အပိုင်း ၁၄၇
Viewers 62k

အခန်း ၁၄၇ “မိသားစုတစ်ရာ ပွဲတော်အတွက် ပြင်ဆင်ခြင်း”


“ဒီမွှေးရနံ့…”


အားလုက သူ့ပါးစပ်ထဲမှ ကြက်ကြော်ကို တစ်လုပ်တည်း မျိုချလိုက်ပြီး ပုဖန်လက်ထဲမှ ထမင်းကြော်ပန်းကန်ကို မျက်စိမလွဲတမ်း စိုက်ကြည့်နေလေသည်။ ဥထမင်ကြော်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး မျက်စိမလွှဲနိုင်အောင်ပင် ဆွဲဆောင်နေလေသည်။


ပုဖန်က ထမင်းကြော်ကပန်းကန်ကို သူတို့ရှေ့သို့ ချပေးလိုက်သည်နှင့် အားလုက ဇွန်းကို ကောက်ကိုင်လိုက်ပြီး အလေတကြီး စားသောက်လေတော့သည်။ လေထဲတွင် ပျံ့နှံ့နေသော ထမင်းကြော်၏ မွှေရနံ့များက စားချင်စိတ်ကို လှုံ့ဆော်နေသောကြောင့် အားလုက သူ၏ အမူအယာကို မထိန်းသိမ်းနိုင်တော့ချေ။ 


မကျက်တကျက် ဥအနှစ်လေးများ ဖုံးလွှမ်းနေသော ထမင်းကြော်တစ်ဇွန်းက သူ့ပါးစပ်ထဲ ရောက်သွားသည်နှင့် မွှေးရနံ့နှင့် အရသာက အာရုံများကို ပိတ်ဆို့လိုက်သကဲ့သို့ အားလု၏ စဉ်းစားဆင်ခြင်မှုများပင် ပျောက်ဆုံးသွားလေသည်။ 


“အင်း… ကောင်းလိုက်တာ…” အားလုက ထုတ်ဖော်ချီးမွန်းလိုက်မိသည်။


အားလု၏ မျက်နှာပေါ်မှ အဆီများဖြင့် ဖုံးအုပ်နေသော မျက်စိမှေးမှေးလေးများက ပြူးကျယ်ဝိုင်းစက်နေပြီး ပါးစပ်ထဲမှ ထမင်းကြော်ကို မျိုချလိုက်သည်။ ထို့နောက် အံ့သြတကြီး အသံနှင့် အားလွေကို ပြောလိုက်လေသည်။ 


“အကိုကြီး… ဒီထမင်းကြော်က တကယ်ကိုပဲ အရသာရှိလွန်းတယ်…” 


“ဒီထမင်းကြော်မှာ သုံးထားတဲ့ဥက အဆင့်ခုနစ် မိုးကြိုးမုန်တိုင်း ငှက်ဥပဲ…. ပြီးတော့ ဆန်ရဲ့ အရည်အသွေးကလဲ အရမ်းကောင်းလွန်းတယ်… အဖိုးကြီးကိုယ်တိုင် စိုက်ထားတဲ့ စွမ်းအင်ပြည့်၀တဲ့ ဆန်အောက်ကို နည်းနည်းလေးတောင် မလျော့ဘူး…” 


“ပြီးတော့ အပူချိန်ကို ထိန်းချုပ်နိုင်စွမ်းက အရမ်းမြင့်မားလွန်းတယ်… ဥရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ကျက်နေပြီး ပါးစပ်ထဲရောက်တာနဲ့ ပျော်၀င်သွားနိုင်တဲ့ အခြေအနေနဲ့ ကွက်တိပဲ…” 


“ဒီလိုထိန်းချုပ်နိုင်ဖို့ တိကျတဲ့ ကျွမ်းကျင်မှုလိုအပ်တယ်… ဒီတော့ ခြုံပြီးပြောရမယ်ဆိုရင် ဒီထမင်းကြော်က အရမ်းကို အရသာရှိတယ်…” 


အားလုက အသံကျယ်ကျယ်နှင့် ပြောဆိုလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ဥထမင်ေးကြာ်ကို ရန်သူတစ်ယောက်ကဲ့သို့ နှိမ်နင်းလေတော့သည်။ 


