အပိုင်း ၁၃၇
Viewers 62k

အခန်း ၁၃၇ “ငါတို့ရဲ့ ညီအကိုတွေကို ခေါ်လာတယ်…”


လေထဲတွင် ရပ်ကြည့်နေသော နီယန်က ပုဖန်ကို ပါးစပ်ဟောင်းလောင်းနှင့် ငေးကြည့်နေလေသည်။


“ဘယ်လိုဖြစ်ပြီး ပိုင်ရှင်ပုက ဒီနဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်ကို အသက်သွင်းနိုင်တာလဲ.. ငါတို့ဂိုဏ်းရဲ့ မှတ်တမ်းတွေမှာတောင် ဒီအစီအရင်က အဆင့်ငါး ရှိတယ်… ပြီးတော့ ဒီအစီအရင်ကို အသက်သွင်းဖို့ အရမ်းကို ခက်ခဲတယ်… ငါတို့တောင် လုပ်နိုင်မှာမဟုတ်ဘူး… သူ့မှာ ဗဟုသုတတွေ အတွေ့အကြုံတွေ အများကြီးမရှိပဲ ဒီအစီအရင်ကို ဘယ်လိုမှ အသက်သွင်းနိုင်မှာမဟုတ်ဘူး…” 


“လေအလင်းအင်ပါယာရဲ့ တော်၀င်မျိုးဆက် မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တောင် ဧကရာဇ်တိုင်းက ဒီအစီအရင်ကို ထိန်းချုပ်နိုင်ဖို့ ဂရုတစိုက်နဲ့ သင်ကြားကြရတယ်… ဒါကြောင့်သာ ဧကရာဇ်ချန်းဖန်က အစီအရင်ကို အသက်သွင်းနိုင်ခဲ့တာ… ဒါပေမယ့်… ဘယ်လိုဖြစ်လို့ ပိုင်ရှင်ပုက ဒီအစီအရင်ကို အသက်သွင်းနိုင်တာလဲ… ဒါက လုံး၀မဖြစ်နိုင်ဘူးလေ…”


နီယန်က ပုဖန်ကို ကြည့်၍ တွေးမရလောက်အောင် ထူးဆန်းလာသောကြောင့် သူမ၏ လက်ကို လှုပ်ခါ၍ ကျောက်စိမ်းပြားအချို့ကို ထုတ်လိုက်လေသည်။ ထိုကျောက်စိမ်းပြားများက လေထဲတွင် နတ်ဘုရားအစီအရင် တစ်ခုအဖြစ် အဆင့်ဆင့် ဖွဲစည်းသွားပြီး သူမက ထိုအစီအရင်ကို စိုက်ကြည့်လိုက်လေသည်။ ထို့နောက် နီယန်က အကြောင်းစုံကို နားလည်သွားလေသည်။ 


“ဒါဆိုတော့… အဓိကသော့ချက်က ပိုင်ရှင်ပုရဲ့ လက်ထဲက ဓါးပေါ့…” နီယန်က လေအေးများကို ရှူရှိုက်လိုက်မိပြီး သူမ၏ စိတ်ထဲတွင် အသံကုန်အော်ဟစ်နေလေသည်။


“အံ့သြစရာကောင်းလိုက်တာ… ဒါက နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ်ပဲ… နဂါးအရိုးနဲ့ လုပ်ထားတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် လတ်နတ်… ဒါကြောင့် ပိုင်ရှင်ပုက နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ကို လုံး၀ အသက်သွင်းနိုင်သွားတာပဲ…”  


နီယန်က ပြောစရာစကားမဲ့သွားပြီး သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်၍ ပုဖန်ကို စိုက်ကြည့်နေလိုက်တော့သည်။ ကျောက်မူရှန်က ကြီးမားလှသောနတ်နဂါးကို ကြည့်လိုက်ပြီး တံတွေးတစ်လုပ် မြိုချလိုက်မိသည်။ နတ်နဂါးမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အရှိန်အဝါများက သူ့ကို ရွံ့နွံထံသို့ နစ်မြုတ်နေသောခံစားချက်ကို ပေးစွမ်းနေလေသည်။ သူဖျက်စီးထားသော နဂါးခေါင်းနှစ်ဆင့် မှော်အစီအရင်က ပြန်လည်အသက်၀င်လာသည့်အပြင် ထိန်းချုပ်နေသူက ပုရွက်ဆိတ်သာသာ လူငယ်လေးဖြစ်သောကြောင့် သူက အလွန်အံ့အားသင့်နေလေသည်။


သူက ၀န်မခံချင်သော်လည်း ပုဖန်၏ လက်ထဲမှ မီးဖိုချောင်သုံးဓါးက အလွန်မှော်ဆန်လှသည်ကို ၀န်ခံရပေမည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အလွန်အံ့သြဖွယ်ကောင်းကြောင်း သိနိုင်လေသည်။ 


