အခန်း ၁၄၂ “ညရဲ့ အေးစက်မှုက အထီးကျန်တယ်…”
“ဆုကြေးအကြောင်း ပြောလိုက်တာနဲ့ ငါ့ကို ဆွဲဆောင်နိုင်မယ်လို့ မင်းကထင်နေတာလား…” ပုဖန်က တည့်မတ်စွာ ရပ်လိုက်ပြီး ကွမ်းဇောင်ဟန့်ကို ပြောလိုက်လေသည်။
“အရှင်မင်းကြီး မျှော်လင့်ထားတဲ့ အတိုင်းပဲ ဒီစားဖိုမှုးရဲ့ အကျင့်စရိုက်က တော်တော်ထူးခြားတယ်… သူ့ကို ဖိတ်ရတာတော်တော့်ကို ခက်ခဲတာပဲ…” ကွမ်းဇောင်ဟန့်က တခဏမျှ ကြောင်အသွားပြီး တွေးလိုက်မိသည်။
“ပိုင်ရှင်ပု….နောက်တစ်ခေါက်လောက်ပြန်ပြီး မစဉ်းစားချင်တော့ဘူးလား .. ဒီပြိုင်ပွဲကလူသိများစေမယ့် အခွင့်အရေးတစ်ရပ်ပဲ…” ကွမ်းဇောင်ဟန့်က စိတ်ပျက်လက်ပျက် အမူအယာကို ထိန်းထားလိုက်ပြီး ဆက်ပြောလိုက်သည်။
ပုဖန်က မျက်တောင်နှစ်ချက်မျှ ခတ်လိုက်ပြီး ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချလိ်ုက်ရဟန်နှင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကောင်းပြီလေ… ပထမနေရာရရင် ဘာဆုတွေရမလဲဆိုတာကို ပြောပြ…”
“ဘာ… ဘာဖြစ်တယ်… စိတ်ဓာတ်ကြံ့ခိုင်ပြီး ပစ္စည်ဉ္စာတွေကို မမက်မောတတ်တဲ့ ပိုင်ရှင်ပု ဘယ်ရောက်သွားတာလဲ…” ကွမ်းဇောင်ဟန့်က တွေးလိုက်မိသည်။
အဟမ်း…
သူက ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။
“ဒီတစ်ခေါက် စားသောက်ပွဲတစ်ရာ ပွဲတော်မှာ ချီးမြှင့်မယ့်ဆုကို အရှင်မင်းကြီးကိုယ်တိုင် နန်းတော် ဘဏ္ဍာတိုက်ထဲက ရွေးချယ်ပေးမှာပါ… အဲဒါကြောင့် အဲဒီဆုက ဘာလဲဆိုတာတော့ ငါမပြောပြနိုင်ပါဘူး… ဒါပေမယ့် မင်းစိတ်မပျက်စေရဘူးဆိုတာ ငါအာမခံရဲတယ်..” ကွမ်းဇောင်ဟန့်က သူ၏ ရင်ဘက်ကို ပုတ်လိုက်ပြီး ရဲရဲဝံ့ဝံ့ ပြောလိုက်လေသည်။
ပုဖန်က ခေါင်းကို အနည်းငယ်ငုံ့၍ စဉ်းစားဟန်ပြုလိုက်သည်။ ပြီးနောက် ကွမ်းဇောင်ဟန့်ကို ကြည့်၍ ပြောလိုက်သည်။
“ကောင်းပြီလေ… ဒါဆိုလဲ ပြိုင်ပွဲ၀င်ဖို့ ငါသဘောတူတယ်…”
ပုဖန်၏ စကားကို ကြားသောအခါ ကွမ်းဇောင်ဟန့်၏ မျက်နှာက နေကြာပန်းပွင့်လာသကဲ့သို့ တောက်ပလာလေသည်။
“အိုး…ငါတို့ရဲ့ ပိုင်ရှင်ပုသာ မိသားစုတစ်ရာပြိုင်ပွဲမှာ ၀င်ပြိုင်မယ်ဆိုရင် ပထမနေရာက မင်းအတွက် ကျိန်းသေ ဖြစ်မှာပဲ … ငါစားဖူးသမျှ ဟင်းပွဲတွေတိုင်းမှ ပိုင်ရှင်ပု လက်ရာလောက်ကောင်းတာ တစ်ခုမှ မရှိဘူး…”
“လေအလင်းအင်ပါယာမြို့ထဲက ဘယ်စားဖိုမှုးကမှ မင်းရဲ့ လက်ရာကို ယှဉ်နိုင်မှာမဟုတ်ဘူး…. စကားတစ်ခွန်းထဲနဲ့ ပြောရမယ်ဆိုရင် မင်းက တုနှိုင်းမဲတယ်…”
