အခန်း ၁၃၆ “ပိုင်ရှင်ပုက ချစ်စရာကောင်းတယ်”
ထိုအချိန်တွင် နက်နဲသောကောင်းကင်ဘုံအတွင်း၌ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ပုဖန်၏ စကားသံကို အားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။ ရှောင်ရှောင်လုံနှင့် ရှောင်ယန်ယုတို့က တစ်ယောကိုတစ်ယောက်ကြည့်၍ ကြောင်အနေကြလေသည်။ သူတို့နှစ်ယောက်က ပုဖန်ကိုကြည့်၍ ရယ်ရမလို ငိုရမလို ဖြစ်နေကြသည်။
“သူက ဒီနေရာကို လာပြီးတော့ အသီးငှားခြင်နေတာလား… အဲဒါကလဲ အဆင့်ခုနစ်ရှိတဲ့ သစ်သီး…. ဘာလဲ သူက ဒီနေရာမှာ ငတုံးပြိုင်ပွဲလုပ်နေတယ် ထင်နေတာလား…”
ရှောင်ရှောင်လုံက ပုဖန်ကို ထေ့ငေါ့ပြောဆိုလိုက်ချင်သော်လည်း ပုဖန်၏ တည်ငြိမ်လေးနက်သော အမူအယာကြောင့် ပြောစရာစကားပျောက်သွားလေသည်။
“သူက တစ်ကယ်ရီး သစ်သီး ငှားခြင်နေတာလား…”
“သူက ဒီကို ဘာလာလုပ်တာလဲ… သူတစ်ယောက်တည်းလား… အဆင့်ကိုးအဆင့်မြင့် သားရဲကောင်ကြီးနဲ့ ထူးဆန်းတဲ့ ရုပ်သေးရုပ်ရော .. သူတို့ကို ခေါ်မလာဘူးလား….” ရှောင်မန်က ပုဖန်ကို သင်္ကာမကင်း စိုက်ကြည့်နေလိုက်ပြီး တွေးတောနေလေသည်။
ရှေးဦးသားရဲနှင့် ရုပ်သေးရုပ်သာ မပါခဲ့လျှင် ပုဖန်က သူတို့အလွယ်တကူ ချေမွပစ်နိုင်သော ဝိဥာဉ်တည်အဆင့် တစ်ယောက်သာ ဖြစ်လေသည်။ ထို့ကြောင့် ပုဖန်က မည်ကဲ့သို့သော သတ္တိမျိုးနှင့် ကျောက်မူရှန်လက်ထဲမှ သစ်သီးကိုတောင်းနေသည်ကို ရှောင်မန်က မစဉ်းစားတတ်လောက်အောင် ဖြစ်နေလေသည်။
“ဒါက အဆင့်ကိုး သားရဲကောင်ကြီး စောင့်နေတယ်ဆိုတဲ့ နံမည်ပျက်စားသောက်ဆိုင်ရဲ့ ပိုင်ရှင်လား….” ကျောက်မူရှန်က ပုဖန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး တွေးတောနေမိသည်။ သူက ပုဖန်ကို မရင်းနှီးသော်လည်း သူ၏ သတင်းများကို နားနှင့် မဆံ့လောက်အောင် ကြားဖူးနေပေသည်။
သို့သော် ကျောက်မူရှန်က ထိုကောလဟာလများကို ယုံကြည့်ခြင်းမရှိချေ။ အဆင့်မြင့်သားရဲတစ်ကောင်က စားသောက်ဆိုင်တစ်ခု၏ အပေါက်စောင့် လုပ်နေသည်ဆိုခြင်းမှာ လူများ၏ ချဲ့ကားပြောဆိုမှုကြောင့်သာ ဖြစ်နိုင်ပေသည်။
“အိုး… မင်းက ငါ့လက်ထဲက သစ်သီးကိုငှားချင်နေတာလား … ငါကဘာကြောင့်ဒီသစ်သီးကို ငှားရမယ်ဆိုတာကို ပြောပြစမ်းပါဦး…” ကျောက်မူရှန်က သူ့လက်ထဲမှ သစ်သီးကိုမြှောက်ပြလိုက်ပြီး ပုဖန်ကို လှောင်ပြောင်လိုသော အပြုံးတစ်ခုနှင့် ကြည့်၍ မေးလိုက်လေသည်။
သုံးလမ်းကြောင်းသိမြင်မှု သစ်သီးမှ သိပ်သည်းလှသော ဝိဥာဉ်စွမ်းအင်များ စိမ့်ထွက်နေသည်ကို မြင်လိုက်ရသောကြောင့် ပုဖန်က အလွန်၀မ်းမြောက်သွားလေသည်။
“ဒီသစ်သီးက တစ်ကယ်ကို မယုံနိုင်စရာကောင်းတာပဲ…. ဒီဟာကို ဝိုင်ချက်လုပ်ဖို့အတွက် တစ်ကယ်သင့်တော်တာပဲ….”
