အပိုင်း ၁၄၅
Viewers 62k

အခန်း ၁၄၅ “ကြက်ကြော်စားသော ဖက်တီးနှင့် ဒယ်အိုးလွယ်ထားသော ငပိန်”


အင်ပါယာမြို့တော်တစ်ခွင်သို့ နေရောင်ခြည်က တစ်ဖြည်းဖြည်း မြင့်တက်လာပြီး နွေဦးပွဲတော် အချိန်အခါကလည်း ရောက်ရှိလာလေသည်။ တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားထားကြသော တိုင်းသူပြည်သားများက နွေဦးပွဲတော် မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေကြသည်။


မြို့တော်၏ လုံခြုံရေးအတွက် မြို့တခါး၀တွင် စောင့်ကြပ်နေကြသော အစောင့်များက မြို့အတွင်းမှ စည်ကားသိုက်မြိုက်နေသည့် မြင်ကွင်းကိ်ု ကြည့်၍ မနာလိုဖြစ်နေကြသည်။ ဂိုဏ်းများမှ သူပုန်များကို ဧကရာဇ်ဟောင်းက နှိမ်နင်းသတ်ဖြတ်လိုက်ပြီသော်လည်း ကျူကျော်မှုမရှိစေရန် မြို့တော်ကို ကာကွယ်စောင့်ရှောက်ရပေမည်။ 


မြို့တော်က ကာကွယ်စောင့်ရှောက်ရန်က သူတို့၏ တာ၀န်ပင် ဖြစ်သည်။ သို့သော် သူတို့၏ စိတ်ထဲတွင် နွေးထွေးသော အိပ်ယာ လှပသောဇနီးနှင့် ချစ်စဖွယ်သားသမီးတို့အပြင် ချစ်ဇနီးပြင်ဆင်ပေးထားသော နွေဦးပွဲတော် နံနက်စာကို စားသောက်ချင်စိတ်များ ပြည့်နှက်နေလေသည်။


ရုတ်တရက် စိတ်ကူးယဉ်နေကြသော အစောင့်များက နိုးကြားတက်ကြွလာကြပြီး အဝေးတစ်နေရာသို့ အာရုံစိုက်လိုက်ကြသည်။ ပုံရိပ်နှစ်ခုက အင်ပါယာမြို့တော်သို့ ဦးတည်နေကြပြီး သူတို့ထံမှ မမြင်နိုင်သော ဖိအားများကို ခံစားနေရသောကြောင့် အစောင့်များ၏ အမူအယာက တည်ကြည်လေးနက်လာလေသည်။ 


“ဘုရင်အဆင့် နှစ်ယောက်ပါလား….” မြို့တော်အစောင့်က ရေရွတ်လိုက်သည်။ သူတို့အတွက်မူ ဘုရင်အဆင့် နှစ်ဦးကပင် အန္တရာယ်ကြီးမားလှပေသည်။


ဂျွတ်… 


အရိုးကို ကိုက်ဝါးသံအချို့ ထွက်ပေါ်လာပြီး ထိုအသံကပင် အစောင့်များကို ကြက်သီးထသွားစေသည်။


“အကိုကြီး ငါတို့ အင်ပါယာမြို့တော်ကိုတော့ ရောက်နေပြီ…” အသံထွက်ပေါ်လာပြီးနောက် ကိုက်ဝါးသံက ထပ်မံထွက်ပေါ်လာလေသည်။


“ဖက်တီးစုတ်… မင်းအစာစားနေရင်းနဲ့ စကားမပြောလို့ မရဘူးလား…” နောက်တစ်ယောက်က စိတ်အနှောက်အယှက် ဖြစ်ဟန်နှင့် ပြောဆိုလိုက်သည်။


“ကောင်းပြီလေ… ငါထပ်မလုပ်တော့ဘူး… ဂျွတ်…” ပလုံးပထွေး ပြောသံနှင့်အတူ အရိုးကိုက်သံက အဆက်မပြတ် ထွက်ပေါ်နေလေသည်။ အခြားတစ်ယောက်က စိတ်အနှောက်အယှက် ဖြစ်စွာ မြည်တွန်တောက်တီးလိုက်လေသည်။ 


