အပိုင်း ၁၅၂
Viewers 62k

အခန်း ၁၅၂ “ဘယ်ဟင်းပွဲက နှစ်သက်မှု အပေးနိုင်ဆုံးလဲ…”


ဖက်ထုပ်ကို ကိုက်လိုက်ချိန်တွင် ထွက်ပေါ်လာသော မွှေးရနံ့များက ဂျိချန်းရွဲ့၏ မျက်၀န်းမျာကို မှေးစင်းသွားစေသည်။ မွှေးရနံ့များက နှာခေါင်းပေါက်အတွင်း တိုး၀င်လာပြီး စားချင်စိတ်ကို လှုံ့ဆော်နေလေသည်။


သက်တံ့ရောင်ကဲ့သို့ အရောင်အသွေးစုံလင်လှသော မွှေးရနံ့များက ထွက်ပေါ်လာပြီး တခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားသောကြောင့် ဂျိချန်းရွဲ့ သတိပြန်၀င်လာချိန်တွင် ပါးစပ်ထဲမှ မွှေးရနံ့ကလဲ ပျောက်ကွယ်သွားပြီဖြစ်သည်။


ဂျိချန်းရွဲ့က ပါးစပ်ထဲမှ ဖက်ထုပ်ကို ဝါးလိုက်ရာ ပျော်ရွှင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်လာလေသည်။ သူ၏ စိတ်ထဲတွင်လဲ ထိန်းချုပ်မရနိုင်လောက်သော စိတ်လှုပ်ရှား ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေလေသည်။ ဖက်ထုပ်က သူ၏ စိတ်ခံစားချက်အပေါ်တွင် သက်ရောက်မှု ရှိနေလေသည်။


ဂျိချန်းရွဲ့၏ စိတ်ထဲတွင် ခံစားချက်များ အမျိုးမျိုး ပြောင်းလဲနေပြီး ပျော်ရွှင်မှုနှင် အဆုံးသတ်သွားလေသည်။ ပုဖန်က ဖက်ထုပ်ပြုလုပ်ရာတွင် သာမာန်ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် စွမ်းအင်မပါ၀င်ခြင်းကို ဂျိ်ချန်းရွဲ့က အံ့အားသင့်ခြင်း မရှိသော်လည်း ဖက်ထုပ်၏ ကြည်လင်လှသော ပုံသဏ္ဍာန်ကြောင့် သူက အံ့အားသင့်နေလေသည်။


ဖက်ထုပ်၏ ပျော့ပြောင်းနူးညံ့မှုနှင့် အရသာကြောင့် သူ့ပါးစပ်ထဲတွင် လေပြေလေညင်းများ တိုက်ခတ်နေသကဲ့သို့ ခံစားနေရလေသည်။ ဂျိချန်းရွဲ့က တုံ့ဆိုင်းမနေပဲ ကျန်နေသော ဖက်ထုပ်တစ်၀က်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ ဖက်ထုပ်စားပြီးနောက် ပန်းကန်လုံးကို မယူလိုက်ပြီး အနည်းငယ်မှုတ်လိုက်ကာ ဖက်ထုပ်ပြုတ်ရည်ကို စုပ်သောက်လိုက်သည်။


ဖက်ထုပ်ပြုတ်ရည်က အလွန်ကြည်လင်နေသော်လည်း ပင်လယ်စာ စွပ်ပြုတ်ရည်၏ အရာသာကဲ့သို့ ဖြစ်နေလေသည်။ ဖက်ထုပ်စားပြီးနောက် ဟင်းချိုရည်ကို ပါးစပ်အပြည့် သောက်လိုက်ရခြင်းက အေးမြသော ရာသီဥတုတွင်ပင် နွေထွေးပြီး သက်တောင့်သက်သာ ရှိသွားစေသည်။


