အခန်း ၁၃၂ “ဂိုဏ်းတွေက ပြသနာရှာတယ်”
ပုဖန်က အိပ်ယာမှ နိုးထလာပြီး မီးဖိုခန်းအတွင်း ၀င်လိုက်ချိန်တွင် ဂျိချန်းရွဲ့က ဆိုင်မှ ထွက်ခွာသွားပြီဖြစ်သည်။ ဖီးနစ်သွေးဆေးပင် တစ်၀က်ကို သောက်သုံးပြီးနောက် သေခြင်းမှ ပြန်လည်နိုးထလာနိုင်ပြီး သူ၏ဆေးပင်က အလဟဿ မဖြစ်သွားသည်ကို သိလိုက်ရသောကြောင့် ပုဖန်က ကျေနပ်သွားလေသည်။ ထိုအချိန်တွင် ၀မ်းနဲကြေကွဲဖွယ် ခေါင်းလောင်းသံကို ကြားလိုက်ရသောကြောင့် အင်ပါယာမင်းမြတ်၏ အသုဘအခမ်းအနားနေ့ ဖြစ်သည်ကို အမှတ်ရသွားလေသည်။
တခဏမျှ စဉ်းစားပြီးနောက် ပုဖန်က လျို့ဝှက်ကောင်းကင် ဂိတ်တခါးဆီသို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ အင်ပါယာမင်းမြတ်က မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ပြီး အစားအသောက်ခုံမင်သူ တစ်ယောက် ဖြစ်သောကြောင့် ပုဖန်က အင်ပါယာမင်းမြတ်ကို နှစ်သက်မိလေသည်။ ပုဖတ်က မနက်စာအတွက် ကမာနှလုံးသားပန်ကိတ်နှစ်ခု ကြော်၍ သိုးမွှေးအင်္ကျိအထူကိ်ု ထပ်၀တ်လိုက်သည်။ ထို့နောက် ဆိုင်တံခါးရှေ့တွင် ဆိုင်ခဏပိတ်ကြောင်း ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ပြီး လျို့ဝှက်ကောင်းကင် ဂိတ်တခါးရှိရာသို့ ဦးတည်လိုက်လေသည်။
ကောင်းကင်ယံထက်မှ ဆီးနှင်းများ တစ်ဖွဲဖွဲ ကျဆင်းနေပုံမှာ လှပသော ပန်းချီကားတစ်ချပ် ချယ်မှုန်းထားသကဲ့သို့ ဖြစ်နေလေသည်။ ပုဖန်က လမ်းတစ်လျောက်တွင် ကမာနှလုံးသားပန်ကိတ်ကို တစ်ဖြည်းဖြည်းချင်း ကိုက်စားလာသောကြောင့် သူ၏ ပတ်၀န်းကျင်တွင် မွှေးရနံ့များ ဝေ့၀ဲနေလေသည်။ သူက လျို့ဝှက်ကောင်းကင် ဂိတ်တခါးသို့ ရောက်သောအခါ လူတန်းရှည်ကြီးကို မြင်တွေ့လိုက်ရပြီးလူတိုင်းက အတွင်းသို့ မျှော်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ပုဖန်က တိုးကျိတ်မနေပဲ လူတန်း၏ နောက်တွင် တန်းစီလိုက်ပြီး ပန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်လေသည်။
“ဒါဘာနံ့လဲ… အရမ်းကို မွှေးလွန်းတယ်… စားချင်လာပြီ…”
သင်းပျံ့လှသော မွှေးရနံ့ကြောင့် ပတ်၀န်းကျင်မှ လူများက သူ့ကို အာရုံစိုက်လာကြသည်။ သူ့လက်ထဲမှ ပန်ကိတ်ကို လှမ်းကြည့်နေကြပြီး စိတ်မထိန်းနိုင်သူများက နှုတ်ခမ်းသတ်လိုက်မိကြသည်။ ပုဖန်က ထိုသူများကို သတိမပြုမိပဲ နောက်ထပ် ထပ်ကိုက်လိုက်ပြီး ခပ်တည်တည်နှင့် ဝါးနေလေသည်။ ထို့ကြောင့် သူ့အနီးမှ လူများအားလုံး ဒေါသထွက်သွားကြသည်။
