အခန်း ၁၄၆ “ခွေးလေး… ငါ့ကြက်ပေါင်နဲ့ မင်း၀က်နံရိုးကြော် လဲမလား…”
အားလုက သူ၏ ပါးစပ်ထဲမှ ကြက်ပေါင်ကိုပင် စားရန် မေ့သွားပြီး ခွေးနက်ကြီး၏ ရှေ့မှ ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို ငေးမောကြည့်နေလေသည်။
၀က်နံရိုး၏ ချိုမြိန်သော မွှေးရနံ့က ချင်းယန်ကျန့်မှ အဖိုးအိုချက်ပြုတ်သော ဟင်းများထက်ပင် မွှေးပျံ့နေလေသည်။ သူတို့ကို သင်ပေးလိုက်သော ချက်ပြုတ်ခြင်း နည်းလမ်းများနှင်း နှိုင်းယှဉ်ပါက ဤအသားက ပိုကောင်းမည်ကို သိနေသောကြောင့် လက်ထဲမှ ကြက်ပေါင်ကိုပင် ဆက်စားလိုခြင်း မရှိတော့ချေ။
ခန္ဒာကိုယ်ကို လှုပ်ခါ၍ ၀က်နံရိုးချိုချဉ်ကြော်ကို ပျော်ရွှင်စွာ စားသောက်နေသော ဘလက်ကီက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး သူ့ကို စိုက်ကြည့်နေသော အားလုကို ပြန်ကြည့်လိုက်သည်။ ထိုသူ၏ အငမ်းမရအကြည့်ပ ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်တွင် ကျရောက်နေသည်ကို တွေ့လိုက်သောအခါ တွေးလိုက်မိသည်။
“ဟမ့်… ဒီလူသားက ခွေးသခင်ရဲ့ အစားကို လုချင်နေတာလား….”
ဘလက်ကီက ပန်းကန်ကို ဆွဲယူလိုက်ပြီး အားလုဘက်သို့ ဖင်ပေး၍ ကာလိုက်လေသည်။
သူ၏ မြင်ကွင်းအတွင်းမှ ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်က ပျောက်သွားသောကြောင့် အားလုက စိတ်အနှောက်အယှက် ဖြစ်သွားလေသည်။ ထို့နောက် လေထုထဲမှ မွှေးရနံ့များကို လိုက်ဖမ်း၍ စားသုံးနေသည့်အလား နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်လေသည်။
“မင်းလျှာကို ပါးစပ်ထဲ ပြန်ထည့်လိုက်စမ်း… အစားမစားဘူးတဲ့ လူလို လုပ်မနေနဲ့… မင်းအဲလိုလုပ်နေမယ်ဆိုရင် ငါ့ညီလို့ ဘယ်တော့မှ ထပ်မပြောနဲ့တော့ …” အားလွေက မျက်မှော်ကြုံ့၍ တိုးတိုးကြိတ်ကြိတ် ပြောလိုက်လေသည်။ ၀က်နံရိုးချိုချဉ်ကြော်၏ ရနံ့က မွှေးပျံ့ကြောင်း သူက သတိထားမိသော်လည်း အားလုကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေချေ။
ပုဖန်က နောက်လှည့်ကြည့်လိုက်ရာ လူထူးဆန်းနှစ်ယောက်ကို တွေ့လိုက်ရသောကြောင့် မျက်ခုံးပင့်လိုက်လေသည်။ ထွားထွားကြိုင်းကြိုင်းလူက ခါးစည်းကို ၀တ်ဆင်ထားပြီး ပိန်ပိန်သေးသေးတစ်ယောက်က ဒယ်အိုးတစ်လုံးကို ကျောပိုးထားလေသည်။
“ဒီကောင်တွေက ဘယ်ကရောက်လာတာလဲ ပြသနာလာရှာတာလား….”