“အခုရောဘယ်လိုလဲ… ပြသနာကို အကြမ်းဖက်ပြီး ဖြေရှင်းချင်နေတုန်းပဲလား…” ပုဖန်က မထိတထိ ပြောဆိုလိုက်သည်။


ကျောက်မူရှန်၏ ဒန်တျန်ထဲတွင် လှည့်ပတ်နေသော အစစ်အမှန်စွမ်းအင်များက ဖိနှိပ်ခံနေရပြီး အဖက်ဖက်သို့ပျံ့နှံ့နေကာ အသက်ရှူရပင် ခက်ခဲလာလေသည်။ ထို့ကြောင့် ကျောက်မူရှန်က ပုဖန်ကို မျက်လုံးများ မှေးစင်း၍ စိုက်ကြည့်လိုက်သည်။ ကြီးကျယ်မြင့်မြတ်သော မဟာယာနကျွန်းမှ လာခဲ့သောကြောင့် သုံလမ်းကြောင်းသစ်သီး၏ အရေးပါပုံကို သူက ကောင်းစွာ သိနေပေသည်။ ထိုသစ်သီးက အဆင့်ခုနစ် စိတ်ဝိဥာဉ်သစ်သီးဖြစ်ပြီး အင်ပါယာအဆင့်တစ်ယောက်ကိုပင် သူတော်စင်အဆင့်သို့ တက်ရောက်ရန် ကူညီနိုင်ပေသည်။


သူက ထိုအသီးကို လုံး၀မပေးလိုပေ။ ကျောက်မူရှန်က သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို လက်တစ်ဖက်တွင် ကိုင်ထားလိုက်ပြီး ပုဖန်ကို ကြည့်၍ ပြောလိုက်သည်။


“မင်းက အင်ပါယာ တော်၀င်မြိုးနွယ်က မဟုတ်ဘူး… အဲတော့ မင်းက နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ကို နိုးထနေနိုင်ရင်တောင် ထိန်းချုပ်နိုင်မှာမဟုတ်ဘူး… အဲတော့ မင်းငါ့ကိုမတားနိုင်ပါဘူး….” ကျောက်မူရှန်က လှောင်ပြောင်ပြောဆိုလိုက်ပြီး ခြေဖျားဖြင့် မြေပြင်ကို ထောက်ကန်၍ အစီအရင်အပြင်ဘက်သို့ ဦးတည်လိုက်လေသည်။


ရှောင်မန်က ကျောက်မူရှန်ကို ၀င်ရောက်ဟန့်တားရန် ပြင်လိုက်လေသည်။ ပစ္စည်းသုံးမျိုးသာ ကျောက်မူရှန်နောက် ပါသွားပါက လေအလင်းအင်ပါယာ၏ ဂုဏ်သိက္ခာက ထိခိုက်သွားနိုင်ပေသည်။ သို့သော် သူမတားခင်အချိန်အတွင်းတွင် ပုဖန်က ခပ်ရေးရေးပြုံးလိုက်သည်ကို ရှောင်မန်က မြင်လိုက်ရသည်။ 


“ဒီအပြုံးက …”


ကျောက်မူရှန်ကို ပုဖန်က အလွယ်တကူ မလွတ်ပေးလိုက်ကြောင်းကို ရှောင်မန်သိရှိသွားပြီး သက်ပြင်းချလိုက်လေသည်။


“ငါက မှော်အစီအရင်ကို မထိန်းချုပ်နိုင်ဘူးလို့ မင်းကို ဘယ်သူပြောလဲ…” ပုဖန်က အေးစက်စက် ပြောဆိုလိုက်ပြီး လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ပင့်မြှောက်လိုက်ကာ ရွှေရောင်အလင်းတန်းများကို ကျောက်မူရှန်ဆီသို့ ချိန်ရွယ်လိုက်သည်။ 


နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး မှော်အစီအရင်က လင်းလက်တောက်ပလာကာ နတ်နဂါးပုံရိပ်က ကျောက်မူရှန်ဆီသို့ တိုး၀င်သွားလေသည်။ 


ဟမ့်….


ကျောက်မူရှန်က နှာခေါင်းရှုံ့လိုက်ပြီး သူတော်စင်အဆင့် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး မုဒြာလက်ကို ဖွဲစည်းလိုက်ပြီး ဗုဒ္ဓစုတျာကို စတင်ရေရွတ်လိုက်သည်။ သူ၏ ရှေ့တွင် ရွှေရောင်ရုပ်ပွားတော်တစ်ခုက ပေါ်ထွက်လာလေသည်။


“မဟာယာနကျွန်းရဲ့ လျို့ဝှက်နည်းစနစ်.. အာဟန် လက်ချောင်း….”