ပုဖန်က အိုး၏မျက်နှာပြင်သို့ တက်လာသော လခြမ်းကွေးသဏ္ဍာန် ဖက်ထုပ်များကို အလျင်အမြန် ဆယ်ယူလိုက်ပြီး ပန်းကန်လုံးထဲထည့် ၍ ကြက်သွန်မြိတ် ဖြူလိုက်လေသည်။ ထို့နောက် မိန်းမစိုးများက အဆင့်မြင့်အရာရှိများထံ ဖက်ထုပ်ပန်းကန်များကို သယ်ဆောင်သွားလိုက်ပြီး မြည်းစမ်းစေလိုက်သည်။


သူတို့က ဖက်ထုပ်ကို ကိုက်လိုက်သည်နှင့် သက်တံ့ရောင်မွှေးရနံ့များကို ခံစားမိလိုက်သောကြောင့် အလွန် အံ့အားသင့်သွားကြသည်။


“ဒါက ရိုးရှင်းပြီး အရမ်းကို လှပလွန်းတယ်…”


ဖက်ထုပ်၏ အရသာက သူတို့မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေလေသည်။ ဖက်ထုပ်၏ ကောင်းမွန်လှသော အရသာကြောင့် သူတို့၏ လျှာကိုပင် မြိုချလုမတက် ဖြစ်သွားလေသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် ကျေနပ်နှစ်သိမ့်မှုများနှင့် ပြည့်နှက်နေလေသည်။


နောက်ဆုံးတွင် ပြည်သူများ၏ အလှည့်သို့ ရောက်လာပြီဖြစ်သည်။ ပြည်သူများက ဧကရာဇ်နှင့် အဆင့်မြင့် အရာရှိများ၏ ကျေနပ်နှစ်သိမ့်နေသော မျက်နှာကို ကြည်၍ စောင့်ရသည်ကို စိတ်မရှည်နိုင် ဖြစ်နေကြသည်။


“ဘယ်လိုဟင်းပွဲမျိုးမို့ သူတို့က ပျော်ရွှင်နေရတာလဲ….”


ပြည်သူများက သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်ကို ရရှိချိန်တွင် စိတ်အားထက်သန်စွာနှင့် မြည့်စမ်းလိုက်ကြသည်။ တစ်ကိုက်ကိုက်လိုက်သည်နှင့် လှပသော သက်တံ့ရောင် မွှေးရနံ့များက သူတို့ကို လွှမ်ခြုံလာသည်ကို ခံစားလိုက်ကြရသည်။


ကြွယ်ဝသော မွှေးရနံ့များက လေထုထဲသို့ ပျံ့နှံ့သွားပြီး နက်နဲသော ကောင်းကင်ဘုံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသောကြောင့် လူတိုင်းက အငမ်းမရ ရှူရှိုက်လိုက်ကြသည်။ သူတို့၏ စိတ်နှလုံးများက ထိန်းချုပ်၍ မရအောင်ပင် တုန်လှုပ်နေကြသည်။ အသက်ကြီးကြီး စုံတွဲတစ်တွဲက လခြမ်းကွေးဖက်ထုပ်ကို စားလိုက်ပြီးနောက် သူတို့ကိုယ်သူတို့ ပိုငယ်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။


“အဖွားကြီး … ဒါကိုမြည်းကြည့်ပါဦး … ဒီဟင်းပွဲက တစ်ကယ်ကို အရသာရှိတယ်…” အဖိုးအိုက လခြမ်းကွေးဖက်ထုပ်ကို ခပ်ယူလိုက်ပြီး နွေးထွေးစွာ ပြုံးလိုက်ကာ သူ၏ နံဘေးမှ အဘွားအိုကို ခွံ့ကြွေးလိုက်လေသည်။


အဘွားအိုက စိတ်ကသိကအောင့် ဖြစ်ဟန်နှင့် ရယ်မောလိုက်ပြီး အဖိုးအိုကို မျက်လုံးလှန်ကြည့်လိုက်ကာ ဖက်ထုပ်ကို စားလိုက်လေသည်။ နွေးထွေးသော ခံစားချက်က သူတို့နှလုံးသားထဲတွင် ပျံ့နှံ့သွားလေသည်။ ဖက်ထုပ်စားနေသော မီးခိုးရောင်ဆံပင်နှင့် သက်ကြီးရွယ်အိုနှစ်ယောက်၏ အနီးတွင် ပျော်ရွှင်မှုများက ပြည့်နှက်နေလေသည်။