“ဘယ်လိုလူလဲ… မနက်စောစောစီးစီး ဒီလောက်မွှေးတဲ့ အစားအစာကို လူထူထူနေရာမှာ လာစားနေတယ်…”
“ဒါက သပ်သပ်မဲ့ လာရန်စနေတာပဲ…”
လူအများက ထိုသို့ တွေးလိုက်ကြပြီး သူ့အနားမှ အဝေးသို့ ဖယ်ခွာသွားကြသည်။ မွှေးပျံ့သော ရနံ့က ဆာလောင်လာစေသောကြောင့် သူနှင့် မည်သူကမျှ နီးနီးကပ်ကပ် မနေလိုတော့ချေ။ ပုဖန်က သူ့အနီးတွင် လူရှင်းသွားသည်ကို သတိထားမိသွားပြီး တွေးလိုက်မိသည်။
“ဒီလူတွေက ဘာဖြစ်နေကြတာလဲ…”
ထို့နောက် ပုဖန်က လူမတိုးရတောသောကြောင့် ရှေ့သို့ တိုးလိုက်လေသည်။ သူတိုးလိုက်သည့် နေရာမှ လူများက ဖယ်ခွာသွားကြသောကြောင့် တစ်ဖြည်းဖြည်းချင်း ရှေ့ဆုံးသို့ ရောက်သွားလေတော့သည်။
“ဟမ်… တိုးရတာ မြန်လှချည်လားဟ ကောင်းလိုက်တာ…” ပုဖန်က ထိုသို့ တွေးလိုက်ပြီး ခန်းမကျယ်ထဲမှ မင်းသားသုံးယောက်၏ အခြေအနေများကို ပန်ကိတ်စား၍ အေးအေးဆေးဆေး ကြည့်နေလေသည်။
သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ရပြီးနောက် ဂျိချန်းရွဲ့၏ စိတ်နေသဘောထားက ပြောင်းလဲသွာလေသည်။ ယခင်က သူ၏ အကိုတော်များနှင့် ရင်ဆိုင်ရာတွင် ကြောက်ရွံ့စိတ်ဖြင့် ရိုသေမှု အနည်းငယ်ကို ပြသသော်လည်း ယခုအခါ မထီမဲ့မြင် အမူအယာနှင့် ခြိမ်းချောက်နိုင်သောအကြည့်နှင့် ကြည့်လိုက်လေသည်။
“ဟမ့်… ငါက နောက်တက်မယ့် ဘုရင်ဆိုတော့ ခေါင်းတလားကို ငါပဲ လက်ခံရမှာပေါ့…” ဂျိချန်းရွဲ့က လှောင်ပြောင်ဟန်နှင့် ပြောလိုက်လေသည်။
ဘုရင်ခံယုနှင့် အိမ်ရှေ့စံမင်းသားတို့က တခဏမျှ ကြောင်အသွားကြပြီး ဒေါသထွက်စွာနှင့် ဂျိချန်းရွဲ့ကို စိုက်ကြည့်လိုက်ကြသည်။
“ဒါသက်သက်မဲ့ ရန်စနေတာပဲ…”
ဤအခမ်းအနားက ပလ္လင်တော်ကို တရား၀င်ဆက်ခံသည့် အခမ်းအနားဟု ခေါ်ဆို၍ ရပေသည်။ ထို့ကြောင့် ဂျိချန်းရွဲ့ မရောက်ခင်က ဘုရင်ခံယုနှင့် အိမ်ရှေ့စံတို့က ခေါင်းတလားကို ရယူရန် ငြင်းခုန်နေကြခြင်း ဖြစ်သည်။ တေးဂီကသံက ပြန်လည်ထွက်ပေါ်လာပြီး ခန်းမကြီး၏ အတွင်းပိုင်မှ အင်္ကျီဗလာနှင့် ဘုရင်အဆင့် လူထွားကြီးရှစ်ယောက်က ခေါင်းတလားကို သယ်ဆောင်လာကြလေသည်။ သူတို့၏ ခြေလှမ်းများက အလွန်ပြင်းထန်လှသောကြောင့် နှင်းဖုံးနေသော မြေပြင်ကို တုန်ခါသွားစေလေသည်။