ပုဖန်က စိတ်လှုပ်ရှားမှုကို ကြိုးစားထိန်းချုပ်လိုက်ပြီး ကျောက်မူရှန်ကို ခပ်တည်တည်နှင့် စိုက်ကြည့်၍ ပြန်မေးလိုက်သည်။
“ဘာကြောင့်လဲ ဟုတ်လား…. ငါက ဘာကြောင့်ဆိုတာ မင်းကို ပြောပေးရမှာလား.. မင်းကဘယ်သူမို့ ငါ့ကိုလာမေးနေတာလဲ … ဒါက မင်းအပိုင်မို့လား….”
အရှက်ခွဲခံလိုက်ရသောကြောင့် ကျောက်မူရှန်၏ မျက်နှာက မဲမှောင်သွားပြီး ဒေါသထွက်လာလေသည်။ ပုဖန်၏ စကားများက မှန်လှပေသည်။ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးက ဧကရာဇ်ချန်းဖန်၏ ပစ္စည်းဖြစ်သောကြောင့် ပုဖန်က ငှားရမ်းလိုလျင် ဧကရာဇ်ချန်းဖန်ထံမှသာ ငှားရမ်းလိုခြင်း ဖြစ်ပေသည်။
“ဘာပဲပြောပြော သစ်သီးက အခုငါ့လက်ထဲမှာလေ… ငါက မင်းကို ဘာကြောင့် လက်လွဲပေးသင့်လဲဆိုတာကို ပြောစမ်းပါဦး…” ကျောက်မူရှန်က ပုဖန်ကို ကြည့်၍ ဆက်လက်ပြောဆိုလိုက်သည်။
“မင်းလို ဝိဥာဉ်တည်အဆင့်က ငါ့လို သူတော်စင်အဆင့်တစ်ယောက်ကို ဘယ်လို သိမ်းသွင်းမယ်ဆိုတာကို ကြည့်ချင်သေးတယ်…”
ရှောင်မန်က စိုးရိမ်ပူပန်သွားလေသည်။ ပုဖန်က သက်စောင့်ဟင်းပွဲကို ချက်ပြုတ်၍ ဂျိရုအာကို မေ့မြောနေရာမှ ကယ်တင်ထားသောကြောင့် ပုဖန်က ကျောက်မူရှန်၏ ရိုက်နှက်ခြင် ခံရမည်ကို သူက မြင်တွေ့လိုခြင်းမရှိချေ။ ကျောက်မူရှန်ကို စိန်ခေါ်ရဲသော သတ္တိများကို ပုဖန်က မည်သည့်နေရာမှ ရလာသည်ကို သူက တွေးမရတော့ချေ။
“ငါက တိုက်ခိုက်ရတာကို မကြိုက်ဘူး… ဒါပေမယ့်လည်း ပြသနာတွေက အကြမ်းဖက် ဖြေရှင်းမှ အဆင်ပြေမယ်ဆိုရင်လည်း ငါက မမှုပါဘူး…” ပုဖန်က ကျောက်မူရှန်ကို မျက်မှောင်ကြုံ့၍ စိုက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
ပုဖန်က ပြောပြောဆိုဆိုဖြင့် သူ၏လက်ကို မြှောက်လိုက်ရာ အနက်ရောင်ဓါးရိုးနှင့် မီးဖိုချောင်သုံးဓါးက ပေါ်ထွက်လာလေသည်။ ကျောက်မူရှန်နှင့် ရှောင်မန်တို့က ထိုမြင်ကွင်းကြောင့် အံ့သြကြောင်အသွားကြလေသည်။ မီးဖိုချောင်သုံးဓါးတစ်လက်ကို ဆုတ်ကိုင်ထားသော ဝိဥာဉ်တည်အဆင့်တစ်ယောက်က သူတော်စင်အဆင့် တစ်ယောက်ကို မျက်နှာခြင်းဆိုင်၍ အကြမ်းဖက်ဖြေရှင်းမည်ဟု ပြောဆိုသည်မှာ ရယ်ချင်ဖွယ် ဖြစ်နေလေသည်။
လေထဲတွင် ရပ်၍ ထိုမြင်ကွင်းကို ကြည့်နေသော နီယန်က ထိုမြင်ကွင်းကို ကြည့်၍ မထိန်းနိုင်တော့ပဲ ရယ်မောလိုက်လေသည်။
“ပိုင်ရှင်ပုက ဘာကြောင့် ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ…”
