အပိုင်း ၁၄၁
Viewers 53k

အခန်း ၁၄၁ “မင်းရှေ့က အရာရာတိုင်းကို နင်းခြေပစ်လိုက်ပါ”


ရှလွတ်…


လက်လုပ်ခေါက်ဆွဲကို ကြည့်ရသည်မှာ အနီရောင်အသားနှပ်နှင့် ၀က်နံရိုးချိုချဉ်ကြော်တို့လောက် ကောင်းမည့်ဟန် မပေါ်သော်လည်း သူ့အတွက် ပိုက်ဆံပေးထားရသောကြောင့် ကွမ်းဇောင်ဟန့်က တူဖြင့် ညှပ်၍ စားလိုက်လေသည်။


အိုး…


နူးညံ့ကောင်းမွန်လှသော ခေါက်ဆွဲ၏ အရသာကို ခံစားလိုက်ရပြီး ကွမ်းဇောင်ဟန့်၏ မျက်၀န်းများ ပြူးကျယ်ဝိုင်းစက် လာလေသည်။ ထို့နောက် သူ၏ မုတ်ဆိတ်များကို သပ်တင်လိုက်ပြီး အငမ်းမရ စတင်စားသောက် လေတော့သည်။ ခေါက်ဆွဲရည်များက စားပွဲပေါ်သို့ ပြန့်ကျဲနေပြီး သူ၏ မုတ်ဆိတ်များပေါ်တွင် ပေပွနေလေသည်။


လက်လုပ်ခေါက်ဆွဲ၏ မွှေးရနံ့က ဥထမင်းကြော်လောက် ပြင်းထန်ခြင်းမရှိပေ။ အနီရောင်အသားနှပ်လောက်လဲ ဆွဲဆောင်မှု ရှိမနေချေ။ သို့သော် သူ၏ မွှေးရနံ့က တစ်မျိုးတစ်မည် ဆွဲဆောင်မှု ရှိနေလေသည်။ ကွမ်းဇောင်ဟန့်က အငမ်းမရ စားသောက်နေရာ ခေါက်ဆွဲစားနေသော သူ့အသံက ဆိုင်ထဲတွင် လွင့်ပျံနေလေသည်။


ကွမ်းရှောင်ယီက ငါးခေါင်းတို့ဟူးစွမ်းပြုတ်ကို ပါးစပ်အပြည့် သောက်လိုက်သည်နှင့် နူးညံ့ချိုမွှေးသော စွပ်ပြုတ်ရည်က သူမကို ဆွဲဆောင်သွားသောကြောင့် လျာကိုပင် မြိုချမိမတက် ဖြစ်သွားလေသည်။ သူမကိုယ်သူမ ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နဂါးငွေ့တန်းထဲတွင် ကူးခတ်နေရသည်ဟု ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမက သလင်းကြည်ရောင် တို့ဟူးတုံးလေးတစ်ခုကို ကိုက်ဝါးလိုက်သည်။


ရှလွတ်…


ထိုအသံကြောင့် ကွမ်းရှောင်ယီ၏ စိတ်ကူးယဉ်ကမ္ဘာလေးက ပျက်စီးသွားလေသည်။ သူမက ရုတ်တရက် ဒေါသထွက်လာပြီး ခေါက်ဆွဲကို အသံမြည်အောင် စားနေသော သူမ၏ အဖေကို လှမ်းကြည်လိုက်သည်။


“ခေါက်ဆွဲကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိဒြေ္တွရရ စားလို့မရဘူးလား… အခုငါ့ရဲ့ အိမ်မက်လေးကို ဖျက်ဆီးပစ်လိုက်ပြီ … အကျင့်မကောင်းတဲ့ အဖေ…” ကွမ်းရှောင်ယီက စူပုပ်ပုပ်နှင့် ပြောဆိုလိုက်သည်။


အဟွတ်.. အဟွတ်….


