အခန်း ၁၄၀ “သူက တစ်ကယ်ကို ချမ်းသာတယ်…”
ဒုန်း…ဒုန်း…ဒုန်း…
ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြတ်သန်းသွားသကဲ့သို့ မြေပြင်က သိမ့်သိမ့်တုန်သွားပြီး ကွမ်းလူရိုင်းညီအကို သုံးယောက်၏ ကြီးမားသော ခန္ဒာကိုယ်များက ပုဖန်ရှေ့သို့ ရောက်လာလေသည်။
“မင်းတို့အဖေအတွက်လဲ နေရာချန်စမ်းပါဦးဟ ဘယ်လိုဖြစ်လို့ ပူးကပ်ပြီး ရပ်နေကြတာလဲ….”
သူတို့နောက်မှ ကျယ်လောင်သော အသံက ထွက်ပေါ်လာသောကြောင့် ကွမ်းဂျန့်နှင့် ကွမ်းဝူတို့က ခေါင်းကုတ်လိုက်ပြီး လူတစ်ကိုယ်သာ ၀င်သာရုံ ဟပေးလိုက်ကြသည်။
“လူလေးတွေ အစားကို နင်းကန်စားပြီးနော့ မတရားဝနေကြပြီ ပြန်ရောက်ရင် မင်းတို့သုံးယောက်လုံး လေ့ကျင့်ရေးကို တိုးမြှင့်ရမယ်…” ကွမ်းဇောင်ဟန့်က လက်ညိုးတစ်ထိုးထိုးနှင့် ဒေါသတစ်ကြီး အော်ဟစ်လိုက်ရာ သူ၏ တံတွေးများက မိုးရွာချလိုက်သကဲ့သို့ ကွမ်းလူရိုင်းညီအကို သုံးယောက်၏ မျက်နှာပေါ်သို့ ရွှဲရွှဲစိုသွားကြလေသည်။
ကွမ်းညီအကိုသုံးယောက်က တံတွေးများကို သုတ်၍ ကို့ယို့ကားယား ရယ်ပြလိုက်သော်လည်း လေ့ကျင့်ရေးကို တိုးမြှင့်မည်ဟု ကြားသောအခါ သူတို့၏ မျက်နှာများက မဲမှောင်သွားလေသည်။
“ဘယ်မှာငါတို့က ၀လို့လဲ… ဒီလောက်မတရားလေ့ကျင့်နေရတာ…ကြွက်သားတွေပဲ ကျန်တော့တယ်…”
“အဖေ ဒီကိုဘာလာလုပ်တာလဲဆိုတာ မေ့သွားပြီလား…ဟိုမှာပိုင်ရှင်ပုက ကြည့်နေတယ်…..”
ကွမ်းရှောင်ယီ၏ မကျေမနပ်အသံက ထွက်ပေါ်လာလေသည်။ ကွမ်းဇောင်ဟန့်၏ မျက်နှာအမူအယာက ပြောင်းလဲသွားပြီး ရှောင်ယီ့ကို ကြည့်လိုက်လေသည်။
“လိမ္မာရေးခြားရှိတဲ့ သမီးလေး… ဖေဖေက မင်းရဲ့ အကိုတွေကို သင်ပြပေးနေတာလေ… သမီးပြောထားတာတွေ အကုန်လုံးကို မှတ်မိပါတယ်..”
