အပိုင်း ၁၃၉
Viewers 62k

အခန်း ၁၃၉ “အရှင်မင်းကြီးက ကိုယ်လုံးတီးပြေးရတာကို ကြည့်ရတာ ကြိုက်တယ်..”


နွေဦးရာသီပွဲတော်က လေအလင်းအင်ပါယာမြို့တော် တည်ထောင်စဉ်မှ စ၍ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သော ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။ အင်ပါယာအတွင်းရှိ အားလပ်ရက်များအတွင်းတွင် အကြီးမားဆုံး အားလပ်ရက်ဟု ပြောနိုင်ပေသည်။ မြို့တော်အတွင်းမှ အိမ်တိုင်းလိုလို ပါ၀င်ဆင်နွဲကျသော ပွဲတော်ကြီးတစ်ခုလဲ ဖြစ်လေသည်။


အင်ပါယာနန်းတော်အတွင်းမှ ကြီးမားသော အဆောက်အဦးများ အားလုံးက ဆီးနှင်းများ ဖုံးလွှမ်းဒဏ်ကို ခံထားရလေသည်။ ကြီးမားလှသော အဓိက ခန်းမကြီးအတွင်းတွင် တရားရုံးတော် အရာရှိများက ဧကရာဇ် ဂျိချန်းရွဲ့၏ ရှေ့တွင် တရိုတသေ မတ်တပ်ရပ်နေကြသည်။ တစ်ဖိတ်ဖိတ်လက်နေသော ရွှေရောင် နဂါး၀တ်စုံကို ၀တ်ဆင်ထားပြီး ရွှေရောင်သရဖူကို ဆောင်းထားသော ဂျိချန်းရွဲ့က နဂါးပလ္လင်ပေါ်တွင် တည်ငြိမ်စွာထိုင်နေလေသည်။ သူ၏ခန္ဒာကိုယ်မှ ဧကရာဇ်တစ်ပါး၏ ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေပြီး ဧကရာဇ်ဟောင်း ဂျိချန်းဖန်နှင့်ပင် ဆင်တူလှပေသည်။


အောက်တွင် ရပ်နေသော တရားရုံးတော် အရာရှိတစ်ယောက်က ရှေ့သို့ တိုးထွက်လိုက်ပြီး ဂျိချန်းရွဲ့ကို ကြည့်၍ ပြောဆိုလိုက်သည်။


“အရှင်မင်းမြတ် ဒီနှစ်နွေဦးရာသီပွဲတော်မှာ အရှင်မင်းမြတ် နန်းဆက်ခံတဲ့ အထိမ်းအမှတ်အဖြစ် မိသားစုတစ်ရာ ဧည့်ခံပွဲကို တိုးချဲ့ချင်ပါသလား….”


“မိသားစုတစ်ရာ စားသောက်ပွဲ…” ဂျိချန်းရွဲ့က တခဏမျှ တွေးလိုက်ပြီး အဓိပ္ပါယ်ကို နားလည်သွားလေသည်။


မိသားစုတစ်ရာ စားသောက်ပွဲက နွေဦးပွဲတော်တွင် ကျင်းပသော အခမ်းနားဆုံးပွဲတော်တစ်ခု ဖြစ်သည်။ နက်နဲသော ကောင်းကင်ဘုံအတွင်းတွင် စားပွဲဝိုင်းတစ်ရာကို တည်ခင်းထားပြီး အင်ပါယာအတွင်းမှ အကျော်ကြားဆုံး စားဖိုမှုများကို ရွေးချယ်၍ ချက်ပြုတ်စေခြင်း ဖြစ်သည်။ စားဖိုမှုများထဲတွင် အင်ပါယာနန်းတော်၏ တော်၀င်စားဖိုမှုများပါ ပါ၀င်နေသောကြောင့် လူကြိုက်များသော ပွဲတော်တစ်ခု ဖြစ်နေရခြင်း ဖြစ်သည်။


ပုံမှန်အခြေအနေတွင် တော်၀င်စားဖိုမှုး၏ လက်ရာကို မြည်းစမ်းရန် မဖြစ်နိုင်သော်လည်း ပွဲတော်အချိန်တွင် တော်၀င်စားဖိုမှုးများ၏ လက်ရာကို မြည်းစမ်းနိုင်သောကြောင့် ဘ၀တွင် မမေ့နိုင်လောက်သော အမှတ်တရများကို ရရှိနိုင်လေသည်။ ထိုပွဲတော်ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဧကရာဇ်၏ အုပ်ချုပ်မှုအောက်တွင် တိုင်းသူပြည်သားများအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်းကို ချီးမြှင့်လိုခြင်းလဲ ဖြစ်သည်။