ရွေရောင်ရုပ်ပွားတော်၏ လက်ညိုးနှင့် နဂါးလက်သည်းတို့ တွေ့ဆုံရာမှ ပြင်းထန်သောစွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး တစ်ဖန် ပြန်လည်ငြိမ်သက်သွားလေသည်။ ကျောက်မူရှန်၏ အာဟန်လက်ချောင်းက နဂါးလက်သည်းအောက်တွင် ပူပေါင်းတစ်လုံးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖျက်စီးခံလိုက်ရသော မြင်ကွင်းကို ကြည့်၍ လူများအားလုံးမှင်သက်အံ့သြသွားကြလေသည်။ 


ကျောက်မူရှန်က ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး လေထဲမှ သစ်ရွက်တစ်ရွက်ကဲ့သို့ ပြုတ်ကျလာလေသည်။ နတ်နဂါးပုံရိပ်က လေထဲမှ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို ဖမ်းယူလိုက်ပြီး ပုဖန်ဆီသို့ လွဲပြောင်းပေးအပ်လိုက်လေသည်။ နဂါး၏ ပါးစပ်အတွင်းမှ သစ်သီးကို ဖမ်းယူလိုက်ပြီးနောက် ပုဖန်က မူးဝြေခင်းကို ခံစားလိုက်ရသည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုနေရသောကြောင့် သူ၏ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန်စွမ်းအင်များက ကုန်လုနီးပါး ဖြစ်နေလေသည်။ ရွှေရောင်လင်းလက်နေသော မီးဖိုချောင်သုံးဓါးက အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ 


နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ကို ထိန်းချုပ်အသုံးပြုရန် အစစ်အမှန်စွမ်းအင် များစွာ လိုအပ်ပေသည်။ ထို့ကြောင့် ဝိဥာဉ်တည်အဆင့်သာ ရှိသေးသော ပုဖန်က နတ်နဂါးပုံရိပ်ကို အသုံးပြု၍ တစ်ကြိမ်သာ တိုက်ခိုက်နိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ကျောက်မူရှန်က သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်းကြောင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ကျောက်မူရှန်သာ ရှောင်တိမ်းခဲ့ပါက အခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို ပုဖန်က ကြိုတွေးထားမိခြင်းမရှိပေ။


“အခုတော့ အဲဒါကို ဘယ်သူက ဂရုစိုက်တော့မှာလဲ.. ငါ့လက်ထဲကို သုံးလမ်းကြောင်းသိမြင်မှု သစ်သီးက ရောက်နေပြီလေ… ဒါက ဝိုင်ထုတ်လုပ်ဖို့အတွက် အကောင်းဆုံး အဓိက ပါ၀င်ပစ္စည်းပဲ….”


ပုဖန်က ကျေနပ်စွာ တွေးနေမိသည်။ 


“ဝိုင်ကို ထုတ်လုပ်ပြီးရင် ငါ့ရဲ့ဝိုင်ကို သုံးလမ်းကြောင်းသိမြင်မှု ဝိုင်လို့ နံမည်ပေးလိုက်မယ်… ဟမ်… နေပါဦး… ဒီနံမည်က တစ်ခုခုတော့မှားနေသလိုပဲ…. ထားလိုက်တော့… လောလောဆယ်တော့ ဒီနံမည်ပဲ အရင်သုံးလိုက်မယ်…”


ကျောက်မူရှန်က သွေးအန်လိုက်ရလေသည်။ သူ၏ မျက်နှာအမူအယာက ဖြူဖျော့နေပြီး အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရလေသည်။ ဓါးမတစ်ချောင်းကို ဆွဲကိုင်ထားသော ဝိဥာဉ်တည်အဆင့် လူတစ်ယောက်ကို သူက ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ကျောက်မူရှန်က သူ့ဘ၀တစ်လျောက်လုံးတွင် မကြုံခဲ့ဖူးသော ရှုံးနိမ့်မှုကို တုန်လှုပ်နေသော်လည်း သူ၏ တုန်လှုပ်နေမှုကို အလျင်အမြန် ထိန်းချုပ်ထားလိုက်သည်။ 


ထို့နောက် ပုဖန်၏ အားနည်းနေဟန်ကို တွေ့လိုက်ရသောကြောင့် အခြေအနေများကို နားလည်သွားပြီး တွေးလိုက်မိသည်။


“အင်း… ကြည့်ရတာတော့ ဒီကောင်စုတ်လေးက မှော်အစီအရင်ကို တစ်ကြိမ်ပဲ အသက်သွင်းနိုင်တာထင်တယ်.. အခု သူ့ရဲ့စွမ်းအားတွေက ကုန်သလောက်ဖြစ်နေပြီ… ဒါက ဖြစ်နိုင်တာပဲလေ… ဧကရာဇ် ချန်းဖန်တောင် ဒီအစီအရင်ကို အသုံးပြုဖို့ မှော်ရတနာ အများကြီးအသုံးပြုရပြီး အဲထဲမှာ မိန်းမစိုးလျန်ဖုရဲ့ စွမ်းအင်တွေတောင် ပါ၀င်နေတာပဲလေ… သူ့လို ကောင်စုတ်လေးက တစ်ကြမ်အသုံးပြု နိုင်တာတောင် တော်တော်ကံကောင်းနေပြီ….”