“မင်းတို့က ဘယ်သူတွေလဲ….” ပုဖန်က မေးလိုက်သည်။
အားလွေ၏ ဆူပူခြင်းကို ခံလိုက်ရသောကြောင့် အားလုက သူ၏လျှာကို ပြန်သိမ်းထားလိုက်သော်လည်း နှာခေါင်းတစ်ရှုံ့ရှုံ့နှင့် မွှေးရနံ့များက ရှူရှိုက်နေလေသည်။ အားလွေက ပုဖန်ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ အကဲခတ်လိုက်ပြီး မယုံသင်္ကာဟန်နှင့် ပြောဆိုလိုက်သည်။
“ဒိဟင်းပွဲကို မင်းချက်တာလား…”
“အင်း…”
ပုဖန်က ဂရုမထားဟန်နှင့် ခေါင်းညိမ့်လိုက်သည်။
ဟင်းပွဲ၏ ရနံ့က မွှေးပျံ့လွန်းလှသောကြောင့် သေသေချာချာ မဆန်းစစ်ထားသော်လည်း အကောင်းဆုံးဟင်းတစ်ခွက် ဖြစ်ကြောင်းပြောနိုင်ပေသည်။
ထို့ကြောင့် သူ့ရှေ့မှ လူငယ်လေးက ထိုဟင်းကို ချက်ပြုတ်သော စားဖိုမှုးမဖြစ်နိုင်ပေ။ အားလွေက မယုံသင်္ကာနှင့် ခေါင်းယမ်းလိုက်သည်။ သူ၏ ဟင်းချက်စွမ်းရည်ကို အလွန်ယုံကြည်ပြီး အဖိုးအို၏ သင်ပြခြင်းကို ခံယူပြီးနောက် ပို၍ တိုးတက်လာခဲ့သည်။ သာမာန်စားဖိုမှုးတစ်ယောက်က သူ့ထက် သာနိုင်မည်ဟု မယုံကြည်ထားချေ။
“ငါမင်းကိုမယုံဘူး … မင်းလိမ်နေတာပဲ ဖြစ်ရမယ်… စားဖိုမှုးအစစ်ကို သွားခေါ်ခဲ့…” အားလွေက ပြောလိုက်သည်။
ပုဖန်က တခဏမျှ ကြောင်အသွားပြီး အရူးတစ်ယောက်ကို မြင်နေသကဲ့သို့ အားလွေကို ပြန်ကြည့်လိုက်သည်။
“စားဖိုမှုးအစစ်… ဘယ်က စားဖိုမှုးအစစ်ကို သွားခေါ်ရမှာလဲ.. ငါက မင်းရှေ့မှာရပ်နေတာကို ဘယ်သူ့ကို ရှာချင်နေတာလဲ…” ပုဖန်က တွေးလိုက်ပြီး အရူးများကို ကြည့်သည့် မျက်လုံးမျိုးနှင့် သူတို့ကို ကြည့်လိုက်ပြီး ဆိုင်အတွင်းသို့ လှည့်၀င်သွားလေသည်။
ပုဖန်က သူ့ကို ပြန်မပြောပဲ ဆိုင်ထဲသို့၀င်သွားသောကြောင့် အားလွေက မျက်မှောင်ကြုံ့လိုက်ပြီး ကိုယ့်ကိုကိုယ် ပြန်မေးလိုက်မိသည်။
“ငါအမှားတစ်ခုခုများ လုပ်လိုက်မိတာလား…”
“အားလု… သွားမယ်. ဆိုင်ထဲကို ၀င်ကြည့်ရအောင်….. ငါတို့အင်ပါယာမြို့တော်ကို ရောက်တာနဲ့ ဒီလို စိတ်၀င်စားစရာကောင်းတဲ့ ဆိုင်နဲ့ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး…” အားလွေက သူ၏ မေးချွန်ချွန်ကို ပင့်လိုက်ပြီး ခပ်ရေးရေးပြုံး၍ ပြောလိုက်လေသည်။
သို့သော် အချိန်အနည်းငယ် ကြာသည်အထိ အားလုထံမှ တုံ့ပြန်သံ မကြားသောကြောင့် လှည့်ကြည့်လိုက်လေသည်။ အိတ်ထဲမှ ကြက်ပေါင်ကို ထုတ်၍ ခွေးနက်ကြီးထံသို့ တစ်ဖြည်းဖြည်းချင်းလှမ်းသွားသော အားလုကို တွေ့လိုက်ရလေသည်။
“ချစ်ဖို့ကောင်းတဲ့ ခွေးလေး… ငါ့ရဲ့ ကြက်ပေါင်နှစ်ချောင်းနဲ့ မင်းရဲ့ ၀က်နံရိုးချိုချဉ်ကြော် နည်းနည်းနဲ့ လဲမယ်လေ… နှစ်ခုက မလုံလောက်သေးဘူးလား… ဒါဆို သုံးခု… ဒါမှမဟုတ်.. လေးခု…”
အားလုက အသားစားရသည်ကို အလွန်နှစ်သက်ပြီး သူက အမြဲလိုလို အသားများကို စားသောက်နေတတ်သောကြောင့် ၀က်နံရိုးကြော်၏ မွှေးရနံ့ကို တောင့်မခံနိုင်တော့ပေ။
