အပိုင်း ၁၄၈
Viewers 53k

အခန်း ၁၄၈ “ငါ့ကြောင့် စိတ်မပျော်ရွှင်ဘူးဆိုရင် ငါ့ကို လာရှာခိုင်းလိုက်”


“မင်းလိုအပ်တာ ဒါပဲ ဆိုတာ သေချာရဲ့လား….”


မိန်းမစိုးငယ်က ပုဖန်ပေးသော ပါ၀င်ပစ္စည်းစာရင်ကို ကြည့်၍ ဆွံ့အမှင်သက်နေလေသည်။ သူ၏ ကလေးဆန်သော မျက်နှာလေးပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။


“ဟုတ်တယ်… ဒါကို အဆင်သင့်လုပ်ထားပေ… ငါမနက်ဖြန် အစောကြီးလာခဲ့မယ်…” ပုဖန်ကတည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်သည်။


“ပိုင်ရှင်ပုက မနက်ဖြန်မှ လာမှာလား … ဘာလို့ဒီညထဲက မသွားတာလဲ… အင်ပါယာမြိုကထဲက နံမည်ကြီး စားဖိုမှုးတွေ အကုန်လုံး ရောက်နေကြပြီ… မင်းရဲ့ ဟင်းချက်စွမ်းရည်နဲ့ဆိုရင် အကုန်လုံးရဲ့ ချီးမွန်းမှုကို ခံရမှာ အသေအချာပဲ…”


“မသွားဘူး… ငါမနက်ဖြန် မနက်မှ နက်နဲသောကောင်းကင်ဘုံကို လာခဲ့မယ်… ငါလိုအပ်တဲ့ ပစ္စည်းတွေကိုသာ အဆင်သင့်ရအောင် လုပ်ထားပေးပါ…” ပုဖန်က မိန်းမစိုးကို ခပ်တည်တည်ကြည့်လိုက်ပြီး ခေါင်းခါရမ်း၍ ပြောလိုက်သည်။


“ဒါ… ဒါဆိုရင် နံမည်ကြီး စားဖိုမှုးတွေကိုရော သူတို့က ဆိုင်ရှင်ပုနဲ့ ရင်းနှီးချင်နေကြတာ.. တကယ်လို့ မသွားဘူးဆိုရင် သူတို့ကို စော်ကားရာ ရောက်နေမှာပေါ့…” မိန်းမစိုးငယ်က ပုဖန်ကို ထပ်မံတိုက်တွန်းလိုက်သည်။


ပုဖန်၏ အမူအယာက ရုတ်တရက် ပြုံးဖြဲဖြဲဖြစ်သွားပြီး မိန်းမစိုးငယ်၏ ပခုံးကို ခပ်ဖွဖွပုတ်၍ ပြောလိုက်သည်။


“သူတို့ကိုပြောလိုက်.. တစ်ကယ်လို့ တစ်ယောက်ယောက်က ငါ့ကြောင့် မပျော်ရဘူးဆိုရင် ငါ့ကို လာရှာလိုက်… အချိန်မရွေးပဲလို့….”


“ဘယ်… ဘယ်လိုတောင် အံ့အားသင့်ဖို့ကောင်းတဲ့ အတွေးအခေါ်လဲ… ကြားထားတဲ့ ကောလဟာလတွေအတိုင်း နံမည်ပျက်စားသောက်ဆိုင် ပိုင်ရှင်က တကယ့်ကို ထူးဆန်းတာပဲ… အဲဒီမှာရှိနေတဲ့ နံမည်ကျော်စားဖိုမှုးတွေ အကုန်လုံးက ကြီးကျယ်မြင့်မြတ်တဲ့ သူတွေကြီးပဲလေ….”


“သူတို့ အရေးပေးတာကို ခံရတာက ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲ.. သူက သူ့ရဲ့ကံကောင်းမှုကို သူပုတ်ချလိုက်တာပဲ…” မိန်းမစိုးငယ်လေးက တွေးတောလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။


သူက ပုဖန်၏ ပြောင်းလဲသွားတော့မည့် ကံကြမာကို ကြိုမြင်လိုက်သကဲ့သို့ သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး အင်ပါယာနန်းတော်ကို ပြန်လည်သတင်းပို့ရန် ထွက်ခွာသွားလေသည်။