မီးဖိုချောင်သုံးဓါးတစ်လက်ကို ဆွဲကိုင်၍ ကျောက်မူရှန်ကို ခြိမ်းခြောက်နေသော ပုဖန်၏ အသွင်သဏ္ဍာန်က သဘောကျစရာ ကောင်းနေလေသည်။ ပုဖန်က သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို လိုချင်နေသည့် အကြောင်းရင်းကို သူမက ခန့်မှန်းမိလေသည်။ စားဖိုမှုးတစ်ယောက်အနေဖြင့် သူ၏ ဟင်းပွဲတွင် သုံးရန် ပါ၀င်ပစ္စည်းအတွက် အသက်ကိုပင် စွန့်နိုင်လေသည်။ နီယန်က ရယ်မောနေရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ မျက်နှာက ဖြူဖျော့သွားလေသည်။
ကျောက်မူရှန်ဖြေဖျက်ပစ်လိုက်သော နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်က ပြန်လည်ပေါ်ထွက်လာလေသည်။ နက်နဲသော ကောင်းကင်ဘုံဂိတ်တခါးမှ ကြီးမားသော စွမ်းအင်လှိုင်းများက ပြန်လည်ထွက်ပေါ်လာလေသည်။ ထိုအစီအရင်မှ ထွက်ပေါ်လာသော အရှိန်အဝါက ယခင်ကထက် ပိုမိုပြင်းထန်နေလေသည်။
“ဘာတွေဖြစ်နေတာလဲ…” နီယန်က အံ့သြတုန်လှုပ်သွားလေသည်။
နက်နဲသော ကောင်းကင်ဘုံအတွင်းမှ လူများက ပုဖန်ကိုကြည့်၍ ရယ်ချင်ပက်ကျိ ဖြစ်နေကြလေသည်။
“သူက ကိုယ့်ကိုကိုယ် သတ်သေနေတာလား… သူတို့ကြားမှာ ဒီလောက် ကွားခြားနေတာကို…..”
ကျောက်မူရှန်က သူ့ကို မျက်နှာသာ မပေးပဲ စိန်ခေါ်နေသော ပုဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ ဝိဥာဉ်တည်အဆင့်သာ ရှိသေးသော ပုဖန်က သူ၏ လက်သီးတစ်ချက်ကိုပင် ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ ကျောက်မူရှန်က ငှက်မွေးကဲ့သို့ ပေါ့ပါးသော အလင်းတန်းတစ်ခုကဲ့သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်လေသည်။ ရှောင်မန်က သူ၏ အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ပုဖန်ကို ကာကွယ်ရန် ပြင်ဆင်ထားလိုက်သည်။ သူ၏ ကျေှးဇူးရှင်တစ်ယောက်ဖြစ်သော ပုဖန် အရိုက်ခံရမည်ကို ရှောင်မန်က မြင်တွေ့လိုခြင်း မရှိပေ။
ထိုအချိန်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာပြီး လူတိုင်း၏ မျက်၀န်းများက ပြူကျယ်ဝိုင်းစက်သွားကြလေသည်။ ပုဖန်က ကျောက်မူရှန်၏ လက်သီးချက်ကို မမှိတ်မသုန် စိုက်ကြည့်နေပြီး သူ၏ ဒန်တျန်ထဲမှ အစစ်အမှန် စွမ်းအားများကို ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးသို့ ပို့လွှတ်လိုက်လေသည်။ ဓါးမှ ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး နက်နဲသောကောင်းကင်ဘုံ တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ခပ်လှမ်းလှမ်းမှ ကျယ်လောင်သော ဟိန်းသံတစ်ခု ပြန်လည်ထွက်ပေါ်လာပြီး နက်နဲသောကောင်းကင်ဘုံ မြေကွက်လပ်တစ်ခုလုံး လှုပ်ခါသွားလေသည်။
ကျောက်မူရှန်၏ လက်သီးချက်ကလဲ ပျောက်ကွယ်သွားလေသည်။ ပုဖန်က မီးဖိုချောင်သုံးဓါးကို ပခုံးပေါ်တွင် တင်ထားလိုက်ပြီး ပတ်၀န်းကျင်ကို ဇဝေဇ၀ါနှင့် အကဲခတ်လိုက်သည်။
“ဒီနဂါးဟိန်းသံနှစ်ခုက ဘယ်က ထွက်လာတာလဲ..”