ပုဖန်က အနည်းငယ် အံ့အားသင့် တုန်လှုပ်သွားပြီး ဥထမင်းကြော်ကို အလောတကြီး စားသောက်နေသော ဖက်တီးကို ကြည့်လိုက်လေသည်။ ထိုသူက တစ်ဇွန်းမျှ စားလိုက်ရုံနှင့် ထမင်းကြော်၏ ချက်ပြုတ်နည်းကို ပြောနိုင်သည့်အပြင် ပါ၀င်ပစ္စည်းများကိုပင် သိနေလေသည်။


ဤအချက်ကို ကြည့်လိုက်သည်နှင့် ထိုသူက စားဖိုမှုးတစ်ယောက် ဖြစ်ပြီး သာမာန်မဟုတ်သည်ကို သိနိုင်လေသည်။ အားလွေက အားလု၏ အမူအယာကို ကြည့်၍ အလွန်အံ့အားသင့်သွားလေသည်။ သူ၏ညီက အသားမပါသော ဟင်းများကို အလွန်ဇီဇာကြောင်တတ်ပြီး အသားကို ကြိုက်နှစ်သက်လွန်းသောကြောင့် အသားမပါလျှင် လှည့်ကြည့်ခြင်းပင် မရှိ်ချေ။ 


အားလွေက အားလုကဲ့သို့ အမူအယာ မပျက်ပဲ ထမင်းကြော်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီးမှ ဇွန်းကို ကောက်ကိုင်လိုက်သည်။ ထမင်းကြော်၏ အရသာက သူမျှော်လင့်ထားသည်ထက် ပို၍ ကောင်းမွန်နေသောကြောင့် အားလွေက မျက်ခုံးပင့်လိုက်မိသည်။ အဓိကအချက်မှာ အရသာကောင်းမွန်ခြင်းမဟုတ်ပဲ ဥထမင်းကြော်ထဲတွင် ပါ၀င်နေသော မြောက်များလှသည့် စွမ်းအင်များကြောင့် ဖြစ်သည်။


“ဘာကြောင့် ဒီဥထမင်းကြော်ထဲမှာ ဝိဥာဉ်စွမ်းအင် အများကြီး ပါနေတာလဲ… ဒါက လုံး၀ကို ယုတ္တိမရှိဘူး…” အားလွေက တွေးတောလိုက်ပြီး အားလု၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ဟင့်ပွဲအချို့ကို ထပ်မှာလိုက်သည်။ ပုဖန်၏ ဟင်းပွဲအချို့ကို မှာယူစားသောက်ပြီးနောက် စျေးကြီးရသည့် အကြောင်းရင်းကို အားလွေက နားလည်သွားပြီဖြစ်သည်။


ဟင်းပွဲတိုင်းတွင် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေပြီး ပမာဏကလဲ အားလွေ မျှော်လင့်ထားသည်ထက်ပင် များပြားနေလေသည်။ သူတို့ဆိုင်မှ ဟင်းပွဲများထက်ပင် ပိုမိုများပြားနေလေသည်။ 


“နောက်တစ်ခေါက်လာဖို့အတွက် ဖိတ်ခေါ်ပါတယ်…” ပုဖန်က သလင်းကျောက်များကို သိမ်းဆည်းလိုက်ပြီး ပြောဆိုလိုက်လေသည်။


ညီအကိုနှစ်ယောက်က ဆိုင်မှ ထွက်ခွာသွားပြီး နှင်းများ ဖုံးလွှမ်းနေသော အပြင်ဘက်သို့ တိုး၀င်ပျောက်ကွယ်သွားလေတော့သည်။ အားလုက ကြက်ပေါင်ကြော် စားနေသည်ကို ရပ်တန့်လိုက်ပြီး သူ၏ အမူအယာက လေးနက်တည်ကြည်နေလေသည်။ 


သူတို့စားခဲ့သော ဟင်းပွဲများ၏ အဆင့်အရ ထိုဆိုင်ရှင်သာ မိသားစုပြိုင်ပွဲတွင် ၀င်ပြိုင်ခဲ့ပါက ပထမနေရာက သူတို့အတွက် မမျှော်လင့်နိုင်တော့ချေ။ ပုဖန်ထံမှ ရရှိလာသော ဖိအားက သူတို့အတွက် ကြီးမားလှပေသည်။ 


