အပိုင်း ၁၅၃
Viewers 53k

အခန်း ၁၅၃ “တော၀က်သားကင်”


အားလု၏ မျက်လုံးမှေးမှေးလေးများက လေးနက်တည်ကြည်နေပြီး သူ့လက်ထဲမှ မီးဖိုချောင်သုံးဓါးကြီးနှင့် အသားတုံးကြီးကို လှီးဖြတ်လိုက်ရာ သူ့ခန္ဒာကိုယ်ပေါ်မှ အဆီပြင်များပင် တစ်လှုပ်လှုပ်ခါသွားလေသည်။


ဧရာမ အသားတုံးကြီးမှ ဖြတ်တောက်လိုက်သော အသားလွှာများကို ပန်ကန်ပြားတစ်ခုထဲသို့ ထည့်လိုက်လေသည်။ ငါးပွဲမျှ ပြင်ဆင်လိုက်ပြီးနောက် အသားပြားများပေါ်သို့ ရောစပ်ထားသော အချဉ်ရည်ကို လောင်းထည့်လိုက်သည်။ ဟင်းခတ်အမွှေးအကြိုင်များ၏ ရနံ့များနှင့် အချဉ်၏ ရနံ့များက ပေါင်းစပ်သွားပြီး လေထုထဲသို့ လွင့်ပျံလာကာ လူအများ၏ အာရုံကို ဆွဲဆောင်သွားလေသည်။


ထိုအချိန်မှ အားလုက မိန်းမစိုးကို ဟင်းပွဲချပေးရန် အချက်ပြလိုက်သည်။ သူ့ရှေ့မှ နူးညံ့စိုအိနေသော အသားပြားများကို ကြည့်၍ ဂျိချန်းရွဲ့၏ မျက်လုံးများ တောက်ပသွားလေသည်။ အသားကင်၏ အရောင်က သာမာန်နှင့် မတူပဲ တမူထူးခြားနေသောကြောင့် တစ်ချက်ကြည့်လိုက်သည်နှင့်ပင် ရိုးရိုးဝိဥာဉ်သားရဲ မဟုတ်မှန်း သိနိုင်လေသည်။


“ဒါက အဆင့်သုံး ပန်းပြောက်တော၀က်ရဲ့ အသားလား..” ဂျိချန်းရွဲ့က တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး တီးတိုးရေရွတ်လိုက်သည်။


ထို့နောက် ဘေးမှ မိန်းမစိုးတစ်ယောက် ကမ်းပေးသော ရွှေဓါးမြှောင်ကို ယူလိုက်ပြီး အသားကို တူဖြင့် ဖိလိုက်ကာ ပိုင်းဖြတ်လိုက်သည်။ အသားက ကျက်ပြီးသားဖြစ်သည့်အပြင် ရွှေဓါးမြှောင်က အလွန်အမင်း ထက်မြနေသောကြောင့် အတုံးလေးများအဖြစ် အလွယ်တကူ ပိုင်းဖြတ်လိုက်လေသည်။


အသားကို လှီးဖြတ်လိုက်သည်နှင့် မွှေးကြိုင်သင်းပျံ့သော ရနံ့များက ထွက်ပေါ်လာပြီး ထိုရနံ့များမှ နူးညံ့ချောမွေ့မှုကိုပင် ခံစားလိုက်ရသည်။ ဂျိချန်းရွဲ့က ဖြတ်တောက်ထားသော အသားတုံးကို တူဖြင့် ယူလိုက်ကာ အချဉ်ရည်ထဲနှစ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်လေသည်။ပါးစပ်ထဲရှိ အသားကို ဝါးလိုက်သည်နှင့် ဂျိချန်းရွဲ့၏ မျက်နှာအမူအယာကို အိမ်မက်ယောင်နေသူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေသည်။


အသား၏ နှစ်သက်ဖွယ် အရသာက သူ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ မျက်လုံးများပင် မှေးစင်းသွားလေသည်။ ထွက်ပေါ်လာသော မွှေးရနံ့ကလဲ သူ၏ ခန္ဒာကိုယ်ကို သန့်စင်ပေးနေသကဲ့သို့ ဖြစ်နေလေသည်။ ထိုကဲ့သို့ ကောင်းမွန်လှသော ခံစားချက်များထဲမှ ဂျိချန်းရွဲ့က နိုးထလိုခြင်းပင် မရှိတော့ပေ။ တခဏမျှကြာသွားပြီးနောက် ဂျိချန်းရွဲ့က ကျယ်လောင်စွာ ချီးမွန်းလိုက်ပြီး အသားကင်အပိုင်းများကို အချဉ်ရည်ထဲနှစ်လိုက်ပြီး ဆက်လက်စားသောက်နေလေသည်။