ကျောက်မူရှန်၏ မျက်နှာက ကျယ်လောင်သော ဟိန်းသံကြောင့် ပြောင်းလဲသွားလေသည်။ ပုဖန်၏ လက်ထဲမှ မီးဖိုချောင်သုံးဓါးက သူ့ကို အန္တရာယ်ပေးနိုင်သည့်အပြင် နဂါးခေါင်းနှစ်ဆင့် မှော်အစီအရင်ကို ပြန်လည်အသက်သွင်းနိုင်သည်ဟု ခံစားနေရလေသည်။
“ကပ်ဘေးအစီအရင်မှာ ဂျိချန်းဖန်ရဲ့ ရုပ်အလောင်းက အဓိက မဟုတ်ဘူးလား…. ငါက အစီအရင်ကို ဖျက်စီးလိုက်တာတောင် အဲဒါက ဘာလို့ အသက်ပြန်၀င်လာတာလဲ…”
ကျောက်မူရှန်၏ အမူအယာက တည်ကြည်သွားပြီး သူ၏ ပတ်၀န်းကျင်ကို အကဲခတ်လိုက်သည်။ မကြာခင်မှာပင် မှော်အစီအရင်မှ ထွက်ပေါ်နေသော အလင်းရောင်များက ဂျိချန်းဖန်၏ ခေါင်းတလားနှင့် ဆက်သွယ်နေခြင်းမရှိပဲ သူ့ရှေ့မှ လူငယ်လေး ကိုင်ဆောင်ထားသော ကြီးမားသည့် မီးဖိုချောင်သုံးဓါးနှင့် ဆက်သွယ်နေသည်ကို သိလိုက်လေသည်။
ပုဖန်က မှော်အစီအရင် နိုးထလာသောကြောင့် အံ့သြနေခြင်းမရှိသော်လည်း သူ့စိတ်ထဲသို့ မှော်အစီအရင်ကို ထိန်းချုပ်နိုင်သည့် အချက်အလက်များ တိုး၀င်လာသောကြောင့် မှင်သက်သွားလေသည်။ မစ်ရှင်ကို ပြီးမြောက် အောင်မြင်ရန်အတွက် သူကိုယ်တိုင် ကြိုးစားအားထုတ်ရမည်ကို သိရှိလိုက်သည်။ သူက ဘေးပတ်၀န်းကျင်မှ ကြောင်အတုန်လှုပ်နေသော လူများကို အကဲခတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားလေသည်။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးမှ ရွှေရောင်အလင်းတန်းများက ပို၍ တောက်ပလာပြီး ပုဖန်၏ ခြေထောက်အောက်မှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။ ကောင်းကင်ယ့ထက်တွင်လည်း နတ်နဂါး၏ ပုံရိပ်က ထင်ရှားစွာ ပြန်လည်ထွက်ပေါ်လာလေသည်။ ဂျိချန်းဖန်ကို အခြေခံထားသော နတ်နဂါးပုံရိပ်နှင့် ပုဖန်၏ လက်ထဲမှ ဓါးကို အခြေခံထားသော နတ်နဂါးပုံရိပ်တို့က အသိဥာဏ်ခြင်းကွာခြားပုံရလေသည်။
ပုဖန်၏ ထိန်းချုပ်မှုအောက်တွင် ကြီးမားသော နတ်နဂါးကြီးက ကျောက်မူရှန်ကို တဖြည်းဖြည်းခြင်း ငုံ့ကြည့်လိုက်လေသည်။ ယခုအချိန်၌ သူ့ဘက်တွင် အားသာနေပြီဖြစ်သောကြောင့် ပုဖန်က ရယ်မောလိုက်ပြီး မီးဖိုချောင်သုံးဓါးကို ပခုံးပြောင်းတင်လိုက်ပြီးကျောက်မူရှန်ဘက်လှည့်၍ မေးလိုက်လေသည်။
“ကဲ… အခုရော ဘယ်လိုလဲ … ပြသနာကိုအကြမ်းဖက်နည်းနဲ့ ဖြေရှင်းချင်နေတုန်းပဲလား….”