အပိုင်း ၁၅၁
Viewers 53k

အခန်း ၁၅၁ “သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်… ဘယ်မှာလဲ သက်တံ့ရောင်…”


ပြာပန်းခတ်မျှ စီကားနေသည့် နက်နဲသော ကောင်းကင်ဘုံအတွင်းတွင် တောက်ပသော နေရောင်ခြည်များ ဖြာကျနေလေသည်။ မီးဖိုတစ်ခုအနီး၌ ရပ်နေသော လူတစ်ယောက်က အလွန်ပင် မျက်စိပဒါသ ဖြစ်စေလေသည်။ 


စားဖိုမှုးဂျင်က တည်ငြိမ်သောအမူအယာနှင့် အသားလုံးများကို ကျွမ်းကျင် သွက်လက်စွာ ပြုလုပ်နေလေသည်။ အသားလုံးများက အဆင့်မြင့်အသားများစွာနှင့် ပြုလုပ်ထားသောကြောင့် အရသာက အလွန်အမင်း ကောင်းမွန်နေပေလိမ့်မည်။ ထိုဟင်းပွဲ့ သူအလွန်ဂုဏ်ယူရသော ဟင်းပွဲဖြစ်သည်။ မိသားစုတစ်ရာ စားသောက်ပွဲအတွက် သူက သေချာစွာ ပြင်ဆင်ထားခြင်း ဖြစ်သည်။ 


ဘန်း… ဘန်း….


ထိုအချိန်တွင် သူ၏ မီးဖိုခုံက လှုပ်ခါသွားပြီး နားကွဲစေလောက်အောင်ပင် ဆူညံသော အသံများ ထွက်ပေါ်လာလေသည်။ ထို့ကြောင့် စားဖိုမှုးဂျင်က အသားလုံးလုပ်နေသည်ကို ရပ်တန့်လိုက်ပြီး ပတ်၀န်းကျင်ကို စူးစမ်းလိုက်သည်။ ၀တုတ်တစ်ယောက်က မီးဖိုပေါ်တွင် တင်ထားသော အသားပြားကို တူတစ်လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်နေသည်ကို တွေ့လိုက်ရသည်။


“ဒီဖက်တီးက ဘာလုပ်နေတာလဲ… ဒါက သူ့ရဲ့ ချက်ပြုတ်တဲ့ နည်းလမ်းလား…. သူ့ရဲ့ ခေါင်းက ထိခိုက်ထားတာလား….” စားဖိုမှုးဂျင်က ရေရွတ်လိုက်မိသည်။ 


ထိုသို့သော နည်းလမ်းမျိ်ုးနှင့် ချက်ပြုတ်ကြသူများကို သူက မြင်တွေ့ဖူးခြင်းမရှိချေ။ ထိုအချိန်တွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသောကြောင့် စားဖိုမှုးဂျင်၏ တစ်ကိုယ်လုံးမှ ကြက်သီးမွှေးညှင်းများ ထသွားလေသည်။ သူက ၀တုတ်၏ နောက်သို့ မျက်လုံးပြူး၍ စိုက်ကြည့်လိုက်သည်။


 ကျောပေါ်တွင် ဒယ်အိုးကြီးတစ်ခုကို လွယ်ထားသော ပိန်ပိန်ပုပုလူတစ်ယောက်က မြေပေါ်မှ စိတ်ဝိဥာဉ်သားရဲ တစ်ကောင်ကို သူ့လက်ထဲမှ ဒါးနှင့် ဖြတ်တောက်နေသည်ကို တွေ့လိုက်ရသည်။ စားဖိုမှုးဂျင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏ နှလုံးသားထဲကပင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ 


ထိုသူ၏ မျက်၀န်းများထဲမှ ရူးသွပ်မှုများကို မြင်လိုက်ရပြီးနောက် စားဖိုမှုးတစ်ယောက်ဟူပင် မမြင်နိုင်တော့ပဲ စိတ္တဇ လူသတ်သမားများဟုပင် ထင်မြင်နေလေသည်။