အားလုက ဂျိချန်းရွဲ့၏ မျက်နှာအမူအယာကြောင့် အလွန်၀မ်းမြောက်သွားပြီး အားပါးတရရယ်မောလိုက်ရာ သူ့မျက်နှာပေါ်မှ အဆီပြင်များပင် တုန်ခါနေလေသည်။


သူ၏ အိတ်ကပ်ထဲမှ ကြက်ပေါင်ကို ဆွဲထုတ်၍ အောင်ပွဲခံရန် ပြင်လိုက်သော်လည်း ချက်ပြုတ်နေစဉ် အစာမစားရန် မှာကြားထားသော သူ့ဆရာ၏ စကားကို အမှတ်ရသွားသောကြောင့် ပြန်၍ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ဧည့်သည်များကို အသားကင်ဖြင့် တည်ခင်းလိုက်ရာ ကြွယ်ဝသော မွှေးရနံ့နှင့် နှစ်သက်ဖွယ် အရသာတို့ကြောင့် သူတို့က ပျော်မြူးနေကြလေသည်။


အားလုက လေထဲမှ မွှေးရနံ့တစ်ခုကြောင့် အနံံ့ခံလိုက်ပြီး သူ့အကို ချက်ပြုတ်နေသော မီးဖိုထံသို့ လှမ်းကြည့်လိုက်လေသည်။ ထိုနေရာမှ အံ့သြဖွယ်စွမ်းအင်များက လေထဲသို့ လွင့်တက်နေသည်ကို တွေ့လိုက်ရလေသည်။


“မွှေးလိုက်တာ…. ငါအဲဒါကို စားချင်လာပြီ… အကိုကြီးရဲ့ ဟင်းချက်စွမ်းရည်က တိုးတက်လာပြန်ပြီ…” အားလုက လေထဲမှ မွှေးရနံ့များကို ရှူရှိုက်လိုက်ပြီး သားရေတမြှားမြှား ကျနေလေသည်။ သူက အားလွေ၏ ဟင်းချက်စွမ်းရည်ကို အမြဲလိုလို ယုံကြည်ခဲ့ပြီး ပိုင်ရှင်ပုထက် ကောင်းမွန်သည်ဟု သတ်မှတ်ထားလေသည်။


“ဂလု… အာ.. ငါဒီအသားကို အရမ်းစားချင်နေပြီ.. အဲဒါကို မစားရရင်တောင် ကြက်ပေါင်ထုတ်စားမှ ဖြစ်တော့မယ်….”


တည်တည်ငြိမ်ငြိမ်နှင့် ဖက်ထုပ်လုပ်နေသော ပုဖန်က လေထဲမှ လွင့်ပျံလာသော မွှေးရနံ့များကြောင့် အနဲငယ်အံ့အားသင့်သွားလေသည်။


“အင်း တစ်ယောက်ယောက်က ဝိဥာဉ်ဆေးပင်တွေနဲ့ ရောစပ်ပြီး အသားကြပ်တိုက် လုပ်နေတာပဲ…” ပုဖန်က တီးတိုးရေရွတ်လိုက်ပြီး သူ၏ ဖက်ထုပ်လုပ်နှုန်းက အနည်းငယ် လျော့ကျသွားသည်။


၀ိဥာဉ်ဆေးပင်များတွင် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်သောကြောင့် ပါ၀င်ပစ္စည်းများ၏ အရည်အသွေးကို တိုးတက်စေရုံမကပဲ အနံ့အရသာကိုပါ တိုးတက်လာစေနိင်သည်။ ဝိဥာဉ်ဆေးပင်ကို တိုက်ရိုက်လောင်ကြွမ်းစေခြင်းက ဖြုန်းတီးရာ ကျသော်လည်း အသားကြပ်တိုက်လုပ်ရန် အပြည့်စုံဆုံး နည်းလမ်းပင် ဖြစ်သည်။


အသားကင်မှ ထွက်ပေါ်လာသော ရနံ့က အလွန်ကောင်းမွန်လှကြောင်း ခံစားလိုက်ရသောကြောင့် ပုဖန်၏ မျက်နှာအမူအယာက အနည်းငယ် ပြောင်းလဲသွားလေသည်။ အသားနှင့် ဝိဥာဉ်ဆေးပင်တို့ ရောစပ်၍ အပူးပေးရာမှ ထွက်ပေါ်လာသော ရနံ့က မျှော်လင့်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေလေသည်။