ကွမ်းဇောင်ဟန့်၏ ခေါင်းတစ်ညိမ့်ညိမ့်နှင့် ပြောဆိုဟန်ကို ကြားသောအခါ ရှောင်ယီက နှာခေါင်းရှုံ့လိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်လေသည်။ ထို့နောက် ပုဖန်ဘက်သို့ လှည့်၍ ပြောဆိုလိုက်လေသည်။
“ပိုင်ရှင်ပု… သူက ငါ့အဖေ အင်ပါယာ စစ်သူကြီး ကွမ်းဇောင်ဟန့်ပါ…. သူကလဲ ဦးလေးရှောင်လိုပဲ ကျော်ကြားတယ်…”
ကွမ်းဇောင်ဟန့်က ချက်ချင်းပင် ခေါင်းမော့ရင်ကော့လိုက်ပြီး ၀င့်ကြွားသော အမူအယာနှင့် ခေါင်းညိမ့်ပြလိုက်သော်လည်း ပုဖန်က မျက်နှာသေနှင့် သူ့လက်ထဲမှ ရေနွေးခွက်ကို မော့သောက်လိုက်ပြီး အင်းဟု တစ်ချက်သာ သံယောင်လိုက်လိုက်လေသည်။ ကွမ်းဇောင်ဟန့်၏ မျက်နှာက ပြန်တည်သွားပြီး တွေးလိုက်မိသည်။
“ဒီလူရုပ်မာလေးက ကြားထားတဲ့ ကောလဟာလတွေအတိုင်းပဲ မောက်မောက်မာမာနဲ့…”
“ဒါကငါ့ရဲ့ ပထမအမေ ဒုတိယအမေ တတိယအမေ … ဆဌမအမေ…” ကွမ်းရှောင်ယီက လှပစွာ ၀တ်ဆင်ထားပြီး သွက်လက်တက်ကြွသော အမူအယာရှိသည့် အမျိုးသမီးတစ်စုကို ပုဖန်နှင့် မိတ်ဆက်ပေးလိုက်သည်။
ပုဖန်က ထိုအမျိုးသမီးတို့၏ ရည်မွန်သော ပုံစံကို ကြည့်၍ အသိအမှတ်ပြုကာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါကတော့ ငါ့ရဲ့ မိုက်မဲတဲ့ အကိုသုံးယောက်ပါ… မိတ်ဆက်ပေးစရာ မလိုတော့ဘူးမဟုတ်လား….”
“ပိုင်ရှင်ပု….”
လူရိုင်းညီအကိုသုံးယောက်က လက်သီးဆုတ်၍ ပုဖန်ကို နှုတ်ဆက်လိုက်သည်။ ပုဖန်က ခေါင်းတစ်ချက် ဆတ်ပြလိုက်ပြီး ထိုင်ခံပေါ်မှ ထရပ်လိုက်ပြီး ဆိုင်အတွင်းသို့ ၀င်သွားလေသည်။ အပြင်ဘက်မှ ရာသီဥတုက အေးစက်လှသောကြောင့် ကြာကြာထိုင်နေရန် မသင့်တော်ချေ။
“ရှောင်ယီ… ဘာဖြစ်လို့ မိသားစုတွေကို ခေါ်လာခဲ့တာလဲ…” ပုဖန်က ဇဝေဇ၀ါနှင့် မေးလိုက်သည်။
“ငါ့ရဲ့ အဖေက စိတ်ပုပ်သူဌေးနဲ့ ဆွေးနွေးစရာရှိလို့လို့ ပြောတယ်….”
“ငါ့ရဲ့အမေတွေကတော့ အဖေက ကြွေးမွေးပြုစုမယ်ဆိုလို့ အရသာရှိတဲ့ အစားအသောက်တွေကို စားရအောင် လိုက်လာကြတာ..” ရှောင်ယီက ရှင်းပြလိုက်သည်။
“သူတို့ကို ကြွေးမွေးပြုစုမယ်…” ပုဖန်ကအံ့အားသင့်သွားပြီး ကွမ်းဇောင်ဟန့်ဘက်သို့ လှည့်၍ မျက်တောင်နှစ်ချက်မျှ ခတ်လိုက်ပြီး တွေးလိုက်မိသည်။
“သူ…. သူက တစ်ကယ်ပဲ တတ်နိုင်ရဲ့လား…”
