အခန်း ၁၃၅ “အာ… ငါက ဒီတိုင်းဖြတ်သွားတာ”
မိုးမြေဆန့်ကျင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ထိပ်သီးကျွမ်းကျင်သူ သုံးဥိး၏ သူတော်စင်အဆင့်နှင့် ညီမျှသော ပူးပေါင်းတိုက်ခိုက်မှုများကို နတ်နဂါးပုံရိပ်က လက်သည်းတစ်ချက်မျှဖြင့် ချွေမွ ဖျက်ဆီးလိုက်သည်ကို မြင်လိုက်ရသော နီယန်၏ အမူအယာက အေးစက်တောင့်တင်းသွားလေသည်။
“ငါ.. ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က စိုးရိမ်ပူပန်နေတာလဲ သူ့အလွန်တော့ မဟုတ်ဘူး…. ဒီနဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်ရဲ့ စွမ်းအားက ကြောက်စရာတော်တော်ကောင်းတာပဲ…”
နီယန့်၏ ခေါင်းထက်ရှိ လေထဲတွင် ရပ်တန့်နေသော မျက်လုံးသဏ္ဍာန်က နက်နဲသောကောင်းကင်ဘုံအတွင်းမှ ဖြစ်ရပ်များကို မှတ်တမ်းတင်နေလေသည်။ နီယန်က ထိုအဖြစ်အပျက်များထက် ပုဖန်ကို ပို၍ စိတ်၀င်စားနေလေသည်။ နီယန်က ပုဖန်၏ ရည်ရွယ်ချက်ကို အလွန်အမင်း သိချင်နေသော်လည်း ပုဖန်က မလှုပ်ရှားသေးသောကြောင့် သူမ၏ အာရုံကို နတ်နဂါးထံသို့ ပြန်လွဲလိုက်သည်။
နတ်နဂါးပုံရိပ်ကြီးက ဧကရာဇ်ဂျိချန်းဖန်ဟု ဆိုနိုင်သော်လည်း သူ၏ အသိစိတ်ကို နတ်နဂါးနှစ်ဆင့် မှော်အစီအရင်အတွင်းသို့ ထည့်သွင်းလိုက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ပြန်လည်ပျောက်ကွယ်သွား ရမည်ဖြစ်သည်။ သို့သော် သူပြန်လည် မပျောက်ကွယ်မီ အရှုပ်ထုတ်များကို ရှင်းသွားနိုင်မည်ဖြစ်သည်။ ဧကရာဇ်ချန်းဖန်က ထိုကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားခြင်းသာ ဖြစ်နိုင်ပေသည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဘုရင်ခံယု၏ မျက်နှာပေါ်မှ ခါးသီးမှုများက ပျောက်ကွယ်သွားပြီဖြစ်သည်။ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားသော နတ်နဂါးကြီးနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ အရှုံးကို ၀န်ခံရန်သာ တတ်နိုင်ပေတော့သည်။ အားကောင်းသော စွမ်းအင်တစ်ခုက သူ၏ ခန္ဒာကိုယ်အတွင်း စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး ဘုရင်ခံယု၏ မျက်၀န်းများက ကျဉ်းမြောင်းသွားလေသည်။ ထိုစွမ်းအင်များက သူ၏စွမ်းအင်များကို ပိတ်ဆို့လိုက်ပြီး သူ၏ဒန်တျန်က ခမ်းခြောက်သွားသော ရေအိုင်တစ်ခုကဲ့သို့ ငြိမ်သက်သွားလေသည်။