ပုဖန်က မိန်းမစိုး၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး လက်ထဲမှ ရေနွေးခွက်ကို လက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်၍ တစ်ငုံသောက်လိုက်လေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တိုက်ခိုက်ရေးစွမ်းရည် မရှိလျင်ပင် အခြားသူများက အလွယ်တကူ အနိုင်ကျင့်နိုင်တော့မည်မဟုတ်ချေ။ ထိုသို့သော ပြိုင်ပွဲများကို ပုဖန်က စိတ်၀င်စားခြင်းမရှိပဲ ဟင်းပွဲများကိုသာ အေးအေးချမ်းချမ်း ချက်ပြုတ်ခြင်ပေသည်။


အင်ပါယာမြိုကတော်အတွင်းရှိ ဇိမ်ခံတည်းခိုခန်းတစ်ခုတွင် နွေဦးပွဲတော် ဖြစ်သော်လည်း လူများ ပြည့်ကျပ်နေပေသည်။ အင်ပါယာနယ်စပ်တစ်လျောက်ရှိ နယ်မြေများမှ လာသော စားဖိုမှုးများ တည်ခိုနိုင်ရန် အင်ပါယာက ထောက်ပံ့ပေးထားသောကြောင့် ဖြစ်သည်။


တည်းခိုခန်းအတွင်းရှိ ဧည့်ဆောင်နေရာတွင် အသွင်သဏ္ဍာန် အမျိုးမျိုးရှိသော အမျိုးသာ အမျိုးသမီးများက တစ်ဥိးနှင့်တစ်ဦး နှုတ်ဆက်ပြောဆိုနေကြသည်။ ထိုလူများက အင်ပါယာနန်းတော်မှ ဖိတ်ကြားခြင်းခံရသော လူများဖြစ်ကြပြီး မိသားစုတစ်ရာပွဲတော်အတွက် လာရောက်ကြခြင်း ဖြစ်သည်။


သူတို့တစ်ဥိးခြင်းဆီက သူတို့၏ မြို့များတွင် နံမည်ကြီး ကျော်ကြားကြသူများ ဖြစ်ကြပြီး ဟင်းချက်စွမ်းရည်ကလဲ ကောင်းမွန်ကြသည်။ ထိုစားဖိုမှုးများက တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ ပြုံးပြနှုတ်ဆက်နေကြသည်။ သူတို့က တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြခြင်းမရှိပဲ အကြောင်းတိုက်ဆိုင်စွာ ဆုံတွေ့ကြရသောကြောင့် ရင်းနှီးထားပါက အနာဂတ်တွင် အကူအညီ ရနိုင်ပေသည်။


များပြားသော စားဖိုမှုးများက စားဖိုမှုးအနည်းငယ်ကို ဝိုင်း၍ ရပ်နေကြသည်ကိုလည်း တွေ့ရပေသည်။ ထိုအနည်းငယ်သော စားဖိုမှုးများက သူတို့လက်ထဲမှ ဝိုင်ခွက်ကို မြှောက်၍ ၀င်လာသမျှသော စားဖိုမှုးများကို နွေးထွေးစွာ ကြိုဆိုနေကြသည်။ အခြားသူများ၏ အမူအယာကို ကြည့်လိုက်ရုံနှင့်ပင် ထိုလူအနည်းငယ်ကို မည်မျှ ရိုသေလေးစားကြောင်း တွေ့နိုင်ပေသည်။


ထိုသူများက ဧက္ကရာဇ်ချန်းဖန်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားသော တော်၀င်စားဖိုဆောင်မှ အကြီးအကဲများ ဖြစ်ကြသောကြောင့် ပွဲကို ဦးစည်းမည့် သူများ ဖြစ်ကြလေသည်။


“စားဖိုမှုးဂျင်… ငါတို့မျှော်လင့်ထားတဲ့အတိုင်းပဲ နံမည်ပျက်စားသောက်ဆိုင် ပိုင်ရှင်က ပေါ်မလာဘူး…”


မျက်နှာပြည့်ပြည့်နှင့် အနည်းငယ်ဝသော သက်လတ်ပိုင်အတွက် စားဖိုမှုးတစ်ယောက် လက်ထဲမှ ဝိုင်ခွက်ကို မြှောက်၍ သူ့ထက် အနည်းငယ် ငယ်ပုံရသော စားဖိုမှုးတစ်ယောက်ကို ပြောလိုက်သည်။ သူ၏ မျက်နှာက ပြုံးယောင်သမ်းနေသော်လည်း မျက်လုံးထဲတွင် အထင်အမြင် သေးမှုများနှင့် ပြည့်နှက်နေလေသည်။


