အပိုင်း ၁၃၄
Viewers 54k

အခန်း ၁၃၄ “ဘုရင်ခံယု၏ ပြစ်မှုသုံးခု”


နက်နဲသောကောင်းကင်ဘုံ၀င်ပေါက် ( အရင်က လျို့ဝှက်ကောင်းကင်ဘုံ ဂိတ်တခါးလို့ရေးထားတာပါ) အနီးတွင် ရပ်နေသော ပုဖန်က နောက်ဆုံးပန်ကိတ်ကို မျိုချလိုက်ချိန်တွင် စနစ်၏ တည်ငြိမ်သောအသံက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။


“ကြားဖြတ်မစ်ရှင် ဧကရာဇ်ရဲ့ အသူဘအခမ်းအနားမှာ ရှိနေတဲ့ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို ရယူပါ… အဲဒီသစ်သီးက အဆင့်ခုနစ် စိတ်ဝိဥာဉ်သစ်သီးဖြစ်ပြီး အရွက်သုံးရွက်ပါတယ်…. မွှေးရနံ့သုံးမျိုးကို တစ်ပြိုင်တည်း ထုတ်လွှတ်ပေးနိုင်တယ်… အဲဒီသစ်သီးရဲ့ စွမ်းအင်က ဝိုင်ထုတ်တဲ့နေရာမှာ အရမ်းအသုံး၀င်တယ်… စနစ်က ဒီသစ်သီးကို ဝုိင်ထုတ်တဲ့နေရာမှာ အဓိက ပါ၀င်ပစ္စည်းအဖြစ် သုံးဖို့ အကြံပေးပါတယ်…”


ပုဖန်က အချိန်အနည်းငယ်မျှ ကြောင်အသွားလေသည်။


“ဧကရာဇ်အိုကြီးရဲ့ အသုဘကနေ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကိုယူရမယ်…. ပြီးတော့ အဲဒီသစ်သီးကို ဝိုင်ထုတ်တဲ့နေရာမှာ သုံးဖို့ အကြံပေးတယ်.. ဟုတ်လား….”


စနစ်၏ ရုတ်တရက်မစ်ရှင်က ပုဖန်၏ မျှော်လင့်ချက်နှင့် ကိုက်ညီနေလေသည်။ စနစ်က ရောက်ရှိနေသော အခြေအနေပေါ်မူတည်၍ ကြားဖြတ်မစ်ရှင်ကို အသုံးပြုကာ အကြံပေးလိုက်ခြင်း ဖြစ်သည်။ နီယန်၏ စကားများအရ နဂါးရှင်သန်ခြင်းဝိုင်ကို ချက်လုပ်ရာတွင်ဝိဥာဉ်ဆေးပင် တစ်ရာကျော်ကို အသုံးပြုခဲ့ရပြီး ချက်လုပ်ရန် မစတင်မီ အထူးပြင်ဆင်မှုများ ပြုလုပ်ခဲရကြောင်း ပုဖန်က သိရှိထားလေသည်။ ထို့ကြောင့်သာ သာမာန်ဝိုင်များထက် သာလွန်ကောင်းမွန်နေခြင်းဖြစ်သည်။


ပုဖန်က နဂါးရှင်သန်ခြင်းဝိုင်ထက် သာလွန်ကောင်းမွန်သော ဝိုင်ကို ပြုလုပ်ရပါက ပိုမိုကောင်းမွန်သော ပါ၀င်ပစ္စည်းများနှင့် ထူးခြားသော နည်းလမ်းများကို အသုံးပြုရန် လိုပေသည်။ သို့သော် ပုဖန်က ပါ၀င်ပစ္စည်းများကို မည်သို့ ရှာဖွေရမည်ကို မသိသောကြောင့် စနစ်၏ ကြားဖြတ်မစ်ရှင်များနှင့် ရုတ်တရက် အကြံပေးမှုများက သူ့အတွက် အလွန်အထောက်အကူ ဖြစ်ပေသည်။