ခေါင်းတလားကို ကြေးဝါဖြင့် သွန်းလုပ်ထားပြီး ထူးခြားဆန်းကျယ်သော ရုပ်ပုံများ ၊ ရှေးဟောင်းသားရဲတို့၏ ပုံများနှင့် ထူးခြားသောအက္ခရာများကို ထွင်းထုထားသည်။ ဂျိချန်းရွဲ့က ခေါင်းတလားကို သယ်ဆောင်ထားသော လူရှစ်ယောက်၏ ရှေ့သို့ ရိုသေမှုအပြည့်ဖြင့် တစ်လှမ်းခြင်း တည်ငြိမ်စွာ လျောက်သွားလိုက်သည်။ ထိုလူများ၏ ခြေလှမ်းက နှေးကွေးသော်လည်း လူတိုင်း၏ ရင်ဘက်ပေါ် ဖြတ်လျောက်သွားသကဲ့သို့ တုန်ယင်နေစေသည်။
ထိုသူများက လျို့ဝှက်ကောင်းကင် ဂိတ်တခါးကို ဖြတ်သန်းသွားချိန်တွင် ကြည့်ရှုနေသူများ၏ စိတ်ထဲ၌ လေးလံလာကြပြီး အသက်ရှူရ ခက်ခဲလာကြသည်။ ကျောက်မူရှန်က ခေါင်းတလားကို မှေးစင်း၍ စိုက်ကြည့်လိုက်ပြီး တွေးတောနေမိသည်။
“ကြီးကျယ်မြင့်မြတ်တဲ့ ဧကရာဇ်တစ်ပါးလည်း သေဆုံးသွားရင် ခြောက်ပေကျယ်တဲ့ နေရာမှာပဲ အနားယူရတာပဲ ဒါက အရာရာကို ပိုင်စိုးတဲ့ ဧကရာဇ်တစ်ပါးအတွက် ဘယ်လောက်တောင် ၀မ်းနဲဖို့ကောင်းလိုက်မလဲ..”
ထိုအချိန်တွင် ကောင်းကင်ဘုံဂိတ်တခါး မြေကွပ်လပ်မှအစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး ဘုရင်ခံယု၏ အသံကို ကြားလိုက်ရသည်။
“မင်းက ပလ္လင်ပေါ်မှာထိုင်ပြီဆိုတာနဲ့ ပထမဆုံး ဆန့်ကျင်တဲ့သူက ငါပဲ ဖြစ်လိမ့်မယ်…” ဘုရင်ခံယုက အစီအစဉ်ကို ရှေ့ဆုံးမှ ဦးဆောင်နေသော ဂျိချန်းရွဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
ဘုရင်ခံယု၏ စကားဆုံးသွားသည်နှင့် သူ့အနောက်တွင် ရပ်နေသော လူစုက ပြင်းထန်သော အရှိန်အဝ်များကို ထုတ်လွှတ်၍ ဂျိချန်းရွဲ့ကို တိုက်ခိုက်လိုက်ကြသည်။
“အတင့်ရဲလိုက်တာ…” လျန်ဖုက ဒေါသတကြီးအော်ဟစ်လိုက်ပြီး လက်ထဲမှ သားမွှေးတုတ်ကို ဝှေ့ရမ်းလိုက်ပြီး အရှေ့သို့ တက်လာလေသည်။
ထိုအချိန်တွင် လျို့ဝှက်ကောင်းကင် ဂိတ်တခါးအလယ်မှ ကြီးမားလှသော ငရဲဘုရင်၏ အရိပ်တစ်ခုက ရုတ်တရက် ပေါ်လာလေသည်။ ဟွန်းချွမ်ယွမ်၏ မျက်၀န်းထဲတွင် ဝိဥာဉ်မီးတောက်လေးက ကခုန်နေပြီး ငရဲဘုရင်ကို ထိန်းချုပ်၍ လျန်ဖုကို တိုက်ခိုက်လိုက်သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများ ထိတွေ့ရာမှ စွမ်းအင်လှိုင်းများ လွင့်ထွက်လာပြီး အဘက်ဘက်သို့ လွင့်စင်သွားလေသည်။ မမျှော်လင့်ထားစွာနှင့် လျန်ဖုက အနောက်သို့ လွင့်စင်သွားပြီး သွေးတစ်လုပ်အန်လိုက်ကာ အရှိန်အဝါများ ကျဆင်းသွားလေသည်။
