အပိုင်း ၁၅၀
Viewers 53k

အခန်း ၁၅၀ “ဟိတ်ဟန်များသော ပုဖန်နှင့် သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်”


စားဖိုမှုးဂျင်က နှုတ်ခမ်းထောင်စွန်းလေးများကို တွန့်ကွေးလိုက်ပြီး ပွဲကြည့်စင်မှ ထိတ်လန့်သွားသော အသံများကို နားထောင်လိုက်ပြီး ကျေနပ်ပြုံးပြုံးလိုက်လေသည်။ ပွဲကြည့်ပရိသတ်တို့၏ အာရုံစူးစိုက်ရာက သူဖြစ်သည်ကို ခံစားမိနေသည်။ သူက အင်ပါယာမြို့တော်အတွင်တွင် ဖြတ်တောက်ခြင်းပညာ အကောင်းဆုံးဖြစ်ကြောင်း သူ့ကိုယ်သူ ယုံကြည်နေလေသည်။


ပါ၀င်ပစ္စည်းများကို စီစဉ်ကိုင်တွယ်ရာ၌ နှစ်ပေါင်းများစွာတိုင် ချက်ပြုတ်ခြင်းတွင် နစ်မြုတ်လေ့လာနေသော မာစတာများနှင့် မယှဉ်နိုင်သော်လည်း သူ၏ ဖြတ်တောက်ခြင်းနည်းပညာက အကောင်းဆုံးဖြစ်သည်ဟု ယူဆနေပေသည်။


အမဲသားပြားတစ်ပြားကို သူ၏ ဖြတ်တောက်ခြင်းနည်းပညာနှင့် ဖြတ်တောက်ပြလိုက်ပြီးနောက် ထိတ်လန့်အံ့သြသံများ ပို၍ ထွက်ပေါ်လာမည်ကို စောင့်စားနေလိုက်သည်။ သို့သော် မည်သည့်အသံကမျှ သူ့ဆီသို့ ရောက်မလာသောကြောင့် မျက်နှာထားက တင်းမာသွားပြီး မျက်မှောင်ကြုံ့လိုက်မိသည်။ သူ၏ ခေါင်းပြောင်ပြောင်ကလဲ နေရောင်ခြည်အောင်တွင် အလင်းတန်းများ ရောင်ပြန်ဟပ်နေလေသည်။


စားဖိုမှုးဂျင်က လူအုပ်ကြီးဘက်သို့ လှည့်၍ အကြောင်းရင်ကို ရှာဖွေလိုက်ရာ လူအုပ်ကြီးက သူ့ဘေးမှ ချက်ပြုတ်နေသည့် နေရာတစ်ခုကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာက ပုဖန်၏ ချက်ပြုတ်သော နေရာပင် ဖြစ်သည်။


စားဖိုမှုးဂျင်၏ မျက်နှာက ပို၍ ရှုံ့မဲ့သွားလေသည်။ သူမကြိုက်သော လူတစ်ယောက်က သူ၏ ကြော်ကြားမှုများကို ယူဆောင်သွားရာ သူ၏ ခံစားချက်များကလည်း ဆိုးဝါးလာလေသည်။ ပရိသတ်များ၏ အာရုံစူးစိုက်မှုကို ပုဖန်က မည်ကဲ့သို့ ယူဆောင်သွားသည်ကို သူက အကဲခတ်လိုက်သည်။


