အပိုင်း ၁၃၃
Viewers 53k

အခန်း ၁၃၃ “နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်”


“ရပ်စမ်း… မင်းတို့အဲဒါ ဘာတွေလုပ်နေတာလဲ….” ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများက သူ၏အမိန့်ကို မနာခံကြသောကြောင့် ဘုရင်ခံယုက ဒေါသတကြီးအော်ဟစ်လိုက်သည်။


သို့သော် အရိုးဖြူနန်းတော်ဂိုဏ်းမှ ဧရာမ အရိုးဖြူခန္ဒာကိုယ်ကြီးက ဘုရင်ခံယု၏ အော်သံကို လျစ်လျူရှုလိုက်ပြီး ခေါင်းတလားနားသို့ တိုးကပ်သွားလေသည်။ အရိုးခြောက်ကြီး၏ မျက်လုံးပေါက်အတွင်းတွင် လိုချင်တပ်မက်သော လောဘအရိပ်အယောင်များ ထွက်ပေါ်နေလေသည်။ ခေါင်းတလားကို သယ်ဆောင်ထားသော ဘုရင်အဆင့် ရှစ်ယောက်က သတ္တမအဆင့် အရိုးခြောက်ကြီး၏ အရှိန်အဝါကို မခုခံနိုင်သောကြောင့် မျက်နှာများ နီရဲလာပြီး ဒူးထောက်ကျသွားလေသည်။ သူတို့သယ်ဆောင်လာသော ကြေးနီရောင် ခေါင်းတလားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။


ဒုန်း….


လျို့ဝှက်ကောင်းကင် ဂိတ်တခါးတစ်ခုလုံးသို့ ခေါင်းတလားပြုတ်ကျသံက ပျံ့နှံ့သွားသောကြောင့် တိုက်ခိုက်နေကြသူများ အားလုံးက မယုံကြည်နိုင်စွာဖြင့် ခေါင်းတလားကို လှည့်ကြည့်လိုက်ကြသည်။


“ခေါင်းတလားက မြေပြင်ပေါ်ကျသွားတာလား…”


“ဒါဆိ်ု အသုဘ အခမ်းအနားက ပျက်ဆီးသွားတာပေါ့…”


လူတိုင်းက တူညီသော အတွေးတစ်ခုကို တွေးမိလိုက်ကြပြီး အကူအညီမဲ့စွာ ခေါင်းရမ်းလိုက်ကြသည်။ ထူးချွန်ထက်မြတ်၍ အင်အားကြီးမားသော ဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏ နောက်ဆုံးခရီးက ဤသို့ ပျက်စီးသွားရပြီဖြစ်သည်။ ဘုရင်ခံယုက ဒေါသနှင့် စိတ်မချမ်းမြေ့မှုများကို တစ်ဆက်တည်း ခံစားလိုက်ရပြီး အရိုးခြောက်ကို ဒေါသတကြီး စိုက်ကြည့်၍ သူ၏ အရှိန်အဝါများကို ဖော်ထုတ်လိုက်သည်။


ဂျိချန်းရွဲ့က အစစ်အမှန် စွမ်းအားများကို ထုတ်လွတ်လိုက်သည်။ ဖီးနစ်သွေးဆေးပင်ကို သန့်စင်လိုက်ပြီးနောက် သူ၏ သိုင်းအဆင့်က အင်ပါယာအဆင့်သို့ ထိုးတက်သွားပြီးး သူ့ခန္ဒာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါများက ပို၍ သန်မာအားကောင်းလာလေသည်။ ရွင်လန်းခြင်းအသင်းဂိုဏ်းမှ အမျိုးသမီးငါးယောက်ကို လက်သီးချက်တစ်ချက်ဖြင့် နောက်ဆုတ်စေလိုက်ပြီး ဒေါသတကြီး အော်လိုက်လေသည်။


“ရိုင်းစိုင်းလိုက်တဲ့ မကောင်းဆိုးဝါးတွေ….”