“မင်း… ဘာအရေးမပါတာတွေ လုပ်နေတာလဲ… အခုချက်ချင်း ဒီကို ပြန်လာခဲ့…” အားလွေက ဒေါသပေါက်ကွဲသွားပြီး အော်ဟစ်လိုက်လေသည်။ အားလွေ၏ အော်သံကြောင့် အားလုက ဘာမှ မတတ်နိုင်တော့ပဲ တွန့်ဆုတ်တွန့်ဆုတ်နှင့် ဆိုင်ထဲသို့ ၀င်လာခဲ့သည်။
ဆိုင်ထဲတွင် အလွန်နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသောကြောင့် ဆိုင်၏အပြင်အဆင်ကို သဘောကျသွားကြသည်။ အထူးသဖြင့် အစက်အပျောက်ပင် မရှိအောင် ဆိုင်က သန့်ရှင်းသပ်ရပ်နေသောကြောင့် သူတိုက စိတ်ပျော်ရွှင်သွားကြသည်။
အားလုက လက်ထဲမှ ကြက်ပေါင်လေးခုကို ပါးစပ်ထဲထည့်၍ ဝါးစားလိုက်ပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်လေသည်။
“အစ်… အစ်ကိုကြီး မင်းရဲ့နောက်က မီနူးကိုကြည့်လိုက်ပါဦး…”
အားဝေ့ကလှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများပင် ပြူးကျယ်သွားပြီး ထခုန်မိမတက်ပင် ဖြစ်သွားလေသည်။
“ဘုရားရေ… ဒီဆိုင်က တစ်ကယ့်ကို လူလိမ်ဆိုင်ပဲ… ငါတို့ဆိုင်ထက်တောင် ခေါင်းပုံဖြတ်နေသေးတယ်…”
သူတို့၏ စားသောက်ဆိုင်ကို မြေရိုင်းလွင်ပြင်၏ ၀င်ပေါက်ဖြစ်သော ချန်းယန်ကျန့်တွင် ဖွင့်လှစ်ထားပြီး ဟင်းပွဲများ၏ စျေးနှုန်းက အလွန်မြင့်မားလှပေသည်။ စျေးကြီးရသော အကြောင်းပြချက် ကောင်းကောင်းလည်း ရှိပေသည်။ ဟင်းပွဲများတွင် ပါ၀င်သော ပါ၀င်ပစ္စည်းများ အားလုံးကို မြေရိုင်းလွင်ပြင်မှ ရရှိပြီး ဝိဥာဉ်စွမ်းအင်များကိုလည်း ထိန်းသိမ်းထားလေသည်။
ဟင်းပွဲများ၏ အရသာက ကောင်းမွန်ပြီး သိုင်းသမားများ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း အကျိုးသက်ရောက်စေလေသည်။ ထို့ကြောင့် ဟင်းပွဲများ၏ စျေးနှုန်းက ကြီးမြင့်နေရခြင်း ဖြစ်သည်။ သို့သော် ဤဆိုင်မှ ဟင်းပွဲများ၏ စျေးကြီးနေရသော အကြောင်းကို သူတို့က နားမလည်ချေ။ ဤဆိုင်ပိုင်ရှင်ကလည်း ပါ၀င်ပစ္စည်းများကို မြေရိုင်းလွင်ပြင်ဒေသသို့ သွားရောက်ရှာဖွေထားခြင်းလည်း ဖြစ်နိုင်ပေသည်။
ထို့သို့ဆိုလျင်ပင် ဟင်းပွဲများ၏ စျေးနှုန်းများက ကြီးမြင့်နေဆဲပင် ဖြစ်သည်။ သူတို့၏ဆိုင်တွင်လည်း သလင်းကျောက်ဖြင့် ရောင်းချသော ဟင်းပွဲများ ရှိပြီး အနည်းစုသာ ဖြစ်သည်။ ဤဆိုင်တွင် ဟင်းပွဲများ အားလုံးနီးပါးကို သလင်းကျောက်နှင့် ရောင်းချခြင်း ဖြစ်သည်။
“ဆိုင်ရှင်ဘယ်မှာလဲ… ငါစားစရာမှာမလို့…” အားလွေက အော်ပြောလိုက်သည်။
ပုဖန်က မီးဖိုချောင်အတွင်းမှ တစ်ဖြည်းဖြည်းချင်း လျှောက်ထွက်လာပြီး ဒေါသထွက်နေဟန်ရသော အားလွေ၏ မျက်နှာကို သေချာစွာကြည့်၍ ခပ်တည်တည် ပြောလိုက်လေသည်။
“မင်းတို့စားစရာမှာမလို့လား… ဘာမှာမှာလဲ ….”