ထိုကွင်းပြင်အတွင်းမှ လူနှစ်ယောက်က မြို့ရိုးအနီးသို့ နီးကပ်လာသည်နှင့် မြို့စောင့်တပ်သားများက ထိုနှစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူတို့၏ အကြည့်များက စူးရှိသွားလေသည်။


ထိုနှစ်ယောက်တွင် တစ်ယောက်က အလွန်၀ဖိးနေပြီး အရပ်ရှည်၍ နောက်တစ်ယောက် ပိန်ပိန်ပါးပါးနှင့် အရပ်ပုလေသည်။ အရပ်ရှည်ရှည်နှင့် လူက အလွန်အမင်း ဝြဖိုးနေပြီး ခန္ဒာကိုယ်တစ်ခုလုံး အဆီများနှင့် ဖုံးလွှမ်းနေကာ မှေးစင်းသော မျက်လုံးများက ပျောက်ကွယ်လုလုပင် ဖြစ်နေလေသည်။ 


အခြားတစ်ယောက်က အရပ်ပုပြီး အလွန်အမင်း ပိန်နေပေသည်။ သူ၏ မေးစိက ချွန်မြနေပြီး ရယ်စရာ ကောင်းနေလေသည်။


ဖက်တီးက အိတ်ကပ်ကြီးကြီးပါသော ခါးစည်ကို ၀တ်ဆင်ထားသည်။ သူက အိတ်ထဲမှ ကြီးမားသော ကြက်ပေါ်တစ်ချောင်းကို ဆွဲထုတ်၍ ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေသည်။ ထို့နောက် တစ်ချက်နှစ်ချက်မျှ ဝါးလိုက်ကာ အရိုးပင် ထွေးမထုတ်ပဲ မြိုချလိုက်လေသည်။


ပုပုနှင့် လူတစ်ယောက်ကလည်း သာမာန်ပုံစံ ဟုတ်မနေပေ။ သူ၏ ခန္ဒာကိုယ်ထက်ပင် ကြီးမားသော ဒယ်အိုးတစ်လုံးကို နောက်ကျောတွင် သိုင်းလွယ်ထားသောကြောင့် သူ၏ အသွင်က လိပ်တစ်ကောင်နှင့် တူနေလေသည်။


“မင်းတို့နှစ်ယောက် အဲနေရာမှာရပ်…” မြို့စောင့်တပ်သားက မာန်ပါပါနှင့် အော်ဟစ်လိုက်သည်။ 


အကြည့်တစ်ချက်နှင့်ပင် ထိုနှစ်ယောက်က သာမာန်မဟုတ်သည်ကို အစောင့်က ပြောနိုင်လေသည်။ ထို့ကြောင့် မေးခွန်းအချို့မေးရန် ရပ်ခိုင်းလိုက်ခြင်း ဖြစ်သည်။


“အကိုကြီး… သူက ငါတို့ကို ရပ်ခိုင်းနေတယ်….” ဖက်တီးက ပြောလိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ ကြက်ပေါင်တစ်ချောင်းကို ထုတ်၍ တစ်ဂျွတ်ဂျွတ် ကိုက်ဝါးနေလေသည်။ ပိန်သေးသေးလူက သူ့ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်လိုက်လေသည်။


“ဟေး သူငယ်ချင်း.. ငါတို့က မိသားစုတစ်ရာ စားသောက်ပွဲကို လာယှဉ်ပြိုင်တဲ့ စားဖိုမှုးတွေပါ… ငါတို့ ချင်းယန်ကျန့်က လာခဲ့ကြတာ….” ထို့နောက် သူက အစောင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။


“အော်… ဒါဆို သူတို့နှစ်ယောက်က စားဖိုမှုးတွေပေါ့… ဒီနှစ်ရဲ့ စားဖိုမှုးတွေက တော်တော်ထူးဆန်းတာပဲ ပြိုင်ပွဲ၀င်မှာကို ကိုယ်ပိုင်အိုးယူလာတယ်…” အစောင့်က တွေးတောလိုက်လေသည်။