ဧကရာဇ်ချန်းဖန်က သူ၏ စွမ်းအားများကို ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်။ နတ်နဂါးကြီး၏ အကြည့်များက အိမ်ရှေ့စံမင်းသားပေါ်သို့ ကျရောက်လာလေသည်။ အိမ်ရှေ့စံမင်းသားက ကြောက်ရွံ့မှုကြောင့် တစ်ဆတ်ဆတ် တုန်ယင်နေလေသည်။ နတ်နဂါးပုံရိပ်က အိမ်ရှေ့စံမင်းသားကို အချိန်ကြာမြင့်စွာ စိုက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ အကြည့်လွဲသွားလေသည်။ ထိုအပြုအမူကြောင့် လူတိုင်းအံ့အားသင့်သွားကြသကဲ့သို့ အိမ်ရှေ့စံမင်းသား ကိုယ်တိုင်ပင် ကြောင်အသွားလေသည်။
“ဒါ… ဒါက ဘာအဓိပ္ပါယ်လဲ .. ခမည်းတော်က ဘာလို့ စကားမပြောတာလဲ…”
အိမ်ရှေ့စံမင်းသားက မခံချိမခံသာ ဖြစ်သွားသော်လည်း ထုတ်မမေးရဲသောကြောင့် တိတ်တဆိတ်သာ နေလိုက်လေသည်။ သူ၏ မျက်နှာအမူအယာက ကို့ယို့ကားယား ဖြစ်နေပြီး ရယ်ချင်ဖွယ် ဖြစ်နေလေသည်။ ထိုအချိန်၌ အိမ်ရှေ့စံမင်းသား၏ နောက်တွင် ရပ်နေသော ကျောက်မူရှန်က ရုတ်တရက် ရွေ့လျားလိုက်ပြီး သူ၏ ခန္ဒာကိုယ်မှ လွမ်းမိုးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာလေသည်။ သူ၏ ပတ်ပတ်လည်တွင် ရွှေရောင်များ လင်းလက်လာလေသည်။ နတ်နဂါးပုံရိပ်၏ အကြည့်က သူ့ထံ ရောက်ရှိလာပြီး နဂါးဟိန်းသံ တစ်ချက်နှင့်အတူ လက်သည်းချက်တစ်ခုက ကျောက်မူရှန်ထံသို့ ကျရောက်လာလေသည်။
“ဂျိချန်းဖန်… ငါက မင်းကို လျော့မတွက်ခဲ့ဘူးဆိုပေမယ့်… မင်းကိုမင်း ဒီလိုမျိုး စိတ်ဝိဥာဉ်မှော်အစီအရင်အဖြစ် ပြောင်းလိုက်မယ်လို့ လုံး၀မမျှော်လင့်ထားခဲ့ဘူး… ဒါပေမယ့်… အခုမင်းရဲ့ အခြေအနေအရ ငါနဲ့ အကြာကြီး တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး…” ကျောက်မူရှန်က လက်နှစ်ဖက်ကို နောက်ပစ်၍ အထင်သေးဟန်နှင့် ပြောဆိုလိုက်ပြီး နတ်နဂါးပုံရိပ်အနီးသို့ ရောက်သွားလေသည်။
ကျောက်မူရှန်က သူ့လက်ကိုမြှောက်၍ သူတော်စင်အဆင့်တစ်ယောက်၏ အစစ်အမှန် စွမ်းအားများကို ဖော်ထုတ်လိုက်ရာ ရွှေကြာပန်းများ ပွင့်လန်းလာသကဲ့သို့ ဗုဒ္ဓအရှိန်အဝါ ရောင်ခြည်တန်းများက ပတ်၀န်းကျင်တွင် ဖွဲ့စည်းလာလေသည်။ သူက လက်ကို မုဒြာပုံစံဖော်လိုက်ပြီး နတ်နဂါးပုံရိပ်ကို တိုက်ခိုက်လိုက်သည်။ နတ်နဂါး၏ လက်သည်းနှင့် မုဒြာလက်ဝါးတို့ ထိလိုက်မိသွားသည်နှင့် ကျယ်လောင်သော အသံတစ်ခုက ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားလေသည်။ ကျောက်မူရှန်က နောက်သို့ အနည်းငယ် ဆုတ်လိုက်ရလေသည်။
