သူ့အဝတ်တွေကို လဲပေးထားတာပဲ ...
ထိုအကြောင်းကို သိသွားသည့်အခါ လင်းရှောင်တသိမ့်သိမ့်တုန်ပြီး ဇောချွေးများ ကျလာသည်။ ခေါင်းထဲတွင် ရီဝေဝေဖြစ်လာပြီး မျက်လုံးထဲတွင် အမှောင်ထုက ကြီးစိုးသွားသည်။ ကမ္ဘာကြီး၏ အဆုံးသတ်ကို မြင်ရသကဲ့သို့လည်း ကြောက်လန့်သွားသည်။
ထိတ်လန့်မှုကြောင့် လင်းရှောင်မှာ မေ့လဲလုနီးပါးဖြစ်နေသည်။ သူ့ကိုတစ်ချိန်လုံး အာရုံစိုက်နေသည့် ဖူယွီကျွင်းမှာ သူ့ကိုထိန်းထားပေးလိုက်သည်။ လင်းရှောင်၏ ဖြူဖျော့နေသော အသားအရည်ကြောင့် ဖူယွီကျွင်း၏မျက်နှာမှအပြုံးလည်း ပျောက်ကွယ်သွားသည်။ သူ လင်းရှောင်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။
" မင်း နေလို့မကောင်းဘူးလား ... မြန်မြန်လှဲနေလိုက် ..."
လင်းရှောင် ခေါင်းခါလိုက်ပြီး ဖူယွီကျွင်း၏လက်ကို မြဲမြဲဆုပ်ကိုင်ထားသည်။ ဤကိစ္စပေါ်တွင် သူ့ဘဝတစ်ခုလုံးမူတည်နေသည့်အတွက် အသံအက်အက်ဖြင့် မေးလိုက်မိသည်။
" အရှင်မင်းသား ဝင်လာတဲ့အချိန်တုန်းက ကျွန်တော့်ကို ဘယ်သူအဝတ်လဲပေးနေတာလဲ တွေ့လိုက်လား ..."
သူ့ကိုယ်သူ "ဒီအစေခံက" ဟု သုံးနှုန်းရန်ပင် မေ့သွားခဲ့သည်။ သူအမှန်တကယ်ပင် ခြောက်ခြားနေသည်။
ဖူယွီကျွင်းက ဤမဆီမဆိုင်မေးခွန်းကြောင့် သံသယဝင်သွားသည်။ လင်းရှောင်ကို မသင်္ကာဟန်ဖြင့် ကြည့်လိုက်သော်လည်း လင်းရှောင်က မျှော်လင့်ချက်များပြည့်နေသော မျက်ဝန်းတစ်စုံဖြင့် သူ့ကိုကြည့်နေသည်။ ဖူယွီကျွင်း ရင်တုန်သွားသည်။
မသင်္ကာသည့်စိတ်များက တစ်စက္ကန့်အတွင်းပျောက်ကွယ်သွားသည်။
အစေခံငယ်လေးက ခေါင်းစောင်းပြီး သူ့ကိုကြည့်နေသည့် အကြည့်များက အပြစ်ကင်းစင်ပြီး တောက်ပနေသည့်အတွက် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ တဒိတ်ဒိတ်ခုန်လာသည်။
ဖြူဖျော့နေသော နှုတ်ခမ်းပါးလေးများက ညိုးငယ်နေပြီး နှုတ်ခမ်းကြားမှ အက်ရာလေးကလည်း ညှို့ယူဖမ်းစားနေသကဲ့သို့ပင်။ တစ်ဖက်လူကို အခွင့်အရေးယူချင်စိတ်ကို ဖူယွီကျွင်းချိုးနှိမ်ထားရသည်။ ရှက်ရွံ့စွာဖြင့် တစ်ဖက်သို့ကြည့်လိုက်ပြီး ချောင်းဟန့်၍ လည်ချောင်းရှင်းလိုက်သည်။
" မင်းအဝတ်တွေကို ဘယ်သူလဲတာလဲဆိုတာက အဲ့လောက် အရေးကြီးလို့လား ..."
