အပိုင်း ၄၂
Viewers 14k

ရုတ်တရက်ဖြစ်၍ လင်းရှောင်လန့်သွားသည်။ ဗြက်စောင်းကြိုးကို ကိုင်လိုက်သည့်လက်ကို ရုတ်လိုက်မိသဖြင့် လက်တွင်ပြတ်ရာတစ်ခုဖြစ်ပြီး နာကျင်သွားသည်။
သူက တစ်စုံတစ်ခုကို တွန့်ဆုတ်နေပုံဖြင့် အသက်မဲ့စွာ ငေးငိုင်ပြီး အတွေးထဲ နစ်မြောနေမိသည်။ ဒူးထောက်နေသော ကုန်းကုန်းငယ်လေးက သူ မတုံ့ပြန်သည်ကို မြင်သောအခါ ...
" အထိန်းတော်လင်း နည်းနည်းတော့ ပြင်ဆင်ထားရပါမယ် ... ဧကရာဇ်က နင်းရွှမ်နန်းဆောင်ကို ခဏအကြာမှာ ရောက်လာပါတော့မယ်..."
လင်းရှောင်ကြားသည့်အခါ ခေါင်းမော့လိုက်သည်။ အသက်ပြင်းပြင်းရှု၍ သူ၏ရင်ထဲမှ ပူပန်မှုများကိုမျိုသိပ်ကာ ပြောလိုက်သည်။
" ငါသိပြီ သွားလို့ရပြီ ..."
" ဟုတ်ကဲ့ ..."
ကုန်းကုန်းငယ်လေးက တစ်ခုခုကို ပြောချင်သော်လည်း လင်းရှောင်မျက်နှာမကောင်းသည်ကိုမြင်၍ တိတ်တဆိတ်သာ ပြန်ထွက်သွားသည်။
ကုန်းကုန်းလေး ထွက်သွားချိန်တွင် လင်းရှောင်က အနာကိုအုပ်ကိုင်ပြီး စားပွဲဆီသို့ လျှောက်သွားသည်။ စားပွဲပေါ်တွင် လင်းရှောင် ဧကရာဇ်အတွက် ပြင်ဆင်ထားသည့် အချိုပွဲနှင့် ဝိုင်တို့ရှိသည်။ သူ၏ခါးထဲမှ ဆေးမှုန့်အချို့ကို ထုတ်လိုက်သည်။ ၎င်းက သူ့ကိုချီလင်ပေးထားသည့် အကြောထုံထိုင်းဆေးမှုန့်များဖြစ်သည်။ ထိုဆေးမှုန့်များကို ဖူယွီကျွင်းအပေါ်တွင်လည်း သုံးခဲ့သည်။ ၎င်းက ခန္ဓာကိုယ်ကို မထိခိုက်စေသော်လည်း အချိန်တစ်ခု‌ခန့်အကြာအထိ မလှုပ်ရှားနိုင်ဖြစ်စေသည်။
လင်းရှောင်က ၎င်းကို ဝိုင်ပုလင်းထဲသို့ လောင်းချလိုက်သည်။ ထိုဝိုင်ကို ဤညတွင် ဧကရာဇ်အတွက် အထူးတလည်ပြင်ဆင်ထားခြင်းဖြစ်သည်။
ကိစ္စများပြီးသောအခါ လင်းရှောင်က ဗြက်စောင်းတင်ထားသည့်စားပွဲပေါ်မှ အိပ်ပျော်စေသော အမွှေးတိုင်ကို မီးညှိလိုက်သည်။ သူက ဆေးကြိုသောက်ထား၍ ထိုအမွှေးတိုင်က သူ့ကိုမသက်ရောက်ပေ။ သို့ရာတွင် အကြောထုံထိုင်းဆေးမှုန့်များကို သောက်ထားသော ဧကရာဇ်အပေါ်တွင် သက်ရောက်နိုင်မည် ဟုတ်မဟုတ်ကို ပြောရခက်သည်။
အားလုံးပြင်ဆင်ပြီးသည့်အခါ ဗျစ်စောင်းရှေ့တွင် ပြန်ထိုင်ပြီး ကြိုးခုနစ်ကြိုးနှင့်ဗျစ်စောင်းကိုသာ သတိလက်လွတ်ငေးနေမိသည်။
ဖြစ်နိုင်ပါက သူသည်လည်း ဤနည်းလမ်းမသုံးချင်ပေ။
သို့သော် သူနှင့် ဧကရာဇ်တို့၏ ဆက်ဆံရေးက လိမ်ညာမှုများအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဧကရာဇ်အပေါ်တွင် ရိုးသားချင်သော်လည်း အသက်ကို မစတေးရဲပေ။