“ကောင်းပြီလေ… နင်တို့ ဆိုင်ထဲကို ၀င်ခဲ့ကြ… တစ်ခုခုမှာမယ်ဆိုရင် မင်းတို့ နောက်မှာ မီနူးရှိတယ်… ရှောင်ယီ… ဒီနေ့တော့ မင်းရဲက မိသားစုတွေကိုပဲ အဖော်ပြုပေးလိုက်ပါ…” ပုဖန်က သူတို့လူစုကို ပြောလိုက်ပြီးနောက် မီးဖိုခန်းသို့ ၀င်သွားလေသည်။
ကွမ်းဇောင်ဟန့်က ပုဖန်ကို တစ်ခုခု ပြောချင်နေသော်လည်း မပြောလိုက်ပဲ ပုဖန်၏ နောက်ကျောကိုသာ ငေးကြည့်နေမိသည်။
“ငါတို့ အစားအသောက်တွေ စားပြီးတော့မှပဲ ပြောကြတာပေါ့… ကောလဟာလတွေအတိုင်း သူ့ရဲ့ အစားအသောက်တွေက ကောင်းလားဆိုတာကို ကြည့်ရမယ်… တစ်ကယ်ပဲ သူက ငါကိုယ်တိုင် ဖိတ်ကြားဖို့ ထိုက်တန်ရဲ့လား…”
ကွမ်းဇောင်ဟန့်က မီနူးကို လှမ်းကြည့်လိုက်ပြီး စျေးနှုန်းများကို မြင်လိုက်သောအခါ သွေးအန်မိမတက်ပင် ဖြစ်သွားလေသည်။ နံမည်ပျက်စားသောက်ဆိုင်၏ ကြီးမြင့်လှသော စျေးနှုန်းများအကြောင်း ကောလဟာလများကို ပြန်စဉ်းစားလိုက်ပြီး ကွမ်းဇောင်ဟန့်က မေးလိုက်မိသည်။
“ငါ့ရဲ့ခေါင်းကို တစ်ခုခုများ တိုက်မိထားတာလား… ဘာကြောင့်များ သူတို့ကို ကြွေးမွေးပြုစုမယ်လို့ ရှောင်ယီ့ကို ကတိပေးလိုက်မိတာလဲ….”
သလင်းကျောက်များကို ငွေကြေးအဖြစ် အသုံးပြုထားသော ပုဖန်ဆိုင်မှ ဟင်းပွဲများ၏ စျေးနှုန်းများကိုကြည့်၍ ကွမ်းဇောင်ဟန့်၏ နှလုံးသားထဲတွင် သွေးများ စီးကျလာကာ သူ၏ လက်များပင် တုန်ယင်လာလေသည်။
“ဒီအမျိုးသမီးတွေအကုန်လုံး ငါ့ကို သက်သက်ညှာညှာ လုပ်ကြပါစေ…ငါ့မှာ စုဆောင်းသိမ်းဆည်း ထားတာတွေက နည်းနည်းပဲ ကျန်တော့တာ…”
“ရှောင်ယီ… ဘယ်ဟင်းပွဲက အကောင်းဆုံးလဲ….” ရှောင်ယီ၏ ပထမအမေက ရှောင်ယီ့အနားသို့ တိုးကပ်လိုက်ပြီး မေးလိုက်သည်။
“၀က်နံရိုးချိုချဉ်ကြော်က အရမ်းကို အရသာရှိတယ်…” ရှောင်ယီက မီနူးကို ညွှန်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။
ကွမ်းဇောင်ဟန့်၏ နှုတ်ခမ်းများ တစ်ဆတ်ဆတ်တုန်သွားပြီး သူအလွန်ချစ်မြတ်နိုးသော ရှောင်ယီကိုပင် ပစ်ထုတ်ချင်စိတ် ပေါက်နေလေသည်။
“သလင်းကျောက် ငါးဆယ်က ဒီတိုင်းပဲ ကုန်သွားပြီပေါ့…”
“ရှောင်ယီ… မင်းရဲ့ဒုတိယအမေကိုလည်း ဘယ်ဟင်းပွဲက အရသာအရှိဆုံးဆိုတာကို ပြောပြပါဦး….” ဒုတိယအမေက ကွမ်းရှောင်ယီ၏ နီမြန်းနေသော ချစ်စဖွယ် ပါးလေးကို ကိုင်လိုက်ပြီး ခပ်ပြုံးပြုံး မေးလိုက်လေသည်။
“အနီရောင်အသားနှပ်…” ရှောင်ယီက မီနူးကို ထပ်မံညွှန်ပြလိုက်ပြီး ပြောဆိုလိုက်သည်။