ကတုံးပြောင်ပြောင်နှင့် စားဖိုမှုးဂျင်က ဘာမှပြန်မပြောပဲ ထိုသူကို ကြည့်၍ ခပ်ရေးရေး ပြုံးပြလိုက်သည်။ နံမည်ပျက်စားသောက်ဆိုင်ပိုင်ရှင် ပုဖန်၏ အမည်ကို အင်ပါယာမြို့တော်အတွင်းမှ စားဖိုမှုးတိုင်းက ရင်းနှီးနေကြပြီး တော်၀င်စားဖိုမှုးများက ပို၍ ရင်းနှီးပေသည်။ဧကရာဇ်၏ နောက်ဆုံးနေ့ရက်များအတွင်းတွင် ပုဖန်၏ အမည်က သူတို့အတွက် အိမ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။


နတ်ရွာစံသွားသော ဧကရာဇ်မင်းမြတ်က ပုဖန်၏ ဆိုင်သို့ အလည်သွားပြီးနောက် သူအရသာတွေ့ရန် ချက်ပြုတ်ရခြင်းက ပို၍ ခက်ခဲလာခဲ့သည်။ နန်းတော်မှ တော်၀င်စားဖိုမှုးများ ချက်ပြုတ်သော ဟင်းလျာများကို မကြိုက်သောကြောင့် နေ့တိုင်းလိုလိုပင် တော်၀င်စားဖိုမှုးများက ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ ထိုနေ့များက တော်၀င်စားဖိုမှုးများအတွက် အိမ်မက်ဆိုးမက်ရသော နေ့များဖြစ်ခဲ့ပြီး ဧကရာဇ်စိတ်ကျေနပ်သော ဟင်းများ ရရန်ကြိုးစားချက်ပြုတ်ကြရသည်။


“သူက ဧကရာဇ်ရဲ့ အကြိုက်ကို တိုက်တိုက်ဆိုင်ဆိုင် ချက်ပြုတ်မိတဲ့ ငယ်ရွယ်တဲ့ စားဖိုမှုးတစ်ယောက်ပဲလေ… သူ့ကိုသူ ထိပ်တန်းစားဖိုမှုးတစ်ယောက်လို့ ထင်နေတာလား… နှစ်ပေါင်းများစွာ အတွေ့အကြုံမရှိပဲနဲ့ ချက်ပြုတ်ခြင်းဆိုတာကို သိပါ့မလား…” ကတုံးပြောင်ပြောင်နှင့် စားဖိုမှုးဂျင်က လက်ထဲမှ ဝိုင်ခွက်ကို မော့သောက်လိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်လေသည်။


သူ့အနေနှင့် ဆိုပါက ပုဖန်က ဧကရာဇ်၏ ကောင်းသောအမြင်ကို ရရှိခဲ့သော ကံကောင်းသည့် စားဖိုမှုးတစ်ယောက်သာ ဖြစ်သည်။ အကယ်၍ ကွယ်လွန်သူ ဧကရာဇ်ကြောင့်သာ မဟုတ်လျင် ပုဖန်ကို သိသူရှိလိမ့်မည်မဟုတ်ချေ။ ပုဖန်က တော်၀င်စားဖိုဆောင်ကိုပင် ၀င်ခွင့်မရသေးသော သာမာန်စားဖိုမှုးတစ်ယောက်သာ ဖြစ်သည်။


“ပိုင်ရှင်ပုက မနက်ဖြန် မိသားစုတစ်ရာ စားသောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုတော့ ငါတို့က ဒီအခွင့်အရေးကို အသုံးချပြီး တကယ်ကောင်းမွန်တဲ့ အစားအသောက်က ဘာလဲ ဆိုတာကို သူ့ကို သင်ပြပေးရမယ်…” အခြားတော်၀င်စားဖိုမှုးတစ်ယောက်က ၀င်ပြောလိုက်သည်။


“သူဘာပစ္စည်းတွေ ပြင်ထားတယ်ဆိုတာကို ဘယ်သူသိလဲ… သူပြင်ဆင်ထားတာကို ကြည်ပြီးတော့ ဘာဟင်းချက်မလဲဆိုတာကို ငါတို့ ခန့်မှန်းလို့ရတယ်…” အခြားတစ်ယောက်က ၀င်ပြောလိုက်သည်။


ထိုစကားကို ကြားသောအခါ စားဖိုမှုးများ၏ မျက်လုံးများက တောက်ပလာကြသည်။ သို့သော် စားဖိုမှုးဂျင်က သူ၏ ခေါင်းပြောင်ပြောင်ကို ပွတ်၍ မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိ်ုက်သည်။


“ဘာကိုဂရုစိုက်ရမှာလဲ… မနက်ဖြန်ကျရင် ငါချက်မယ့် ဟင်းပွဲက ပိုင်ရှင်ပုရဲ့ ဟင်းပွဲကို အသာလေးကျော်ဖြတ်နိုင်မယ်ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်မှုရှိတယ်….”