အစောင့်တပ်သားက ချင်းယန်ကျန့်ဟူသော အမည်ကို ထပ်တလဲလဲ ရေရွတ်နေလိုက်ပြီး တစ်စုံတစ်ခုကို အမှတ်ရသွားကာ သူ၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။ ထို့နောက် သူက ထိုနှစ်ယောက်ကို အံ့သြတကြီး ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။


“မင်း… မင်းတို့က ချင်းယန်ကျန့်လို့ ပြောလိုက်တာလား…. မြေရိုင်းလွင်ပြင်၀င်ပေါက်လို့ အားလုံးသိကြတဲ့ ချင်းယန်ကျန့်လား…” 


“ဒါဆို ငါတို့၀င်လို့ရပြီလား…” ပုပုနှင့်လူက အစောင့်၏ အမူအယာကို အလွန်သဘောကျသွားဟန်နှင့် ၀င့်ကြွားစွာ မေးလိုက်သည်။


အစောင့်က တံတွေးမြိုချလိုက်ပြီး ဘေးသို့ ဘယ်ပေးလိုက်ရာ ထိုနှစ်ယောက်က မြို့ထဲသို့ ၀င်ရောက်လာကြလေသည်။


ဖက်တီးက အစောင့်ကို ဖြတ်ကျော်သွားပြီးတောက် ရပ်တန့်လိုက်ပြီး ပြန်လှည့်ကာ ပြုံးဖြဲဖြဲ လုပ်ပြလိုက်ပြီး ပြောဆိုလိုက်သည်။


“သူငယ်ချင်း… မင်းက ဆိုးသွမ်းတဲ့ လူတစ်ယောက်မဟုတ်ဘူးပဲ….. ငါတို့ကို မြို့ထဲ ၀င်ခွင့်ပြုလိုက်လို့ မင်းကို ငါက ဒီကြက်ပေါင်တစ်ပိုင်း ပေးလိုက်မယ်…”


ဖက်တီးက သူ့အိတ်ထဲမှ ကြက်ပေါင်တစ်ချောင်းကို ထုတ်လိုက်ပြီး တစ်၀က်တိတိ ကိုက်လိုက်လေသည်။ သူ၏ ပါးစပ်ထဲမှ ကြက်ပေါင်ကို ဝါးစားလိုက်ပြီး ကျန်တစ်၀က်ကို အစောင့်ထံသို့ ပေးလိုက်လေသည်။


အစောင့်က ကြောက်ကြောက်လန့််လန့်နှင့် ယူထာလိုက်ပြီး သူတို့နှစ်ဦး ပျောက်ကွယ်သွားသောအခါမှ လက်ထဲမှ ကြက်ပေါင်တစ်၀က်ကို ပစ်လိုက်လေသည်။


“ချင်းယန်ကျန့်က စားဖိုမှုးတွေက အရမ်းကြောက်ဖို့ကောင်းတယ်ဆိုတာကို ငါသိတယ်…” အစောင်က ရေရွတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။


“ဂျွတ်…ဂျွတ်.. အကိုကြီး… ဒီနှစ် မိသားစုတစ်ရာ ပွဲတော်မှာ ဘာလို့ လာပြိုင်ကြတာလဲ.. တစ်ကယ်လို့ ငါတို့သာ ဒီကိုမလာဘူးဆိုရင် ကြက်ပေါင်စားဖို့ အချိန်ပိုရတာပေါ့… ဒီစားဖိုမှုးတွေနဲ့ လာပြိုင်လို့ ဘာရမှာမို့လဲ…” ဖက်တိးက မကျေမနပ်ဖြင့် မေးလိုက်လေသည်။


ဖက်တီးက အားလုဖြစ်ပြီး ပုပုနှင့်လူက အားလွေဖြစ်ကာ သူတို့နှစ်ယောက်က ညီအကိုများ ဖြစ်ကြသည်။ သူတို့က ချင်းယန်ကျန့်မှ စားဖိုမှုးများဖြစ်ပြီး ကျော်ကြားသူများ ဖြစ်ကြသည်။ သူတို့၏ ဟင်းချက်စွမ်းရည်များကို စားဖိုမှုး အကြီးအကဲထံမှ သင်ယူထားကြပြီး မြေရိုင်းလွင်ပြင်အတွင်းတွင် မကြာခဏ အမဲလိုက်လေ့ရှိကြသည်။ သူတို့၏ ဟင်းပွဲများကလဲ အရသာ ကောင်းကြလေသည်။