လခြမ်းကွေးဖက်ထုပ်ကို စားနေသော လူငယ်လေးတစ်ယောက်၏ ဘေးတွင်သူ၏ ဇနီးက ထိုင်နေလေသည်။ သူတို့နှစ်ယောက်ကြားတွင် အသေးအဖွဲ ပြသနာတစ်ခုခု ဖြစ်ထားဟန်ရှ်ိပြီး တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုထားလေသည်။ အမျိုးသမီး၏ ဖက်ထုပ်ပွဲက ရောက်မလာသေးသောကြောင့် သူမက ဖက်ထုပ်စားနေသော လူငယ်ကို မျက်လုံးထောင့်မှ ချောင်းကြည့်လိုက်ပြီး ဒေါသထွက်နေလေသည်။


ထိုအချိန်တွင် အငွေ့တထောင်းထောင်း ထနေသော ဖက်ထုပ်ထည့်ထားသည့် ကြွေဇွန်းဖြူဖြူက သူမရှေ့သို့ ရုတ်တရက် ရောက်လာသောကြောင့် အံ့အားသင့်သွားပြီး လူငယ်လေးဘက်ကို လှည့်ကြည့်လိုက်သည်။ လူငယ်လေးက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။


“ဟီးဟီး… ချစ်ဇနီးလေး .. ဒီဖက်ထုပ်က အရမ်းကို အရသာရှိတယ်.. အထဲမှာ မှော်အတတ်ပညာ တစ်ခုခု ထည့်ထားပုံရတယ်… မြည်းကြည့်ပါဦး….”


သူက ရယ်မောလိုက်ပြီး ဖက်ထုပ်ဇွန်းကို ဇနီးသည်၏ နှုတ်ခမ်းနားသို့ တိုးပေးလိုက်သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က ဖြစ်ပေါ်နေသော အမျိုးသမီး၏ မကျေနပ်ချက်များနှင့် ဒေါသများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအယာတစ်ခု ပေါ်ထွက်လာကာဖက်ထုပ်ကို တစ်ကိုက်ကိုက်လိုက်လေသည်။


မွှေးပျံ့သော သက်တံ့ရောင် မွှေးရနံ့များက သူမ၏ မျက်နှာကို ဖုံးလွှမ်းသွားပြီး ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူမ၏ ကိုက်ထားပြီးသော တစ်၀က်ကို ခင်ပွန်းသည်က စားလိုက်သောကြောင့် သူမ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းလာပြီး ခင်ပွမ်းသည်၏ လက်မောင်းကို ဆုတ်ကိုင်၏ ခပ်တိုးတိုး ပြောလိုက်လေသည်။


“ဘာတွေလုပ်နေတာလဲ … ဒီမှာလူတွေအများကြီးရှိနေတာကို…. ရှက်ဖို့ကောင်းလိုက်တာ….” ( ဘာတွေ လာရိုနေတာလား… )


နက်နဲသော ကောင်းကင်ဘုံအတွင်းတွင် ထိုသို့သော မြင်ကွင်းများ ဆက်လက်ဖြစ်ပွားနေလေသည်။ လူတိုင်းက သက်တံ့ရောင်လခြမ်းကွေး ဖက်ထုပ်ကို စားလိုက်သည်နှင့် ပျော်ရွှင်မှုကို ခံစားလိုက်ရလေသည်။ ထို့အပြင် အချင်းများနေကြသော လူငယ်စုံတွဲများက ပြန်လည်သင့်မြတ်လာကြသည်။


သက်တံ့ရောင် လခြမ်းကွေး ဖက်ထုပ်က လူတိုင်းကို ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေသောကြောင့် ပွဲတော်က ပို၍ အသက်၀င်လာလေသည်။


“ဘာကြောင့် ငါတို့အလှည့်မရောက်သေးတာလဲ… အရမ်းကိုနှေးတာပဲ….”


