အပိုင်း ၁၄၉
Viewers 53k

အခန်း ၁၄၉ “ပိုင်ရှင်ပုက သွေးနားထင်ရောက်နေတာပဲ…”


“အိုး.. ငါတို့ရဲ့ ပိုင်ရှင်ပုက ဒီနှစ် မိသားစုတစ်ရာ စားသောက်ပွဲကို လာပြိုင်တာလား… ကောင်းပြီလေ… ငါမင်းရဲ့ဟင်းပွဲကို မျှော်လင့်နေမယ်…”


နက်နဲသောကောင်းကင်ဘုံ တံခါး၀သို့ ရောက်လာသည်နှင့် ရင်းနှီးနေသော အသံတစ်ခုကို ပုဖန်က ကြားလိုက်ရသည်။ အသံ၏ နောက်မှ ပြည့်ဝိုင်းသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။


“ဖက်တီးဂျင်က ဒီကို ဘာဖြစ်လို့ ရောက်နေတာလဲ…”  


ပုဖန်က စိတ်ရှုပ်ထွေးစွာ တွေးလိုက်ပြီး နားလည်သွားလေသည်။ မိသားစုတစ်ရာစားသောက်ပွဲတွင် ပါ၀င်ကြသော မိသားစုများက ကျပမ်းရွေးချယ်ထားသောကြောင့် ဖက်တီးဂျင်တို့လဲ ရောက်ရှိလာနိုင်ပေသည်။


“ပိုင်ရှင်ပု… ဒါက ငါ့သားနဲ့ ချွေးမပဲ…”


ဖက်တီးဂျင်က သူ့အနီးတွင် ရပ်နေသော သူနှင့်ဆင်တူသည့် အမျိုးသားတစ်ယောက်နှင့် သိမ်မွေးနူးညံ့ပုံရသော အမျိုးသမီးတို့ကို ပုဖန်နှင့် မိတ်ဆက်ပေးလိုက်သည်။ ပုဖန်က ခေါင်းညိမ့်ပြလိုက်သည်။ ဖက်တီးဂျင်က သူ၏သားအတွက် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ယောက်ကို ဖူးစာဖက်အဖြစ် ရှာပေးထားနိုင်သောကြောင့် ပုဖန်က အနည်းငယ် အံ့အားသင့်နေသည်။ 


ပုဖန်က သူတို့နှင့် တခဏမျှ စကားပြောဆိုပြီးနောက် သူ့အတွက် ပြင်ဆင်ထားသော မီးဖိုသို့ တန်းတန်းမတ်မတ် ၀င်ရောက်သွားလေသည်။ မိန်းမစိုးငယ်လေးက ပြင်ဆင်ရမည့် ပါ၀င်ပစ္စည်းများအကြောင်း မေးမြန်းပြီးနောက် သူ၏ နေရာကို ရှင်းပြသွားသောကြောင့် အလွယ်တကူသွားနိုင်ပေသည်။


သူ့အတွက် ပေးထားသော ချက်ပြုတ်ရန်နေရာသို့ ရောက်သောအခါ ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။ ထို့နောက် သူ၏ ကိုယ်ပိုင်မီးဖိုခန်း မဟုတ်သည်ကို သတိရသွားပြီး စိတ်လျှော့လိုက်ပြီး သက်ပြင်းချလိုက်သည်။ မီးဖိုကို ပြုလုပ်ထားပုံက အကြမ်းထည်ဆန်သော်လည်း ပုဖန်အတွက် အခက်အခဲတစ်ခု မဟုတ်ပေ။


ပုဖန်၏ မီးဖိုခုံအောက်တွင် မိန်းမစိုးငယ်တစ်ယောက်ရှိပြီး မီးဖိုကို မီးမွှေးပေးရန် တာ၀န်ပေးထားခြင်း ဖြစ်သည်။ အခြား မီးဖိုခုံများ၏ နောက်တွင်လည်း မိန်းမစိုးငယ်တစ်ယောက်ဆီ ရပ်နေကြသည်။