ထိုပွဲတော်ကြောင့် အင်ပါယာအတွင်းမှ အခြားစားဖိုမှုများအတွက် ကောင်းမွန်သော အခွင့်အရေးများ ရရှိပေသည်။ ပွဲတော်အတွင်းတွင် ဧကရာဇ်ကိုယ်တိုင် တက်ရောက်ပြီး ရာပေါင်းများစွာသော မိသားစုကြီးများ တက်ရောက်ကြသောကြောင့် သူတို့၏ အရည်အချင်းကိ နှစ်သက်သဘောကျသွားပါက တော်၀င်စားဖိုမှုးပင် ဖြစ်လာနိုင်ပြီး မိသားစုဂုဏ်ကို မြှင့်တင်နိုင်ပေလိမ့်မည်။


မိသားစုတစ်ရာ ပွဲတော်ကို တိုးချဲ့ချင်တယ်ဆိုတော့ ဘယ်လိုနည်းလမ်းနဲ့ တိုးချဲ့မယ်လို့ စဉ်းစားထားလဲ… ဂျိချန်းရွဲ့က ခေါင်းညိမ့်ပြလိုက်ပြီး ထိုအရာရှိကို စေ့စေ့ကြည့်၍ မေးလိုက်သည်။


ထိုအရာရှိက ၀မ်းမြောက်၀မ်းသာ ဖြစ်သွားလေသည်။ မင်းသားသုံးပါး နန်းလုစဉ်အချိန်တွင် သူက အိမ်ရှေ့စံမင်းသားဘက်မှ ရပ်တည်ခဲ့သူ ဖြစ်သည်။ အိမ်ရှေ့စံမင်းသား ကျရှုံးသွားပြီး ပုံရိပ်တစ်ခုအဖြစ်သာ ကျန်ရစ်သောကြောင့် သူက အမှားအယွင်းလုပ်မိပြီး ရာထူးမှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်ကြောက်ရွဲ့နေခြင်း ဖြစ်သည်။ ယခုအချိန်တွင် တရားရုံးတော်၏ အခြေအနေက ကောင်းမွန်နေသော်လည်း အရာရှိတိုင်းက စိုးရိမ်နေကြလေသည်။


ဧကရာဇ်က သူ၏အင်အားကို ထူထောင်ရန် တရားရုံးတော်ရှိ အရာရှိဟောင်းများကို ဖယ်ရှားပစ်ရန် လိုအပ်သောကြောင့် နန်းတက်ပြီးချိန်အတွင်းတွင် အချို့အရာရှိများ ဖယ်ရှားပစ်သည်ကို မျက်မြင်ကြုံတွေ့ရပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ နေရာ တည်မြဲရန်အတွက် ကြိုးစားနေခြင်း ဖြစ်သည်။


“ဒီနိမ့်ကျတဲ့ အစေခံက အင်ပါယာမြိုကတော်အတွင်းမှာ ဒေသတစ်ခုစီတိုင်းအတွက် ထိပ်တန်းစားဖိုမှုး သုံးဦးစီ ရွေးချယ်ပေးဖို့ ညွှန်ကြားထားပြီးပါပြီ အဲဒီအပြင် စားပွဲပေါင်း သုံးရာအထိ တိုးမြှင့် ခင်းကျင်းထားပြီး မိသားစုသုံးရာကို စိစစ်ရွေးချယ်ဖို့လည်း ပြင်ဆင်ထားပါတယ်… သုံးရာဆိုတဲ့ အရေအတွက်က နက်နဲသော ကောင်းကင်ဘုံအတွင်းမှာ ခင်းကျင်းနိုင်တဲ့ အရေအတွက်ပါပဲ…”


“အဲဒီအပြင် မိသားစုတိုင်းက နှစ်သက်ရာ စားဖိုမှုးကို မဲပေးနိုင်ပြီး အကောင်းဆုံး စားဖိုမှုးကို အကောင်းဆုံး စားဖိုမှုးခေါင်းစဉ်နဲ့ ဆုတော်လာဘ်တော်တွေ ချီးမြှင့်သွားဖို့ စီစဉ်ထားပါတယ်…”


ထိုအရာရှိ၏ လျောက်တင်သံအဆုံးတွင် ခန်းမကျယ်ထဲတွင် တီးတိုးပြောဆိုသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ အစီအစဉ်က လုံး၀အဆင်ပြေနေပြီး အကျိုးအမြတ်အတွက် ရုံးတော်မှ အရာရှိများ ပူးပေါင်းကြံစည်ထားသည်မှာ ထင်ရှားနေလေသည်။ ဂျိချန်းရွဲ့က တခဏမျှ စဉ်းစားလိုက်ပြီး သဘောကျစွာနှင့် ပြုံးလိုက်လေသည်။ သူနန်းတက်ပြီးချိန်တွင် ပြည်သူများ၏ သဘောထားများက မတည်ငြိမ်မှုများ ရှိနေပြီး ဤအစီအစဉ်နှင့် သူ၏ ပုံရိပ်ကို ပြည်သူများကြားတွင် ချပြနိုင်မည်ဖြစ်သည်။