“အကိုကြီး ငါတို့ ၀က်နံရိုးချိုချဉ်ကြော်ပဲမှာရအောင်… ငါ အဲဒီဟင်းပွဲကို တစ်ကယ်စားချင်နေတယ်….” အားလုက ၀င်ပြောလိုက်လေသည်။
“အစားစားနေတုန်း စကားမပြောနဲ့…”
အားလွေက အားလုကို အကြည့်စူးစူးနှင့် ကြည့်လိုက်လေသည်။ အားလု၏ အကြံပြုချက်ကို သူက လက်ခံလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် သူက အချိန်မှီ ပြန်ထိန်းလိုက်ပြီး ပုဖန်ကို ပြောလိုက်သည်။
“ငါတို့ကို ဥထမင်းကြော်နှစ်ပွဲပေး…”
“စားဖိုမှုးတစ်ယောက်ရဲ့ စွမ်းရည်ကို ရိုးရိုးဟင်းပွဲနဲ့ပဲ ဆုံးဖြတ်နိုင်တယ်… ပြီးတော့ ၀က်နံရိုးချိုချဉ်ကြော်က အရမ်းကို စျေးကြီးလွန်းတယ်… အရသာက မကောင်းဘူးဆိုရင် ငါတို့ ပိုက်ဆံတွေ အလကားဖြစ်သွားလိမ့်မယ်….” အားလွေက တွေးလိုက်လေသည်။
ညီအကိုနှစ်ယောက်က စားပွဲခုံတစ်ခုတွင် ၀င်ထိုင်လိုက်ကြသည်။ ဆိုင်အတွင်းမှ အပြင်အဆင်များက အပြင်ဘက်နှင့် ကွာခြားနေပြီး နွေးထွေးမှုကို ခံစားရလေသည်။ ဆိုင်တွင် သုံးထားသော ပစ္စည်းများက ဇိမ်ခံပစ္စည်းများ မဟုတ်ပဲ ရိုးရိုးအသုံးအဆောင်များသာ ဖြစ်သည်။
“အကိုကြီး… လူတိုင်းက နွေဦးပွဲတော်မှာ အစားကောင်းတွေ စားနေကြတာကို ငါတို့က ဒီနေရာမှာ ဥထမင်းကြော်စားနေရတာလား… ငါတို့က ဘာလို့ ၀က်နံရိုးချိုချဉ်ကြော်ကို မမှာတာလဲ… ဒါမှမဟုတ်ရင်တောင် အနီရောင်အသားနှပ်ကို မှာလို့ရတယ်လေ…” အားလုက လက်ထဲမှ ကြက်ပေါင်ကို စားလိုက်ပြီး ပြောလိုက်သည်။
“မင်းပိုက်ဆံအိတ်ထဲမှာ ထည့်ထားတဲ့ သလင်းကျောက်တွေကို ဒီဆိုင်ကို လှူချင်နေတာလား… ရူးများနေတာလား…” အားလွေက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“ငါအသားမစားရတော့ဘူးပေါ့… အရမ်း၀မ်းနဲဖို့ကောင်းတာပဲ…” အားလု၏ မျက်နှာက စိတ်ပျက်လက်ပျက်ဖြစ်နေပြီး တီးတိုးရေရွတ်လိုက်လေသည်။
ထို့နောက် သူ၏ အိတ်ကပ်အတွင်းမှ ကြက်ပေါင်နှစ်ချောင်းကို ထုတ်လိုက်ပြီး ပါးစပ်ထဲထည့်၍ တဂျွတ်ဂျွတ် မြည်အောင် ဝါးစားလိုက်လေသည်။ ထိုအချိန်တွင် မွှေးပျံ့သော ရနံ့တစ်ခုက သူ၏ နှာခေါင်းပေါက်အတွင်း ၀င်လာသောကြောင့် အသံကျယ်ကျယ်နှင့် စားနေသည်ကို ရပ်လိုက်ပြီး မီးဖိူခန်းဘက်သို လှမ်းကြည့်လိုက်သည်။
ပိန်ပါးသော ပုံရိပ်လေးတစ်ခုက အငွေ့တစ်ထောင်းထောင်းထနေသော ထမင်းကြော်ပန်ကန် နှစ်ခုကို ကိုင်၍ လျှောက်ထွက်လာလေသည်။