ကွမ်းဇောင်ဟန့်က သူမ၏စကားကြောင့် သီးသွားပြီး အဆက်မပြတ် ချောင်းဆိုးလေတော့သည်။ သူက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ခွက်ကို ခပ်မြန်မြန် ဆွဲယူလိုက်ပြီး တစ်ကြိုက်တည်း မော့သောက်လိုက်လေသည်။ ချက်ချင်းပင် သီးနေသည်က သက်သာသွားပြီး လန်းဆန်းအေးမြမှုများက အစားထိုး ၀င်ရောက်လာလေသည်။


“ဘယ်… ဘယ်လိုတောင် လန်းဆန်းသွားတာလဲ…”


ကွမ်းဇောင်ဟန့်က သူ၏ မုတ်ဆိတ်များကို အင်္ကျီလက်နှင့် ပင့်သုတ်လိုက်ပြီး အားရကျေနပ်စွာ ပြောလိုက်လေသည်။ သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရာ မွှေးပျံ့သော ရနံ့များက နှာခေါင်းအတွင်း တိုး၀င်သွားသောကြောင့် တွေးလိုက်မိလေသည်။


“ဘုရားရေ… ဒီဝိုင်ရဲ့ ရနံ့က မွှေးလိုက်တာ… ဒီလောက်မွှေးပျံ့တဲ့ ဝိုင်မျိုး ရှိသေးတာလား….”


“ကောင်စုတ်လေးတွေ မင်းအဖေရဲ့ ခွက်ထဲကို ဝိုင်ဖြည့်ပေးစမ်း…. ဒီလောက်ကောင်းတဲ့ဝိုင်ကို ဘယ်လိုဖြစ်လို့ အဖေကို မမျှရတာလဲ… ပြန်ရောက်မှ မင်းတို့ရဲ့ လေ့ကျင့်ခန်းတွေကို နှစ်ဆ တိုးမြှင့်ရမယ်…” ကွမ်းဇောင်ဟန့်က ဝိုင်ဖြည့်နေသော ကွမ်းတိကို ပြုံး၍ ကြည့်လိုက်ပြီး ပြောလိုက်သည်။


ကွမ်းညီအကိုသုံးယောက်နှင့် ကွမ်းရှောင်ယီတို့က ပြောစရာစကားမဲ့သွားလေသည်။ ကွမ်းမိသားစု၀င်များက သူတို့၏ အစားအသောက်များကို စားပြီးသောအခါ ကျေနပ်စွာဖြင့် ထိုင်နေကြလေသည်။ ကောင်းမွန်သော အစားအသောက်များကို စားသောက်ရခြင်းက သူတို့၏ စိတ်ခံစားချက်များကို ပျော်ရွှင်မှုပေးနိုင်လေသည်။


ပုဖန်က သူ၏လက်မှ ရေများကို သုတ်၍ မီးဖိုခန်းထဲမှ ထွက်လာချိန်တွင် ပျော်ရွှင်နေကြဟန်ရသော ကွမ်းမိသားစု၀င်များကို တွေ့လိုက်ရသောကြောင့် ကျေနပ်ပြုံးပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။


“စုစုပေါင်း သလင်းကျောက် 320 နဲ့ ရွှေဒင်္ဂါးတစ်ရာ ကျသင့်ပါတယ်… မင်းတို့ရဲ့ အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်…”


ပုဖန်၏ စကားကြောင့် ကျေနပ်စွာဖြင့် ဗိုက်ကို ပွတ်နေသော ကွမ်းဇောင်ဟန့်က ကြက်သေသေသွားပြီး ကမ္ဘာကြီးတစ်ခုလုံး သူ့အပေါ်သို့ ပြိုဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။


“ဘာ… သလင်းကျောက် 320 .. နေပါဦး… သူတို့က ဘယ်လောက်တောင် စားလိုက်ကြတာလဲ…”