ကွမ်းဇောင်ဟန့်က ပုဖန်ကို ထပ်တလဲလဲ မြှောက်ပင့်နေပြီး လက်မထောင်ပြလိုက်သည်။ ဤမြင်ကွင်းကို အပြင်လူများသာ မြင်ခဲ့ပါက လူသိများကျော်ကြားသော အင်ပါယာစစ်သူကြီးက အရောင်းစားရေးအဖြစ် ပြောင်းလဲသွားသည်ဟု ထင်သွားနိ်ုင်ပေသည်။
ကွမ်းဇောင်ဟန့်က စိတ်သက်သာရာ ရသွားပြီး လေပူများကို မှုတ်ထုတ်လိုက်မိသည်။ ဧကရာဇ်ပေးအပ်လိုက်သော တာ၀န်က ပြီးဆုံးသွားပြီဖြစ်သည်။ လအနည်းငယ် စုဆောင်းထားသော ငွေကြေးများကို သူ၏ အမျိုးသမီးများက သုံးဖြုန်းလိုက်သောကြောင့် ကြေကွဲ၀မ်းနဲနေသော်လည်း နောက်ဆုံးရလာဒ်က သူ့ကို ကျေနပ်သွားစေသည်။
ပုဖန်က ကွမ်းမိသားစု၀င်များကို တစ်ချက်ဝေ့ကြည့့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လျောက်သွားလိုက်သည်။ သူက ပြသနာများကို ကြောက်ရွံ့သော်လည်း တည်ကြည်လေးနက်သော လူတစ်ယောက်ဖြစ်သည်။ သူ၏ ဟင်းချက်စွမ်းရည်ကို အမြဲတစေ ဂုဏ်ယူနေသူဖြစ်သောကြောင့် ပြိုင်ပွဲ၀င်ရန် ဆုံးဖြတ်ပြီးလျှင် အကောင်းဆုံး ကြိုးစားရပေမည်။
မိသားစုတစ်ရာ ပြိုင်ပွဲတွင် ပထမရရန် ပြင်ဆင်မှုအချို့ ပြုလုပ်ရဦးမည် ဖြစ်သည်။
နွေဦးရာသီ နီးကပ်လာသောကြောင့် အင်ပါယာမြို့တော်အတွင်းရှိ လူများက သွက်သွက်လက်လက်လှုပ်ရှားနေကြသည်။ အိမ်များ လမ်းများကို သန့်ရှင်းရေးလုပ်ခြင်း ကြိုဆိုရေးဆိုင်းဘုတ်များ ရေးဆွဲခြင်းနှင့် အရသာရှိသော အစားအသောက်များကို ချက်ပြုတ်ပြင်ဆင်နေကြပြီး ရောက်ရှိလာသော နွေဦးနှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။
လမ်းမရှည်ကြီးတစ်လျောက်တွင် ဖွင့်လှစ်ရောင်ချနေသူများက မိသားစုနှင့် အတူတကွ ပွဲတော်ကျင်းပရန် ဆိုင်များကို စောစောပိတ်၍ အိမ်သို့ ပြန်နေကြလေသည်။ အိမ်တိုင်းမှ များပြားသော မီးခိုးငွေ့များက တရစ်ဝဲ၀ဲ ထွက်ပေါ်နေလေသည်။
ညည့်နက်လာသည်နှင့်အမျှ လနှစ်စင်းက ကောင်းကင်ပေါ်သို့ တစ်ဖြည်းဖြည်း မြင့်တက်လာပြီး အင်ပါယာမြို့တော် တစ်ခွင်လုံးကို အလင်းရောင်များ ဖြန့်ကျက်ထားလေသည်။
လမ်းမပေါ်တွင် ကလေးငယ်များက ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြသည်။ သူတို့လက်ထဲမှ မီးရှူးမီးပန်းများ၏ အလင်းရောင်တစ်လက်လက်နှင့် ပျော်ရွှင်စွာ ရယ်မောနေသံများက ပွဲတော်ကို ပိုမိုအသက်၀င် လှုပ်ရှားစေသည်။ အိမ်ကြီးအိမ်ကောင်းများတွင် အနီရောင်မီးပုံးကြီးများကိ ချိတ်ဆွဲထားကြပြီး သူတို့၏ အိမ်ဖော်များက ပွဲတော်အတွက် လိုအပ်သည်များကို ပြင်ဆင်နေကြသည်။