အထိန်းတော်ရှုက ဧကရာဇ်ကို ၁၉နှစ်ခန့် အလုပ်အကျွေးပြုလာခဲ့သော်လည်း တစ်ကြိန်ခန့် လိမ်ညာလိုက်ခြင်းကြောင့် နန်းတော်မှ မောင်းထုတ်ခံခဲ့ရသည်။
ဝန်ကြီးချုပ်အိမ်တော်သည်လည်း လွန်စွာအရေးကြီးသော်လည်း လိမ်ညာမှုတစ်ခုကြောင့် ရုံးတော်မှ ထွက်သွားရပြီး မြို့တော်အပြင်ဘက်ကို မောင်းထုတ်ခံလိုက်ရသည်။
လင်းရှောင်မှာ ဧကရာဇ်ကိုနှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သူမဟုတ်၍ အသေးအဖွဲ့လူတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ကို ရိုးသားစွာပြောပြရန် ယုံကြည်ချက်မရှိပေ။
ထို့ကြောင့် ဤကိစ္စတွင် တွန့်ဆုတ်စရာအကြောင်း မရှိပေ။ အကယ်၍ အသက်မဆုံးရှုံးလိုပါက သူ၏လျှို့ဝှက်ချက်ကို မည်သူမျှမသိမီ နန်းတော်မှ ထွက်သွားရမည်ဖြစ်သည်။
ထိုသို့တွေးလိုက်သည့်အခါ လင်းရှောင်၏အကြည့်က ပို၍ခိုင်မာလာပြီး စိတ်တည်ငြိမ်လာသည်။ သွယ်လျသောလက်တစ်ချောင်းကိုဆန့်ထုတ်ပြီး ဗျစ်စောင်းကြိုးမျှင်များကို တီးခတ်လိုက်သည်။
ဖုယွီကျွင်းက ယုံကြည်၍မရနိုင်သူဖြစ်သော်လည်း ၎င်း၏ ရာထူးကို အသုံးချ၍ ရနိုင်သည်။
ဖုယွီကျွင်းကိုအကြောင်းပြု၍ မြို့တော်မှ ထွက်သွားနိုင်ပါက ဤနေရာနှင့်ဝေးသော ရှောင်တိုင်းပြည်သွားရာလမ်းပေါ်တွင် ဖူယွီကျွင်းကိုဖယ်ထုတ်ခဲ့ရန် နည်းလမ်းများစွာရှိသည်။
ထိုသို့တွေးနေစဉ်မှာပင် တံခါးဝကိုဖြတ်ကျော်လာသည့် ခြေသံများကြောင့် လင်းရှောင်စိတ်ကိုရှင်းရှင်းထားလိုက်ပီ့း သူ၏ရှေ့မှ ကြိုးခုနစ်ချောင်းဗြက်စောင်းပေါ်တွင်သာ စိတ်နှစ်ထားလိုက်ရသည်။ ဤတစ်ကြိမ်က ဧကရာဇ်အတွက် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖျော်ဖြေပေးခဲ့ခြင်းပင်ဖြစ်သည်။
ဧကရာဇ်က နင်းရွှမ်နန်းဆောင်တံခါးဝကို လျှောက်လာသည့်အခါ အတွင်းမှ ဗျစ်စောင်းတီးသံကို ကြားလိုက်ရသည်။
ဗြက်စောင်းသံတွင် စိတ်လှုပ်ရှားမှု၊ တောင့်တမှုများဖြင့် ပြည့်နေကာ တီးခတ်နေသူ၏ ရင်တွင်းခံစားချက်များကို ဖော်ပြနေသည်။ ဧကရာဇ်က ရပ်တန့်လိုက်ပြီး အစေခံများကို သူရောက်ရှိနေကြောင်း မကြေညာခိုင်းပဲ အခန်းထဲဝင်လာသည်။
အခန်းထဲတွင် လူတစ်ယောက်က ဗြက်စောင်းခုံရှေ့တွင်ထိုင်ကာ သူ၏လက်ဆယ်ချောင်းလုံးက ကြိုးမျှင်များပေါ်တွင် ပြေးလွှားနေသည်။
ကြိုးများက အနည်းငယ် တုန်ခါသွားပြီး ဗျစ်စောင်း၏ ကြည်လင်သောသံစဉ်များကို ကြည်နူးစွာစီးဆင်းလာစေသည်။