ထိုစကားပြောပြီးသည့်အခါမှ သူ၏ မကောင်းဆိုးဝါးဆန်သည့်အတွေးများကို ဖုံးကွယ်ရန်ကြိုးပမ်းလိုက်ရသည်။
ဘာလို့ ဒီလိုကြောင်တောင်တောင်စကားကို ပြောမိပါလိမ့် ...
ဤကိစ္စငယ်လေးများက အဘယ့်ကြောင့် အရေးကြီးနေသည်ကို သူနားမလည်နိုင်ပေ။
သူ့ရှေ့က လင်းရှောင်က လေးလေးနက်နက်နဲ့ ခေါင်းငြိမ့်ပြမယ်လို့ ဘယ်သူထင်မိမှာလဲ ...
ဖူယွီကျွင်း အံ့ဩသွားသည်။ သူ၏မျက်လုံးများထဲတွင် သိချင်စိတ်များပေါ်လာသည်။
လင်းရှောင်၏ ဖျော့တော့နေသောမျက်နှာက ဤကိစ္စအတွက် ပူပန်နေပုံကို မြင်ရသည့်အခါ ဖူယွီကျွင်းလည်း မနေနိုင်တော့ပဲ အလေးအနက်ဖြစ်လာသည်။
သူဂရုတစိုက် ပြန်တွေးပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
" ငါမဝင်လာခင်တည်းမင်းအဝတ်တွေကို လဲပေးပြီးသွားပြီ ... ဘယ်သူကလဲပေးလိုက်တယ်ဆိုတာတော့ မသိလိုက်ရဘူး..."
လင်းရှောင် စိတ်ဓာတ်ကျသွားသည်။
အလှည့်အပြောင်းတစ်ခုကို ကြားလိုက်ရသည့်အခါ လင်းရှောင် တောက်ပနေသောမျက်လုံးဝိုင်းကြီးများဖြင့် ဖူယွီကျွင်းကို ကြည့်နေသည်။
ထိုစကားကြောင့် စိတ်ဓာတ်ကျနေသော အမူအယာမှ ရွှင်မြူးနေသည့်ပုံအဖြစ် ပြောင်းသွားသည်။ မျှော်လင့်တကြီးဖြင့် ကြည့်နေသည့်ပုံက ခွေးပေါက်လေးတစ်ကောင်က အစာကျွေးမည့်အချိန်ကို စောင့်နေသကဲ့သို့ပင်။ သူ၏နှလုံးသားကို နူးညံ့ပြီး ကမောက်ကမဖြစ်ကာ ခွေလဲသွားစေနိုင်သည်။
ဖူယွီကျွင်းရယ်လိုက်ပြီး ခေါင်းမော့၍ လင်းရှောင်၏နှဖူးမှ ဆံပင်များကို သပ်တင်ပေးလိုက်သည်။
" အဝတ်အစားလဲပေးတာ ဘယ်သူဆိုတာ မမြင်လိုက်ပေမယ့် ငါဝင်လာတဲ့အချိန် အစေခံတွေကလွဲပြီး ဘယ်သူမှမရှိဘူး ... ပြီးတော့ ဒီအစေခံမလေးနှစ်ယောက်က မင်းကိုလဲပေးလိုက်တဲ့အဝတ်တွေကို အပြင်ယူသွားတဲ့လူတွေပဲ ..."
လင်းရှောင်က ဖူယွီကျွင်းပြောသမျှကို အာရုံစိုက်နေသည်။ ထို့နောက် သူ့အကြည့်များက ခုတင်ဘေးမှကြမ်းပြင်ပေါ်တွင် သတိလစ်နေသော အစေခံမလေးနှစ်ယောက်ထံကို ရောက်သွားပြီး မျက်ခုံးများ တွန့်ချိုးလိုက်သည်။
" သူတို့ထွက်သွားပြီးတော့ ငါက အိပ်ပျော်နိုင်မယ့်အကြောကို ချက်ချင်း နှိပ်လိုက်တာပဲ ... တကယ်လို့ မင်းအဝတ်အစားတွေက မပျောက်သွားဘူးဆိုရင် ဟိုဘက်အခန်းမှာပဲ ရှိတယ် ..."