စားဖိုမှုများအကြောင်း စဉ်းစားလိုက်ချိန်တွင် သူ၏ ခေါင်းထဲ၌ ပုဖန်၏ ပုံရိပ်က ချက်ချင်းပေါ်လာလေသည်။ ပုဖန်ကိုသာ ဤပြိုင်ပွဲသို့ ဖိတ်ခေါ်နိုင်ပါက လူတိုင်း၏ အာရုံစိုက်မှုကို ခံရပြီး ပွဲတော်ကလည်း ပိုမိုစည်ကားလာပေလိမ့်မည်။ ပိုင်ရှင်ပု၏ ကောင်းမွန်သော အချက်အပြုတ်စွမ်းရည်က မိသားစုသုံးရာကို ဆွဲဆောင်နိင်ပေလိမ့်မည်။


“အရမ်းကောင်းတဲ့ အကြံအစည်ပဲ…ငါကိုယ်တော် မေးပါရစေဦး… ပိုင်ရှင်ပုကို မင်းသွားဖိတ်ပြီးပြီလား… ပိုင်ရှင်ပုကရော လာပြိုင်ဖို့ လက်ခံလား…”


ရုံးတော်အရာရှိ၏ မျက်နှာက အနည်းငယ် မကျေမနပ်သော အမူအယာဖြစ်သွားပြီး ပြန်လည်လျောက်တင်လိုက်လေသည်။


“အရှင်မင်းကြီး ဒီနံမည်ပျက် စားသောက်ဆိုင်..အာ… ဒီနိမ့်ကျတဲ့အစေခံက ဖန်ဖန်ဆိုင်ငယ်လေးကို ဖိတ်ကြားဖို့အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်… ဒါပေမယ့်…”


ရုံးတော်အရာရှိက စကားကို ရပ်ထားလိုက်ပြီး ဆက်ပြောရန် တွန့်ဆုတ်နေလေသည်။


“ဒါပေမယ့်… ဘာဖြစ်လဲ….” ဂျိချန်းရွဲ့က သိလိုစိတ် ပြင်းပြလာပြီး အလျင်အမြန် မေးလိုက်လေသည်။


“ဒီနိမ့်ကျတဲ့အစေခံလွှတ်လိုက်တဲ့လူက ကိုယ်တုံးလုံးနဲ့ ပြန်လာပါတယ်… ပိုင်ရှင်ပုက ဖိတ်ကြားချက်ကို လက်မခံပါဘူး…”


သူ၏ လျောက်တင်သံကို ကြားလိုက်သောအခါ ခန်းမထဲမှ အရာရှိများအားလုံး အံ့အားသင့်သွားကြလေသည်။


“ဘာကြီး… အ၀တ်အစားတွေ ချွတ်ပစ်လိုက်တာလား…”


“ဟားဟားဟား…. ပိုင်ရှင်ပုကတော့….” ဂျိချန်းရွဲ့က အရာရှိ၏ လျောက်တင်သံကို ကြားလိုက်ရသောအခါ အတောမသတ်နိုင်ပဲ ရယ်မောလေတော့သည်။ ခန်းမထဲမှ လူများအားလုံးက ဂျိချန်းရွဲ့၏ ရယ်မောသံကြောင့် အံ့အားသင့်သွားကြလေသည်။


“အရှင်မင်းကြီးက ဘာလို့ရယ်တာလဲ… အ၀တ်အစားတွေ အချွတ်ခံရတယ်ဆိုလို့ ရယ်တာလား… ဘုရာရေ… အရှင်မင်းကြီးက ၀တ်စလစ်နဲ့ ပြေးနေတာကို ကြည့်ရတာ နှစ်သက်တာလား…”


အရာရှိက ခေါင်းငုံ့လိုက်ပြီး ဆက်ပြောလိုက်သည်။


“ဒီနိမ့်ကျတဲ့ အစေခံ စေလွှတ်လိုက်တဲ့သူက ဟိတ်ကြီးဟန်ကြီးနိုင်တယ်ဆိုရင်တောင် ပိုင်ရှင်ပုရဲ့ ဒီလိုအ၀တ်အစားတွေ ချွတ်ပစ်လိုက်တဲ့ အပြုအမူက တစ်ကယ်ကိုပဲ မသင့်လျော်လှပါဘူး…”