ဧရာမ အရိုးခြောက်ကြီးက တခဏမျှ ရပ်တန့်သွားပြီး သူ၏အမူအယာက ပျော်ရွင်ဟန် ပေါက်လာလေသည်။ ထို့နောက် ခေါင်းတလားနားမှ ဘုရင်အဆင့်ငါးယောက်ကို လက်တစ်ချက်ရမ်း၍ ရှင်းထုတ်လိုက်သည်။ ထို့နောက် ခေါင်းတလားနားသို့ တိုးကပ်သွားပြီး ပျော်ရွှင်နေဟန်နှင့် ငေးစိုက်ကြည့်နေလေသည်။ ခေါင်းတလားအတွင်းတွင် မရဏဝိဥာဉ်နန်းတော်မှ နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ်၏ အရှိန်အဝါကို ခံစားမိနေလေသည်။


အရိုးဖြူနန်းတော်ဂိုဏ်းနှင့် မရဏဝိဥာဉ်နန်းတော်ဂိုဏ်းတို့က အဆင့်တူများ ဖြစ်သော်လည်း သူတို့ဂိုဏ်းတွင် နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ် မရှိသောကြောင့် သူတို့၏ စိတ်ထဲတွင် မကျေမနပ်နှင့် ခံရခက်နေလေသည်။ ဧကရာဇ်ချန်းဖန်က မရဏဝိဥာဉ်နန်းတော်ဂိုဏ်းကို တိုက်ခိုက်ဖျက်ဆီး ပြီးနောက် နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ်ကို အင်ပါယာမြို့တော်သို့ ယူဆောင်သွားခဲသည်။


နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ်၏ ဝိဥာဉ်အမြူတေက စိတ်ဝိဥာဉ် ဒဏ်ရာရခြင်းကိုကောင်းစွာ ကုသနိုင်သောကြောင့် အသူဘအခမ်းအနားတွင် အသုံးပြုလိမ့်မည်ဟု သူတို့က ခန့်မှန်းထားကြသည်။ ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါက ထိုလတ်နတ်၏ အရှိန်အဝါများသာ ဖြစ်နိုင်ပေသည်။ ရှောင်မန်က တိုက်ခိုက်နေရာမှ အရိုးခြောက်ကြီး၏ လှုပ်ရှားမှုများကို မျက်ခြေမပျက်တမ်း စိုက်ကြည့်နေလေသည်။


သူ၏ရှေ့တွင် ဟွန်းချွမ်ယွမ်ထိန်းချုပ်ထားသော ငရဲဘုရင်၏ ပုံရိပ်က ရှိနေသောကြောင့် ရှောင်မန်က ထိုနေရာသို့သွားရန် အချိန်အနည်းငယ်မျှ လိုနေလေသည်။ ထိုအချိန်တွင် အရိုးခြောက်က ခေါင်းတလားအနီးသို့ တိုးကပ်သွားသောကြောင့် သူ၏ မျက်၀န်းများက အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ ကျယ်လောင်သော မြည်းဟီးသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ သန့်စင်သော ဓါးအလင်းတစ်ခု ထွက်ပေါ်လာပြီး အရိုးခြောက်ထံ လေထုကို ဖြတ်သန်း၀င်ရောက်လာလေသည်။


ပြန်လည်ရှင်သန်လာသော ဖီးနစ်တစ်ကောင်ကဲ့သို့ ပြင်းထန်သော အရှိန်အဝါများနှင့် ဂျိချန်းရွဲ့ကလည်း အရိုးစုခြောက်ထံသို့ ပြင်းထန်သော ရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်လေသည်။ ရှောင်ယုနှင့် ဂျိချန်းရွဲ့တို့က စွမ်းအားကုန် အသုံးပြု၍ အရိုးခြောက်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။


“ဟမ့် … မိုက်မဲလိုက်တာ….”