မွှေးရနံ့များက တဖြည်းဖြည်း ပျံ့နှံ့သွားသည်နှင့် ရှူရှိုက်မိလိုက်သော လူတိုင်းက ရနံ့ထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ ဗိုက်ထဲမှ တကျုတ်ကျုတ်နှင့် ဆာလောင်သော အသံမျိုး ထွက်ပေါ်နေကြလေသည်။ အားလု၏ အသားကင်ကို စားသောက်ပြီး မှင်သက်နေဆဲဖြစ်သော ဂျိချန်းရွဲ့ကမွှေးပျံ့သော ရနံ့ကြောင့် အားလွေရှိရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။


အားလွေ၏ လက်ထဲတွင် ဆီများ စိုရွှဲနေသော အသားကင် ငါးချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအသားကင်များက သေချာစွာ ပြုလုပ်ထားသောကြောင့် စားချင်စဖွယ် ဖြစ်နေလေသည်။ အားလွေက ထိုအသားကင် ငါးချောင်းကို မိန်းမစိုး၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။


“ဧကရာဇ်ကို သီတံတစ်ချောင်းပေးလိုက်… ကျန်တဲ့သူတွေအတွက်တော့ စားပွဲတစ်ဝိုင်းကို သီတံတစ်ချောင်းပဲပေး…” အားလွေက မိန်းမစိုးကို မှာကြားလိုက်သည်။


အံ့သြနေသော မိန်းမစိုးငယ်က အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်ပြီး ဂျိချန်းရွဲ့ထံသို့ ဂရုတစိုက်နှင့် လျောက်သွားလိုက်သည်။ ဂျိချန်းရွဲ့၏ စားပွဲပေါ်တွင် နူးညံ့၍ သေးငယ်သော တော၀က်သားသီတံ တစ်ချောင်းကို တင်ပေးထားလိုက်ပြီး ကျန်လေးချောင်းကို အဆင့်မြင့် အရာရှိများ၏ စားပွဲဝိုင်းများတွင် တင်ပေးလိုက်သည်။


လူတိုင်းက သီတံပေါ်မှ အသားကင်ကို ကြည့်နေကြသည်။ အသားကင်မှ နူးညံ့သော မွှေးရနံ့များ အဆက်မပြတ် ထွက်ပေါ်နေပြီး လူတိုင်းကို ဆွဲဆောင်နေသော်လည်း ဂျိချန်းရွဲ့နှင့် အဆင့်မြင့်အရာရှိများက စားသောက်ခြင်း မရှိကြသေးချေ။ အားလွေ ကင်ထားသော အသားကင်၏ အပြင်ဘက်အလွှာက အနီရောင်တောက်ပနေပြီး အလွန်ချစ်စဖွယ် ကောင်းနေသောကြောင့် ဖြစ်သည်။


“စားကြတော့လေ… အစားအသောက်ဆိုတာ စားဖို့ပဲကို… မင်းတို့က အလှပဲ ကြည့်နေကြမယ်လို့တော့ ငါ့ကို မပြောနဲ့…” အားလွေက မည်သူမျှ စားသောက်ခြင်း မရှိသည်ကို တွေ့လိုက်ရသောကြောင့် လှောင်ပြောင်သရော်လိုက်ပြီး မီးဖိုသို့ ပြန်သွားကာ အသားကို ဆက်ကင်နေလိုက်သည်။


ဂျိချန်းရွဲ့က မျက်၀န်းများကို မှေးစင်းလိုက်ပြီး ရွှေရောင်ဓါးမြှောင်နှင့် အသားကင်ကို လှီးဖြတ်လိုက်သည်။ အသားကင်၏ အရည်ခွံက အလွန်ကြွပ်ရွလှပြီး အသားက နူးညံ့နေသောကြောင့် ကြေမွသံအချို့ ထွက်ပေါ်လာပြီး အလွယ်တကူ ပိုင်းဖြတ်သွားလေသည်။


အသားကို ဖြတ်တောက်လိုက်သည်နှင့် အမွှေးအကြိုင် ရနံ့များ ပါ၀င်သော အချဉ်ရည်များ ထွက်ပေါ်လာပြီး အသားကင်တစ်ခုလုံးကို ဖုံးလွမ်းသွားလေသည်။


“ဟင်းပွဲထဲက ဟင်းပွဲပဲ…”