“ဒီလူတွေက ဘယ်သူတွေလဲ .. ဒီနှစ်မိသားစုတစ်ရာပွဲတော်က သေသေချာချာ မပြင်ဆင်ထားဘူးလား… ပြိုင်ပွဲ၀င်တွေကလဲ ဗရမ်းဗတာ နိုင်လွန်းတယ်….” စားဖိုမှုးဂျင်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ အသားလုံးကို ပြန်၍ အာရုံစိုက်လိုက်သည်။


ရေဆူခံနီးအချိန်တွင် ဒယ်အိုးမှ အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် ပုဖန်က သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ် တစ်ဒါဇင်ကျော်မျှ ပြုလုပ်ပြီး ဖြစ်သည်။ သူက စနစ်မှပေးအပ်ထားသော နည်းလမ်းများအတိုင်း အသုံးမပြုပဲ သူ၏ ကိုယ်ပိုင်နည်းလမ်းကိုသာ အသုံးပြုထားလေသည်။ သာမာန်ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် မည်သူမဆို စားသောက်နိုင်ပေသည်။


သူ၏ ပတ်၀န်းကျင်မှ စားဖိုမှုးအချို့က ဟင်းပွဲများကို ချက်ပြုတ်ပြီးစီင်္းသွားပြီ ဖြစ်သောကြောင့် ဧကရာဇ်နှင့် အဆင့်မြင့်အရာရှိများကို စတင်ဧည့်ခံနေပြီဖြစ်သည်။ ထိုသူတို့က သူတို့၏ ဟင်းပွဲများကို စားသောက်ပြီးနောက် ခေါင်းညိမ့်ပြလိုက်သည်။ ဟင်းပွဲများကို နံမည်ကျော် စားဖိုမှုးများက ချက်ပြုတ်ထားသောကြောင့် သူတို့အတွက် အရသာရှိမည်သာ ဖြစ်သည်။


ဂျိချန်းရွဲ့က သူ၏ ရှေ့မှ ဟင်းပွဲကို မြည်းစမ်းလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။ ထို့နောက် မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိပဲ ဟင်းပွဲကို ပြန်ယူသွားရန် လက်ဟန်ပြလိုက်သည်။ ဟင်းပွဲကို သိမ်းသွားပြီးနောက် နောက်တစ်ပွဲ ရောက်လာလေသည်။ 


နောက်ဆုံးတွင် သာမာန်ပြည်သူများက အရသာရှိလှသော ဟင်းပွဲများကိုမြည်းစမ်းနိုင်ပြီဖြစ်သည်။ လေထုခဲတွင် ပျံ့လွင့်နေသော မွှေးရနံ့များကြောင့် သူတို့၏ စားချင်စိတ်များက ပွင့်ထွက်လာပြီး ထိန်းချုပ်နိုင်စွမ်း မရှိသူများပင် ရှိနေလေသည်။ အချို့လူများ၏ ၀မ်းဗိုက်များက တစ်ဂွီဂွီ အသံများပင် ထွက်နေသည်ကို ကြားနေရလေသည်။


စားဖိုမှုးဂျင်၏ ဟင်းပွဲကလည်း ပြီးမြောက်သွားပြီဖြစ်သည်။ ထို့နောက် ဟင်းပွဲမချက်ပြုတ်မီ သေချာစွာ ပြင်ဆင်ထားသော အချဉ်ရည်ကို အသားလုံးပေါ်သို့ ဆမ်းလိုက်ရာ မွှေးရနံ့က သင်းပျံ့စွာ ထွက်ပေါ်လာလေသည်။ ပျော်ရွှင်ခြင်းလေးမျိုး အသားလုံး ဟင်းပွဲက စားသောက်ရန် အဆင်သင့် ဖြစ်သွားပြီဖြစ်သည်။ 


ဂျိချန်းရွဲ့က ပျော်ရွှင်ခြင်းလေးမျိုး အသားလုံးကို မြင်သောအခါ မျက်ခုံးပင့်လိုက်မိပြီး မသိမသာ ခေါင်းညိမ့်လိုက်မိသည်။ ထို့နောက် အသားလုံးတစ်ခုကို ကောက်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်လေသည်။ သူ၏ သွားများက အသားလုံးထဲသို့ နစ်၀င်သွားသည်နှင့် အသားလုံးထဲမှ ပြစ်နှစ်သော အရည်များက သူ၏ ခံတွင်းထဲသို့ စီးကျလာလေသည်။ 