“ဒါက ….လျန်ဖုရဲ့ ခွန်အားက သာမာန်မဟုတ်ဘူးလေ…”
ရှောင်မန်က တွေးတောနေမိသည်။ ထိုအချိန်တွင် ဟွန်းချွမ်ယွမ်က လျန်ဖုကို သတ်ဖြတ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်သောကြောင့် ရှောင်မန်က သူ၏ အရှိန်အဝါများကို ထုတ်ဖော်၍ ဟွန်းချွမ်ယွမ်ကို တားဆီးရန် ပြင်လိုက်လေသည်။ ရွှင်လန်းခြင်းအသင်းဂိုဏ်းမှ မိန်းမပျိုငါးယောက်က တစ်ခစ်ခစ် ရယ်မောလိုက်ပြီး ဂျိချန်းရွဲ့ကို အတူတကွ ရင်ဆိုင်လိုက်လေသည်။ အခြားတစ်ဖက်တွင် အရိုးဖြူနန်းတော်မှ ကျွမ်းကျင်သူများက ခေါင်းတလားကို သယ်ဆောင်ထားသော ဘုရင်အဆင့် ရှစ်ယောက်ကို တိုက်ခိုက်လိုက်ကြသည်။
ဘုရင်ခံယု၏ အကြည့်များက အေးစက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ခေါင်းတလားကို လုံး၀မပျက်စီးစေနဲ့…”
ဘုရင်ခံယု၏ ရည်ရွယ်ချက်က ပလ္လင်တော်ကို ပိုင်ဆိုင်ရန်သာ ဖြစ်ပြီး ခေါင်းတလားကို ဖျက်ဆီးရန် မဟုတ်ချေ။ အင်ပါယာမင်းမြတ် ဂျိချန်းဖန်က သူ၏ ဖခင်ဖြစ်သောကြောင့် ခေါင်းတလားကို ဖျက်ဆီးရန် မလုပ်ဆောင်နိုင်ချေ။ သို့သော် အရိုးဖြူ နန်တော်မှ ဂိုဏ်းသားများက သူ့ကို ပြန်မတုံ့ပြန်သောကြောင့် ဘုရင်ခံယု၏ အမူအယာက ပြောင်းလဲသွားလေသည်။
“ဟားဟားဟား… ဧကရာဇ် ချန်းဖန်က သူ့ဘ၀တစ်လျောက်လုံးမှာ မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေကို ဖျက်ဆီးခဲ့တယ်… အခု ငါဒီလောက် အကွာအဝေးကနေတောင် မရဏနန်းတော်ဂိုဏ်းက နတ်ဘုရားတစ်ပိုင်အဆင့်လတ်နတ်ရဲ့ အရှိန်အဝါကို ခေါင်းတလားထဲမှာ ခံစားမိနေတယ်…”
အရိုးဖြူနန်းတော်ဂိုဏ်းမှ အရိုးဘုရင်၏ အကြည့်များက စူးရှပြင်းထန်လာလေသည်။ ထိုအချိန်တွင် သူ၏ နောက်မှ ဂိုဏ်းသားများ၏ ခန္ဒာကိုယ်များက ပေါက်ကွဲသွားကြသည်။ သူတို့၏ ခန္ဒာကိုယ်မှ ထွက်ပေါ်လာသော အရိုးများက ကြီးမားသော အရိုးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်လေသည်။ ထိုအရိုးများမှ ဖွဲ့စည်းလိုက်သော အရိုးဖြူ၏ စွမ်းအားက သူတော်စင်အဆင့်သို့ပင် ရောက်ရှိနေလေသည်။