“အင်း ငါမျှော်လင့်ထားသလိုပဲ … ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ စနစ်ရဲ့ ကူညီထောက်ပံ့မှုက လုံး၀ကို ပြီးပြည့်စုံနေတာပဲ..” ပုဖန်က တွေးလိုက်မိပြီး သဘောကျစွာ ပြုံးလိုက်မိသည်။


ထိုအချိန်တွင် ကျယ်လောင်သော မြည်ကြွေးသံနှင့်အတူ ပုဖန်၏ မြင်ကွင်းထဲတွင် ကြီးမားသောနတ်နဂါးအရိပ်က ပြည့်နှက်သွားလေသည်။


“စနစ်… ငါတစ်ကယ်သွားရမှာလား… ကြည့်ရတာတော့ အထဲမှာ အန္တရာယ်အရမ်းများမဲ့ပုံပဲ…” ပုဖန်က စနစ်ကို လှမ်းပြောလိုက်သည်။


“လူငယ်လေး… ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ လူတစ်ယောက်က ပါ၀င်ပစ္စည်းတွေရဖို့ သွားရမယ့်ကိစ္စကို ကြောက်နေလို့ မဖြစ်ဘူးလေ… ကဲ … ပါ၀င်ပစ္စည်းတွေ ရဖို့ ချီတက်ကြစို့…” စနစ်က အားပေးလိုက်သောကြောင့် ပုဖန်က ဆွံ့အသွားလေသည်။


“ပုန်ကန်သူအားလုံး သေရမယ်….” ဧကရာဇ်၏ သြဇာအာဏာ ပြည့်ဝသော အသံက နက်နဲသော ကောင်းကင်ဘုံအတွင်းတွင် ပဲ့တင်ထပ်နေပြီး လူတိုင်း၏ နားထဲတွင် ကျယ်လောင်စွာ ကြားလိုက်ကြရသည်။ နတ်နဂါးအရိပ်က စကားပြောရာတွင် ဧကရာဇ်အသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။


လူတိုင်း၏ အမူအယာက အေးစက်သွားပြီး သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။ အင်ပါယာမင်းမြတ်က သေဆုံးသွားသော်လည်း အသက်ပြန်ရှင်နိုင်ရန် သမားရိုးကျမဟုတ်သော နည်းလမ်းများကို အသုံးပြုခဲ့သည့် နက်နဲသော ကောင်းကင်ဘုံအတွင်းမှ အစီအရင်များကို အသုံးပြု၍ သူ၏ အသိအမြင်များအားလုံးကို စိတ်ဝိဥာဉ်မှော်အတတ်အဖြစ် ပြောင်းလဲခဲ့သည်။ ယခုအခါ သူ၏ စိတ်ဝိဥာဉ်ဖြင့် နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်ကို အပြည့်အ၀ ထိန်းချုပ်နေခြင်း ဖြစ်သည်။


လက်ရှိအချိန်တွင် အင်ပါယာမင်းမြတ် ဂျိချန်းဖန်က နဂါးခေါင်းနှစ်ဆင့် မှော်အစီအရင်၏ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ ကျောက်မူရှန်က တုန်လှုပ်နေရာမှ ပြုံးလိုက်လေသည်။


“နောက်ဆုံးတော့လဲ ဧကရာဇ်ချန်းဖန်က ဧကရာဇ်ချန်းဖန်ပါပဲ … ငါသူ့ကို လျော့မတွက်ထားပါဘူး… ဒါပေမယ့် မှော်အစီအရင်ကို သုံးပြီး ဂိုဏ်းတွေက ကျွမ်းကျင်သူတွေကို သတ်နိုင်မယ်လို့ ယုံကြည်နေတာလား… သူက အခုချိန်မှာ ပုံရိပ်တစ်ခု သာသာပဲလေ…” ကျောက်မူရှန်က တွေးတောနေလေသည်။