ထိုအရည်ထဲတွင် အသားတစ်ခုတည်း၏ အရသာပါရုံမကပဲ အသားများစွာ၏ အရသာများက အတူတကွ ရောစပ်ပါ၀င်နေလေသည်။ ထို့ကြောင့် ဂျိချန်းရွဲ့က မထိန်းချုပ်နိုင်တော့ပဲ အရည်များ ကုန်သည်အထိ စုပ်ယူလိုက်သည်။ စားဖိုမှုးဂျင်၏ စေ့စပ်သေချာသော ပြင်ဆင်မှုအောက်တွင် အသားလုံး၏ အရသာက လွန်ကဲစွာ ကောင်းမွန်သွားလေသည်။


အသားလုံးတစ်ခုလုံး ကုန်သွားပြီးနောက် ဂျိချန်းရွဲ့က စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ပွဲစချိန်မှစ၍ ယခုအထိတိုင် ထိုဟင်းပွဲက သူ့ကို စိတ်ကျေနပ်မှု အပေးနိုင်ဆုံး ဖြစ်နေလေသည်။ 


“မျှော်လင့်ထားတဲ့အတိုင်း… တော်၀င်နန်းဆောင်က စားဖိုမှုးအကြီးအကဲရဲ့ လက်ရာက တစ်ကယ်ကို အရသာရှိတာပဲ…” ဂျိချန်းရွဲ့က အပြုံးလေးနှင့် ချီးမွန်းလိုက်သည်။ 


သူ၏ မီးဖိုရှေ့တွက် ဆက်လက်ချက်ပြုတ်နေသည့် စားဖိုမှုးဂျင်က ဧကရာဇ်၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသောကြောင့် စိတ်ကျေနပ်သွားလေသည်။ ကောင်းမွန်သော မျိုးစေ့တစ်စေ့မှ အပင်ပေါက်လာပြီး ချက်ချင်းပင် သစ်သီးများသီးလာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ကိုယ်သူ ပို၍ ယုံကြည်မှု ရှိလာလေသည်။


တစ်ချိန်တည်းမှာပင် အင်ပါယာမြိုကတော်မှ လူကြီးပိုင်းများနှင့် ပြည်သူများက ပျော်ရွှင်ခြင်းလေးမျိုး အသားလုံးကို စားသောက်ပြီးနောက် ချီးမွန်းပြောဆိုနေကြသည်။ ထိုဟင်းပွဲ၏ အရသာက သူတို့၏ အာရုံများကို ဆွဲဆောင်လိုက်နိုင်သည်မှာ ထင်ရှားနေလေသည်။


“အားလုံထဲမှာ ငါက တော်၀င်စားဖိုဆောင်က စားဖိုမှုးတစ်ယောက်ပဲလေ….. ပိုင်ရှင်ပုနဲ့ ချင်းယန်ကျန့်က ညီအကိုတွေက ဘာဆို ဘာမှမဟုတ်ဘူး…” 


စားဖိုမှုးဂျင်က ၀င့်ကြွားစွာ တွေးနေချိန်တွင် သူ၏ ခေါင်းပြောင်ပြောင်ကလဲ ပို၍ တောက်ပလာသည်ဟု ထင်နေရပေသည်။ 


ပုဖန်၏ လက်ချောင်းသွယ်သွယ်လေးများက သက်တံ့ရောင်လခြမ်းကွေး ဖက်ထုပ်များကိုမြန်မြန်ဆန်ဆန် ပြုလုပ်နေပြီး သူ့ရှေ့တွင် ဖက်ထုပ်လေးများက ပို၍ များပြားလာလေသည်။ အိုးထဲမှ ရေများက ဆူပွက်နေပြီး အပူရှိန်ကြောင့် သူ၏ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ရသည်။ ပုဖန်က ဖက်ထုပ်များကို အိုးထဲသို့ စတင်၍ ထည့်လိုက်သည်။