စားပွဲ၏ရှေ့တွင် မီးထွန်းထားသော အမွှေးတိုင်တစ်ချောင်းက ဖြည်းညှင်းစွာ လောင်ကျွမ်းနေသည်။ ၎င်း၏ ပတ်ပတ်လည်မှ အငွေ့များကြောင့် ဗျစ်စောင်းတင်ထားသည့်ခုံက နတ်ဘုံတမျှ လှပဆန်းကြယ်နေသည်။
ဧကရာဇ်က ထိုမြင်ကွင်းကိုကြည့်လျက် သူ၏အကြည့်များက လေးနက်လာသည်။
သူ၏ရှေ့တွင်ထိုင်နေသည့်လူက အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး သိမ်မွေ့စွာထိုင်နေကာ သူ၏နက်မှောင်သော ဆံပင်ရှည်လေးများကလည်း လေထဲတွင် တဖျပ်ဖျပ်လွင့်နေမှာ နတ်သားတစ်ပါးကဲ့သို့ပင်။ ကြည်လင်သန့်သင်သော မျက်လုံးများက သူ့ကိုကြည့်လိုက်ချိန်တွင် နှလုံးသားကို ကျီစယ်သွားသကဲ့သို့ပင်။
သူက ကြည်လင်သန့်ရှင်း၍ ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းသည်။
ကုန်းကုန်းငယ်လေးကို ခဏတာ မမြင်လိုက်သည့်အချိန်တွင် ပို၍ ပို၍ လှပလာသည်။
ဧကရာဇ်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး သူ့ရှေ့မှလူထံသို့ လျှောက်လာလိုက်သည်။
ဧကရာဇ်က သူ၏ရှေ့သို့လျှောက်လာသည်ကို မြင်သောအခါ လင်းရှောင်က လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ဒဏ်ရာကို လက်ဖြင့်အုပ်ထားပြီး ခက်ခက်ခဲခဲထကာ ဧကရာဇ်ကို အရိုအသေပြုရန် ပြင်လိုက်သည်။
ဧကရာဇ်က သူ့ကို လက်နှစ်ဖက်လုံးဖြင့် ထိန်းကိုင်ထားလိုက်ပြီး လင်းရှောင်ကို ရင်ခွင်ထဲထည့်လိုက်သည်။
" အရမ်းမယဉ်ကျေးပါနဲ့ မင်းရဲ့ခန္ဓာကိုယ်က နေမကောင်းသေးဘူး ... ဘာလို့ ထပ်မနားတာလဲ ..."
ဧကရာဇ်က လင်းရှောင်၏ခါးကိုဖက်ထားကာ ရင်ဘတ်မှ ဓားဒဏ်ရာကိုကြည့်လိုက်သည်။ သွေးမထွက်နေသည်ကိုမြင်မှ အကြည့်လွှဲလိုက်သည်။
“……” လင်းရှောင် မြင်သည့်အခါ တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ထားလိုက်သည်။
ဧကရာဇ်၏အသံက ယခင်ကဲ့သို့ ဂရုတစိုက်ရှိနေဆဲပင်။ ထိုအချိန်တွင် လင်းရှောင်နေရခက်ပြီး ဘာပြောရမည်မသိဖြစ်သွားသည်။
လင်းရှောင်၏အဖြေကို မကြားရသည့်အခါ ဧကရာဇ်က မျက်ခုံးပင့်ကာ သူ့ကိုငုံ့ကြည့်လိုက်သည်။
ရင်ခွင်ထဲမှ ကုန်းကုန်းလေး၏မျက်နှာက ဖြူဖျော့နေပြီး မျက်ခုံးများတွန့်ချိုးထားသည်။ သူက စိတ်မကျေမနပ်ဖြစ်ပြီး အလွန်အမင်းပင်ပန်းနေသည့်ပုံပင်။
သူ၏မျက်နှာပေါ်မှ အလိုမကျမှုကို ဧကရာဇ်ကမြင်သွားသည်။ သက်ပြင်းချပြီး လင်းရှောင်ကို အိပ်ရာပေါ်သို့ ခေါ်သွားသည်။
" မင်းက ဒဏ်ရာရထားတယ်လေ ... ကိုယ့်ကိုကိုယ် အပင်ပန်းမခံနဲ့ ..."