“ငါတောင်းထားတဲ့ ပါ၀င်ပစ္စည်းတွေ ဘယ်မှာလဲ…” ပုဖန်က မိန်းမစိုးငယ်ကို မေးလိုက်သည်။


မိန်းမစိုးငယ်က သူမသိကြောင်း ခေါင်းခါပြလေသည်။ ပုဖန်က ပြန်မပြောတော့ပဲ ခေါင်းညိမ့်ပြလိုက်သည်။ အခြားမီးဖိုခုံများသို့ ပါ၀င်ပစ္စည်းများ သယ်ဆောင်လာသူများကို လှမ်းတွေ့လိုက်ရသောကြောင့် သူ့ဆီသို့လဲ မကြာမီ ရောက်လာမည်ကို သိလိုက်သည်။


ထိုအချိန်တွင် ပုဖန်ဆီသို့ ပါ၀င်ပစ္စည်းများ ရောက်လာခဲ့သည်။ ပုဖန်၏ အနီးပတ်၀န်းကျင်မှ စားဖိုမှုးများက သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ထိုသူများက ပုဖန်၏ ဟင်းပွဲကို အလွန်သိချင်စိတ် ပြင်းပြနေလေသည်။ ခေါင်းပြောင်ပြောင်နှင့် စားဖိုမှုးဂျင်က လက်ပိုက်ထားပြီး မျက်လုံးများကို မှေးစင်း၍ ပုဖန်ကို စိုက်ကြည့်နေလေသည်။ 


သူ၏ အမူအယာက လှောင်ပြောင်နေဟန် ရှိလေသည်။ သူက အင်ပါယာနန်းတော်မှ တော်၀င်စားဖိုမှုးတစ်ယောက် ဖြစ်သောကြောင့် သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေပြီး မောက်မာလှပေသည်။


ဟမ်… 


စားဖိုမှုးဂျင်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာပြီး အံ့အားသင့်သွားသော အမူအယာ ဖြစ်ပေါ်လာလေသည်။ ပုဖန်၏ ပါ၀င်ပစ္စည်းများက များပြားလှပြီး အရောင်အမျိုးမျိုး ဖြစ်နေလေသည်။ ပို၍ အရေးကြီးသည်မှာ အဆင့်မြင့် ပါ၀င်ပစ္စည်းများ မပါ၀င်ပဲ သာမာန်များပင် ဖြစ်ကြသည်။ အချို့ကမူ ဝိဥာဉ်စွမ်းအင်ပင် ပါ၀င်ခြင်း မရှိပေ။


“ဒီ ပိုင်ရှင်ပုက သူ့ရဲ့ ဟင်းပွဲအတွက် သာမာန်ပစ္စည်းတွေပဲ ချက်ပြုတ်ဖို့ ပြင်ဆင်ထားတာလား…. မိသားစုတစ်ရာပွဲတော်မှာ သူက ဒါတွေနဲ့ ယှဉ်ပြိုင်မှာပေါ့… ဒီလိုအခြေအနေမှာ ဘယ်စားဖိုမှုးမှ ဒီလိုလုပ်မှာမဟုတ်ဘူး…”


စားဖိုမှုးများက အခြေအနေကို နားမလည်နိုင်ပဲ ဖြစ်သွားကြသည်။ မည်သည့် စားဖိုမှုးကမှ ထိုသို့ ပြိုင်ပွဲ၀င်လိမ့်မည် မဟုတ်ချေ။ သူတို့၏ ထင်မြင်ချက်အရ သာမာန် ပစ္စည်းများကို အသုံးပြု၍ ချက်ပြုတ်ထားသော ဟင်းပွဲက မည်မျှ ကောင်းစေကာမူ အဆင့်မြင့်ပစ္စည်းသုံးထားသော ဟင်းပွဲများကို ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ ဝိဥာဉ်စွမ်းအင်ပါသော ဟင်းပွဲ၏ ရနံ့တစ်ခုနှင့်ပင် ထိုဟင်းပွဲထက် သာလွန်နေမည်ဖြစ်သည်။