ပလုံ… ပလုံ…


သက်တံ့ရောင် လခြမ်းကွေး ဖက်ထုပ်များက အိုးထဲသို့ ရောက်ရှိသွားသောအခါ တခဏမျှ ပေါလောပေါ်နေပြီး အောက်ခြေသို့ နစ်မြုတ်သွားလေသည်။ ပုဖန်က ဖက်ထုပ်များကို တစ်ချက်မျှကြည့်လိုက်ပြီး ဂျုံကို ယူ၍ ဖက်ထုပ်ဆက်လုပ်နေလေသည်။ ပုဖန်၏ လက်ချောင်းများက အလွန်လျင်မြန်လှပြီး တခဏအတွင်းတွင် ဖက်ထုပ်ပေါင်း တစ်ရာကြော်ကို ပြုလုပ်ပီးသွားပြီဖြစ်သည်။ 


“မီးထပ်ထိုးထား…. လုံး၀အရှိန်မလျော့စေနဲ့….”


မိန်းမစိုးငယ်က ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုထဲသို့ ထင်းများ ထပ်ထည့်လိုက်လေသည်။ တခဏမျှကြာပြီးနောက် ဖက်ထုပ်များက ရေပေါ်သို့ ပြန်ပေါ်လာရာ ပုဖန်က သွက်လက်စွာ ဆယ်ယူလိုက်ပြီး ပန်ကန်ထဲသို့ ထည့်ထားလိုက်လေသည်။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ် သုံးခုဆီ ထည့်၍ ပြင်လိုက်လေသည်။


သက်တံံ့ရောင် လခြမ်းကွေးဖက်ထုပ်ဟု အမည်ပေးထားသော်လည်း ရောင်စုံတောက်ပနေခြင်းမရှိပဲ မုန့်သားက ချောမွေ့ကြည်လင်နေကာ အဖြုရောင်ဖြစ်နေလေသည်။ ထို့ကြောင့် အတွင်းမှ ဖြည့်စွတ်စာများကို မြင်နေရလေသည်။ အပြင်ဘက်မှ မုန့်သားက မွှေးပျံ့နေပြီး စားချင်စိတ်ကို ဖြစ်ပေါ်လာစေလေသည်။ 


ယောက်ချိုဇွန်းထဲမှ ဖက်ထုပ်ပြုတ်ရည်များကို ပန်းကန်လုံးထဲ လောင်းထည့်လိုက်ပြီး ကြက်သွန်မြိတ်အနည်းငယ် ထည့်လိုက်လေသည်။ ထို့နောက် သက်တံ့ရောင်လခြမ်းကွေးဖက်ထုပ်ပြုတ်က ပြည့်စုံသွားပြီဖြစ်သည်။ 


ဖက်ထုပ်၏ မွှေးရနံ့က အခြားစားဖိုမှုးများ ချက်ပြုတ်ထားသည့် ဟင်းပွဲများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အထူးကောင်းမွန်မည့် အသွင်အပြင်ကြောင့် ပုဖန်နောက်မှ မိန်းမစိုးငယ်က အံ့အားသင့်နေလေသည်။ သို့သော်လည်း သူက မှတ်ချက်မပေးပဲ ပန်းကန်ကို ကိုင်ဆောင်လိုက်ပြီး ဂျိချန်းရွဲ့ထံ သယ်ဆောင်သွားလိုက်သည်။


“ဒါက ပိုင်ရှင်ပုရဲ့ ဟင်းပွဲလား….” 


ဂျိချန်းရွဲ့က မိန်းမစိုးငယ်လက်ထဲမှ ပန်းကန်ကို မျှော်လင့်ချက်အပြည့်နှင့် စူးစိုက်ကြည့်လိုက်သည်။ သို့သော် ဖက်ထုပ်၏ မွေးရနံ့က ပြင်းထန်ခြင်းမရှိသောကြောင့် သူ၏ မျှော်လင့်ချက်များ ပြိုကွဲပျက်စီးသွားပြီး စိတ်ဓာတ်ကျသွားလေသည်။ 