ပုဖန်က စားပွဲခုံကို လက်ဝါးနှင့် ရိုက်လိုက်ရာ စားပွဲပေါ်မှ ပါ၀င်ပစ္စည်းများက လေထဲသို့ ပျံတက်သွားကြသည်။ ထို့နောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို လေထဲသို့ မြောက်တက်သွားသော အသားများထံ လွဲရမ်းလိုက်သည်။ အသားများက ဝိဥာဉ်သားရဲ အသားများ မဟုတ်ပဲ သာမာန်အသားများသာ ဖြစ်ကြသောကြောင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးက ရွံ့နွံကို ပိုင်းဖြတ်သကဲ့သို့ အလွယ်တကူ ဖြတ်တောက်သွားလေသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက လေထဲတွင် ဆက်လက် ဝေ့ရမ်းနေပြီး အသားများကိုပိုင်းဖြတ်နေရာ လေထဲမှ အသားများက ပရိသတ်ရှေ့မှောက်တွင် တဖြည်းဖြည်း သေးငယ်လာသည်။ ပုဖန်က လေထုထဲမှ ပြန်ကျလာသော အသားပြားများကို ပန်ကန်ပြားတစ်ချပ်နှင့် ခံထားလိုက်သည်။ အသားပြားများက ပန်းကန်ပြားထဲသို့ စီစီရီရီ ပြန်ကျလာလေသည်။


ပုဖန်၏ မျက်နှာအမူအယာက အလွန်သက်တောင့်သက်သာ ရှိနေသောကြောင့် ထိုအလုပ်က သူ့အတွက် အလွန်ရိုးရှင်းကြောင်း သိသာနေပေသည်။ ဖြတ်တောက်ထားသော အသားပြားများက ပုဇင်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာနေရာ အသားပေါ်မှ သွေးကြောလေးများကိုပင် ရှင်းလင်းစွာ မြင်နေရလေသည်။


ထို့နောက် ပုဖန်က သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ထုတ်ယူလိုက်ပြီး ဓါးကို လှည့်လိုက်က ဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။ ထိုနည်းလမ်းက ပို၍ပင် ထူးဆန်းနေလေသည်။ သူက အသီးအရွက်များကို ခွဲခြားခြင်းပင် မပြုပဲ အားလုံးကိုလေထဲသို့ ပစ်တင်လိုက်ခြင်း ဖြစ်သည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက လေထဲသို့ မျောလွင့်သွားပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက်များက ပိုင်းဖြတ်ပြီးသားများအဖြစ် စားပွဲပေါ်သို့ ပြန်ကျလာလေသည်။ ထို့နောက် ပုဖန်က ရေအေးထဲတွင် ထည့်ထားသော သံသရာစက်၀န်း ပုဇွန်လုံးများကို ထုတ်ယူလိုက်ပြီး ဓါးကို လှည့်လိုက်ရာ ပုဇွန်အခွံများက ချွတ်ပြီးသားဖြစ်သွားပြီး အသားများသာ ကျန်တော့လေသည်။


သူ၏လှုပ်ရှားမှုများက အလွန်လျင်မြန်လှသောကြောင့် လူအုပ်ကြီးက လိုက်မမှီနိုင်တော့ချေ။ သူ၏ ပါ၀င်ပစ္စည်းများကို ကိုယ်တွယ်ပုံက အလွန်သေသပ်လှပြီး ပရိသတ်ကို အံ့အားသင့်စေသည်။ ပုဖန်က များပြားလှသော ပုဇွန်များကို အချိန် ခုနှစ်မိနစ်ခွဲခန့်အတွင်း အခွံခွာလိုက်လေသည်။


ထို့နောက် ပုဇွန်များကို နုပ်နုပ်စင်းလိုက်ပြီး အသားပြားများနှင့် ဖြတ်တောက်ထားသော ဟင်းသီးဟင်းရွက်များနှင့် ရောလိုက်လေသည်။ အရောင်အသွေးစုံလင်လှသော ထိုအရောအနှော၏ တောက်ပမှုက မျက်လုံးမလွဲနိုင်အောင် ဖမ်းစားထားလေသည်။ ပုဖန်က ထိုအရောထဲသို့ အချဉ်ရည်အချို့နှင့် အရသာများကို ပေါင့်ထည့်၍ ရောမွှေလိုက်လေသည်။


မချက်ပြုတ်ရသေးသော်လည်း ထိုအရောအနှောမှ ထွက်ပေါ်လာသော ရနံ့က လေထဲသို့ ပျံ့လွင့်နေပြီဖြစ်သည်။