တခြားစကားဖြင့် ပြောရလျှင် သူတို့နှစ်ယောက်က သူ့လျှို့ဝှက်ချက်ကို အပြင်ဘက်တွင် ထုတ်ဖော်ရန် အချိန်မရလိုက်ပေ။ လင်းရှောင် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။
ဒီဖူယွီကျွင်းက နောက်ဆုံးတော့ ကောင်းတဲ့ကိစ္စတစ်ခုခု လုပ်ခဲ့တာပဲ ...
လင်းရှောင်၏ စိတ်အေးသွားသည့်ပုံကိုကြည့်ပြီး ဖူယွီကျွင်း စိတ်ဝင်တစားမေးလိုက်သည်။
" မင်း အဝတ်အစားတွေကို ဘယ်သူလဲပေးတာလဲဆိုတာကို အရမ်းစိတ်ဝင်စားနေတယ်ဆိုတော့ မင်းခန္ဓာကိုယ်မှာ လျှို့ဝှက်ချက် တစ်ခုခုများရှိနေတာလား ..."
ဖူယွီကျွင်းက ထိုသို့ပြောလိုက်ပြီး လင်းရှောင်ကို ဝတ်လစ်စလစ်လူတစ်ယောက်ကို ကြည့်သကဲ့သို့ ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
လင်းရှောင်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ဖူယွီကျွင်း၏ ထိန်းပေးထားသောလက်ကို ဖယ်ချလိုက်သည်။ သူ၏မျက်နှာထားက မတည်မငြိမ်ဖြစ်သွားကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
" အရှင်မင်းသား ဒီအစေခံက ဘာလိုချင်လဲဆိုတာ မေးထားတယ်မလား ... အခုတော့ ဒီအစေခံ ပြောလို့ရပါပြီ ..."
ဖူယွီကျွင်း မျက်ခုံးပင့်လိုက်ပြီး စိတ်ဝင်တစားနားထောင်နေသည်။
" ပထမတစ်ချက် ကျွန်တော်မျိုး ဒီအစေခံမလေးနှစ်ယောက်ကို အချိန်တစ်ခုအထိ နန်းတော်က ပျောက်သွားစေချင်ပါတယ် ... နန်းတော်ကနေ သူတို့ကို ထုတ်ဖို့ မင်းသားကို ဒုက္ခပေးရပါဦးမယ် ..."
သူတို့ကို နန်းတော်အပြင်ထုတ်ပစ်ချင်တဲ့အထိ စိတ်ပူနေတာပဲ ... တကယ်ကို လျှို့ဝှက်ချက်တစ်ခုခု ရှိနေတယ် ...
ဖူယွီကျွင်းက သတိမေ့နေသော အစေခံနှစ်ယောက်ကိုကြည့်၍ မျက်ခုံးများပင့်ကာစဉ်းစားလိုက်ပြီးသည့်နောက်မှ ပြန်ဖြေလိုက်သည်။
" ကောင်းပြီလေ ပြဿနာမရှိပါဘူး ..."
" ဒုတိယတစ်ချက် အရှင်မင်းသားအိမ်ပြန်တဲ့အခါ ဒီအစေခံလည်း လိုက်ခဲ့ချင်ပါတယ် ..."
လင်းရှောင် ထပ်မစောင့်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်မှ လျို့ဝှက်ချက်က မည်သည့်အချိန်ပေါက်ကွဲမည်မသိသော ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည့်အတွက် ဧကရာဇ်၏ရှေ့တွင် အချိန်မရွေး ဖော်ထုတ်ခံရနိုင်သည်။
ဖူယွီကျွင်း အံ့ဩစွာဖြင့်ပြောလိုက်သည်။
" ငါနဲ့တူတူထွက်သွားချင်တာလား ... မူတိုင်းပြည်ရဲ့နန်းတော်ကနေ ထွက်သွားမယ်ပေါ့ ... သေချာတွေးပြီးပြီလား ..."