ကွမ်းဇောင်ဟန့်၏ နှမျောတသ ဖြစ်နေသော အကြည့်များကို ပုဖန်က လျစ်လျုရှုလိုက်ပြီး သလင်းကျောက်နှင့် ရွှေပြားများကို သိမ်းယူလိုက်သည်။ သူက ပိုက်ဆံသိမ်းလိုက်ပြီးနောက် စနစ်၏ တည်ကြည်သော အသံက ထွက်ပေါ်လာလေသည်။


“ဂုဏ်ယူပါတယ်…. သလင်းကျောက် နှစ်သောင်း ပြည့်သွားပါပြီ သလင်းကျောက်နှစ်သောင်း ပြည့်သွားတဲ့အတွက်နဲ့ ကြားဖြတ်မစ်ရှင်ကို အောင်မြင်သွားတဲ့အတွက် စနစ်က ပေးတဲ့ဆုကို မကြာခင် လက်ခံရရှိပါလိမ့်မယ်…”


ပုဖန်က တခဏမျှ အံ့အားသင့်သွားပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွာအောင် ပြုံးလိုက်လေသည်။ သူသတိမထားမိလိုက်သည့် အချိန်အတွင်းတွင် သလင်းကျောက်နှစ်သောင်းက ရရှိသွားပြီဖြစ်သည်။ စနစ်၏ ပြောကြားချက်အရ သလင်းကျောက်နှစ်သောင်းပြည့်လျင် အစစ်အမှန်စွမ်းအင်များ တိုးတက်လာပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်တော့မည်ဖြစ်သည်။


“နောက်ဆုံးတော့ ငါလဲ ဘုရင်အဆင့်လူတစ်ယောက် ဖြစ်လာပြီပေါ့…”


ပုဖန်က ပျော်ရွှ့င်စွာ တွေးလိုက်ပြီး စနစ်မှပေးသော ဆုကို ကြည့်ရန် ပြင်လိုက်လေသည်။ ထိုအချိန်တွင် ကွမ်းဇောင်ဟန့်က သူ့အနားသို့ ကပ်လာလေသည်။ နီးကပ်လွန်းသောကြောင့် သူ၏ခန္ဒာကိုယ်ပေါ်မှ လက်လုပ်ခေါက်ဆွဲ၏ ရနံ့ကိုပင် ရနေလေသည်။ ပုဖန်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး မျက်မှောင်ကြုံ့၍ ပြောလိုက်လေသည်။


“ပြောစရာရှိရင် ပြောလိုက်.. ငါ့နားကို အရမ်းကပ်မနေနဲ့….”


ကွမ်းဇောင်ဟန့်၏ လှုပ်ရှားမှုများက ရပ်တန့်သွားပြီး ကသိကအောင့် ပြုံးလိုက်လေသည်။ ထို့နောက် သူ၏လက်ကို အင်္ကျိနှင့် သုတ်၍ ပြောလိုက်လေသည်။


“ပိုင်ရှင်ပု… ဒါက ဒီလိုပါ… ငါဒီနေ့ ဒီကိုလာတာက မင်းနဲ့ အရေးကြီးကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ…”


ပြော….


ပုဖန်က မျက်နှာသေနှင့် ပြန်ပြောလိုက်သည်။


“ပိုင်ရှင်ပုရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းမွန်တယ်… ဟင်းပွဲတွေရဲ့ အရသာကလဲ ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အဆင့်ကိုတောင် ရောက်နေပြီ… ဒီလို ဟင်းချက် စွမ်းရည်တွေကို ဆိုင်သေးသေးလေးထဲမှာပဲ အသုံးချနေရင် ဘယ်သူမှ သိလာမှာမဟုတ်တေတာ့ဘူးလေ… ဟုတ်တယ်မဟုတ်လား… ဒါက ပိုင်ရှင်ပုရဲ့ အရည်အချင်းတွေကို ဖြုန်းတီးရာရောက်နေတယ်…”