အခြားတစ်ဖက်တွင် နတ်နဂါး၏ အရှိန်အဝါက အနည်းငယ် မှန်ဖျော့သွားပြီး ခေါင်းတလားကို ချည်နှောင်ထားသော သံကြိုးများက အနည်းငယ် လှုပ်ခါသွားလေသည်။ ကျောက်မူရှန်က ကျေနပ်အားရစွာနှင့် မျက်ခုံးပင့်လိုက်မိသည်။ သူထင်ထားသကဲ့သို့ပင် ဂျိချန်းဖန်၏ နဂါးခေါင်းနှစ်ဆင့် မှော်အစီအရင်က ပြီးပြည့်စုံမှု မရှိသေးသည်ကို သိရှိလိုက်သောကြောင့် ကျောက်မူရှန်က ရယ်မောလိုက်လေသည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး နတ်နဂါးပုံရိပ်၏ ၀မ်းဗိုက်နေရာသို့ တိုက်ခိုက်လိုက်လေသည်။
“ဟမ့်… ဒီဟာက မပြည့်စုံသေးတဲ့ အစီအရင်တစ်ခု သပ်သပ်ပဲလေ…” ကျောက်မူရှန်က လှောင်ပြောင်သရော်လိုက်သည်။
သူ၏သွေးအဆီအနှစ်များကို သုံး၍ စွမ်းအားပြည့် တိုက်ခိုက်လိုက်သောကြောင့် နတ်နဂါးပုံရိပ်က တုန်လှုပ်ခြောက်ခြားစွာ အော်မြည်လိုက်ပြီး တစ်စစီ ပြိုကွဲသွားလေသည်။ တစ်ချိန်တည်းမှာပင် စွမ်းအင်သံကြိုးများနှင့် ချည်နှောင်ထားသော ခေါင်းတလားက မြေပြင်ပေါ်သို့ ပြုတ်ကျသွာလေသည်။ ခေါင်းတလားထဲမှ ထွက်ပေါ်နေသော ဂျိချန်းဖန်၏ အရှိန်အဝါများကလည်း ချုပ်ငြိမ်းသွားပြီး ထိုင်နေသော ပုံရိပ်က တစ်ဖြည်းဖြည်းချင်း ပြန်လဲကျသွားပြီး ငြိမ်းချမ်းစွာ လဲလျောင်းနေလေသည်။
ကျောက်မူရှန်၏ ခန္ဒာကိုယ်က အချိန်အနည်းငယ်မျှ တုန်ယင်နေပြီး သူ၏ မျက်နှာကလည်း ဖြူဖျော့နေလေသည်။ သူ၏ သွေးအဆီအနှစ်များကို အသုံးပြု၍ တိုက်ခိုက်လိုက်ခြင်းက နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ကို ဖျက်ဆီးနိုင်လိုက်သော်လည်း ကျောက်မူရှန်က တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရလေသည်။ သို့သော် ကျောက်မူရှန်က သူ၏ဒဏ်ရာများကို အမှုမထားပဲ ကြေးဝါရောင်ခေါင်းတလားကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေလေသည်။ ထို့နောက် မုဒြာလက်ဟန်ဖော်၍ ခေါင်းတလားဆီသို့ ညွှန်လိုက်ရာ ခေါင်းတလားမှ အလင်းတန်းသုံးခု ထွက်ပေါ်လာလေသည်။
ထိုအလင်းတန်းများ ပျောက်ကွယ်သွားသောအခု ပစ္စည်းသုံးခု ပေါ်ထွက်လာလေသည်။ တောက်ပလင်းလက်နေသော ဆာရီယာ တစ်ခု မျက်နှာပြင်ပေါ်တွင် တိမ်ပုံသဏ္ဍာန် သုံးခုပါသော အလွန်မွှေးပျံ့သည့် သစ်သီးတစ်လုံးနှင့် အနက်ရောင် ပုံဆောင်ခဲတစ်ခုတို့ ဖြစ်သည်။ ကျောက်မူရှန်က ထိုပစ္စည်းသုံးမျိုးကို လိုချင်နေသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။