လေအလင်းအင်ပါယာတွင် ဖက်ထုပ်မရှိသောကြောင့် သူက ဤဟင်းပွဲ၏ အမည်ကို မသိနေချေ။ သို့သော် ပုဖန်၏ ဆိုင်တွင် ရွှေဝါရောင် အသားပေါင်းဖက်ထုပ်ကို စားခဲ့ဖူးသောကြောင့် သူ၏ မွှေးရနံ့နှင့် အရသာကို မှတ်မိနေလေသည်။ သူ့ရှေ့ရှိ ပန်ကန်လုံးထဲမှ ဖက်ထုပ်က ကြည့်ကောင်းသော်လည်း မွှေးရနံ့က နည်းပါးနေလေသည်။ ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက် ချလိုက်မိသည်။


“ပိုင်ရှင်ပုက ဒီဟင်းပွဲကို နံမည်ဘယ်လိုပေးထားလဲ….” ဂျိချန်းရွဲ့က အနည်းငယ် စိတ်ပျက်နေသော်လည်း မိန်းမစိုးငယ်ကို မေးလိုက်လေသည်။ 


“ပိုင်ရှင်ပုက ဒီဟင်းပွဲကို သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်လို့ အမည်ပေးထားပါတယ်…” မိန်းမစိုးငယ်က တရိုတသေ ပြန်ပြောလိုက်သည်။ 


“ဟမ်… သက်တံ့ရောင် ဒါက ဘယ်လိုဖြစ်လို့ သက်တံ့ရောင်ဖြစ်မှာလဲ… ဖက်ထုပ်တစ်ခုလုံက အဖြူရောင်ပဲလေ…” ဂျိချန်းရွဲ့က အံ့အားသင့်သွားပြီး အဖြူရောင်ဖက်ထုပ်ကို အူကြောင်ကြောင်နှင့် ကြည့်လိုက်လေသည်။


သဘာ၀အားဖြင့် သက်တံ့ရောင်တွင် ခုနှစ်ရောင်ရှိသည်ကို သိရှိနေသောကြောင့် အဖြူရောင်ဖက်ထုပ်ကို သက်တံ့ရောင်ဟု ခေါ်ရသည့် အကြောင်းရင်ကို သူက နားမလည်နိုင်ချေ။ 


“ဒီဟင်းပွဲမှာ တစ်ခြားထူးခြားချက်တွေ ရှိနေသေးတာလား…”


ဂျိချန်းရွဲ့က ပုဖန်၏ ဟင်းချက်စွမ်းရည်ကို တွေးမိလိုက်ပြီး သူ၏ မျက်၀န်းများ ပြန်လည်တောက်ပလာလေသည်။ 


“သာမာန်ဟင်းပွဲကို ချက်တာတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး….”


ဂျိချန်းရွဲ့၏ ပျက်စီးသွားသော မျှော်လင့်ချက်လေးများက ပြန်လည်ရှင်သန်လာလေသည်။ သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်ကို မြည်းစမ်ရန် ဇွန်းကိုကောက်ကိုင်လိုက်ပြီး ဖက်ထုပ်ကို တဖူးဖူးမှုတ်၍ အသာအယာ ကိုက်လိုက်လေသည်။


နူးအိချောမွေ့သော ဖက်ထုပ်၏ အပေါ်ယံအလွှာကို ကိုက်လိုက်သည်နှင့် ဂျိချန်းရွဲ့၏ မျက်၀န်းများက မယုံကြည်နိုင်စွာနှင့် ပြူးကျယ်လာလေသည်။ ကောင်းမွန်လှသော အရသာက သူ၏ ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာပြီး အရသာလှိုင်းများက သူ၏စိတ်ခံစားမှု အာရုံကို ကျေနပ်နှစ်သိမ့်သွားစေသည်။ 


ကိုက်လိုက်ချိန်တွင် ထွက်ပေါ်လာသော မွှေးရနံ့များက သူ၏ နှာခေါင်းပေါက်အတွင်း တို၀င်လာသည်နှင့် သက်တံ့ရောင်ကို မြင်လိုက်ရသည်ဟု ခံစားလိုက်ရလေသည်။


“ဘုရားရေ… ဒီ… ဒီမွှေးရနံ့က တစ်ကယ့်ကို သက်တံ့ရောင်ပဲ….”