ကွမ်းဇောင်ဟန့်က သူ၏ မုတ်ဆိတ်များကို ပွတ်သပ်၍ တည်ကြည်သော အမူအယာနှင့် ပြောလိုက်လေသည်။ ပုဖန်က သူ့ကို ချီးကြူးနေသည်ကို အမူအယာမပျက်ပဲ နောက်ထပ်ပြောလာမည့် စကားများကို စောင့်နေလိုက်သည်။


“ပိုင်ရှင်ပု… နွေဦးပွဲတော်ရဲ့ အကြောင်းကိုလဲ မင်းသိသင့်တယ်…. မနက်ဖြန်ကျရင် နွေဦးပွဲတော့ စတင်ပြီး နောက်တစ်နေ့ကျရင် မိသားစုတစ်ရာ စားသောက်ပွဲကို စတင်လိမ့်မယ်… အဲဒီစားသောက်ပွဲကျရင် လေအလင်းအင်ပါယာတစ်ခုလုံးက နံမည်ကျော် စားဖိုမှုးတွေ အကုန်လုံး ၀င်ရောက်ယှဉ်ပြိ်ုင်ကြမှာ ….ပွဲတော့အတွင်းမှာ မင်းရဲ့ ဟင်းချက်စွမ်းရည်ကို အားလုံးသိအောင်လုပ်လိုက်နိုင်ရင် မင်းအတွက် အခွင့်အရေး အရမ်းကြီးမားလာမှာပဲ… ဒါ့ကြောင့် ပိုင်ရှင်ပုက ပါ၀င်ယှဉ်ပြိုင်ဖို့တွေးထားသင့်တယ်…”


“နွေဦးရာသီပွဲတော်…”


ပုဖန်က မျက်မှောင်ကြုံ့ပြီး တွေးလိုက်မိသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မောက်မာထောင်လွှားသော တရားရုံးတော်မှ အရာရှိများက သူ့ဆိုင်သို့ ရောက်လာသည်ကို သတိရမိသွားသည်။ ထိုလူများက မောက်မာထောင်လွှားလွန်းသောကြောင့် ဝှိုက်တီကို အမိန့်ပေး၍ အ၀တ်အစားများ ချွတ်ခိုင်းလိုက်ပြီး ဆိုင်ပြင်သို့ ပစ်ထုတ်စေလိုက်သည်။ ကြည့်ရသည်မှာ ထိုလူများက နွေဦးပွဲတော်သို့ ၀င်ရောက်ယှဉ်ပြိုင်စေလိုခြင်း ဖြစ်နိုင်ပေသည်။


“မင်းတို့ရဲ့ နွေဦးရာသီပွဲတော်ကိုလဲ ငါက သောက်ဂရုမစိုက်ဘူးလေ… ငါ့ဆိုင်မှာလာပြီး ပြသနာလာရှာတာ မင်းတို့အမှားပဲ ငါ့အလွန် တစ်ခုမှ မရှိဘူး…” ပုဖန်က တွေးလိုက်မိသည်။ သူက ထိုအကြောင်းကို မေ့လျော့နေပြီဖြစ်ပြီး ကွမ်းဇောင်ဟန့်ပြောမှသာ ပြန်အမှတ်ရသွားခြင်း ဖြစ်သည်။


မိသားစုတစ်ရာပွဲတော်ဟူသည့် အမည်ကပင် ကြီးကျယ်ခမ်းနားမှုကို မြင်နေရပေသည်။ ပုဖန်က ကွမ်းဇောင်ဟန့်ကို ခပ်တည်တည် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


“ငါစိတ်မ၀င်စားဘူး… မလာနိုင်ဘူး….”


“ဘာလို့လဲ ဘာလို့ မင်းကမပြိုင်ချင်ရတာလဲ….”