စိတ်မရှည်နိုင်ကြတော့သော ပြည်သူအချို့က သူတို့၏ ခုံမှ ထ၍ ပုဖန်ဆီသို့ ဦးတည်လျောက်လှမ်းလာကြသည်။ ဦးဆောင်လာသူအချို့၏ နောက်တွင် လိုက်ပါလာသူများ ပို၍ များပြားလာပြီး အခြေအနေက ပရမ်းပတာ ဖြစ်လာလေသည်။


ပုဖန်က သူ့ထံသို့ လျောက်လာသော လူအုပ်ကြီးကို မျက်မှောင်ကြုံ့၍ ခပ်တည်တည် စိုက်ကြည့်နေလေသည်။ ထိုအချိန်တွင် အမြင့်ဆုံးနေရာမှ ဂျိချန်းရွဲ့က ဖက်ထုပ်သုံးခုကို စားသောက်ပြီးနောက် ပန်းကန်ထဲမှ ဖက်ထုပ်ပြုတ်ရည်များကို တစ်စက်မကျန် မော့သောက်လိုက်လေသည်။ သူကအလွန်ကျေနပ် နှစ်သိမ့်စွာနှင့် ပန်းကန်ကို ပြန်ချလိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်လေသည်။


“သူတို့ကို တားလိုက်… သူတို့ရဲ့ ခုံကို ပြန်ပြီး စိတ်ရှည်လက်ရှည်နဲ့စောင့်ဖို့ ပြောလိုက်… ဒီလိုမှ မဟုတ်ဘူးဆိုရင် သူတို့ရဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းပြီး မောင်းထုတ်လိုက်….” ဂျိချန်းရွဲ့က ဘေးတွင် ရပ်နေသော မိန်းမစိုးတစ်ယောက်က အမှုန့်ချေချင်နေသော အကြည့်နှင့် ကြည့်၍ ပြောလိုက်သည်။


ထိုမိန်းမစိုးက ဘုရင့်အမိန့်ကို ပြန်၍ လက်ဆင့်ကမ်းလိုက်ရာ အမိန့်အတိုင်းဆောင်ရွက်ရန် သံချပ်ကာ၀တ်ထားသော တပ်သားအချို့ ထွက်လာကြလေသည်။ ပြည်သူများက ဧကရာဇ်၏ အမိန့်ကို မနာခံပဲ မနေရဲသောကြောင့် ခုံတွင် ပြန်ထိုင်လိုက်ပြီး ပုဖန်၏ ဟင်းပွဲကို စိတ်လှုပ်ရှားစွာ စောင့်နေကြလေသည်။


စားဖိုမှုးဂျင်၏ မျက်နှာအမူအယာက လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားလေသည်။


“ဒါက ဘယ်လိုဖြစ်ရတာလဲ… ဘယ်လိုဖြစ်လို့ ရိုးရိုးသာမာန် ပစ္စည်းတွေနဲ့ အရသာကောင်းတဲ့ ဟင်းပွဲတစ်ပွဲ ချက်နိုင်ရတာလဲ….” စားဖိုမှုးဂျင်က မယုံကြည်နိုင်စွာနှင့် တတွတ်တွတ် ရေရွတ်နေလေသည်။


လူတိုင်း၏ အပြုအမူများနှင့် ဧကရာဇ် ဂျိချန်းရွဲ့၏ အမူအယာကို ကြည့်လိုက်သည်နှင့်ပင် ပုဖန်၏ သက်တံ့ရောင်လခြမ်းကွေး ဖက်ထုပ်က သူ၏ ပျော်ရွှင်ခြင်းလေးမျိုး အသားလုံးကို ကျော်လွန်သွားသည်ကို သိရှိလိုက်လေသည်။