လင်းရှောင် ခေါင်းငြိမ့်ပြလိုက်သည်။
အစေခံငယ်လေး၏ တည်ကြည်သောမျက်နှာက အတုအယောင်ပြုလုပ်ထားခြင်း မဟုတ်ပေ။ ဖူယွီကျွင်း မေးစေ့ကိုပွတ်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။
" ဒါဆိုရင် မူဧကရာဇ်ကိုရော ဘယ်လိုလုပ်မှာလဲ ... မင်းက အစေခံတစ်ယောက်ဆိုပေမယ့် ငါသိသလောက်တော့ နန်းတော်ထဲမှာဆက်နေရင် မူတိုင်းပြည်ရဲ့ ပထမဆုံးတရားဝင်ကြင်ရာတော်ဖြစ်နိုင်တယ် ... အဲ့ဒါကိုစွန့်ပစ်ပြီး ဒီအတိုင်း ထွက်သွားတော့မှာလား ..."
လင်းရှောင် ကြောင်အအဖြစ်သွားသည်။ ဖူယွီကျွင်းက အချိန်တိုအတွင်း သတင်းအချက်အလက်များစွာ ရထားမည်ဟု မထင်ခဲ့ပေ။
သို့သော် လင်းရှောင်က ဘာမှထပ်မပြောပြတော့ပဲ အေးစက်စွာ မေးလိုက်သည်။
" ဒီအစေခံက ထွက်သွားဖို့ ဆန္ဒရှိတယ်ဆိုရင် အရှင်မင်းသား ကျွန်တော်မျိုးကို ခေါ်သွားချင်ရဲ့လား ..."
ဖူယွီကျွင်း မျက်ခုံးများကို ဖြေလျော့လိုက်သည်။ လင်းရှောင်ကိုကြည့်နေသော မျက်လုံးများက တည်ကြည်လာသည်။
ဒီအစေခံငယ်လေးက သူစိတ်ကူးထားတာနဲ့ ကွာခြားနေတာပဲ ...
မူဧကရာဇ်က မည်သူ့ကိုမျှ မလာခိုင်းပဲ ဤအစေခံငယ်လေးကို လုံခြုံစွာဖွက်ထားသည်မှာ မထူးဆန်းပေ။ မူလက ဤကိစ္စကို ဖြစ်နိုင်ချေမရှိဟု ထင်ထားသော်လည်း ယခုအခြေအနေက မူဧကရာဇ်က အဘယ့်ကြောင့် ထိုသို့ဆုံးဖြတ်ချက်ချထားသည်ကို သဘောပေါက်သွားသည်။
သူ့ကို သေချာပေါက် ဂရုတစိုက်ကြည့်နေမှ ရမှာပဲ ... မဟုတ်ရင် မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးသွားနိုင်တယ် ...
အချိန်အတန်ကြာစဉ်းစားပြီးနောက် ပြုံးပြပြီး သဘောတူလိုက်သည်။
" ငါ မင်းကိုခေါ်သွားမယ် ... မင်းက ငါဆန္ဒရှိရင်တောင် ငါနဲ့လိုက်လာချင်တာမှမဟုတ်တာ ... ဒါပေမဲ့ ..."
လင်ရှောင် စိတ်အေးလက်အေးဖြင့် သက်ပြင်းချတော့မည့်အချိန်တွင် နှလုံးခုန် မြန်လာပြန်သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး စကားဆက်မပြောပဲ တုံ့ဆိုင်းနေသည့် ဖူယွီကျွင်းကိုကြည့်ပြီး ရေရွတ်လိုက်မိသည်။
" ပြောစရာ တစ်ခုခုရှိရင် ပြောပါ မင်းသား ..."
" မူဧကရာဇ်က မင်းကိုလွယ်လွယ်နဲ့လွှတ်ပေးမယ်မထင်ဘူး ... မင်းကို သဘောကျနှစ်သက်တဲ့သတင်းက နန်းတော်တစ်ခုလုံးမှာ ပျံ့နှံ့နေပြီ ... မူတိုင်းပြည်မှာ ကြာကြာမနေတဲ့ငါတောင်မှ ဒီသတင်းကိုသိတယ် ... ဧကရာဇ်က မင်းကို မလွှတ်ပေးရင် မင်းကို ငါနဲ့တူတူ ဘယ်လိုခေါ်သွားရမလဲ ... ဒါမှမဟုတ် မင်းကို ခိုးပြီးခေါ်ထုတ်သွားရမလား ..."
