အခန်း ၁၅၅ “ပိုင်ရှင်ပုမှာ အဆိပ်ပြင်းတဲ့လျှာရှိတယ်…”
ပုဖန်၏ လေသံက ၀င့်ကြွားမနေပဲ အေးဆေးတည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။ ပုဖန်က ထိုသို့ တုံ့ပြန်လာမည်ဟု မမျှော်လင့်ထားသော အားလွေက အံ့အားသင့်သွားသော်လည်း ကမ်းလှမ်းချက်ကို သဘောကျသွားလေသည်။ ပုဖန်၏ သက်တံ့ရောင် လခြမ်းကွေး ဖက်ထုပ်ကို လူအများက သဘောကျနှစ်သက်ကြသောကြောင့် ထိုဟင်းပွဲတွင် ထူးခြားချက် တစ်စုံတစ်ခု ရှိနေမည်ကို သူက သိရှိနေလေသည်။
“ကောင်းပြီလေ… မင်းရဲ့ ဟင်းပွဲကို ငါ မြည်းစမ်းကြည့်မယ်… ပြီးတော့ ငါ့ရဲ့ ဟင်းပွဲကိုလဲ မင်းကို ပြန်မြည်းစမ်းခွင့် ပြုမယ်…” အားလွေက အပြုံးတစ်ခုကို မျက်နှာတွင် ဆင်မြန်းလိုက်ပြီး ပြောဆိုလိုက်သည်။
သူ၏ ဟင်းပွဲကို မြည်းစမ်းပြီးနောက် ဖြစ်ပေါ်လာမည့် ပုဖန်၏ အမူအယာကို သူက မြင်တွေ့လိုနေလေသည်။
ပုဖန်က ခေါင်းကို ငြိမ့်ပြလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် အစစ်အမှန်စွမ်းအင်များ စုစည်းလိုက်ပြီး လခြမ်းကွေး ဖက်ထုပ်အချို့ကို မီးဖိုပေါ်မှ ရေဆူနေသေးသော အိုးထဲသို့ ပစ်ထည့်လိုက်သည်။
အားလွေကလဲ သူ၏ မီးဖိုကို ပြန်သွားလိုက်ပြီး ဝိဥာဉ်သားရဲ အသားကင်တစ်ခုကို တက်ကြွသော အမူအယာနှင့် ပြုလုပ်နေလေသည်။ အခြားစားဖိုမှုးများကလဲ ပုဖန်နှင့် အားလွေကို ကြည့်လိုက်ကြသည်။
“သူတို့က တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်ကြမလို့လား…”
ကြက်ပေါင်ကို စားနေသော အားလုကလဲ ပုဖန်နှင့် အားလွေကို စိုက်ကြည့်နေလေသည်။ သူ့အကို၏ အသားကင်သည့် နည်းလမ်းကို သူက ကောင်းစွာ နားလည်နေလေသည်။ အသားကင်၏ အရသာက အလွန် ရိုးရှင်းလှသောကြောင့် ပုဖန်၏ သက်တံ့ရောင်လခြမ်းကွေး ဖက်ထုပ်က သူ့အကိုကို အနိုင်ရနိုင်ကြောင်း ခံစားမိနေလေသည်။
လုအများ၏ စိတ်၀င်စားမှုကို တွေ့လိုက်သောကြောင့် ဂျိချန်းရွဲ့၏ နှုတ်ခမ်းများက ပြုံးယောင်သမ်းသွားပြီး သူတို့နှစ်ယောက်ကို တားရန် ပြင်နေသော မိန်းမစိုးကို ပြောလိုက်သည်။
“သူတို့ပြိုင်ကြပါစေ…..”
မိန်းမစိုးက ဂျိချန်းရွဲ့ကို အရိုအသေ ပြုလိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်လေသည်။
မြေရိုင်းလွင်ပြင်ဒေသက ဆန်းကျယ်သော နေရာတစ်ခုဖြစ်ပြီး အင်ပါယာတရာရုံး၏ သြဇာအာဏာပင် ထိုအရပ်တွင် အလုံးစုံ မလွှမ်းမိုးနိုင်ချေ။ ချင်းယန်ကျန့်က မြေရိုင်းလွင်ပြင် ဒေသ၏ အပြင်ဘက်တွင်ရှိနေပြီး ထူးဆန်းသော မြို့တစ်မြို့လဲ ဖြစ်သည်။ ထိုအရပ်မှ လာကြသော ညီအကိုနှစ်ယောက်၏ ချက်ပြုတ်ခြင်းစွမ်းရည်က အံ့သြဖွယ်ကောင်းလှပြီး ပိုင်ရှင်ပုသာ မရှိပါက အနိုင်ရရှိသူမှာ သူတို့ပင် ဖြစ်နိုင်လေသည်။
သို့သော် ကံမကောင်းစွာဖြင့် ပိုင်ရှင်ပု၏ အချက်အပြုတ်စွမ်းရည်က ကြောက်မက်ဖွယ်ကောင်းလှလေသည်။ အချိန်ခဏမျှ ကြာပြီးနောက် အားလွေ၏ အသားကင်မှ ပြင်းထန်သော မွှေးရနံ့များ ထွက်ပေါ်လာလေတော့သည်။