ကွမ်းဇောင်ဟန့်က စိတ်ရှုပ်ထွေးသွားပြီး အလျင်စလို မေးလိုက်လေသည်။ သူ၏ ထင်မြင်ချက်အရ မိသားစုတစ်ရာ ပွဲတော်တွင် ပါ၀င်ယှဉ်ပြိုင်ခြင်းက စားဖိုမှုးတိုင်း၏ အိမ်မက်ဖြစ်ပြီး အင်ပါယာနန်တော်သို့ ၀င်ရောက်နိုင်သော အကောင်းဆုံး အခွင့်အလမ်းပင် ဖြစ်သည်။ ပုဖန်ကဲ့သို့ စားဖိုမှုးတစ်ယောက်က ချက်ချင်းငြင်းပယ်လိမ့်မည်ဟု သူက မထင်ထားခဲ့ချေ။


“နံမည်ကို ကြားလိုက်တာနဲ့ ပြသနာရှိလောက်တယ်လို့ ငါထင်နေတယ်.. ငါက ငါ့ရဲ့ ဆိုင်ထဲမှာပဲ အေးအေးလူလူ ချက်ပြုတ်ပြီး နေချင်တာ… ငါ့ရဲ့ အစားအသောက်တွေကို နှစ်သက်တဲ့ လူတိုင်းကိုလဲ ဆိုင်ကိုလာဖို့ နွေးနွေးထွေးထွေးကြိုဆိုတယ်..” ပုဖန်က စိတ်ရင်းအတိုင်း ပြောလိုက်သည်။


သူက ပြသနာများကို အလွန်ကြောက်ရွံ့လှပေသည်။ ပုဖန်၏ အရိုးရှင်းဆုံး ဆန္ဒမှာ ရေနွေးကြမ်း ပူပူတစ်ခွက်ကို ကိုင်၍ ဆိုင်၏ အပေါက်၀နားတွင် ထိုင်ကာ နှင်းပွင့်လေးများ တစ်ဖွဲဖွဲကျဆင်းခြင်း ပန်းများ ဖူးပွင့်ခြင်း စသော ကမ္ဘာလောက၏ အလှတရားများကို အေးအေးဆေးဆေး ကြည့်ရှုလိုခြင်းသာ ဖြစ်သည်။


“ပိုင်ရှင်ပု.. ဒီနှစ် မိသားစုတစ်ရာ စားသောက်ပွဲမှာ အစီအစဉ်တစ်ခုလဲ ရှိနေသေးတယ်.. အဲဒါက လာရောက်တဲ့ မိသားစုတွေက အကောင်းဆုံးစားဖိုမှုးကို ရွေးချယ်ပေးပြီး ဘုရင်မင်းမြတ်ကိုယ်တိုင်က ဆုချီးမြှင့်မယ့် အစီအစဉ်ပဲ အဲဒီဆုကိုရော စိတ်မ၀င်စားဘူးလား….” ကွမ်းဇောင်ဟန့်က ပုဖန်ကို စိုက်ကြည့်၍ မေးလိုက်လေသည်။


ဆု…


အင်ပါယာနန်းတော်မှ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို ပုဖန်က ယူဆောင်ခဲ့ခြင်းကြောင့် နန်းတော်အတွင်းတွင် သူစိတ်၀င်စားနိုင်လောက်သော ဆုက မရှိနိုင်တော့ချေ။


“ကြားဖြတ်မစ်ရှင်… လေအလင်းအင်ပါယာက ကျင်းပမဲ့ မိသားစုတစ်ရာရွေးချယ်ပွဲမှာ ၀င်ပြိုင်ပြီးတော့ ပရိသတ်တွေ ရွေးချယ်မဲ့ နံပါတ်တစ်ကို အရယူပြီး ဘုရင်မင်းမြတ်ချီးမြှင့်မယ့် ဆုတွေကိ်ု သိမ်းပိုက်ပါ…”


“အရာအားလုံးကို နင်းခြေလိုက်ပါ လူငယ်လေး.. မစ်ရှင်ဆု… စင်းချောလိပ်ဥမုန့်လုပ်နည်း..”


ပုဖန်က ကြိတ်၍ သက်ပြင်းချလိုက်မိသည်။ သူက ပြသနာများနှင့် ဝေးဝေးနေချင်သော်လည်း စနစ်က တွန်းပို့နေပြီဖြစ်သည်။