" အရှင်မင်းကြီး ဒီအစေခံ ..."
ရုတ်တရက် ပွေ့ချီခံလိုက်ရသည့်အတွက် လင်းရှောင်မလှုပ်မရှားနိုင် ဖြစ်သွားသည်။ ခဏအကြာတွင် သူ့ကို အိပ်ရာပေါ်သို့ ချထားလိုက်သည်။ ဧကရာဇ်က သူ့အနားသို့ ချဉ်းကပ်လာပြီး အပေါ်မှအုပ်မိုးထားကာ သူ၏ပုံစံက မပြတ်မသားဖြစ်နေသည်။
လင်းရှောင် မျက်လုံးဖွင့်ပြီး ဧကရာဇ်၏ ခံ့ညားသောမျက်နှာကို ကြည့်နေစဉ် နှလုံးခုန်သံများက မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လာသည်။
ဧကရာဇ်နောက်မှ လိုက်လာသောရှောင်လိဇီက ဤမြင်ကွင်းကို မြင်သည့်အခါ လက်ထဲမှဗန်းကို စားပွဲပေါ်တင်ပြီး ထွက်သွားသည်။
ဗန်းထဲတွင် ဧကရာဇ် နင်းရွှမ်နန်းဆောင်သို့လာစဉ်က ကိုယ်လုပ်တော်ရန်၏ နန်းဆောင်မှ အစေခံတစ်ဦး ဆက်သလိုက်သည့် ပျံလွှားငှက်သိုက်ရည်ရှိနေသည်။ ဧကရာဇ်က ရှောင်လိဇီကိုလက်ခံခိုင်းထားသည့်အတွက် ရှောင်လိဇီက သူ့စိတ်တိုင်းကျမလုပ်ဆောင်ရဲပေ။ စားပွဲပေါ်တွင်တင်ထားခဲ့ပြီး ဧကရာဇ် အမှတ်ရမည့်အချိန်ကိုသာ အပြင်မှစောင့်နေသည်။
ရှောင်လိဇီထွက်သွားသည့်အခါ သူနှင့် ဧကရာဇ်သာ ကျန်ရစ်ခဲ့တော့သည်။ လင်းရှောင် ရင်ထဲတွင် ရုန်းရင်းဆန်ခတ်‌ဖြစ်နေသည်။ အိပ်ရာကဲ့သို့နေရာက စိတ်ထိန်းချုပ်ထားသည်များကို အထိန်းအကွပ်မဲ့သွားစေသည့် နေရာမျိုးဖြစ်သည်။
သူထထိုင်ရန်ပြင်လိုက်သော်လည်း ဧကရာဇ်က လုံးဝမလှုပ်ပေ။ လင်း‌ရှောင်၏မျက်နှာက ဖြူဆုတ်လာပြီး သူ၏အပေါ် မှဧကရာဇ်ကိုကြည့်ကာ နှုတ်ခမ်းများပင် တုန်ယင်လာသည်။ တောင်းပန်နေသောအသံဖြင့် ဧကရာဇ်ကိုခေါ်လိုက်သည်။
" အရှင်မင်းကြီး ..."
