်။ လျန်ဖုက ထိုနှစ်ယောက်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး အခမ်းအနားစတင်ရန် လုပ်ဆောင်လိုက်သည်။ အခမ်းအနား အစီအစဉ်များကို လေအလင်းအင်ပါယာမြို့တော်၏ တော်၀င်မိသားစုများနှင့် မင်းသားတိုင်းက အလေးအနက် လုပ်ဆောင်ရပေမည်။


“နောက်နန်းတက်မယ့် မင်းက ခေါင်းတလားကို လက်ခံယူရပါမယ်…” လျန်ဖု၏ စူးရှရှအသံက နောက်တစ်ကြိမ်း ထပ်မံထွက်ပေါ်လာသည်။


 ထိုစကားကို ကြားလိုက်ချိန်တွင် အောက်တွင်ရပ်နေကြသော အရာရှိများက အချင်းချင်း တီးတိုးပြောဆိုနေကြသကဲ့သို့ ကျောက်မိုရှန်ကလဲ မသိမသာ မဲ့ပြုံးပြုံးလိုက်လေသည်။ အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့က ရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလိုက်ပြီး ဘုရင်ခံယုက ဦးစွာ ပြောဆိုလိုက်သည်။


“မိန်းမစိုးအကြီးအကဲလျန်.. အချိန်တွေကို မနှောင့်နှေးစေသင့်ပါဘူး… ခေါင်းတလားကို ငါ့ကိ်ုပဲ လက်ခံခွင့် ပြုလိုက်ပါ…”


“ဘာလို့မင်းက လက်ခံသင့်တာလဲ… တစ်ကယ်လို့ ခေါင်းတလားကိ ဘယ်သူမဆို လက်ခံလို့ရမယ်ဆိုရင် အဲဒီလူက ငါပဲ ဖြစ်သင့်တာမဟုတ်လား…” အိမ်ရှေ့စံမင်းသားက ဘုရင်ခံယုကိုအေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


သူတို့နှစ်ဦးကြားမှ အခြေအနေများက ပြန်လည်တင်းမာလာလေသည်။ လျန်ဖုက သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ထိုမင်းသားနှစ်ပါးက သူတို့၏ သဘောထားများကို အတိအလင်း ထုတ်ဖော်ပြသနေပေသည်။ တတိယမင်းသားက အနီးတွင် မရှိသောကြောင့် အခြေအနေများက ပိုမိုရှုပ်ထွေးလာလေသည်။ သူသာရှိနေပါက ဘုရင်ခံယုနှင့် အိမ်ရှေ့စံမင်းသားတို့က ခေါင်းတလားကို ရယူရန် ငြင်းခုန်နေနိုင်မည်မဟုတ်ချေ။


သို့သော် ဤအခြေအနေတွင် တစ်ယောက်ယောက်က ခေါင်းတလားကို လက်ခံယူရပေလိမ့်မည်။ လျန်ဖုက ပြသနာကြားထဲ ရောက်နေသည်ကို ခံစားလိုက်ရသည်။


“မိန်းမစိုးလျန်… မင်းက တစ်ခုခု ဆုံးဖြတ်ပေးသင့်တယ်… ဖခမည်းတော် သက်ရှိထင်ရှားရှိတုန်းက မင်းကိုပဲ အယုံကြည်ဆုံးလေ…” ဘုရင်ခံယုက လျန်ဖုကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ 


“အရှင့်သား ကျေးဇူးပြုပြီး မင်းရဲ့စကားကို ဆင်ခြင်ပေးပါ… ခေါင်းတလားကို လက်ခံတာက အရေးကြီးတဲ့ကိစ္စ ဖြစ်တာကြောင့် အလျင်စလို ဆုံးဖြတ်လို့မရပါဘူး… ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးကြပါဦး…တစ်ကယ်လို့ တတိယမင်းသား ရောက်မလာဘူးဆိုရင်တော့ ခေါင်းတလားကို အရှင့်သားနှစ်ယောက်က အတူတကွ လက်ခံပေးကြပါ….” လျန်ဖုက ပြောဆိုလိုက်သည်။