“ခမည်းတော် တစ်ကယ်ပဲလား….” ဂျိချန်းရွဲ့က နတ်နဂါးပုံရိပ်ကို မျက်စိမလွဲတမ်း စိုက်ကြည့်၍ မေးမြန်းလိုက်သည်။ ထိုပုံရိပ်မှ သူ့ခမည်းတော်၏ အသံကို ကြားရချိန်တွင် ထူးဆန်းသော ခံစားချက်တစ်မျိုးကို ခံစားမိနေလေသည်။


“ငါအခု မင်းကို ဆက်ခံသူအဖြစ် ကြေညာလိုက်မယ်… ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..” နတ်နဂါးပုံရိပ်က တည်ငြိမ်သော အသံနှင့် ပြောဆိုလိုက်လေသည်။


ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းညိမ့်လိုက်လေသည်။


“ဘာကြောင့်လဲ… ခမည်းတော် ဘာကြောင့်သူ့ကို ရွေးရတာလဲ….” ခါးသီးမှုများနှင့် ပြည့်နှက်နေသော ဘုရင်ခံယု၏ အသံက ထွက်ပေါ်လာလေသည်။ အင်ပါယာမင်းမြတ် ဂျိချန်းဖန်က သူတို့သုံးယောက်မှ ဂျိချန်းရွဲ့ကို ရွေးချယ်ရသည့် အကြောင်းရင်းကို သူက နည်းမလည်နိုင်ချေ။


ထို့ကြောင့်သူက ဤဆုံးဖြတ်ချက်ကို လက်ခံနိုင်ခြင်း မရှိပေ။ အိမ်ရှေ့စံမင်းသား၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအယာ ရှိနေသော်လည်း သူက ဘာမှမမေးပေ။ ယခုလက်ရှိအချိန်တွင် အင်ပါယာမင်းမြတ်က ဂျိချန်းဖန်အဖြစ် ရှိမနေသော်လည်း နတ်နဂါးပုံရိပ်က သူတို့ဖခင်ကိုယ်တိုင် ပြောင်းလဲထားခြင်း ဖြစ်သည်။ မှော်အစီအရင်ထဲတွင် ရှိနေပါက သူတို့၏ အသက်များကို အတွေးတစ်ချက်နှင့်ပင် နှုတ်ယူသွားနိုင်ပေသည်။


နတ်နဂါးပုံရိပ်က ခေါင်းလှည့်လိုက်ပြီးဘုရင်ခံယုကို ကြည့်လိုက်လေသည်။ သူ၏ ကြီးမားသော ခန္ဒာကိုယ်ကို လှည့်လိုက်သောကြောင့် ကျယ်လောင်သော အသံများပင် ထွက်ပေါ်လာလေသည်။


“ငါက မေးခွန်းမေးဖို့ မင်းကိုခွင့်ပြုထားလား….”


ထိုစကားကြောင့် ဒေါသထွက်နေသော ဘုရင်ခံယုက သူ၏ ခေါင်းပေါ်သို့ ရေခဲရေနှင့် လောင်းချလိုက်သကဲ့သို့ အေးခဲသွားလေသည်။ သူ၏ နောက်လိုက်များအပေါ်သို့လည်း ကြီးမားသော ဖိအားက ကျရောက်လာပြီး ဒူထောက်ကျသွားကြလေသည်။


“ဂိုဏ်းတွေက ပုန်ကန်သူတွေနဲ့ ပူးပေါင်းကြံစည်တာက မင်းရဲ့ ပထမပြစ်မှု … ငါ့ကို မရိုမသေလုပ်တာက မင်းရဲ့ ဒုတိယပြစ်မှု… မင်းရဲ့ တတိယညီတော်ကို လုပ်ကြံသတ်ဖြတ်တာက တတိယပြစ်မှု ဒီပြစ်မှုသုံးခုကိုပေါင်းပြီးတော့ ပြစ်ဒဏ်ချမှတ်မယ်…”