“ကောင်းတယ်… သိပ်ကိုကောင်းတယ်… မင်းနံမည်က ပိုင်ရှင်ပုနော်.. ဟုတ်တယ်မဟုတ်လား… ငါ ကျောက်မူရှန်က မင်းရဲ့နံမည်ကို သေသေချာချာ မှတ်ထားလိုက်မယ်…” ကျောက်မူရှန်က ဒေါသထွက်စွာ ပြောဆိုလိုက်ပြီး ထပ်မံထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ ယခုအချိန်တွင် ထွက်မပြေးပါက ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ 


“သူခိုးကြီးကျောက်မူရှန်… မင်းက ဘယ်ကိုသွားဖို့ ကြံနေတာလဲ…” ရှောင်မန်က ကြုံးဝါးလိုက်ပြီး ကျောက်မူရှန်ကို တားဆီးရန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ 


သို့သော် ရှောင်မန်၏ ခြေထောက်က မြေပေါ်သို့ ချလိုက်သည်နှင့် ကျောက်မူရှန်က သူ့ဘက်သို့ လှည့်၍ မှင်နက်ရောင် ကျောက်တုံးလေးကို ပစ်လွှတ်လိုက်လေသည်။ ထို့ကျောက်တုံးက လေထုထဲတွင် ပြင်းထန်သော အရှိန်အဝါများ ထုတ်လွှတ်၍ လှည့်ပတ်သွားပြီး ကျောက်တုံးမှ ထွက်ပေါ်လာသော စွမ်းအင်များက ရှောင်မန့်၏ စိတ်အာရုံကို ဆွဲဆောင်သွားလေသည်။


စူးရှကျယ်လောင်သော ငိုကြွေးသံများထွက်ပေါ်လာပြီး အလွန်များပြားသော ဝိဥာဉ်စွမ်းအင်များက ထိုကျောက်တုံးမှ ထွက်ပေါ်လာလေသည်။ ရှောင်မန်၏ အမူအယာက ပြောင်းလဲသွားပြီး ကျောက်တုံးကို အလျင်အမြန် ဖိနှိပ်လိုက်သည်။ ဝိဥာဉ်ချေကျောက်တုံးမှ ဝိဥာဉ်များ လွတ်မြောက်သွားပါက အင်ပါယာမြို့တော်အတွက် အလွန်ဆိုးဝါးသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ကျောက်မူရှန်က အခွင့်အရေးကို အသုံးချ၍ လွတ်မြောက်ရန် ကြိုးစားလိုက်လေသည်။ 


“ငါတို့ထပ်တွေ့ကြဦးမှာပါ ပိုင်ရှင်ပု အဲဒီအခါကျရင်တော့ မင်းဆိုင်ကိုလာပြီး ကောင်းကောင်းဂရုစိုက်ပါမယ်…”


ကျောက်မူရှန်၏ အေးစက်စက်အသံက အဝေးမှ ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်ကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ကျောက်မူရှန် ထွက်ခွာသွားပြီးနောက် နက်နဲသောကောင်းကင်ဘုံ၏ အပြင်ဘက်မှ ကျယ်လောင်သော စစ်ချီသံကို ကြားလိုက်ကြရသည်။ တစ်ကိုယ်လုံးနီးပါး ပတ်တီးစီးထားပြီး စစ်၀တ်စုံတစ်၀က်သာ ၀တ်ဆင်ထားသော မုတ်ဆိတ်မွှေးထူလဗျစ်နှင့် လူက နက်နဲသော ကောင်းကင်ဘုံအတွင်းသို့ ၀င်ရောက်လာလေသည်။


“အရှင့်သား… ကျွန်တော်မျိုးက ညီအကိုတော်တွေကို အရှင့်သားအတွက် ခေါ်လာခဲ့ပါတယ်….” မုတ်ဆိတ်မွှေးထူလဗျစ်နှင့် လူကကျယ်လောင်စွာ အော်ပြောလိုက်လေသည်။


ဂျိချန်းရွဲ့က ရုတ်တရက်ပေါ်လာသော ထိုသူကို မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်လေသည်။ ခပ်လှမ်းလှမ်းတွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓါးကို ပြန်သိမ်းပြီးသော ပုဖန်က သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို ကိုင်၍ ဂျိချန်းရွဲ့ထံသို့ လျောက်လာခဲ့လေသည်။