ကိုယ့်ကိုကိုယ် ဂုဏ်ယူလေ့ရှိသော စားဖိုမှုးဂျင်က အခြားသူများ၏ ရှေ့တွင် ပုဖန်က ကံကောင်းသူတစ်ယောက်သာ ဖြစ်ပြီး ဂရုစိုက်ရန် မလိုကြောင်း သူတို့၏ ဟင်းချက်စွမ်းရည်ကို ထုတ်ဖော်ပြလိုက်သည်နှင့် အနိုင်ယူနိုင်မည်ဟု ပြောင်ပြောင်တင်းတင်းပင် ကြွားဝါခဲ့သည်။ သို့သော် ရလာဒ်က သူ၏ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်ရိုက်လိုက်သကဲ့သို့ ခံသားလိုက်ရပြီး သူ၏ ခေါင်းပြောင်ပြောင်ပင် အရောင်မှိန်သွားသည်ဟု ခံစားလိုက်ရသည်။


“ငါ… ဒါ… ဒါကို မယုံကြည်ဘူး…” စားဖိုမှုးဂျင်က လက်ထဲတွင် ပြုလုပ်နေသော အသားလုံးကို ပစ်ချလိုက်ပြီး ပုဖန်ထံသို့ ကိုယ်တိုင် သွားကြည့်ရန် ပြင်လိုက်လေသည်။


“စားဖိုမှုးဂျင်… သင့်ရဲ့ ဟင်းပွဲကိုပဲ ပြီးဆုံးအောင်ချက်ပြုတ်ပါ.. ဒီနေရာမှာ လျောက်သွာဖို့ကို ခွင့်မပြုထားပါဘူး….” မိန်းမစိုးငယ်တစ်ယောက်က စူးရှကျယ်လောင်သော အသံနှင့် သတိပေးလိုက်သည်။


စားဖိုမှုးဂျင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သက်တောင့်သက်သာ အမူအယာနှင့် ဖက်ထုပ်လုပ်နေသော ပုဖန်ကို လှမ်းကြည့်လိုက်သည်။


ရွဲ…


ထိုအချိန်တွင် သူ၏အနီးမှ ဆီပူအိုးထဲသို့ ထည့်ကြော်လိုက်သံ တစ်ခုက နားထဲသို့ ၀င်ရောက်လာသောကြောင့် အထိတ်တလန့်နှင့် လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက နောက်တစ်ကြိမ် မှေးစင်းသွားပြီး အသက်ပြင်းပြင်း ရှူလိုက်မိလေသည်။


အားလုနှင့် အားလွေတို့ ညီအကိုနှစ်ယောက်က ချက်ပြုတ်ပြီးစီးသွားပြီဖြစ်ပြီး သူတို့၏ ဟင်းပွဲက မြင်ရုံနှင့်ပင် ထိတ်လန့်စရာ ကောင်းနေလေသည်။ အားလုရှေ့မှ မီးဖိုပေါ်တွင် အိုးတစ်လုံးအစား ကြီးမားသော သတ္တုချောင်းတစ်ချောင်းကို ထောင်ထားလေသည်။ ထိုသတ္တုချောင်းပေါ်တွင် မွှေးပျံ့သော ရနံ့များ ကြိုင်လှိုင်စွာ ထွက်ပေါ်နေသည့် ဧရာမ အသားတုံးတစ်တုံးကို ထိုးသီထားလေသည်။


အသားတုံး၏ မျက်နှာပြင်ပေါ်မှ ဆီများ စိမ့်ထွက်နေပြီး ထိုဆီများက မီးဖိုထဲကျရာမှ ဆူညံသော အသံများ ထွက်ပေါ်နေလေသည်။ အားလု၏ ဘေးမှ အားလွေကလည်း ဟင်းပွဲကို ချက်ပြုတ်ပြီးစီးသွားပြီဖြစ်သည်။


သူ၏ ဟင်းပွဲကလည်း အသားကင်သာဖြစ်ပြီး သူ့ညီနှင့် မတူညီသော ဟင်းပွဲကို အသုံးပြုထားလေသည်။ သူ့လက်ထဲတွင် အသားကင်သီတံများ ကိုင်ထားပြီး သီတံတစ်ခုချင်းစီတွင် ဆီများ စိုရွဲနေသော ဝိဥာဉ်သားရဲ အသားတုံးငယ်လေးများကို သီထားလေသည်။