ထို့ကြောင့် သူတို့ကို လေအလင်းအင်ပါယာ မြို့တော်တွင် သိသူမရှိသော်လည်း ချင်းယန်ကျန့်နယ်မြေတွင်တော့ အလွန်ကြော်ကြားကြလေသည်။ 


“ငါမင်းကို အစားစားနေရင်းနဲ့ စကားမပြောနဲ့လို့ ပြောထားတယ်လေ… ဘယ်နှကြိမ်လောက် ပြောနေရမှာလဲ…. ဟမ့်… ဟိုအဘိုးကြီး က ငါတို့ကို မိသားစုတစ်ရာပွဲတော်ကို လာပြိုင်ခိုင်းတာလေ… သူပြောတာတော့ ဒီနှစ်ပေးမယ့်ဆုက တော်တော်လေးကောင်းမွန်လိမ့်မယ်တဲ့ ပြီးတော့ အဲဒီဆုကို ငါတို့က သူ့ကိုလက်ဆောင်ပေးဖို့ မျှော်လင့်နေတယ်လေ…” 


“ငါက ငါ့သဘောနဲ့ငါ ဒီလိုပြိုင်ပွဲကို လာပြိုင်မယ်လို့ မင်းထင်နေတာလား…” အားလွေက မကျေမနပ်နှင့် သူ၏ မေးချွန်ချွန်မျက်နှာကို မော့၍ ပြောလိုက်လေသည်။


“ဘာဆုရမှာတဲ့လဲ… အဖိုးကြီးက မင်းကိုပြောလိုက်လား….” အားလုက သူ့ပါးစပ်ထဲမှ ကြက်ကြော်များကို မြိုချလိုက်ပြီး မျက်လုံးမှေးမှေးများနှင့် အားလွေကို ကြည့်၍ မေးလိုက်လေသည်။


“ဘယ်လိုလုပ်သိမှာလဲ…” အားလွေက မကျေမနပ်ပြောလိုက်ပြီး အိုးကို သယ်ကာ ဆက်လျောက်သွားလိုက်သည်။ 


အားလုက တခဏမျှ တုံးဆိုင်းသွားပြီးနောက် သူ၏ အိတ်ကပ်ထဲမှ မွှေးပျံ့နေသော ကြက်ပေါင်တစ်ချောင်းကို ထပ်မံထုတ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ သူ၏ အိတ်ကပ်ထဲမှ ကြက်ပေါင်များက မကုန်ဆုံးနိုင်တော့သယောင် ထင်ရပေသည်။ ထို့နောက် အားလွေ၏ နောက်သို့ ပြေးလိုက်သွားလေသည်။


“အကိုကြီး ငါတို့အခု ဘယ်သွားမှာလဲ…. စားဖိုမှုးတွေအတွက် အင်ပါယာ ပြင်ဆင်ပေးထားတဲ့ နေရာကို သွားမှာလား…” အားလုက ဗလုံးဗထွေးနှင့် မေးလိုက်လေသည်။ 


“နောက်ဆုတ်စမ်း.. မင်းကို အစားစားရင်းနဲ့ စကားမပြောနဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား…” အားလွေ၏ စိတ်ဆိုးနေသော အသံက ချက်ချင်း ထွက်ပေါ်လာလေသည်။


“ငါတို့က အဲဒီကို ဘာသွားလုပ်ရမှာလဲ… အသုံးမကျတဲ့ စားဖိုမှုးတွေ စုရုံးနေတဲ့နေရာကို ဘာသွားလုပ်မှာလဲ… အခုတစ်ခုခု စားဖို့ပဲ ရှာကြတာပေါ့…”