“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိတ်ဆို့ပြီး ဘုရင်ခံရာထူးကိုလဲ ပြန်ရုတ်သိမ်းခံရမယ်.. ပြီးရင် ဧကရာဇ်ဂူဗိမ္မာန်မှာ သုံးနှစ်တိတိ အလုပ်အကြွေးပြုရမယ် … သုံးနှစ်အတွင်း ဧကရာဇ်ဂူဗိမ္မာန်ထဲကနေ တစ်လှမ်မှ ထွက်ခွင့်မရှိဘူး…”


ဒူးထောက်နေသော ဘုရင်ခံယုက တုန်လှုပ်သွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။


“ဘာကြောင့်လဲ…”


“ဘုရင်ခံယု…”


ရွှင်လန်းခြင်းအသင်းတော်မှ အမျိုးသမီးများက ၀မ်းနည်းတစ်ကြီးနှင့် ဘုရင်ခံယု၏ နံမည်ကို ခေါ်၍ငိုကြွေးလိုက်ကြသည်။ ခပ်လှမ်းလှမ်းမှ ဟွန်းချွမ်ယွမ်၏ အရှိန်အဝါက မတည်မငြိမ်ဖြစ်သွားပြီး သူ၏ စိတ်ထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေသည်။


“ဒါက ငါ့ကိ်ုထောင်ချလိုက်တာပဲ… ဒီပြစ်ဒဏ်တွေကိုသာ ငါလက်ခံလိုက်မယ်ဆိုရင် ဘုရင်ခံယုဆိုတဲ့ ပုံရိပ်က ပျက်စီးသွားလိမ့်မယ်..” ဘုရင်ခံယု၏ စိတ်ပျက်လက်ပျက်အသံက နက်နဲသော ကောင်းကင်ဘုံတစ်ခွင်တွင် ပျံ့နှံ့သွားလေသည်။ ကိုယ့်ကိုကိုယ် ယုံကြည့်စိတ်ချမှု အပြည့်ရှိသော လူတစ်ယောက်အနေနှင့် ထိုပြစ်ဒဏ်မျိုးကို လုံး၀ လက်ခံနိုင်ခြင်း မရှိပေ။


“တိုက်ခိုက်ကြ… ဒီနဂါးကို ဝိုင်းသတ်ကြ… ငါ ဂျိချန်းယုက ငါ့ကံကြမာကို ငါပဲ ရေးထိုးမယ်…. ဘယ်တော့မှ အရှုံးမပေးဘူး….”


ဂျိချန်းယုက ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း ဂိုဏ်းသားအချို့က တွန့်ဆုတ်နေကြလေသည်။


“ဟွန်းချွမ်ယွမ် … ငါမင်းကို ဘာတွေ ကတိပေးခဲ့လဲ မှတ်မိလား… တစ်ကယ်လို့ ငါသာဧကရာဇ် ဖြစ်မလာရင် ဘယ်ကတိကိုမှ တည်နိုင်တော့မှာ မဟုတ်ဘူး…” ဘုရင်ခံယုက ဟွန်းချွမ်ယွမ်ကို အော်ပြောလိုက်လေသည်။


ဟွန်ချွမ်ယွမ် ဝေ့ရှန်းစစ်နှင့်အရိုးဘုရင်တို့၏ မျက်လုံးများက တောက်ပလာပြီး မြေပြင်ပေါ်မှ လူးလဲထလိုက်ကြလေသည်။ သူတို့က အံကို တင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်ကြလေသည်။ အရိုးဘုရင်၏ ပုံရိပ်က ပြန်လည်ထွက်ပေါ်လာပြီး ဟွန်ချွမ်ယွမ်၏ အရှိန်အဝါများက ပြန်လည်မြင့်တက်လာလေသည်။ အမျိုးသမီး ငါးယောက်က ရွှင်လန်းခြင်းခေါင်းလောင်းကို လှုပ်ခါ၍ ထူးဆန်းသော မှော်အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကာ အစွမ်းထက် အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေသည်။