ကွမ်းဇောင်ဟန့်က သွေးအန်တော့မလို ဖြစ်သွားပြီး တွေးလိုက်မိသည်။
“ဒီအနီရောင်အသားနှပ်… တစ်ပွဲကို သလင်းကျောက်တုံး တစ်ရာ…. ဒီကလေးစုတ်လေးက အဖေကို ဒီလိုမျိုးအနိုင်မကျင့်လို့မရဘူးလား…”
ကွမ်းရှောင်ယီ၏ အမေများက ရှောင်ယီကို တစ်ယောက်ပြီးတစ်ယောက် မေးလိုက်ကြပြီး ရှောင်ယီက စျေးကြီးလှသော ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ ညွှန်ပြလိုက်လေသည်။ ကွမ်းဇောင်ဟန့်က ခုံပေါ်တွင် မူးမေ့လဲကျမတက် ဖြစ်နေလေသည်။ သူက ကွမ်းရှောင်ယီက သူ့ဘ၀ထဲကပင် ဖယ်ထုတ်ချင်စိတ် ပေါက်နေလေသည်။
“အဖေ.. နင်ရော တစ်ခုခု မမှာတော့ဘူးလား….” ရှောင်ယီက ချစ်စဖွယ်ကောင်းစွာဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေသော ကွမ်းဇောင်ဟန့်ကို ကြည့်၍ မေးလိုက်လေသည်။ ထို့နောက် သူမက တက်ကြွစွာဖြင့် ဆက်မေးလိုက်လေသည်။
“အဖေစားဖို့ကိုရော ငါ ဆက်ရွေးပေးလိုက်ရမလား….”
“မလိုဘူး…. ငါ့ကို တစ်ပွဲပေး… အာ လက်လုပ်ခေါက်ဆွဲ တစ်ပွဲပေး…” ကွမ်းဇောင်ဟန့်က လန့်ဖြန့်သွားပြီး ခပ်မြန်မြန် ထထိုင်လိုက်ကာ အလောတကြီးပြောလိုက်လေသည်။ ဤအခြေအနေအတိုင်းဆိုပါက သူစုဆောင်းထားသမျှ ကုန်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူ၏ နှလုံးသားက အလွန်နာကျင်နေလေသည်။
ကွမ်းလူရိုင်းညီအကို သုံးယောက်က ငါးမူးပျံဟင်းနှင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို မှာလိုက်လေသည်။ ကွမ်းရှောင်ယီက အစားအသောက်စာရင်းကို ပုဖန်ထံ သွားပေးလိုက်သောအခါ ပုဖန်က ကွမ်းဇောင်ဟန့်ကို အံ့အားတသင့် စိုက်ကြည့်၍ တွေးလိုက်မိသည်။
“ဝါး… ဒီလူက တစ်ကယ့်ကို ချမ်းသာတာပဲဟ…”
ခဏအကြာတွင် မီးဖိုခန်းဘက်မှ မွှေးပျံ့သင်းကြိုင်သော မွှေးရနံ့များ စတင်ထွက်ပေါ်လာပြီး ပုဖန်၏ ဆိုင်ကို ပထမအကြိမ် ရောက်ဖူးခြင်းဖြစ်သော ကွမ်းမိသားစု၏ အာရုံကို ဆွဲဆောင်သွားလေသည်။ ကွမ်းဇောင်ဟန့်၏ ဇနီးများက မွှေးပျံ့လှသော ရနံ့များကြောင့် အလွန်စိတ်လှုပ်ရှားနေကြလေသည်။ အမျိုးသမီးတို့၏ နှလုံးသားကို သိမ်းပိုက်လိုလျင် အစာအိမ်က စရမည်ဆိုသကဲ့သို့ မွှေးပျံ့သော ဟင်းပွဲရနံ့များနှင့်ပင် သူတို့၏ စိတ်ကို ကြည်နူးသွားစေလေသည်။
“ဒီမှာ မင်းရဲ့ ၀က်နံရိုးချိုချဉ်ကြော်….”