သူတို့၏ မီးဖိုခန်းများမှ ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး မွှေးရနံ့များက တစ်အိမ်လုံး ပျံ့လွင့်နေလေသည်။ ချက်ပြုတ်ပြီးသော ဟင်းပွဲများကိ ထမင်းစားပွဲပေါ် ပြင်ဆင်လိုက်ပြီးနောက် အိမ်သားများ အားလုံး စုဝေးကာ မိသားစုထမင်းဝိုင်းကို စတင်ကြသည်။ နွေဦးရာသီပွဲတော်က အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
ပုဖန်က ဆိုင်ပြင်သို့ ထွက်လိုက်ပြီး ထိုင်ခုံတစ်ခုံကို ဆွဲယူ၍ အပေါက်ရှေ့တွင် ထိုင်လိုက်လေသည်။ အေးမြသော လေပြေက သူ၏ မျက်နှာကို တိုးဝှေ့တိုက်ခတ်နေလေသည်။ လမ်းကြားလေးထဲတွင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး သာမာန်ထက် အေးမြနေသော လရောင်ကပင် လစ်ဟာမှုကို မဖြည့်ဆည်းနေးနိုင်ချေ။
လမ်းကြားလေးထဲမှ ဆိုင်ငယ်လေးတစ်ဆိုင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်က ဆူညံနေသော ပွဲတော်နှင့် မသက်ဆိုင်သကဲ့သို့ သီးသန့် တည်ရှိနေလေသည်။
ရွီး…
မီးရှူးမီးပန်းများက ကောင်းကင်ပေါ်တွင် ပေါက်ကွဲသွားပြီး နက်မှောင်နေသော ကောင်းကင်ကို အလှဆင်လိုက်လေသည်။
“အိုး.. တော်တော်လှတာပဲ…” ပုဖန်က ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် လမ်းကြားလေးထဲသို့ ဦးတည်လာသော ခြေသံအချို့ကို ကြားလိုက်ရသောကြောင့် ပုဖန်က လှမ်းကြည့်လိုက်သည်။ လမ်းကြားလေး၏ အ၀တွင် ပုံရိပ်သုံးခုကို တွေ့လိုက်ရသည်။
ရှောင်ယန်ယုနှင့် ရှောင်ရှောင်လုံတို့က ကွမ်းရှောင်ယီ၏ လက်ကို ဆွဲ၍ လျောက်လာကြသည်။ ရှောင်ယန်ယုက မျက်နှာကာကို မ၀တ်ဆင်ထားသောကြောင့် ပုလဲတစ်လုံး၏ မျက်နှာပြင်ကဲ့သို့ ချောမွေ့လှသော သူမ၏ မျက်နှာလေးက အေးချမ်းသော လရောင်အောက်တွင် တောက်ပလင်းလက်နေလေသည်။
“စိတ်ပုပ်သူဌေး…” ကွမ်းရှောင်ယီက လှမ်းအော်၍ နှုတ်ဆက်လိုက်သည်။
သာမာန်ပိုးထည်၀တ်ဆုံကို ၀တ်ဆင်ထားသော ရှောင်ယန်ယု၏ လက်ထဲတွင် စားသောက်ဖွယ်ရာများကို ထည့်ထားသော ခွက်ငယ်တစ်ခုကို ကိုင်ထားသ်ာကို တွေ့လိုက်ရသည်။
“ကျွတ်ကျွတ်… ပိုင်ရှင်ပု… မင်းက မီးရှူးမီးပန်းတွေကို ကြည့်နေတာလား… ပျင်းစရာကောင်းလိုက်တာကွာ… ဒါပေမယ့်.. မင်းရဲ့ဆိုင်က မီးရှူးမီးပန်းတွေကို ကြည့်ဖို့ အကောင်းဆုံးနေရာဆိုတာတော့ ငါ၀န်ခံရမယ်…” ရှောင်ရှောင်လုံက ဆိုင်အတွင်းမှ ခုံအချိုကို သွားယူလိုက်ပြီး ပုဖန်၏ အနီးတွင် ချ၍ ပြောလိုက်သည်။
“သူတို့က ဘာလာလုပ်ကြတာလဲ… ငါ့အတွက် စားစရာယူလာပေးတာလား….”