“ဒီပိုင်ရှင်ပုက သူ့ကိုယ်သူ အထင်ကြီးပြီး ငါတို့ကို အထင်သေးတာပေါ့…. သူက သာမာန်ပစ္စည်းတွေကို အသုံးပြုပြီး ငါတို့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား…” စားဖိုမှုးများက အထင်အမြင်သေးသော အမူအယာကို ဖော်ပြလိုက်ကြသည်။


သူတို့က ပုဖန်၏ စိတ်ပျက်လက်ပျက် ဖြစ်သွားမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ ဝိဥာဉ်စွမ်းအင်ပါ၀င်သော ပစ္စည်းများကို အသုံးပြုခြင်းက မည်မျှ အရေးကြီးသည်ကို စတင်ချက်ပြုတ်သည်နှင့် သူသိသွားစေရန် ပြသလိုက်မည်ဟု တွေးတော့နေကြသည်။


ရုံးတော်မှ ဂီတပညာရှင်များက နောက်ခံတေးဂီတကို တီးမှုတ်နေကြသောကြောင့် နက်နဲသော ကောင်းကင်ဘုံအတွင်းရှိ ပွဲတော်က ပို၍ အသက်၀င်နေပေသည်။ အစောင့်တပ်သားတစ်ခုက အဓိကခန်းမကြီးထဲမှ ထွက်လာကြပြီး လမ်းတစ်ဖက်တစ်ချက်တွင် နေရာယူလိုက်ကြသည်။ သူတို့၏ နောက်မှ မင်းမျိုးမင်းနွယ်များ စစ်သူကြီးများနှင့် တရားရုံးတော်အရာရှိများက ရယ်မောပြောဆို၍ လိုက်ပါလာကြသည်။


အင်ပါယာမြို့တော်အတွင်းတွင် နေထိုင်ကြသော မိသားစုများအနက် ကံကောင်း၍ ရွေချယ်ခံရသော မိသားစုများကလဲ ပွဲတော်သို့ ရောက်ရှိလာကြသည်။ သူတို့အတွက် အင်ပါယာမြို့တော်တခွင်မှ စားဖိုမှုးများအားလုံး၏ လက်ရာကို စားသောက်ရန် အခွင့်အရေးက နည်းပါးလှပေသည်။


ကွမ်းဇောင်ဟန့်က စားပွဲတစ်ခုတွင် သူ၏သမီး ရှောင်ယီနှင့် ဇနီးများ ၀န်းရံ၍ ပျော်ရွှင်စွာ ထိုင်နေကြသည်။ ကွမ်းနှင့် ယန်ကဲ့သို့သော မိသားစုကြီးများလည်း ထိုပွဲတော်အတွင်းတွင် ရှိနေပေသည်။ သူတို့က အင်ပါယာမြို့တော်အတွင်းတွင် လူသိများသူများ ဖြစ်ကြပြီး ပုဖန်၏ ဟင်းပွဲကို မျော်လင့်နေကြသူများလည်း ဖြစ်သည်။ သူတို့က ပုဖန်ကို ကြည့်၍ ထိုင်ခုံတွင် ၀င်ထိုက်လိုက်ပြီး ပုဖန်ချက်ပြုတ်မည့် ဟင်းပွဲအကြောင်းကို စတင်ဆွေးနွေးနေကြသည်။


လူအများက ပုဖန်ကို အာရုံစိုက်နေချိန်တွင် နဂါး၀တ်ရုံကို ၀တ်ဆင်ထားပြီး ပုခုံးပေါ်တွင် စိတ်ဝိဥာဉ်သားမွှေးကို ခြုံထားသော ဧကရာဇ် ကြွချီလာလေသည်။ ဧကရာဇ်က အဓိက ခုံပေါ်တွင် သပ်ရပ်စွာ ၀င်ထိုင်လိုက်ပြီး ပွဲတော်အတွင်းမှ လူများကို ပြုံး၍ ကြည့်လိုက်သည်။ 