အရိုးခြောက်က ရပ်တန့်လိုက်ပြီး နောက်သို့ ပြန်လှည့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်ကို လှုပ်ခါလိုက်ရာ များပြားလှသော အရိုးလှံတံများက ဂျိချန်းရွဲ့နှင့် ရှောင်ယုတို့ထံ ပျံ့လွင့်လာလေသည်။ ဂျိချန်းရွဲ့နှင့် ရှောင်ယုတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုများက တားဆီးခံလိုက်ရလေသည်။ ရှောင်ယုက အင်ပါယာအဆင့်တစ်ယောက်သာ ဖြစ်သောကြောင့် တိုက်ခိုက်မှုကို တောင့်မခံနိုင်ပဲ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်ရသည်။


ဂျိချန်းရွဲ့က သူ့ထံ ပြေး၀င်လာသော အရိုးလှံတံများကို ကာကွယ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်ရသည်။ သူတို့ကြားမှ အဆင့်ကွာခြားချက်ကြောင့် ရှောင်ယုနှင့် ဂျိချန်းရွဲ့တို့က အရိုးခြောက်၏ အနီးသို့ပင် တိုးကပ်မသွားနိုင်ခဲ့ချေ။ အရိုးခြောက်က ခပ်လှောင်လှောင်ပြုံးလိုက်ပြီး ကြေးဝါခေါင်းတလားပေါ်သို့ အားအပြည့်ဖြင့် ရိုက်လိုက်လေသည်။ သို့သော် သူတို့ မျှော်လင့်ထားသကဲ့သို့ ခေါင်းတလား၏ အဖုံးကို ဖွင့်နိုင်ခြင်းမရှိချေ။


“ဒီခေါင်းတလားက တစ်ခုခုတော့ တစ်ခုခုပဲ…”


အရိုးခြောက်က တစ်စုံတစ်ခုကို တွေးမိသွားပြီး တုန့်ဆိုင်းနေလေသည်။ အဝေးတွင် ရပ်နေသော ကျောက်မူရှန်က ခေါင်းတလားကို မျက်မှောင်ကြုံ့၍ စိုက်ကြည့်နေလေသည်။ ထို့နောက် သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။


“ခေါင်းတလားရဲ့ အဖုံးက ရွေ့နေတယ်…”


လူတိုင်းက အလိုလိုပွင့်လာသော ခေါင်းတလားကို တုန်လှုပ်စွာ စိုက်ကြည့်နေကြလေသည်။ ခေါင်းတလားပွင့်လာသောကြောင် ထွက်ပေါ်လာသော ကြေးဝါများ ပွတ်တိုက်သံက ကြက်သီးမွှေးညင်းများ ထလာစေသည်။ တိုက်ခိုက်နေကြသော လူအားလုံးက ရပ်တန့်လိုက်ကြပြီး ခေါင်းတလားကို ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် လျန်ဖုက ကျယ်လောင်စွာ ရယ်မောလိုက်လေသသည်။ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျနေသော လျန်ဖုက အော်ဟစ်ပြောဆိုလိုက်လေသည်။


“မကောင်းဆိုးဝါးဂိုဏ်းကလူတွေ… ဒီနေရာမှာပဲ မင်းတို့အားလုံးသေရမယ်…”


လျန်ဖု၏ စကားဆုံးသွားသည်နှင့် ခေါင်းတလားထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ ခေါင်းတလားနှင့် အနီးဆုံးမှ အရိုးခြောက်ကြီးက ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရပြီး ခါးလယ်မှ နှစ်ပိုင်းပြတ်သွားကာ အဝေးသို့ လွင့်စင်သွားလေသည်။ သူတို့၏ အရိုးပေါင်းစပ်ခြင်း နည်းစနစ်က တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရလေသည်။ ကျောက်မူရှန်က ခေါင်းတလားထဲမှ ပုံရိပ်ကို ကြည့်၍ ထိတ်လန့်သွားလေသည်။