ပုဖန်က သူတို့သုံးယောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်၍ တွေးနေမိသည်။
“ပိုင်ရှင်ပု… မနက်ဖြန်က နွေဦးရာသီ ပွဲတော်ဆိုတော့ ဒီနေ့ညမှာ မိသားစု စားသောက်ပွဲကို ကျင်းပလေ့ရှိတယ်… ပိုင်ရှင်ပုက တစ်ယောက်တည်းဆိုတော့ အထီးကျန်နေမယ်လို့ ငါတို့ တွေးမိတာနဲ့ စားစရာ နဲနဲ ယူလာပေးတာ…” ရှောင်ယန်ယုက နူးညံ့စွာပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒီမုန့်က ငါ့အမေကိုယ်တိုင် မင်းအတွက် လုပ်ပေးလိုက်တာ…”
ရှောင်ယန်ယုက ပြောပြီးသည်နှင့် သူမလက်ထဲမှ မုန့်ထည့်ထားသော ခွက်လေးကို ပုဖန်ရှေ့တွင် ချပေးလိုက်သည်။ အဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့က ချက်ချင်း ထွက်ပေါ်လာလေသည်။ ပုဖန်၏ ဟင်းပွဲများလောက် ရနံ့ ပြင်းထန်ခြင်း မရှိသော်လည်း မုန့်အချို၏ ရနံ့ကလဲ လန်းဆန်းစေလေသည်။ ခွက်လေးထဲတွင် အကြည်ရောင် အလွှာများနှင့် ပြုလုပ်ထားသော လက်ရာမြောက်သည့် မုန့်အချိုတစ်ခု ရှိနေလေသည်။
“ဒီမှာ မြည်းကြည့်လိုက်ပါဦး…” ရှောင်ယန်ယုက ပုဖန်ကို ကြည့်၍ နွေးထွေးစွာ ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
ပုဖန်က သူတို့သုံးယောက်ကို ကြည့်၍ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် နှုတ်ခမ်းများ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်ပြီး ခွက်ထဲမှ မုန့်ကိုယူ၍ တစ်ကိုက်ကိုက်လိုက်လေသည်။ မုန့်၏ ချိုမြမွှေးပျံ့သော အရသာကို ခံစားလိုက်ရသောကြောင့် ပုဖန်က မျက်ခုံးပင့်လိုက်မိသည်။
မုန့်အချိုက ချိုမြနေသော်လည်း အချိုလွန်ကဲနေခြင်းမဟုတ်ပဲ လျာပေါ်တင်လိုက်သည်နှင့် အရသာက ပျော်၀င်သွားလေသည်။ မုန့်အထဲတွင် ပျားရည်ဖြည့်သွင်းထားသောကြောင့် ပျားရည်နွေးနွေး သောက်လိုက်ရသကဲ့သို့လည်း ခံစားလိုက်ရသည်။
“မဆိုးဘူး…. ကောင်းတယ်…” ပုဖန်က ချီးကြူးလိုက်သော်လည်း မုန့်တွင် ပြစ်ချက်အနည်းငယ်ကို တွေ့နေရလေသည်။
ပုဖန်၏ ချီးကြူးစကားကို ကြားရခဲသောကြောင့် ရှောင်ယန်ယု၏ မျက်၀န်းများက တောက်ပလင်းလက်သွားလေသည်။ ရှောင်ရှောင်လုံနှင့် ကွမ်းရှောင်ယီတို့ကလည်း မုန့်ကို အလျင်အမြန် ယူစားလိုက်ကြသည်။ သူတို့လေးယောက်က မုန့်ထည့်ထားသော ခွက်ကို ဝိုင်းထိုင်၍ စားသောက်နေပုံမှာ ကြည်နူးဖွယ် ဖြစ်နေလေသည်။
“ပိုင်ရှင်ပု… ဒီ နာနတ်သီး နှလုံးသားကိတ်ကိုလဲ မြည်းကြည့်ပါဦး….” ရှောင်ယန်ယုက နောက်ထပ် မုန့်အချိုတစ်ခုကို ညွှန်ပြလိုက်ပြီး မျှော်လင့်ချက်အပြည့်နှင့် ကမ်းလှမ်းလိုက်လေသည်။