ဧကရာဇ် ဂျိချန်းရွဲ့က အသက်ရှူလိုက်သည်နှင့် အခိုးအငွေ့များထွက်နေလေသည်။ သူက စကားအနည်းငယ်ပြော၍ မိသားစုတစ်ရာ ပြိုင်ပွဲကို ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်။


စားဖိုမှုးဂျင်က ထက်ရှပြောင်လက်သော မီးဖိုချောင်သုံးဓါးကို ထုတ်လိုက်သည်။ သူကအင်ပါယာမြို့တော်အတွင်းမှ အတော်ဆုံးပန်းပဲဆရာထံတွင် ထိုဓါးကို ထုလုပ်ပေးရန် အထူးတောင်းဆိုထားခြင်း ဖြစ်သည်။ ဓါးက အလွန်လေးလံလှပြီး မာကျောလှသော သတ္တုကိုပင် ရွံ့တုံးကဲ့သို့ ဖြတ်နိုင်လေသည်။ နှစ်ပေါင်းများစွာ ထိုဓါးကို အသုံးပြုခဲ့ပြီးနောက် သူက အလွယ်တကူ သုံးနိုင်နေပြီ ဖြစ်သည်။


ယခုနှစ် မိသားစုတစ်ရာ စားသောက်ပွဲတွင် ပျော်ရွှင်မှုလေးခု အသားလုံး ဟင်းပွဲကို ချက်ပြုတ်ရန် အဆင့်တစ် ဝိဥာဉ်သားရဲ အသားများကို ပြင်ဆင်ထားခဲ့သည်။ ထိ်ုထဲတွင် နွားနှင့် တူသောအသားနှင့် ၀က်သားကဲ့သို့ အသားများပင် ပါ၀င်နေသည်။


နွားနှင့်တူသော ဝိဥာဉ်သားရဲ၏ အသားက ပျော့ပြောင်းနူးညံ့လှပြီး ၀က်သားကဲ့သို့ အသားက အနည်းငယ် အဆီများပေသည်။ သို့သော် ချွဲကြိကြိမဖြစ်ပဲ ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်လေသည်။ ထိုအသားနှစ်ခုကို ရောနှော၍ ချက်ပြုတ်ထားသော ပျော်ရွှင်မှုလေးခု အသားလုံးက အခြားသူများ၏ ဟင်းပွဲထက် သာလွန်ရမည်ဟု စားဖိုမှုးဂျင်က ယုံကြည်မှု ရှိနေပေသည်။


သူအသုံးပြုထားသော ပစ္စည်းများအားလုံးက ထိပ်တန်းအဆင့်များ ဖြစ်သောကြောင့် ပုဖန်ပြင်ဆင်ထားသော အမှိုက်သရိုက်များက ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ အခြေခံအားဖြင့် စစ်မှန်သော အရသာရှိသည့် ဟင်းတစ်ခွက်ရရှိရန် ကောင်းမွန်သော ပါ၀င်ပစ္စည်းများကို အသုံးပြုရန် လိုအပ်ပေသည်။ အမှိုက်သရိုက်များက ကောင်းမွန်သော အရသာကို ထုတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။


ထို့ကြောင့် စားဖိုမှုးဂျင်က ပုဖန်ကို အထင်အမြင်သေးစွာနှင့် လှောင်ပြောင်လိုက်သည်။ သူက ပုဖန်ကို အနိုင်ယူရန် ကြိုးစားရမည်ဟု ထင်မှတ်ထားသော်လည်း ယခုအခါ သူ၏ ကျော်ကြားမှုက ထိုက်တန်မှုမရှိကြောင့် သိလိုက်ရပြီဖြစ်သည်။