စားဖိုမှုးဂျင်ပြောတာမှန်တယ်… မနက်ဖြန်ကျရင် ငါတို့လုပ်သင့်တာက ငါတို့ရဲ့ ရှုံးပွဲမရှိတဲ့ စွမ်းရည်ကို ထုတ်ပြရုံပဲ… စားဖိုမှုးတစ်ယောက်က ပြောလိုက်ပြီး သူတို့အားလုံးက ရယ်မောလိုက်ကြသည်း


အင်ပါယာမြို့တော်ထဲတွင် တော်၀င်စားဖိုဆောင်မှ စားဖိုမှုးများကို လူသိများကြပေသည်။ သာမာန်ပြည်သူများက သူတို့ကို အရသာရှိသော ဟင်းပွဲများနှင့် တွဲဖက်၍ မြင်တတ်ကြသည်။ သူတို့ ချက်ပြုတ်လိုက်သော ဟင်းပွဲတိုင်းက အလွန်အမင်း အရသာရှိပေသည်။


သူတို့၏ စွမ်းရည်ကို ထုတ်မပြပဲ အင်ပါယာစားဖိုဆောင်သို့ ၀င်ရောက်နိုင်မည်မဟုတ်ချေ။ လူသားများထဲတွင် ထိပ်တန်းမှ ရပ်တည်နေသော ဧကရာဇ်အတွက် ချက်ပြုတ်ပေးရသော စားဖိုမှုးများဖြစ်သောကြောင့် လူအများကြားတွင် ထူးခြားသင့်ပေသည်။


“သူက သာမာန်စားဖိုမှုးတစ်ယောက်ပဲလေ… ဘာကို ဂရုစိုက်နေရမှာလဲ …”


စားဖိုမှုးဂျင်က ယုံကြည်မှုရှိစွာပြောလိုက်လေသည်။ သူ၏ ယုံကြည်မှုများက နေရောင်အောက်မှ သူ၏ ခေါင်းပြောင်ပြောင်ကဲ့သို့ အလွန်တောက်ပနေလေသည်။


“စားဖိုမှုးဂျင် ပိုင်ရှင်ပုက ဂရုစိုက်စရာမလိုပါဘူး…. ဒါပေမယ့် ချင်းယန်ကျန့်က ညီအကိုနှစ်ယောက်ကိုတော့ မင်းသတိထားရလိမ့်မယ်…”


“မင်းကတော့ သူတို့ကို ကြားဖူးမှာမဟုတ်ဘူး… ဒါပေမယ့် သူတို့ပတ်၀န်းကျင်မှာတော့ နံမည်ကျော် စားဖိုမှုးတွေပဲ … သူတို့ရဲ့ ဟင်းပွဲတွေက ထူးခြားပြီး အရသာရှိလွန်းတယ်… သူတို့အသုံးပြုတဲ့ ပါ၀င်ပစ္စည်းတွေကလဲ ထူးခြားတယ်…” စားဖိုမှုးတစ်ယောက်က အလေးအနက် ပြောလိုက်လေသည်။


အခြားစားဖိုမှုးများကလဲ အသက်ပြင်းပြင် ရှူလိုက်မိကြသည်။ သူတို့၏ အမူအယာကို ကြည့်လိုက်သည်နှင့် ချင်းယန်ကျန့်မှ ညီအကိုနှစ်ယောက်အကြောင်း ကြားဖူးနေသည်မှာ ထင်ရှားလေသည်။


စားဖိုမှုးဂျင်က မျက်လုံးများကို မှိတ်၍ ပြန်ပြောလိုက်သည်။


“ဟမ့်… သူတို့အကြောင်းကို ငါကြားဖူးပါတယ်… သူတို့က တော်တော်လေးအရည်အချင်းရှိတယ်… ဒါပေမယ့် မိသားစုတစ်ရာ စားသောက်ပွဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေရဲ့အကြိုက်က မြေရိုင်းလွင်ပြင်နဲ့ တော်တော်လေး ကွာခြားကြတယ်… သူတို့အနိုင်ရဖို့တော့ အခွင့်အရေးနဲပါတယ်…”


ထိုစကားကို ကြားလိုက်သောအခါ စားဖိုမှုးများက စားဖိုမှုးဂျင်၏ ဟင်းချက်စွမ်းရည်ကို တစ်ယောက်ပြီးတစ်ယောက် ချီးမွန်းလိုက်ကြသည်။ ထို့နောက် သူတို့က ဝိုင်ကိုဆက်သောက်နေကြပြီး ပွဲက ပြီးဆုံးသွားလေသည်။