သူ၏အောက်မှ ကုန်းကုန်းလေးက အရည်လဲ့နေသောမျက်လုံးများဖြင့် သူ့ကိုသတိထားပြီးကြည့်နေသည်။ သူ့ကိုကြည့်ရသည်မှာ ကြောက်လန့်နေသောယုန်တစ်ကောင်နှင့်တူပြီး အလွန်ချစ်စရာကောင်းနေသည်။
ဧကရာဇ်၏နှလုံးသားထဲ နူးညံ့သွားပြီး လင်းရှောင်၏ နှုတ်ခမ်းဖျော့ဖျော့ကို နမ်းလိုက်ကာ အိပ်ရာမှထလိုက်သည်။
လင်းရှောင်လည်း သူ့နောက်မှ အမြန်ထလာသည်။ ဧကရာဇ်မြင်သည့်အခါ သူ၏တည်ကြည်သောမျက်လုံးများဖြင့် လင်းရှောင်ကို စိုက်ကြည့်နေသည်။
ထိုအကြည့်ကြောင့် လင်းရှောင်က အပြုံးတုတစ်ခုကို ဆင်မြန်းလိုက်သည်။
" အရှင်မင်းကြီး ဘာလို့ ဒီအစေခံ‌ကို အဲ့လောက်ကြည့်နေရတာပါလဲ ..."
ထိုမေးခွန်းကိုကြားသည့်အခါ ဧကရာဇ်က ခုတင်ဘောင်တွင်မှီပြီး လင်းရှောင်ဘေးမှ အနည်းငယ်ခွာလိုက်ပြီး မလှုပ်ရှားတော့ပေ။ ခဏအကြာတွင် လေးလေးနက်နက်တွေးကာ ပြောလိုက်သည်။
" ကိုယ်တော့်ကို အလုပ်အကျွေးပြုဖို့ ဘာမှမပြင်ဆင်ရသေးဘူးလို့ ကိုယ်တော်တွေးနေတာ ..."
လင်းရှောင်က သူ့အပြောကြောင့် မလုံမလဲဖြစ်ကာခုတင်ပေါ်တွင် ဒူးထောက်လိုက်သည်။
" အရှင့်ရဲ့ အစေခံက သူ့အပြစ်သူ သိပါတယ် ..."
ဧကရာဇ်၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်ကို မမြင်ရပေ။ ဧကရာဇ်၏ အမူအရာများမှာ တစ်စုံတစ်ရာကို လေ့လာနေသကဲ့သို့ လေးနက်ပြီး ထူးခြားဆန်းကြယ်နေသည်။
ဧကရာဇ်၏ အမူအယာကို လင်းရှောင် အဆက်မပြတ်လေ့လာနေရသည်။ ပို၍ကြည့်မိလေ သူ၏စိတ်ထဲတွင် ဖြေရှင်းချက်မရှိပဲ ပို၍ကမောက်ကမ ဖြစ်လာသည်။ ခြေထောက်နှင့် လက်များလည်း အားပျော့လာသည်။ အကယ်၍ ခုတင်ပေါ်တွင် ဒူးမထောက်ပဲ ကြမ်း‌ပြင်ပေါ်တွင်ရပ်နေပါက ခွေလဲကျသွားနိုင်သည်။
လင်းရှောင် တောင့်မခံနိုင်တော့သည့်အချိန်တွင် ဧကရာဇ်က စားပွဲ‌ဆီသို့ လျှောက်သွားသည်။
လင်းရှောင် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး နှဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်မှထပြီး စားပွဲခုံဆီသို့ လိုက်သွားသည်။
စားပွဲဆီသို့ ရောက်လာစဉ် ဧကရာဇ်ပြောသည်ကို ကြားလိုက်ရသည်။
" မပြင်ဆင်ရသေးတာထက်စာရင် ဒဏ်ရာအပြင်းအထန် ရထားတာက ဆင်ခြေကောင်းတစ်ခုဖြစ်နေတယ် မထင်ဘူးလား ..."