“ဒါကြောင့် အဖိုးကြီးက ဒီကမ္ဘာကြီးထဲမှာ မရေမတွက်နိုင်လောက်တဲ့ ပါရမီရှင်တွေ ရှိတယ်လို့ ပြောတာကို.. အခု ငါတို့ အင်ပါယာမြို့တော်ကို ရောက်တယ်ဆိုရုံပဲ ရှိသေးတယ် ငါတို့ရဲ့ ပထမနေရာက ပျောက်သွားပြီ…” အားလွေက တွေးတောနေမိသည်။


“အကိုကြီး ငါတို့သာ ဒီဆိုင်ရှင်နဲ့ ပြိုင်ရမယ်ဆိုရင် ရှုံးမှာ သေချာတယ်…” အားလုက ယုံကြည်မှု ပျောက်ဆုံးနေဟန်နှင့် စိတ်ဓာတ်ကျစွာ ပြောလိုက်လေသည်။


အားလွေက လမ်းလျောက်နေရာမှ ရပ်တန့်လိုက်ပြီး သူ၏မေးစိချွန်ချွန်ကို ပွတ်သပ်၍ ပြန်ပြောလိုက်သည်။ 


“ဒါကြောင့်ငါတို့ ပိုပြီး ကြိုးစားရတော့မယ်… အရင်ကတော့ ပထမနေရာကို ငါတို့က လွယ်လွယ်နဲ့ရမယ်လို့ထင်ထားတာ… အခုအဲလိုမဟုတ်ဘူးဆိုတာ သိလိုက်ရပြီလေ…” 


အားလွေက နောက်ကျောတွင် ပိုးထားသည့် ကြီးမားလှသော အနက်ရောင်ဒယ်အိုးကို မြေပေါ်သို ပစ်ချလိုက်သည်။ သူက ခါးကို မတ်မတ်ထားလိုက်ပြီး ပြောလိုက်သည်။


“ငါတို့အကောင်းဆုံး ကြိုးစားရမယ်… ငါတို့ကပထမနေရာကို လိုချင်တယ်ဆိုရင် အရည်အချင်းတွေ အကုန်လုံးကို ထုတ်ပြဖို့ လိုလိမ့်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် ဒီဆိုင်ရှင်ကို ယှဉ်ပြိုင်နိုင်ဖို့ မဖြစ်နိုင်ဘူး….”


အားလွေ၏ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်ခြင်းကြောင့် အားလု၏ အမူအယာက တည်ငြိမ်လာပြီး ကြက်ပေါင်တစ်ချောင်းကို ပါးစပ်ထဲထည့်၍ ဝါးစားလိုက်သည်။ 


နွေဦးပွဲတော်၏ အငွေကအသက်က လေအလင်းအင်ပါယာ မြို့တော်တခွင်ကို လွှမ်းခြုံထားလေသည်။ မိသားစုတိုင်းက တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားခဲ့သောကြောင့် မိမိကိုယ်ကို ဂုဏ်ပြုသည့်အနေဖြင့် ကောင်းမွန်သောအစားအသောက်များကို စားသောက်ရန် ချက်ပြုတ်ပြင်ဆင်နေကြသည်။


ထိုအချိန်တွင် နက်နဲသော ကောင်းကင်ဘုံအတွင်း၌ မြေကွက်လပ်အတွင် ခုံများခင်း၍ မိသားစုတစ်ရာ စားသောက်ပွဲအတွက် ပြင်ဆင်နေကြသည်။ 


ဤပွဲတွင် စားဖိုမှုးများ၏ အရည်အချင်းကို စစ်ဆေးကြသော်လည်း မိသားစုတစ်ရာ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသော စားဖိုမှုးတိုင်းက မြို့ထဲတွင် ကျော်ကြားသော စားဖိုမှုများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ အချက်အပြုတ် စွမ်းရည်နှင့် ပတ်သတ်၍ စိုးရိမ်နေခြင်းမရှိကြပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိကြလေသည်။