အရိုးဘုရင်က စိတ်အားထက်သန်စွာ ရယ်မောလိုက်ပြီး ဧရာမ အရိုးခြောက်ကို ပြန်လည်ဖွဲ့စည်းလိုက်သည်။ သူတော်စင်အဆင့်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်သော ပုံရိပ်နှစ်ခုက လေပေါ်သို့ ခုန်တက်သွားကြပြီး နတ်နဂါးပုံရိပ်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ ရှောင်မန်က အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ထိုသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပါက သူကိုယ်တိုင်ပင် ဒဏ်ရာအကြီးအကျယ် ရသွားနိုင်ပေသည်။


တိုက်ခိုက်မှုများက အလွန်ပြင်းထန်လှပြီး သူတော်စင်အဆင့်သုံးယောက် ပူးပေါင်းတိုက်ခိုက်သကဲ့သို့ ထင်ရပေသည်။ သို့သော် ကျယ်လောင်စူးရှသော အသံနှင့်အတူ ရွှေရောင်လက်သည်းကြီးက ကောင်းကင်ထက်မှ ကျဆင်းလာပြီး ဟွန်းချွမ်ယွမ်တို့ သုံးယောက်ကို တိုက်ခိုက်လိုက်လေသည်။


“ပုန်ကန်သူတွေ… ငါက မင်းတို့ကို ဘာမှတောင် မပြောရသေးဘူး… မင်းတို့က ၀င်နှောက်ယှက်တယ်ပေါ့… ကောင်းပြီလေ.. အခုပဲ သေလိုက်ကြတော့…”


ကြောက်မက်ဖွယ်ကောင်းသော အသံနှင့်တူ ရွှေရောင်နဂါးလက်သည်းက တိုက်ခိုက်လိုက်သော အဖွဲ့များကိုမြေပြင်ပေါ်သို့ စိစိညက်ညက် ဖိချေလိုက်လေသည်။ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပြီး နက်နဲသော ကောင်းကင်ဘုံတစ်ခုလုံးကို ဖုန်မှုန့်များနှင့် ဖုံးလွှမ်းသွားလေသည်။ တခဏကြာပြီးနောက် ဖုန်မှုန့်များ ပြန်လည်ကင်းစင်သွားလေသည်။ ကျောက်မူရှန်အပါအ၀င် လူများအားလုံးက မယုံကြည်နိုင်စွာဖြင့် နတ်နဂါးပုံရိပ်ကို စိုက်ကြည့်နေကြသည်။


ဘုရင်ခံယုက အံ့သြတုန်လှုပ်သွားပြီး သူ၏ မျက်၀န်းများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာလေသည်။ မိုးမြေဆန့်ကျင် ဂိုဏ်းကြီးများမှ ကျွမ်းကျင်သူများဖြစ်ကြသော ရွှင်လန်းခြင်း အသင်းဂိုဏ်းမှ မိန်းမလှငါးဦး ဝိဥာဉ်တစ္ဆေဂိုဏ်း၏ အကြီးအကဲ ဟွန်းချွမ်ယွမ်နှင့် အရိုးနန်းတော်မှ အရိုးဘုရင်တို့က သူ၏ ရှေ့တွင်ပင် နတ်နဂါး၏ လက်သည်းချက်ကြောင့် အသားစများအဖြစ် ပြောင်းလဲသွားလေသည်။


“မင်းအခု ငါ့အမိန့်ကို ငြင်းဆန်ခြင်သေးလား….”


နတ်နဂါးကြီး၏ အေးစက်စက် အကြည့်များက ဂျိချန်းယုအပေါ်သို့ ကျရောက်လာပြီး တစ်လုံးချင်း မေးလိုက်လေသည်။