ဧကရာဇ်က မထင်မှတ်ထားပဲ "ဧကရာဇ်" ဟူသည့် စကားကို သုံးနှုန်းလိုက်သဖြင့် လင်းရှောင်လန့်သွားသည်။ ဒူးများပင်ကကွေးညွတ်လာပြီး ဧကရာဇ်၏ရှေ့တွင် ဒူးထောက်မိလျက်သားဖြစ်နေသည်။
တည်ငြိမ်နေသော နှလုံးသားက တစ်ကြိမ်ထပ်ပြီးခုန်လာပြန်သည်။ သူ၏ရှေ့မှမြင်ကွင်းပင် မှုန်ဝါးလာသည်ဟု လင်းရှောင်ထင်လာမိသည်။
အလင်းရောင်များလည်း ဖျော့တော့သွားပြီး ဧကရာဇ်၏ မတုန်မလှုပ်မျက်နှာပေါ်သို့ ဖြာကျနေသဖြင့် ပို၍လျှို့ဝှက်ဆန်းကြယ်သည့်လူဟု ထင်ရစေသည်။ လင်းရှောင်၏ရင်ထဲမှ လေးလံသည့်ခံစားချက်ကြီးကြောင့် မသက်မသာ ဖြစ်လာသည်။
သူ စကားတစ်ခွန်းမှ မပြောရဲတော့ပေ။ ယခင်တစ်ကြိမ်ကဲ့သို့ မီးစာကိုဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားမည်ကို ကြောက်နေမိသည်။ စကားပိုပြောလျှင် အမှားများပို၍ထွက်လာနိုင်သည်။ ခေါင်းငုံ့၍ စားပွဲပေါ်မှ ဝိုင်ခွက်ကိုသာ ကြည့်နေမိသည်။ သူအံကြိတ်ပြီး မျက်မှောင်ကြုတ်ထားသည်။ ဧကရာဇ်က ထိုဝိုင်ကိုသောက်ရန် နည်းလမ်းရှာစဉ်းစားရပေမည်။
ထိုသို့တွေးနေစဉ်မှာပင် ဧကရာဇ်က လင်းရှောင်ကို လက်ကမ်းပေးလိုက်သည်။
လင်းရှောင် ဧကရာဇ်ကို မော့ကြည့်လိုက်သည်။ ဧကရာဇ်၏ အေးစက်စက် အမူအယာကို မြင်သွားချိန်တွင် လန့်သွားသည်။ အကြည့်လွှဲလိုက်ပြီး လက်ကိုအင်္ကျီအနားစဖြင့် သုတ်လိုက်သည်။ လက်သုတ်ပြီးခါမှ ဧကရာဇ်ကို လက်ကမ်းပေးလိုက်သည်။
ဧကရာဇ်က လင်းရှောင်၏လက်ကို အားပါပါဖြင့် ‌ဆွဲလိုက်သဖြင့် သူ့ရင်ခွင်ထဲရောက်သွားကာ လင်းရှောင်ကို ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်။
လင်းရှောင် တစ်ကိုယ်လုံး မလှုပ်မယှက်ဖြစ်သွားကာ ဧကရာဇ်၏နှုတ်ခမ်းက မဲ့သွားသည်ကို မျက်လုံးထောင့်က မြင်လိုက်ရသည်။
ဧကရာဇ်က ဒေါသထွက်နေသည့်အတွက် သူ့စိတ်ထဲတွင် ကြောက်ရွံ့နေသည်။ ခေါင်းမာစွာဖြင့် ရင်‌တွင်း၌ ကမောက်ကမဖြစ်နေမှုကို မျိုသိပ်ကာ စိတ်အေးအေးထားလိုက်သည်။
ဧကရာဇ်၏ မျက်ခုံးများပြေလျော့သွားကာ ရှောင်လိဗီထားခဲ့သည့် ‌ပျံလွှားငှက်သိုက်ရည်ကို ယူလိုက်သည်။ တစ်ဇွန်းစာခန့် ခပ်ယူလိုက်ပြီး အအေးခံကာ လင်းရှောင်၏ ပါးစပ်နားသို့ဇွန်းကို ကပ်လာသည်။
လင်းရှောင် စိုက်ကြည့်နေမိသည်။
ဧကရာဇ်က သူ့ကိုခွံ့ကျွေးချင်နေတာလား ... ဘာလို့လဲ ...
သူ စိတ်ဆိုးနေတာ သိသာတာပဲကို ...