ဘုရင်ခံယုက တခဏမျှ တိတ်ဆိတ်သွားပြီး ခပ်သာသာ ရယ်မောလိုက်သည်။ ဂျိချန်းရွဲ့ ရောက်လာနိုင်မည်မဟုတ်သည်ကို သိရှိနေသောကြောင့် သူ့ကို စောင့်နေခြင်းက အချိန်ဖြုန်းနေခြင်းသာ ဖြစ်နေပေလိမ့်မည်။ သို့သော် ဘုရင်ခံယုက သူ၏ ပုံရိပ်ကို ကောင်းစွာ ထိန်းသိမ်းလိုသောကြောင့် အပြင်ကို ထုတ်မပြောပဲ ငြိမ်သက်စွာ နေလိုက်လေသည်။ အိမ်ရှေ့စံမင်းသားကလဲ ထိုသို့သာ တွေးလိုက်မိသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပင် အကြည့်လွဲလိုက်ကြသည်။


အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် စောင့်နေကြသော စစ်တပ်နှင့် တရားရုံးတော်မှ အရာရှိများက စိတ်မရှည်နိုင် ဖြစ်လာကြပြီး တီးတိုးပြောဆိုနေကြလေသည်။ လျန်ဖုက အဝေးသို့ မျော်ကြည့်လိုက်ပြီး တိတ်တဆိတ်သာ သက်ပြင်းချလိုက်သည်။ 


“မိန်းမစိုးအကြီးအကဲလျန် တတိယညီတော်က အခုထိကို ရောက်မလာသေးဘူး… ဒါက ဖခမည်းတော်ကို မလေးမစားလုပ်လိုက်တာပဲ ဒီလိုလူမျိုးကို ဘယ်လိုနည်းနဲ့မှ ပလ္လင်လွဲပေးလို့မရဘူး… ခေါင်းတလားကို ငါ့ကိုပဲ လက်လွဲပေးသင့်တယ်…” အိမ်ရှေ့စံမင်းသားက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။


ပြော၍ မပြီးခင်မှာပင် ဘုရင်ခံယုက ငြင်းခုန် ပြောဆိုလိုက်လေသည်။ သူတို့ငြင်းခုန်နေကြစဉ်တွင် လျို့ဝှက်ကောင်းကင် ဂိတ်တခါး၀ဆီမှ လျောက်လာသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသောကြောင့် လျန်ဖု၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားလေသည်။ 


“ငါ့ရဲ့ ချစ်လှစွာသော အကိုတော်တို့ မင်းတို့ကို စိတ်ပူစေတာကို တောင်းပန်ပါတယ်… ဒါပေမယ့် ခေါင်းတလားကို ဆက်ခံမယ့်သူက ငါပဲ ဖြစ်သင့်တာလေ… ဘာလို့လဲ ဆိုတော့ ငါက နောက်ပလ္လင်ကို ဆက်ခံမယ့်သူ ဖြစ်နေလို့ပဲ…”


အေးစက်သော အသံတစ်ခုက ဘုရင်ခံယုနှင့် အိမ်ရှေ့စံမင်းသားတို့၏ နားထဲတွင်ကြားလိုက်ရလေသည်။ ကျောက်မူရှန်၏ မျက်၀န်းများက မှေးစင်းသွားပြီး စိတ်မကြည်စွာနှင့် ဂျိချန်းရွဲ့ကို စိုက်ကြည့်လိုက်လေသည်။ ရှောင်ယုက ဂျိချန်းရွဲ့၏နောက်တွင် တည်ကြည်လေးနက်စွာ လိုက်ပါလာလေသည်။ သူတို့နှစ်ဦးလုံက အသုဘ အခမ်းအနား ၀တ်စုံကို ၀တ်ဆင်ထားကြပြီး ခန်းမထဲသို့ တစ်လှမ်းခြင်း လျောက်၀င်လာကြသည်။ ဂျိချန်းရွဲ့က လျန်ဖုကို အရိုအသေပေးလိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့ဘက် လှည့်လိုက်ပြီး ပြောဆိုလိုက်သည်။


“ငါမသေသေးဘူး… မင်းတို့နှစ်ယောက် အရမ်းများ အံ့သြသွားတာလား…”