“ဂျိချန်းဖန်… သူက မသေသေးဘူးလား…”


“ဟမ်… မဟုတ်သေးဘူး…. ဒီပုံရိပ်မှာ အသက်စွမ်းအင် လုံး၀မတွေ့ရဘူး… ဒါက သေနေပြီ… ဒါပေမယ့် ဘယ်လိုဖြစ်လို့ စွမ်းအင်တွေ ထုတ်ဖော်နေနိုင်တာလဲ… ပြီးတော့ စွမ်းအင်တွေကလဲ အဘက်ဘက်ကို ပျံ့နှံ့စီးဆင်းနေတယ်…” ကျောက်မူရှန်က တစ်တွတ်တွတ် ရေရွတ်နေလေသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး သူ၏ အမူအယာက ထိတ်လန့်တုန်လှုပ်လာလေသည်။


“ဂျိချန်းဖန်…. မင်းရဲ့အစီအစဉ်က ဘာလဲ….”


လျို့ဝှက်ကောင်းကင်ဂိတ်တခါး တစ်ခုလုံးကို ဖုံးလွှမ်းနေသော ဆီးနှင်းများက ရုတ်တရက် အရည်ပျော်သွားပြီး ဆီးနှင်းများအောက်တွင် ဖုံးလွှမ်းနေသော ကျောက်တိုင်များမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကြသည်။ ကျောက်တိုင်၏ မျက်နှာပြင်ပေါ်တွင် နက်ရှိုင်းစွာထွင်းထုထားသော သွေးကြောပုံစံများက တစ်ဖြည်းဖြည်း ထင်ရှားလာကြသည်။


“ဘာတွေဖြစ်နေတာလဲ…” လူတိုင်းက တုန်လှုပ်သွားကြသည်။


“နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ပါလား… ဂျိချန်းဖန်က ဒီအစီအရင်ကို အသက်သွင်းနိုင်တာလား… ဒီအဖိုးကြီးရဲ့ အကြံအစည်တွေက အလုပ်ဖြစ်တာပဲ….” လျို့ဝှက်ကောင်းကင်ဂိတ်တခါး၏ အပြင်ဘက်တွင် ရှိနေသော နီယန်က ရေရွတ်လိုက်သည်။ အင်ပါယာမြို့တော်သို့ လာရသော သူမ၏ အဓိကရည်ရွယ်ချက်မှာ နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်ကြောင့် ဖြစ်သည်။


အင်ပါယာကို စတင်တည်ထောင်ခဲ့သော ဧကရာဇ်က မြို့တော်ကိုကာကွယ်ရန် နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်ကို တစ်ကြိမ်အသုံးပြုခဲ့ဘူးသည်။ ထိုအစီအရင်က သူတော်စင်အဆင့်များစွာကို သတ်ဖြတ်ခဲ့သောကြောင့် မရေမတွက်နိုင်သော ဂိုဏ်းများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ထိုအစီအရင်က အဆင့်ရှစ် စစ်နတ်ဘုရားများကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပေသည်။


အာကာသအာနန်ဂိုဏ်း၏ မှတ်တမ်းများထဲတွင် နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်က ထိပ်ဆုံးငါးခုအတွင်း ၀င်နေလေသည်။ နီယန့်ကို အာကာသအာနန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က နဂါးခေါင်းနှစ်ဆင့် မှော်အစီအရင်ကို မှတ်တမ်းတင်ရန် တာ၀န်ပေးခဲ့ခြင်း ဖြစ်သည်။ နီယန်က သူမ၏ လက်ကို လှုပ်ခါလိုက်ရာလေထုထဲတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကျောက်စိမ်းပြားများ ထွက်ပေါ်လာလေသည်။