ပုဖန်က ဟင်းပွဲချပေးရန် ရှောင်ယီ့ကို လှမ်းမခေါ်တော့ပဲ ရှောင်ယီ၏ ပထမအမေရှေ့သို့ ဟင်းပွဲကို ကိုယ်တိုင်ချပေးလိုက်သည်။ ရှောင်ယီ၏ ပထမအမေက မှော်အစီအရင်တစ်ခု ရေးဆွဲထားသကဲ့သို့ ပယင်းရောင်သမ်းနေသော ၀က်နံရိုးချိုချဉ်ကြော်ကို ကြည့်၍ တံတွေးများကို အဆက်မပြတ် မြိုချလိုက်မိသည်။သူ၏ သိမ်မွေ့သော အမူအယာကိုပင် မထိန်းသိမ်းနိုင်တော့ချေ။ ပထမဆုံး ၀က်နံရိုးချိုချဉ်ကြော်ကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ကောင်းမွန်လှသော အရသာတွင် စီးမြောသွားလေသည်။
ကွမ်းဇောင်ဟန့်က သူ့ဇနီး၏ အမူအယာကို ကြည့်၍ စိတ်မထိန်းနိုင်တော့ပဲ ၀က်နံရိုးတစ်ချောင်းကို ကောက်ဆွဲလိုက်လေသည်။
ဖြန်း…
“ငါ့ရဲ့ ၀က်နံရိုးကြော်ကို စားလို့ရတယ်လို့ နင့်ကိုဘယ်သူက ပြောလို့လဲ… စားချင်ရင် ကိုယ့်ဟာကို တစ်ပွဲမှာစား… အရှက်ကို မရှိဘူး….”
ပထမအမေက အလစ်နှိုက်လိုက်သော ကွမ်းဇောင်ဟန့်၏ လက်ကို ရိုက်ထုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။ ထို့နောက် ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို သူမအနီးသို့ ဆွဲယူလိုက်ပြီး ကြက်မကြီးက သားပေါက်ကလေးများကို ကာကွယ်နေသကဲ့သို့ အုပ်ကာထားလေသည်။
“ငါ့ဟာငါ မှာစားရမယ် ဟုတ်လား…. ငါ့မှာသာ ပိုက်ဆံရှိသေရင် နှစ်ပွဲမှာလိုက်ပြီး တစ်ပွဲကို စား ပိုတဲ့တစ်ပွဲကို ခွေးကြွေးပလိုက်မယ်… ဟမ့်…” ကွမ်းဇောင်ဟန့်က မျက်နှာသေနှင့် တွေးလိုက်မိသည်။
ပုဖန်က ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ လာချပေးလိုက်ရာ မွှေးပျံ့လှသော ရနံ့များက ဆိုင်တစ်ခုလုံး လွှမ်းခြုံပြည့်နှက်နေပြီး ကွမ်းဇောင်ဟန့်၏ အမူအယာက ပြောင်းလဲသွားကာ တွေးနေမိသည်။
“ဒီလောက်မွှေးပျံ့တဲ့ ရနံ့တွေ ကမ္ဘာပေါ်မှာ ရှိနေသေးတာလား…”
သို့သော် ကံမကောင်းစွာဖြင့် သူက အနံ့ခံရုံသာ တတ်နိုင်လေသည်။ နောက်ဆုံးတွင် ကွမ်းဇောင်ဟန့်၏ အလှည့်ရောက်လာလေသည်။ သူ၏ နှလုံးသားထဲတွင် ကြေကွဲ၀မ်းနည်းရသောကြောင့် ကွမ်းဇောင်ဟန့်က မျက်ရည်များ စီးကျနေသည်ဟုပင် ခံစားနေရသည်။
“ဒီမှာ မင်းရဲ့ လက်လုပ်ခေါက်ဆွဲ ကောင်းကောင်းသုံးဆောင်ပါ..”
ကွမ်းဇောင်ဟန့်က သူ့ရှေ့မှ လက်လုပ်ခေါက်ဆွဲပန်းကန်ကို အသက်မရှိသည့် လူတစ်ယောက်ကဲ့သို့ ငေးစိုက်ကြည့်နေလေသည်။