ဖူယွီကျွင်း၏ စကားများက မသေချာမရေရောပေ။ သူပြောနေစဉ်မှာပင် အပြုံးတစ်ခုကို ဆင်မြန်းထားပြီး လင်းရှောင်ကို "မင်းတွေးထားတာလည်း အဲ့လိုပဲမဟုတ်လား" ဟူသည့် အကြည့်ဖြင့် ကြည့်နေသည်။
လင်းရှောင် မျက်ခုံးပင့်သွားမိပြီး ကြမ်းတမ်းသောစကားလုံးများ အသုံးပြုမိတော့မည်ကို ထိန်းထားပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ သူ စကားလမ်းကြောင်းလွှဲလိုက်ပြန်သည်။
" အရှင်မင်းသား ဘယ်တော့အိမ်ပြန်ဖို့ စီစဉ်ထားပါသလဲ ..."
ဖူယွီကျွင်း ခဏတွေးလိုက်ပီးနောက် ပြန်ဖြေလိုက်သည်။
" မင်း ဘယ်အချိန် ပြန်စေချင်လဲ ..."
" မြန်လေ ကောင်းလေပါပဲ ..."
လင်းရှောင် လျင်မြန်စွာပြန်ဖြေလိုက်သည်။ သို့ရာတွင် ပြန်ဖြေပြီးသည့်အခါ သူစိတ်မရှည်စွာပြောလိုက်မိသည်ကို သတိထားမိပြီး ဖူယွီကျွင်းကိုကြည့်လိုက်သည်။
ဖူယွီကျွင်း မေးစေ့ကိုပွတ်နေပြီး အပြုံးမမည်သော အပြုံးတစ်ခုကိုပြုံးကာ လင်းရှောင်ကို ကြည့်နေသည်။
" ငါတို့နှစ်ယောက်တူတူရှိနေဖို့ ဒီလောက်စိတ်မရှည်ဖြစ်နေမယ် မထင်ထားဘူး ... အဲ့လိုဆိုရင် မင်းရဲ့ဆန္ဒကို ငြင်းပယ်ဖို့ ခက်သွားပြီ ..."
ဖူယွီကျွင်း ပြောလိုက်သည့်အချိန်တွင် သူ့မျက်နှာထားက အချစ်နွံထဲနစ်နေသည့်ပုံ ဖြစ်နေသည်။ လင်းရှောင်၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး ပြန်ဖြေတော့မည့်အချိန်တွင် ဖူယွီကျွင်းက လက်ခုပ်တီးပြီး ပြောလိုက်သည်။
" ကောင်းပါပြီ မင်းက စိတ်မရှည်ဖြစ်နေမှတော့ မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ ... မနက်ဖြန် ပြန်ကြမယ် ..."
ဒါက တမင်လုပ်နေသလိုပဲ ...
လင်းရှောင် တိတ်ဆိတ်နေသည်။
" အဲ့တော့ ငါနဲ့တူတူ ဘယ်လိုထွက်သွားမှာလဲ ... "
ဖူယွီကျွင်းက ခုတင်ပေါ်တွင် မှီနေပြီး လင်းရှောင်ကိုကြည့်နေသည်။
လင်းရှောင်က မည်သည့်အမူအယာမှ မပြပဲ ခဏတာတွေးတောပြီးနောက် ပြောလိုက်သည်။
" မနက်ဖြန်မှာ အရှင်မင်းသားကို နန်းတော်အပြင်ဘက်မှာ ခဏလောက်စောင့်နေဖို့ တောင်းဆိုပါရစေ ... ဒီအစေခံက အရှင့်ကို လာရှာပါ့မယ် ..."
" မင်းက နန်းတော်ထဲက ထွက်ပြေးလာမှာလား ..."