သူမ၏ အစစ်အမှန် စွမ်းအင်များကို ကျောက်စိမ်းပြားများပေါ်သို့လွမ်းခြုံလိုက်ရာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ ပြီး နီယန့်၏ ခေါင်းပေါ်တွင် ကြီးမားသော မျက်လုံးတစ်ခုအဖြစ် ဖွဲ့စည်းသွားလေသည်။ ထိုမျက်လုံးက လျို့ဝှက်ကောင်းကင် ဂိတ်တခါးအတွင်းမှ အဖြစ်အပျက်များ အားလုံးကို မှတ်တမ်းတင်နေလေသည်။


ထိုအချိန်တွင် ပိန်ပါးသွယ်လျှသော ပုံရိပ်တစ်ခုကို သူမ၏ မျက်လုံးထဲတွင် တွေ့လိုက်ရသောကြောင့် နီယန်က မှင်သက်သွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် လျို့ဝှက်ကောင်းကင် ဂိတ်တခါးသို့ လှမ်းကြည့်လိုက်လေသည်။


“ပိုင်ရှင်ပု… သူက ဒီကိုဘာလာလုပ်တာလဲ…”


လျို့ဝှက်ကောင်းကင် ဂိတ်တခါအတွင်းရှိ ကျောက်ပြားများအောက်မှ အလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး စုစည်းသွားကြသည်။ ထို့နောက် စုစည်းသွားသော စွမ်းအင်များက အဘက်ဘက်သို့ ပြန်လည်ပျံ့နှံ့သွားပြီး အကာအကွယ်တစ်ခု ဖြစ်လာလေသည်။ ကျောက်တိုင်နှစ်တိုင်က စွမ်းအင်များ ပြည့်၀လာပြီး ရောင်စုံသံကြိုးများကဲ့သို့ စွမ်းအင်များကို ခေါင်းတလားထံ ပစ်လွှတ်လိုက်လေသည်။ ထိုစွမ်းအင်ကြိုးများက ခေါင်းတလားကို ချည်နှောင်လိုက်ပြီး လေထုထဲတွင် ချိတ်ဆွဲထားလိုက်လေသည်။


ထို့နောက် ခေါင်းတလားကို ဗဟိုပြု၍ ကြီးမားသော မှော်အစီအရင်တစ်ခု ဖြစ်လာလေသည်။ စူးရှကျယ်လောင်သော မြည်ကြွေးသံနှင့်အတူ ကြီးမားသော နတ်နဂါးပုံရိပ်တစ်ခုက မှော်အစီအရင်မှ ထွက်ပေါ်လာလေသည်။ ထိုနတ်နဂါးပုံရိပ်က လျို့ဝှက်ကောင်းကင် ဂိတ်တခါး၏ အထက်တွင် ၀င့်ကြွားစွာ ပျံသန်းနေပြီး သူ၏ ပါးစပ်မှလည်း စွမ်းအင်များ ထွက်ပေါ်နေလေသည်။


“ငါ.. မကောင်းဆိုးဝါးဂိုဏ်းတွေကို နှစ်ပေါင်းများစွာတိုင်အောင် တိုက်ခိုက်ခဲ့တယ်… ငါ့လက်ထဲမှာလဲ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ သေခဲ့ပြီးပြီ … ဒါတောင် မင်းတို့က ငါ့ရဲ့ အသုဘ အခမ်းအနားမှာ လာရှုပ်ရဲလာတာလား… ငါက ပြိုလဲသွားပြီဆိုရင်တောင် ငါ့ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းသွားအောင် လုပ်ခွင့်ပြုမယ်လို့ မင်းတို့က ထင်နေလာလား… ဟားဟားဟား… ဒီလျို့ဝှက်ကောင်းကင် ဂိတ်တခါးထဲမှာရှိတဲ့ ဂိုဏ်းအသီးသီးက ပုန်ကန်သူတွေ အားလုံးသေရမယ်…”