ဂျိချန်းရွဲ့က အံ့အားတသင့်နှင့် အော်လိုက်ပြီး အချဉ်ရည်၏ မွှေးရနံ့ကြောင့် စားချင်စိတ်များ ဖြစ်ပေါ်လာလေသည်။ လိမ္မော်ရောင်အချဉ်က အားလု စပ်ထားသော အချဉ်နှင့် ကွာခြားနေပေသည်။အသားကို မကင်မှီကပင် အချဉ်နှင့် အမွှေးအကြိုင်များကို ထည့်ထားလိုက်ပြီး စားသောက်ရန် ဖြတ်တောက်လိုက်သည်နှင့် အလိုလို ထွက်ပေါ်လာခြင်း ဖြစ်သည်။


အားလု၏ အချဉ်ကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်ပြီး အားလွေ၏ အချဉ်ရည်က ဟင်းပွဲတစ်ခုအဖြစ်ပင် သတ်မှတ်နိုင်ပေသည်။


ဂျိချန်းရွဲ့က ကြွေဇွန်းကို အသုံးပြု၍ ဖြတ်ပိုင်ထားသော အသားတုံးကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ အသားက ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် သူ့ခန္ဒာကိုယ်ပေါ်မှ မွှေးညှင်းများ ထောင်ထသွားသကဲ့သို့ ခံစားလိုက်ရပြီး နှာခေါင်းမှ အခိုးအငွေ့များပင် ထွက်လာလေသည်။


ပါးစပ်ထဲမှ အသားကင်က နူးညံ့နေပြီး အသား၏ အရသာထဲတွင် များပြားလှသော ပါ၀င်ပစ္စည်းများ၏ အရသာများ ပေါင်းစပ်ပါ၀င်နေကာ မွှေးပျံ့လှသော အချဉ်နှင့် အလွန်လိုက်ဖက်လှသောကြောင့် ဂျိချန်းရွဲ့က အသား၏ အရာသာတွင် ပျော်၀င်သွားလေသည်။


ထို့နောက် ဂျိချန်းရွဲ့က အသားကိုလှီးဖြတ်ခြင်းနှင့် စားသောက်ခြင်းများကို အသက်မရှူတမ်း လုပ်ကိုင်နေပြီး အသားကုန်သွားသောအခါ အချဉ်ရည်များကို မော့သောက်လိုက်လေသည်။


“အရသာရှိတယ်…. ဒါက တကယ်ကို အရသာရှိတယ်…”


စားသောက်ပြီးသွားသော ဂျိချန်းရွဲ့က တောက်ပစွာ ပြုံးလိုက်ပြီး ခေါင်းတညိမ့်ညိမ့်နှင့် ထပ်ခါတလဲလဲ ချီးကြူးလိုက်သည်။ ထိုအသံကို ကြားလိုက်သော အားလွေက နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီး သူ၏ မေးချွန်ချွန်ကို ပင့်လိုက်ပြီး ပုဖန်ဖက်သို့လှည့်ကာ လှောင်ပြောင်ရန် ကြိုးစားလိုက်သည်။


သို့သော် ပုဖန်က မည်သူ့ကိုမျှ ဂရုမစိုက်ပဲ သူ၏ ဖက်ထုပ်ကိုသာ အာရုံစိုက်၍ ပြုလုပ်နေလေသည်။ သူ၏ လှောင်ပြောင်မှုက မအောင်မြင်သောကြောင့် အားလွေက ဒေါသထွက်သွားလေသည်။


သူက ရန်သူများကို နင်းချေရန်နှင့် ပုဖန်ကို သူ၏စွမ်းရည်များအကြောင်း သိရှိရန် ထိုဟင်းပွဲကို ကြိုးစားပမ်းစား ချက်ပြုတ်ထားခြင်း ဖြစ်သည်။ သို့သော် ပုဖန်က သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ်ပင် သတ်မှတ်ထားဟန်မရချေ။


“ဟမ့် ပိုင်ရှင်ပု … မင်းကြည့်နေလိုက်စမ်းပါ… ရှုံးနိမ့်ရတဲ့ အရသာက ဘာလဲဆိုတာ မင်းသိသွားစေရမယ်…” အားလွေက နှာခေါင်းရှုံ့လိုက်ပြီး ပြောဆိုလိုက်သည်။


စားဖိုမှုးတိုင်းက ချက်ပြုတ်ပြီးစီးသွားပြီ ဖြစ်သောကြောင့် စားပွဲခုံတိုင်းတွင် ဟင်းပွဲများ ပြည့်လျံနေပြီး သာမာန်ပြည်သူများပင် ဟင်းပွဲအားလုံး စားသောက်ပြီးပြီ ဖြစ်သည်။ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ တောက်ပနေလေသည်။ ဟင်းပွဲများတွင် ထူးခြားသော စွမ်းအင်များ ပါ၀င်နေသကဲ့သို့ လူတိုင်းက တက်ကြွရွှင်လန်းနေကြလေသည်။