ဖူယွီကျွင်း မျက်လုံးများမှေးစင်းလျက် လင်းရှောင်ကို ကြည့်နေသည်။
လင်းရှောင် နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။ သူ့ထံတွင် ဤနည်းလမ်းတစ်ခုသာရှိသည်။ ဖူယွီကျွင်း တုံ့ဆိုင်းသွားမည်ကိုစိုးရိမ်၍ လင်းရှောင်က ရှင်းပြလိုက်သည်။
" စိတ်မပူပါနဲ့ ... ဧကရာဇ်က ကုန်းကုန်းလေးတစ်ယောက်နောက်ကို လိုက်လာမှာမဟုတ်ပါဘူး ... အဲ့ဒါအပြင် တိုင်းပြည်နှစ်ခုကြားက ဆက်ဆံရေးကိုလည်း ဒီကိစ္စကြောင့် မဖျက်ဆီးလောက်ပါဘူး ... တကယ်လို့ ဒီအစေခံက နက်ဖြန်ကိစ္စကို ကျရှုံးခဲ့မယ်ဆိုရင် ဧကရာဇ်က မင်းသားကို မစစ်ဆေးစေရပါဘူး ... ပြီးတော့ ကျွန်တော်မျိုးကလည်း ကျရှုံးမှာ မဟုတ်ပါဘူး ..."
ဖူယွီကျွင်းက လင်းရှောင်ကို အချိန်အတန်ကြာကြည့်နေပြီးနောက် ရယ်လိုက်သည်။
မူဧကရာဇ်က သူ့ကိုလွယ်လွယ်နဲ့ လက်လွှတ်မယ်လို့ ဒီအစေခံလေး ထင်နေပုံပဲ ...
ထိုသို့တွေးနေသော်လည်း ဖူယွီကျွင်း ခေါင်းကို အသာအယာခါလိုက်သည်။ သို့ရာတွင် လင်းရှောင်ကို မငြင်းဆိုလိုက်ပဲ ပြန်ဖြေလိုက်သည်။
" မနက်ဖြန် ငါမင်းကိုစောင့်နေမယ် ..."
ဖူယွီကျွင်းက အစေခံနှစ်ယောက်နှင့် ထွက်သွားပြီး လင်းရှောင်က ပင်ပန်းစွာဖြင့် ခုတင်ပေါ်တွင် လှဲလျောင်းနေသည်။
လတ်တလောတွင်မှ ဒဏ်ရာရထားသည်ဖြစ်၍ ထွက်ပြေးရန်အချိန်ကောင်းမဟုတ်သော်လည်း သူထပ်မစောင့်နိုင်တော့ပေ။
သူ ဤတစ်ကြိမ်တွင် ဒဏ်ရာဆိုးဆိုးဝါးဝါးရခဲ့သော်လည်း ဧကရာဇ်က သူ့ကို လာမတွေ့ခဲ့ပေ။
အဲ့ဒါကြောင့် ဧကရာဇ်က သိသွားပြီဆိုတာ ပိုသေချာသွားတာပဲ ... မဟုတ်ရင် သူက ဒီလိုအေးစက်နေမှာမဟုတ်ဖူး ...
ဒီနေရာမှာပဲထိုင်ပြီး ဘယ်နေ့ကံကြမ္မာဆိုးဝင်မယ်ဆိုတာ စောင့်နေလို့ မရဘူး ... စိတ်ပူစရာကောင်းလွန်းတယ် ...
ညဘက်တွင် နင်းရွှမ်နန်းဆောင်ကို မီးများတောက်ပစွာ ထွန်းထားသည်။ အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည့် လင်းရှောင်က ဗြက်စောင်းကိုတင်ထားသည့် စားပွဲရှေ့တွင်ထိုင်နေပြီး အတွေးထဲနစ်မျောကာ တံခါးဝကို ကြည့်နေသည်။
ကုန်းကုန်းလေးတစ်ယောက်က တံခါးဝကို ရောက်လာပြီး လျင်မြန်စွာ အရိုအသေပြုပြီး လင်းရှောင်ကို ဦးညွှတ်လိုက်သည်။
" အထိန်းတော်လင်း အရှင်မင်းကြီး ကြွလာပါပြီ ..."