ဆာရီယာက မဟာယာနကျွန်း၏ အကြီးအကဲသေဆုံးသွားခဲ့စဉ်က ကျန်ရစ်ခဲ့သောအလွန်တန်ဖိုးကြီးမားသည့် အမွေအနှစ်တစ်ခုဖြစ်ပြီး အနက်ရောင် ပုံဆောင်ခဲက မရဏဝိဥာဉ် နန်းတော်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ဖြစ်သော ဝိဥာဉ်ချေကျောက်တုံးပင် ဖြစ်သည်။ သစ်သီးက အလွန်တန်ဖိုးရှိသော အဆင့်ခုနစ် သုံးလမ်းကြောင်းသိမြင်မှု သစ်သီးဖြစ်သည်။ ထိုသစ်သီးကို စားသုံးလိုက်မည်ဆိုပါက ဥာဏ်အလင်းရရှိရန် အခွင့်အရေး များလာမည်ဖြစ်သည်။
ဧကရာဇ်ချန်းဖန်က နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်ကို အသုံးပြုရန် လိုအပ်သော စွမ်းအင်များကို ဖြည့်တင်းနိုင်ရန် ရတနာများစွာကို အသုံးပြုထားလေသည်။ သို့သော် ကျောက်မူရှန်က ရတနားများထဲမှ ထိုသုံးမျိုးကိုသာ စိတ်၀င်စားနေလေသည်။ ကျောက်မူရှန်က အိမ်ရှေ့စံမင်းသားကို ဧကရာဇ်ဖြစ်လာရန် ကူညီ၍ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းရန် ဖြစ်သည်။ သို့သော် ဂျိချန်းဖန်က သူ၏ အစီအစဉ်များကို ပျက်စီးသွားစေလေသည်။ ဘုရင်ခံယုက ဖယ်ရှားခံလိုက်ရပြီး ရှောင်မန်၏ ထောက်ပံ့မှုကို ရရှိထားသော တတိယမင်းသားကို အ်ိမ်ရှေ့စံမင်းသားက ရင်မဆိုင်နိုင်သောကြောင့် ပလ္လင်လုပွဲက ပြီးဆုံးသွားပြီဖြစ်သည်။
အရာအားလုံးက ပြည်လှည့်၍ မရနိုင်တော့သောကြောင့် သူ၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်မှသာ အကျိုးကျေှးဇူး ရှိနိုင်တော့မည်ဖြစ်သည်။ အဖိုးတန်ပစ္စည်းများ အားလုံးကို မယူဆောင်သွားနိုင်လျင်ပင် ဆာရီယာကို ယူဆောင်သွားနိုင်မည်ဖြစ်သည်။ သူက ဆာရီယာကို ဆုတ်ကိုင်လိုက်ချိန်တွင် နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခုက သူ၏ ခန္ဒာကိုယ်ကို ဖြတ်သန်းသွားပြီး သက်တောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရသည်။
ဘုရင်ခံယုက ရှုံးနိမ့်သွားပြီး အိမ်ရှေ့စံမင်းသားက သူ၏ အခွင့်အလမ်းအားလုံးကို ဆုံးရှုံးသွားရလေသည်။ နောက်ဆုံးတွင် တတိယမင်းသားက ပလ္လင်ကို ပိုင်ဆိုင်ရန် သေချာနေပြီဖြစ်သည်။
“မင်းက ဒီလိုထွက်ခွာသွားနိုင်မယ်လို့ ထင်နေတာလား….” ရှောင်မန်က ထွက်ခွာရန် ပြင်ဆင်နေသော ကျောက်မူရှန်ကို စေ့စေ့ကြည့်၍ မေးလိုက်လေသည်။