စားဖိုမှုးတစ်ဦးဆီတိုင်း၏ ချက်ပြုတ်မည့် ဟင်းလျာများက မတူညီကြသောကြောင့် ပွဲပြင်ဆင်သူများက မတူညီသော ပါ၀င်ပစ္စည်း အမျိုးမျိုးကို ပြင်ဆင်ထားကြသည်။ 


နွေဦးပွဲတော်နေ့ဖြစ်သောကြောင့် ပုဖန်၏ ဆိုင်တွင် စားသုံးသူ အနည်းငယ်မျှသာ ရှိနေလေသည်။ ထို့ကြောင့် ပုဖန်က ဆိုင်ရှေ့တွင် ခုံတစ်လုံးကို ဆွဲထိုင်လိုက်ပြီး ရေနွေးတစ်ခွက်ကို သောက်နေလိုက်သည်။ ထိုအချိန်တွင် မိန်းမစိုးတစ်စုက သူ့ဆိုင်သို့ ရောက်ရှိလာသောကြောင့် ပုဖန်က အလုပ်များတော့မည်ဟု တွေးလိုက်မိသည်။


“ပိုင်ရှင်ပု … မင်းဘယ်လိုပါ၀င်ပစ္စည်းတွေ လိုအပ်လဲဆိုတာကို ငါသိပရစေ… မင်းလိုအပ်တဲ့ ပစ္စည်းတွေကို ပြောထားမှ ကြိုတင်ပြင်ဆင်ထားလို့ရမှာမို့ပါ…”  


မိန်းမစိုးငယ်တစ်ယောက်က တလေးတစား အမူအယာနှင့်ပြောလိုက်သည်။ သူက လျန်ဖု၏ လက်ထောက်ဖြစ်သောကြောင့် ပုဖန်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ရှင်းရှင်းလင်းလင်း သိနေလေသည်။ ထို့ကြောင့် အနည်းငယ်မျှပင် မောက်မာထောင်လွှားရဲခြင်း မရှိပေ။


ပုဖန်က အနည်းငယ် တွေဝေသွားလေသည်။ သူက မိသားစုတစ်ရာပွဲတော်တွင် ပါ၀င်ယှဉ်ပြိုင် ချက်ပြုတ်မည့် ဟင်းပွဲကို စဉ်းစားနေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ 


မိသားစုတစ်ရာ စားသောက်ပွဲဖြစ်သောကြောင့် ဟင်းပွဲ၏ ပမာဏက များပြားရန် လိုအပ်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မိသားစုအားလုံးကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်မဟုတ်ချေ။ ဟင်းပွဲ၏ အရသာနှင့် ပမာဏကို သေချာစွာ ရွေးချယ်ရန် လိုအပ်ပေသည်။ ထိုပွဲကို တက်ရောက်ကြမည့် လူများက အင်ပါယာမြို့တော်အတွင်းမှ သာမာန်ပြည်သူများ ဖြစ်ပြီး အများစုက ကျင့်ကြံနိုင်ခြင်း မရှိကြပေ။ 


ပုဖန်က အဆင့်မြင့်ပါ၀င်ပစ္စည်းများကို သုံး၍ စွမ်းအင်အမြောက်အများ ပါ၀င်သော ဟင်းပွဲကို ချက်ပြုတ်မည်ဆိုပါက ဟင်းပွဲ၏ အရည်အသွေးကို အာမခံနိုင်သော်လည်း အများစုက ကျင့်ကြံခြင်း ကန့်သတ်မှုကြောင့် စားနိုင်ကြမည်မဟုတ်ချေ။ ထိုကြောင့် စွမ်းအင်ပါ၀င်သော ဟင်းပွဲကို ရွေးချယ်ခြင်းက အကျိုးမရှိနိုင်ပေ။


ပုဖန်က အချက်များစွာဖြင့် တွေးတောနေပြီးနောက် ဟင်းပွဲတစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် မိန်းမစိုးကို ကြည့်၍ ပြောလိုက်သည်။


“ကျေးဇူးပြုပြီး ဒီပါ၀င်ပစ္စည်းတွေကို ပြင်ဆင်ထားပေးပါ…”