ပုဖန်က ပုံမှန်အချိန်အတိုင်း အိပ်ယာမှ ထ၍ ကိုယ်လက်သန့်စင်လိုက်လေသည်။ လွန်ခဲ့သောညက နှစ်ချိုက်စွာ အိပ်မောကျခဲ့သောကြောင့် သူ၏ ခန္ဒာကိုယ်တစ်ခုလုံး လန်းဆန်းနေလေသည်။ ဤကမ္ဘာကို ရောက်ရှိပြီးနောက် အိပ်အကောင်းဆုံး ညဟုပင် ပြောနိုင်လေသည်။ 


ပုဖန်က မီးဖိုချောင်သို့ ၀င်လိုက်ပြီး ခုနစ်စင်ကြယ် အသားလွှာထွင်းထုခြင်း နည်းစနစ်ကို လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။ အသားလွှာထွင်းထုခြင်းက ကြီးမားသော တိုးတက်မှု ရှိနေခြင်းကြောင့် စတင်လေ့ကျင့်ခြင်း ဖြစ်သည်။ သူက နူးညံ့ပျော့ပြောင်းသော တို့ဟူးကို ပန်းသဏ္ဍာန်အဖြစ်သို့ ထွင်းထုနိုင်နေပြီဖြစ်သည်။


အခြားတစ်ဖက်တွင် ဖြတ်တောက်ခြင်းနည်းစနစ်က အဆင့်တက်ရန် ခက်ခဲနေသေးပြီး တိုးတက်မှုက နှေးကွေးနေလေသည်။ လေ့ကျင့်လိုက်ပြီးနောက် ပုဖန်က ဟင်းပွဲအနည်းငယ် ချက်ပြုတ်လိုက်သည်။ ပထမဟင်းပွဲက ဘလက်ကီအတွက် ၀က်နံရိုးချိုချဉ်ကြော်ဖြစ်သည်။ ဤနေ့က နွေဦးပွဲတော် ဖြစ်သောကြောင့် ခွေးငပျင်းကို ဗိုက်ပြည့်စေရန် များများ ချက်လိုက်လေသည်။


ထို့နောက် ပုဖန်က မွှေးပျံ့သင်းကြိုင်နေသော ၀က်နံရိုးချိုချဉ်ကြော်ကို သယ်ဆောင်၍ မီးဖိုခန်းမှ ထွက်လာကာ ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် လေအေးများက ဆိုင်အတွင်းသို့ အလုအယက်၀င်ရောက်လာလေသည်။


 နွေဦးပွဲတော်သို့ပင် ရောက်ရှိနေသော်လည်း အပူချိန်က မြင့်တက်မလာသေးပေ။ ပါးစပ်ဟလိုက်သည်နှင့် အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်နေဆဲပင် ဖြစ်သည်။ မြေပြင်ပေါ်တွင် ပျင်းရိစွာ လဲအိပ်နေသော ဘလက်ကီက ၀က်နံရိုးချိုချဉ်ကြော် မွှေးရနံ့ကို ရလိုက်သည်နှင့် လူးလဲထလိ်ုက်လေသည်။


“ဒီအစားကြူးတဲ့ ခွေးငပျင်းကတော့… ၀က်နံရိုးချိုချဉ်ကြော်ကို မြင်လိုက်တာနဲ့ ဒိလိုဖြစ်သွားတော့တာပဲ….” ပုဖန်က တွေးလိုက်မိသည်။


ထိုအချိန်တွင် သူ၏ နောက်ကျောဖက်မှ အသံအချို့ကို ကြားလိုက်ရသည်။


“အကိုကြီး ဒီမှာ ဆိုင်တစ်ဆိုင် ရှိနေတယ်… ဒီအသားနံ့က … ဝါး… ဒီအနံ့က အရမ်းကိုမွှေးတာပဲ….”


ပုဖန်က မတ်တက်ထရပ်လိုက်ပြီး နောက်လှည့်ကြည့်ဟန် ပြင်လိုက်ချိန်တွင် အရိုးဝါးသံနှင့်အတူ အံ့သြတကြီး အော်လိုက်သံက ထွက်ပေါ်လာလေသည်။