ကျောက်မူရှန်က သူ၏ သရုပ်အမှန်ကို ဖော်ပြခဲ့ပြီဖြစ်သည်။ သူက ဂိုဏ်းတစ်ခုမှ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေရုံမကပဲ မဟာယာနကျွန်းမှ အလွန်စွမ်းအားကြီးသော ထိပ်သီးကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပေသည်။ ကျောက်မူရှန်က စွမ်းအားကြီးသူတစ်ယောက် ဖြစ်သော်လည်း ရှောင်မန်က အလွယ်တကူ ထွက်ခွာခွင့် မပြုနိုင်ပေ။
“မင်းက ငါ့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား…” ကျောက်မူရှန်က ရှောင်မန့်ကို အထင်သေးဟန်နှင့် စိုက်ကြည့်၍ ပြောလိုက်လေသည်။
“ငါမကြိုးစားကြည့်ပဲနဲ့ ဘယ်လိုလုပ် သိမှာလဲ …” ရှောင်မန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်၍ ပြန်လည်ပြောဆိုလိုက်လေသည်။
သူတို့၏ ခန္ဒာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအားများက အချင်းချင်း မထိတွေ့ခင်အချိန်တွင် သွယ်လျသော ပုံရိပ်လေးတစ်ခုက သူတို့ကြားသို့ လျောက်၀င်လာလေသည်။ နက်နဲသော ကောင်းကင်ဘုံ၏ မြေကွက်လပ်တွင် ခြေရာများ ထင်ကျန်စေသော ခြေသံက သူတို့၏ အာရုံကို ဆွဲဆောင်သွားသောကြောင့် ကျောက်မူရှန်နှင့် ရှောင်မန်တို့က ထွက်ပေါ်လာသူကို လှည့်ကြည့်လိုက်ကြသည်။
ဂျိချန်းရွဲ့က ထိုသူကို မြင်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်၌ မယုံကြည့်နိုင်မှုများနှင့် ပြည့်နှက်လာလေသည်။ ရှောင်မန်ကလည်း ထိုသူကို ကြည့်၍ မျက်ခုံးပင့်လိုက်မိသည်။ ရှောင်ရှောင်လုံနှင့် ရှောင်ယန်ယုတို့ကလည်း ထိုသူကို ကြည့်၍ ကြောင်အမှင်သက်နေကြလေသည်။
“ပိုင်ရှင်ပု… နင်ဒီကိုဘာလာလုပ်တာလဲ…” ရှောင်ယန်ယုက မထိန်းချုပ်နိုင်တော့ပဲ လှမ်းမေးလိုက်သည်။
ကျောက်မူရှန်က သူ၏ရှေ့တွင် ရပ်နေသော ဝိဥာဉ်တည်အဆင့်သာ ရှိနေသေးသည့် လူငယ်ကို ထူးဆန်းသော မျက်နှာပေးနှင့် စိုက်ကြည့်နေလေသည်။ သူ၏ မျက်လုံးထဲတွင် ထိုလူငယ်က လက်တစ်ချက်ဝေ့ရမ်းရုံနှင့် သတ်ဖြတ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
“အာ… ငါက ဒီတိုင်းပဲ ဖြတ်လျောက်သွားတာပါ… ငါသူ့ဆီက တစ်စုံတစ်ခု ငှားပြီးသွားရင် ပြန်တော့မှာ …” ပုဖန်က ကျောက်မူရှန်ကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ယန်ယု၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
“ငှားမယ်… ဘာကိုငှားမှာလဲ…” ကျောက်မူရှန်က အံ့အားသင့်သွားပြီး ရေရွတ်လိုက်မိသည်။
ပုဖန်က ခပ်တည်တည်နှင့် ကျောက်မူရှန်လက်ထဲမှ တိမ်ပုံသဏ္ဍာန်သုံးခု ပါ၀င်သော သစ်သီးကို ညွှန်ပြ၍ ပြောဆိ်ုလိုက်လေသည်။
“အဲဒါလေ… မင်းလက်ထဲက သစ်သီးကို ပြောနေတာ…”