သံသယဝင်နေသော်လည်း ဧကရာဇ်ကကျွေးသည့် အစားအစာဖြစ်၍ မငြင်းရဲပေ။ စိတ်ကိုတင်းထားပြီး ပျံလွှားငှက်သိုက်ရည်ကို တစ်ဇွန်းပြီးတစ်ဇွန်းသောက်လိုက်သည်။ တစ်ဇွန်းသောက်ပြီးချိန်တွင် နောက်တစ်ဇွန်းက ရောက်လာသည့်အတွက် လင်းရှောင်မှာ ရွေးချယ်စရာမရှိပဲ အရသာမခံနိုင်တော့သည်အထိ ဆက်တိုက်စားနေရသည်။
ဧကရာဇ်က ဘာမှမပြောသောကြောင့် လင်းရှောင်လည်း စကားမပြောရဲပေ။ မင်းကြီး၏အတွေးကို မသိသည့်အပြင် မည်သည့်အရာများကြံစည်နေသည်ကိုလည်း မသိပေ။
ပျံလွှားငှက်သိုက်ရည်တစ်ပန်းကန် သောက်ပြီးချိန်မှ ဧကရာဇ်က စကားစပြောလာသည်။
သူ၏အသံက အေးစက်၍ ရွှင်ပြမှုကင်းမဲ့နေသည်။ နွေးထွေးမှုမရှိသဖြင့် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အေးစက်လာစေသည်။ သူပြောလိုက်သည်မှာ -
" မင်းကကိုယ်တော်နဲ့ တူတူလည်း မနေချင်ဘူး ရိုးသားမှုလည်း မရှိဘူးပေါ့လေ ..."
ရိုးသားမှု ...
ဧကရာဇ်က နောက်ဆုံးတွင် ထိုစကားများပြောလိုက်သည်။ လင်းရှောင် လက်သီးတင်းတင်းဆုပ်ထားပြီး ရင်ထဲ တဆစ်ဆစ်ဖြစ်လာသည်။
ဧကရာဇ်က သူ့ထံသို့ အချိန်အတော်ကြာမလာခဲ့သည်က သူ့ကိုပြင်ဆင်ရန် အချိန်ပေးထားခဲ့ပြီး ရိုးသားလာစေချင်ခဲ့ခြင်းပင်။
သူက ဧကရာဇ်နှင့် သူနှင့်ကြားတွင် မပြတ်မသားဖြစ်စေခဲ့သည်။
ယနေ့အချိန်ထိ ဧကရာဇ်ကို သူ့စိတ်တိုင်းကျ တောင်းဆိုခဲ့ပြီး သူ့နေရာသူ မေ့နေခဲ့မိသည်။ ထို့ကြောင့် ဤညတွင် မင်းကြီးနှင့် အတူနေခြင်းသို့မဟုတ် ရိုးရိုးသားသားဖွင့်ပြောခြင်းတစ်ခုခုကို မပြုလုပ်ပါက မင်းကြီး စိတ်ကြည်လင်လာရန် ခက်ခဲတော့မည်။
သက်ဦးဆံပိုင်ဘုရင်တစ်ယောက်က ကုန်းကုန်းငယ်လေးကို ဤမျှ အချိန်ပေးခဲ့ခြင်းကပင် မျက်နှာသာပေးလွန်းနေပြီဖြစ်သည်။
လင်းရှောင် လက်သီးကျစ်ကျစ်ဆုပ်၍ ‌ခေါင်းငုံ့ကာ မျက်မှောင်ကြုတ်ထားမိသည်။
လင်းရှောင်၏ တိတ်ဆိတ်မှုက ဧကရာဇ်ကို စော်ကားနေသကဲ့သို့ပင်။ ဧကရာဇ်က အေးစက်စွာရယ်ပြီး လင်းရှောင်၏မေးစေ့ကိုကိုင်ကာ သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။
" ရိုးရိုးသားသားပြောမလား ... ကိုယ်တော်လိုချင်တာပေးမလား ..."
ဧကရာဇ်၏ မျက်ဆံနက်များထဲမှ ကြောက်မက်ဖွယ်ရာဒေါသများက သူ၏မျက်လုံးကို အရောင်ဆိုးနေသည်။ ထိုမျက်လုံးများကို ရင်ဆိုင်လိုက်ရသည့်အခါ လင်းရှောင် တုန်လှုပ်သွားပြီး ကြောက်ရွံ့ထိတ်လန့်လာသည်။ တသိမ့်သိမ့်တုန်လာပြီး စကားမပြောနိုင်တော့ပေ။