ခပ်လှမ်းလှမ်းမှ လူများကလဲ ပုဖန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေလေသည်။ ဤအကြိမ်က ချက်ပြုတ်နေသော ပုဖန်၏ ပုံရိပ်ကို ပထမအကြိမ် မြင်ရခြင်းဖြစ်သောကြောင့် အံ့သြနေကြသည်။


“ပိုင်ရှင်ပုက ဘာလုပ်နေတာလဲ… သူက ပါ၀င်ပစ္စည်းတွေ အကုန်လုံးကို ရောမွှေလိုက်တယ်.. သူ ရွှေဝါရောင်အသားပေါင်း လုပ်ဖို့ ပြင်နေတာလား… ဒါလဲ မဖြစ်နိုင်ဘူး… ဒါတွေက အသားပေါင်းလုပ်တဲ့ ပါ၀င်ပစ္စည်းတွေ မဟုတ်ဘူး….”


ရှောင်ရှောင်လုံတို့က စိတ်ရှုပ်ထွေးစွာနှင့် ရေရွတ်နေကြသည်။ ပုဖန်ပြင်ဆင်နေသော ဟင်းပွဲကို သူတို့က ခန့်မှန်းနိုင်ခြင်းမရှိပေ။ ရှောင်ရှောင်လုံတို့သာမက စားဖိုမှုးများပင် ပုဖန် ချက်ပြုတ်မည့် ဟင်းပွဲကို မခန့်မှန်းနိုင်ကြချေ။


“သူက ပါ၀င်ပစ္စည်းတွေ အကုန်လုံးကို ရောနှောတာက ဖက်ထုပ်လုပ်ဖို့ဆိုရင်တောင် ပုဇင်းရင်ကွဲတောင်ပံထက်တောင် ပါးတဲ့ အသားပြားတွေက ဘာလုပ်မှာလဲ…”


လူအားလုံးက စိတ်ရှုပ်ထွေးစွာနှင့် တွေးတောနေကြသော်လည်း စောင့်ကြည့်နေကြသော ပရိသတ်များက ပုဖန်၏ သေသပ်လှသော လှုပ်ရှားမှုများကို ကြည့်ရှုနေရသောကြောင့် ပျော်ရွှင်နေကြပေသည်။


“ဒီတော့.. စားဖိုမှုးတွေရဲ့ စွဲဆောင်မှုအရှိဆုံးအချိန်က သူတို့ရဲ့ အလုပ်ကို အလေးအနက် အာရုံစိုက်နေတဲ့ အချိန်ပေါ့…”


ပုဖန်က အရသာများကို ရောစပ်ပြီးနောက် လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကျောလိုက်ပြီး အ၀တ်သန့်တစ်ခုနှင့် ရေစင်အောင် သုတ်လိုက်လေသည်။ ထို့နောက် မိန်းမစိုးငယ်ထံမှ တောင်းဆိုထားသော အင်ပါယာမြို့တော်အတွင်းမှ အကောင်းဆုံး ဂျုံမှုန့်ကို ထုတ်ယူလိုက်သည်။ ထိုဂျုံမှုန့်က စနစ်၏ ဂျုံမှုန့်လောက် မကောင်းသော်လည်း ပုဖန်က ထိုဂျုံမှုန့်ကို အနံ့ခံကြည့်လိုက်ပြီး စိတ်ကျေနပ်သွားလေသည်။


ဂျုံမှုန်ကို ဇလုံကြီးကြီးတစ်ခုထဲသို့ လောင်းထည့်လိုက်ပြီး ရေနွေးနွေးထည့်လိုက်ကာ မျှတအောင် မွှေလိုက်လေသည်။ ပုဖန်၏ အမူအယာက ပို၍ လေးနက်တည်ငြိမ်လာပြီး သူ၏ ဒန်တျန်ထဲမှ စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး လက်ဖဝါးထဲတွင် စုထားလိုက်သည်။ ထို့နောက် အစစ်အမှန် စွမ်းအင်များ၏ အကူအညီနှင့် ဂျုံမှုန့်ကို ထပ်ခါတလဲလဲ နယ်လိုက်ပြီး ဂျုံတုံးများ ဖြစ်လာစေလိုက်သည်။


ဘန်း….