နောက်တစ်နေ့မနက် မိုးကုတ်စက်ဝိုင်းမှ ပထမဆုံး နေရောင်ခြည် ထွက်ပေါ်လာချိန်တွင် နက်နဲသော ကောင်းကင်ဘုံအတွင်းတွင် နောက်ဆုံးဝိုင်းကို ပြင်ဆင်နေကြပြီး ပြီးဆုံးခါနီးပြီဖြစ်သည်။ ဧည့်သည်များ စနစ်တကျ ၀င်ရောက်လာနိုင်ရန် အစောင့်များကို စနစ်တကျ နေရာချထားသည်။


စားသောက်ပွဲသို့ ဖိတ်ကြားခြင်း မခံရသော နိုင်ငံသားများကို ပွဲကြည့်နိုင်ရန် လုံခြုံသော နေရာများကိုလည်း ပြင်ဆင်ပေးထားသည်။ ထို့အပြင် နက်နဲသောကောင်းကင်ဘုံအတွင်းတွင် ပွဲကြည့်ရန် နေရာတစ်ခု ပြင်ထားလေသည်။


နက်နဲသောကောင်းကင်ဘုံအတွင်းမှ ကျယ်ပြန့်သော မြေကွက်လပ်ထဲတွင် အနီရောင်စားပွဲခင်းများ ခင်းကျင်းထားသော စားပွဲခုံ သုံးရာကို ခင်းကျင်းထားသောကြောင့် အဝေးမှ လှမ်းကြည့်လိုက်လျင် တောက်ပသော အနီရောင်ပန်းပွင့်များနှင့် ဆင်တူနေပေသည်။


စားပွဲများ၏ ဘေးတွင် စားဖိုမှုးများ ချက်ပြုတ်ရန် နေရာများကို ပြင်ထားသောကြောင့် စားဖိုမှုးများ၏ ချက်ပြုတ်ခြင်း လုပ်ငန်းစဉ်များကို မိသားစုများက ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ စားဖိုမှုများ၏ ချက်ပြုတ်မှုကို မြင်တွေ့နိုင်သော အခွင့်အရေးတစ်ခုလဲ ဖြစ်သည်။


ပထမဆုံး နေရောင်ခြည် ကျရောက်လသည်နှင့် နက်နဲသောကောင်းကင်ဘုံအတွင်းတွင် ဗုံတီးသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။


တုံ… တုံ… တုံ…


ဗုံသံမှ ထွက်ပေါ်လာသော လှိုင်းများက လူများ၏ နှလုံးသားထဲ တိုက်ရိုက်၀င်ရောက်သွားပြီး လှုပ်ခတ်သွားစေသည်။ ဗုံတီးခတ်သံများ ရပ်သွားပြီးနောက် ဂိတ်တခါးကို ဖွင့်လှစ်လိုက်ရာ အပြင်ဘက်မှ မိသားစုများက စနစ်တကျ ၀င်လာကြသည်။


ထိုမိသားစုများက သူတို့၏ ထိုင်ခုံများကို ရှာဖွေပြီးနောက် ပျော်ရွှင်စွာဖြင့် ၀င်ထိုင်လိုက်သည်။ အင်ပါယာမြို့တော်တွင် များပြားလှသော လူများနေထိုင်ကြရာ ဤပွဲတွင် ရွေးချယ်ခံရသော မိသားစုများက ကံကောင်းသောမိသားစုများပင် ဖြစ်ကြသည်။


ပွဲကြည့်စင်တွင် ထိုင်နေရသော မိသားစုများက စားသောက်ပွဲသို့ တက်ရောက်ခွင့်ရသော မိသားစုများကို ကြည့်၍ အားကျနေကြသည်။ ကျော်ကြားလှသော စားဖိုမှုးများ၏ လက်ရာကို မြည်းစမ်းခွင့်ရသည်က အလွန်ကျေနပ်ဖွယ်ကောင်းလှပေသည်။ နောက်ထပ်ဗုံတီးသံ သုံးချက် ထွက်ပေါ်လာပြီးနောက် စားဖိုမှုး၀တ်စုံကို သေသပ်ကျနစွာ ၀တ်ဆင်ထားသော စားဖိုမှုးများက သူတို့၏ မီးဖိုဆီသို့ ဝံ့ကြွားစာ လျောက်သွားကြသည်။


နက်နဲသောကောင်းကင်ဘုံ၏ အပြင်ဘက်တွင် ပိန်ပါးသော ပုံရိပ်လေးတစ်ခုက လက်နှစ်ဖက်ကို နောက်ပစ်၍ တဖြည်းဖြည်းချင်း လျောက်လာလေသည်။