“ကောင်းပြီး မင်းဘာကို လျောက်တင်ချင်နေတာလဲ ဆိုတာကိုငါသိတယ်… အခု မိသားစုတစ်ရာ စားသောက်ပွဲအတွက် ပိုင်ရှင်ပုကို ဖိတ်ခေါ်ဖို့ မင်းစိတ်ပူစရာမလိုတော့ဘူး…”


ဂျိချန်းရွဲက လက်ကို ဝေ့ရမ်းး၍ ပြောဆိုလိုက်ပြီး လူကြားထဲတွင် ငိုက်မြည်းနေသော ကွမ်းဇောင်ဟန့်ကို ကြည့်၍ ဆက်ပြောလိုက်သည်။


“စစ်သူကြီးကွမ်း.. ပိုင်ရှင်ပုကို ဖိတ်ခေါ်ဖို့အတွက် မင်းကို သွားခိုင်းမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ…”


ငိုက်မြည်းနေသော ကွမ်းဇောင်ဟန့်က လန့်ဖြတ်သွားလေသည်။ သူ၏ မုတ်ဆိတ်ပေါ်မှ စီးကျနေသော သားရေများကို သုတ်လိုက်ပြီး ရှေ့သို့ ကမန်းကတမ်းတိုး၍ သွက်သွက်လက်လက် ပြောဆိုလိုက်သည်။


“ဘယ်ပုန်ကန်သူကို နှိမ်နင်းချင်လို့ပါလဲ အရှင်မင်းမြတ်… ဒီစစ်သူကြီးကို အမိန့်သာပေးလိုက်ပါ..”


သူ၏ အမူအယာကိုကြည့်၍ ခန်းမထဲမှ လူများက မထိန်းနိုင်တော့ပဲ ကြိတ်ရယ်လိုက်ကြလေသည်။


“စစ်သူကြီး သင့်ရဲ့သမီး ရှောင်ယီက ဖန်ဖန်ဆိုင်မှာ စားပွဲထိုးလုပ်နေတာ မဟုတ်လား… မိသားစုတစ်ရာ ပွဲတော်အတွက် ပိုင်ရှင်ပုကို ဖိတ်ဖို့ မင်းကိုပဲ တာ၀န်ပေးလိုက်တော့မယ်…” ဂျိချန်းရွဲ့က ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး အံ့အားတသင့်ဖြစ်နေသော ကွမ်းဇောင်ဟန့်ကို လျစ်လျူရှု၍ ခန်းမထဲမှ ထွက်ခွာသွားလေတော့သည်။


ဖက်တီးဂျင်မှာထားသမျှကို ချက်ပေးပြီးနောက် အားလပ်သွားသော ပုဖန်က ၀င်ပေါက်နားရှိ ခုံပေါ်တွင် သက်တောင့်သက်သာ ၀င်ထိုင်လိုက်သည်။ သူ၏ လက်ထဲတွင် စနစ်မှ ထောက်ပံံ့ပေးထားသော ရေနွေးခွက်ကို ကိုင်ထားလေသည်။ ရေနွေးက ထျန်းရှန်တောင်မှ ရရှိသော နွေဦးစမ်းရည်ကို ကြိုချက်ထားသောကြောင့် ဝိဥာဉ်စွမ်းအင် အမြောက်အများပါ၀င်ပြီး ချိုမြသော အရသာရှိကာ သောက်လိုက်ရုံနှင့် လန်းဆန်းမှုကို ခံစားရလေသည်။


ပုဖန်က ရေနွေးကို ငုံသောက်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် အသက်ပြင်းပြင်း ရှိုက်လိုက်လေသည်။ ထိုအချိန်တွင် ရေနွေးချက်အတွင်းမှ လှိုင်းအနည်းငယ်ထသွားပြီး လမ်းကြားလေးထဲမှ တုန်ခါမှုကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုံ့၍ ကြည့်လိုက်ရာ ဆိုင်သို့ ဦးတည်လာနေသော လူတစ်စုကို တွေ့လိုက်ရလေသည်။


ကွမ်းရှောင်ယီက ထိပ်ဆုံးမှ လာနေပြီး သူမ၏ အကိုသုံးယောက်က နောက်မှ လိုက်ပါလာလေသည်။ ထို့အပြင် သူတို့၏ နောက်တွင် လူတစ်စု ပါလာလေသည်။ ပုဖန်က များပြားလှသော လူအုပ်ကို ကြည့်၍ တွေးလိုက်မိသည်။


“ဘာတွေဖြစ်နေတာလဲ… ရှောင်ယီက အလုပ်လာတာကို တစ်ဆွေလုံးတစ်မျိုးလုံးခေါ်လာတာလား…”