ဂျုံတုံးက နူးညံ့ချောမွေ့လာသည်နှင့် ပုဖန်က လေထဲသို့ မြှောက်လိုက်ပြီး လက်ဝါးနှင့် ရိုက်လိုက်လေသည်။ ဂျုံတုံးက အနည်းငယ် တုန်ခါသွားပြီး လေထဲသို့ ထပ်မံမြောက်တက်သွားသည်။ ထို့နောက် ပြန်ကျလာသော ဂျုံမှုန့်ကို ပုဖန်က စွမ်းအင်အပြည့်ပါသော လက်ဝါးနှင့် ထပ်မံ၍ ရိုက်ထုတ်လိုက်သည်။ ထိုနည်းအတိုင်း ဂျုံတုံးကို လေထဲသို့ အကြိမ်များစွာ ရိုက်တင်နေလိုက်သည်။


စားပွဲခုံတစ်ခုတွင် ထိုင်နေသော ရှောင်မန်က ထိုမြင်ကွင်းကို စိုက်ကြည့်နေလိုက်သည်။ သူ၏ ကျင့်ကြံမှုအဆင့်က မြင့်မားသောကြောင့် ပုဖန်၏လှုပ်ရှားမှုများကို အရှင်းသား မြင်နေရလေသည်။ ပုဖန်၏ လှုပ်ရှားမှုက လွယ်ကူသည်ဟုထင်ရသော်လည်း ဂျုံတုံးကို ရိုက်လိုက်သည်နှင့် သူ၏ အစစ်အမှန်စွမ်းအင်များက ဂျုံတုံးကို ဖုံးလွှမ်းသွားပြီး ပုံစံအသစ် ဖြစ်ပေါ်လာစေသည်။


ပုဖန်လက်နှင့် တစ်ချက်ထိလိုက်သည်နှင့် မုန့်သား၏ အတွင်းနှင့် အပြင် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ထိုနည်းလမ်းက အမြင့်မားဆုံး စွမ်းအင်ထိန်းချုပ်သည့်နည်းစနစ်ဖြစ်ပြီး အစစ်အမှန်စွမ်းအင်များကို တိကျစွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည် ရှောင်မန်ကိုယ်တိုင်ပင်နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးမှ ထိုသို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။


ပွဲကြည့်ပရိသတ်များက ပုဖန်၏ ဟိတ်ကြီးဟန်ကြီးနိုင်သော လှုပ်ရှားမှုများကို တအံ့တသြ ငေးမောနေကြသည်။


“သာမာန်အခြေအနေမှာ တည်ငြိမ်အေးဆေးတဲ့ စိတ်ပုပ်သူဌေးက ဟင်းချက်တဲ့ အချိန်မှာ ဟိတ်ကြီးဟန်ကြီးနိုင်လိမ့်မယ်လို့ ငါလုံး၀မထင်ထားမိဘူး… ခ်ခ်..”


ရှောင်ယီက ရယ်မောပြောဆိုလိုက်သောကြောင့် ရှောင်ယန်ယုက သူမ၏ ပါးစပ်ကို လက်ဝါးနှင့် အုပ်ကာ၍ ရယ်မောလိုက်လေသည်။ ပုဖန်၏ မျက်နှာထားတင်းတင်းနှင့် ဂျုံမှုန့်တုံးကို ထိုးနှက်နေပုံကိုကြည့်၍ သူမက အရယ်မရပ်နိုင်တော့ချေ။


နောက်ဆုံးတွင် ဂျုံတုံးကို ပြင်ဆင်ပြီးသွားသော်လည်း ပုဖန်ပြုလုပ်မည့် ဟင်းပွဲကို ပေါင်မုန်လား ဖက်ထုပ်လားဟု မည်သူကမျှ မခန့်မှန်းနိုင်ကြချေ။ ဂျုံလိုအပ်သော ဟင်းပွဲအမျိုးအစားများစွာ ရှိသောကြောင့် ပုဖန်ပြုလုပ်ထားသော ပါ၀င်ပစ္စည်းများကို ကြည့်၍ မည်သည့်ဟင်းပွဲဖြစ်မည်ကို မခန့်မှန်းနိုင်ကြခြင်း ဖြစ်သည်။