စားဖိုမှုးများအားလုံးက အရည်အသွေးမြင့်သော ပါ၀င်ပစ္စည်းများကို ပြင်ဆင်ထားကြပြီး အဆင့်လေး ဝိဥာဉ်သားရဲ ဂျိုပါသိုး၏ အသားပင် ရှိနေလေသည်။ စားဖိုမှုးများက အရည်အသွေးမြင့်သော ပါ၀င်ပစ္စည်းများကို ချက်ပြုတ်ပြီး သူတို့၏ အဆင့်အတန်းကို တည်ဆောက်ရန် ရည်ရွယ်ထားကြသည်။


ရုတ်တရက် ပရိသတ်များထဲမှ ထိတ်လန့်တကြား ငိုသံက ထွက်ပေါ်လာလေသည်။ 


ထိုအချိန်တွင် ရာပေါင်းများစွားသော စားဖိုမှုးများက သူတို့၏ ပါ၀င်ပစ္စည်းများကို စတင်ပြင်ဆင်နေကြပြီဖြစ်သည်။ သူတို့၏ ကိုယ်ပိုင် ဖြတ်တောက်ခြင်း နည်းစနစ်များကို ဖော်ထုတ်၍ သရုပ်ပြနေလေသည်။ သူတို့၏ သရုပ်ပြမှုကို စတင်လိုက်သည်နှင့် ဓါးများ၏ အလင်းရောင်က သာမာန်လူများကို ထိတ်လန့်တကြား ဖြစ်သွားစေလေသည်။ 


အချို့လူများက ထိတ်လန့်မှုကို မထိန်းချုပ်နိုင်ပဲ ကြောက်လန့်တကြား ငိုကြွေးမိကြခြင်း ဖြစ်သည်။ 


နက်နဲသောကောင်းကင်ဘုံအတွင် မိးဖိုချောင်သုံး ဓါးများနှင့် စဉ့်နှီတုံးများ ထိခတ်သံများက ထွက်ပေါ်နေလေတော့သည်။


ပုဖန်က အင်ပါယာနန်းတော်မှ ပြင်ဆင်ပေးထားသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။ ထိုပစ္စည်းများက သာမာန်အိမ်များတွင်ပင် တွေ့နိုင်သော ပစ္စည်းများသာ ဖြစ်ကြသည်။ အခြားစားဖိုမှုးများ၏ အဆင့်မြင့် ပါ၀င်ပစ္စည်းများနှင့် ယှဉ်လိုက်လျှင် အလွန်သနားစဖွယ် ဖြစ်နေလေသည်။ 


သို့သော် ပုဖန်က ခပ်တည်တည်နှင့်ပင် ပါ၀င်ပစ္စည်းများကို ထုတ်ယူပြီးနောက် ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ သူ၏ လက်ကောက်၀တ်မှ အစိမ်ရောင် မီးခိုးငွေ့များ ထွက်လာပြီး မှင်နက်ရောင် မီးဖိုချောင်သုံးဓါး ထွက်ပေါ်လာလေသည်။ 


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုလေလေ သုံးရလွယ်လေဖြစ်သောကြောင့် ယခုအချိန်တွင် ဓါးက ပုဖန်၏ လက်ကဲ့သို့ပင် ဖြစ်နေလေသည်။ ထို့ကြောင့် အသုံးပြုရသည်မှာ ပိုမိုလွယ်ကူနေလေသည်။ ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါး၏ အသွားကို လက်ချောင်းလေးများနှင်ါ့ စမ်းသတ်လိုက်သည်။ ဓါး၏ တုန်ခါမှုကို ခံစားလိုက်ရသောကြောင့် စိတ်ကျေနပ်စွာနှင့် ခေါင်းညိမ့်လိုက်လေသည်။


ထို့နောက် လက်ထဲတွင် အစစ်အမှန်စွမ်းအားများကို စုစည်းလိုက်ပြီး စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။ စားပွဲပေါ်တွင် သူ့အတွက် ပြင်ဆင်ထားသော ပါ၀င်ပစ္စည်းများအားလုံးက လေထဲသို့ မြောက်တက်သွားလေသည်။