သူ၏ အစစ်အမှန်စွမ်းအင်များ ပွတ်တိုက်မှုကြောင့် ဂျုံတုံးနယ်ပြီးချိန်တွင် အပူပေးပြီးသား ဖြစ်နေလေသည်။ ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ဝေ့ရမ်း၍ ဂျုံတုံးကို အတုံးငယ်လေးများအဖြစ် တုံးလိုက်ပြီး ဂျုံတုံးလေးများကို ဖယ်ထားလိုက်သည်။


“ဒီကိုလာခဲ့.. မီးမွှေးပြီးတော့ ရေနွေးအိုးတည်ပေးပါ…” ပုဖန်က သူ၏နောက်တွင် မှင်သက်စွာ ရပ်နေသော မိန်းမစိုးငယ်ကို လှမ်းပြောလိုက်သည်။


ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပတ်၀န်းကျင်ကို အကဲခတ်လိုက်သည်။ ဘေးပတ်ပတ်လည်မှ စားဖိုမှုးများက ဟင်းလျာများကို ချက်ပြုတ်နေသည်မှာ နောက်ဆုံးအဆင့်ပင် ရောက်ရှိနေပြီဖြစ်သည်။ မွှေးကြိုင်လတ်ဆတ်သော ရနံ့များက နက်နဲသော ကောင်းကင်ဘုံတစ်ခွင်တွင် ပျံ့နှံ့နေလေသည်။ မြေကွက်လပ်၏ အပေါ်တွင် မွှေးရနံ့များ စုစည်းရာမှ ဖြစ်ပေါ်လာသော မြူခိုးများပင် ဖြစ်ပေါ်နေလေသည်။


ကျွမ်းကျင်သော စားဖိုမှုးများ တစ်ပြိုင်တည်းချက်ပြုတ်နေသည့် မြင်ကွင်းမှာ မြင်ရခဲလှပေသည်။ ပုဖန်က ထိုစားဖိုမှုးများကို ဆက်မကြည့်တော့ပဲ အကြည့်လွဲလိုက်ပြီး သူ၏ သွယ်လျှသော လက်ချောင်းလေးများနှင့် ပါးလွှာသော အသားလွှာများကို ကောက်ယူလိုက်သည်။


ရောစပ်ထားသော အဆာပလာများကို အသားပြားအတွင်း ထည့်လိုက်ပြီး အလုံးဖြစ်လာစေရန် လက်ဖြင့် ဆုတ်လိုက်လေသည်။ ထို့နောက် ပိုင်းဖြတ်ထားသော ဂျုံတုံးလေးတစ်တုံးကို ကောက်ယူလိုက်ပြီး အသားလွှာပေါ်မှ ပတ်လိုက်သည်။ အားလုံးပြီးဆုံးသွားသောအခါ လခြမ်းပုံသဏ္ဍာန် ဖက်ထုတ်လေးတစ်ခု ထွက်ပေါ်လာလေသည်။


ဖက်ထုပ်က အနုပညာလက်ရာမြောက်လှပြီး အလွန်လှပနေလေသည်။ ဖက်ထုပ်ပြုလုပ်ရာတွင် လခြမ်းကွေးသဏ္ဍာန် ပြုလုပ်ခြင်းက ပို၍ တော်၀င်ဆန်လှပေသည်။ ပုဖန်ပြုလုပ်လိုက်သော ဖက်ထုပ်က ပုံမှန်မဟုတ်ပဲ စနစ်မှ ဆုရထားသော သက်တန့်ရောင်မုန့်လုံး ချက်ပြုတ်နည်းကို ပြောင်းလဲထားသော မူကွဲတစ်ခုပင် ဖြစ်လေသည်။