၀ိဥာဉ်သားရဲ အသားကင်က နူးညံ့စိုအိနေပြီး ဝိဥာဉ်ဆေးပင်များကို လောင်စာအဖြစ် အသုံးပြုထားသောကြောင့် အမြင်လှရုံ အနံ့ကောင်းရုံသာ မကပဲ အရသာအလွန် ကောင်းလှပေသည်။ ပုဖန်၏ သက်တံ့ရောင်ဖက်ထုပ်ရ ရနံပမွှေးသော်လည်း ပြင်းထန်ခြင်းမရှိချေ။ အားလွေ၏ အသားကင်နှင့် နှိုင်းယှဉ်လိုက်ပါက တူညီသော အဆင့်တစ်ခုတွင်ပင် ရှိမနေချေ။
စားဖိုမှုးများက စိတ်ရှုပ်ထွေးနေကြပြီး အချို့စားဖိုမှုးများ၏ စိတ်ထဲတွင် သံသယရှိနေလေသည်။ သို့သော် ပုဖန်ရှေ့မှ ပန်းကန်ပြားထဲရှိ ကြေပြားများကြောင့် သူ၏ ဟင်းပွဲတွင် လူတိုင်းကို စွဲမက်စေနိုင်သော လျို့ဝှက်ချက် တစ်ခုရှိနေမည်ဟု ခန့်မှန်းနိုင်ကြသောကြောင့် ထုတ်မပြောကြချေ။
ပုဖန်က အိုးထဲမှ ဖက်ထုပ်များကိုဆယ်ယူလိုက်ပြီး ပန်ကန်လုံးထဲသို့ ခွဲထည့်လိုက်ကာ ကြက်သွန်မြိတ် ဖြူးလိုက်လေသည်။ အားလွေကလဲ သူ၏ အသားကင်ကို ပြင်ဆင်၍ ပြီးစီးသွားပြီဖြစ်သည်။ အသားကင်မှ ဆီများ တစ်စက်စက် စီးကျနေပြီး ရနံ့များက ကြိုင်လှိုင်စွာ ထွက်ပေါ်နေလေသည်။
“ပိုင်ရှင်ပု… ကျေးဇူးပြုပြီး ဒီအသားကင်ကို မြည်းကြည့်ပါ….”
အားလွေက ပုဖန်ထံသို့ လျောက်လာလိုက်ပြီး လက်ထဲမှ အသားကင်ကို လှမ်းပေးလိုက်သည်။ ပုဖန်က အသားကင်ကို လှမ်းယူလိုက်သည်။ မွှေးပျံ့သော ရနံ့များက သူ၏ မျက်နှာကို ပွတ်သပ်ကြည်စယ်သွားပြီး သူ၏ခန္ဒာကိုယ်နှင့် စိတ်အာရုံကို ဖုံးလွှမ်းသွားလေသည်။ ထို့နောက် ပုဖန်၏ လက်ကောက်၀တ်မှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ထွက်ပေါ်လာလေသည်။
ဓါးကို အသုံးပြု၍ အသားကင်ကို ပိုင်းဖြတ်လိုက်ရာ ပူပြင်းနေသော အချဉ်များ ထွက်ပေါ်လာပြီး အသားကင်ကို ဖုံးလွှမ်းသွားသောကြောင့် မွှေးရနံ့က ပို၍ ကြိုင်လှိုင်လာလေသည်။ ပုဖန်၏ သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်က ရိုးရှင်း၍ လှပသော အဖြူရောင်သစ်ခွပန်း ဖြစ်ခဲ့လျှင် အားလွေ၏ အသားကင်က အမဲရောင် နှင်းဆီပန်းဖြစ်နေနိုင်သည်။ ထိုဟင်းနှစ်မျိုးက လုံး၀ပင် ကွဲပြားခြားနားနေလေသည်။
ပုဖန်က အသားတုံးကို ခပ်သေးသေး ပိုင်းဖြတ်လိုက်ပြီး အချဉ်ထဲနှစ်၍ ပါးစပ်ထဲ ထည့်လိုက်လေသည်။ အသား၏ နူးညံ့စိုအိသော အရသာက သူ၏ ခံတွင်တစ်ခုလုံးကို ပျံ့နှံ့သွားသောကြောင့် ပုဖန်၏ မျက်လုံးများ တောက်ပလာလေသည်။
တစ်ချိန်တည်းမှာပင် အားလွေက ပုဖန်၏ သက်တံ့ရောင် ဖက်ထုပ်ကို ကောက်ယူလိုက်သည်။ ဖက်ထုပ်က ရိုးရှင်းသော အဖြူရောင် သစ်ခွပန်းတစ်ပွင့်ကဲ့သို့ ကြည့်လိုက်သည်နှင့် အထင်ကြီးစရာမရှိသော်လည်း သူ၏ ကြည်လင်၍ ချစ်စရာကောင်းသော အသွင်အပြင်က စားချင်စိတ်ကို ဆွဲဆောင်နေလေသည်။
“အကိုကြီး… ငါ့ကိုလည်း နည်းနည်းလောက် ပေးမြည်းပါ…” ကြက်ပေါင်စားနေသော အားလုက အားလွေအနီးသို့ ကပ်၍ တီးတိုးပြောလိုက်လေသည်။
အားလွေက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“မင်းကို အစားစားနေရင်းနဲ့ စကားမပြောရဘူးလို့ ဘယ်နှခါပြောရမှာလဲ… မင်းစားချင်ရင် ကိုယ်ဟာကိုယ် ဇွန်းယူပြီး ခပ်စားလေ…”
အားလုက ချက်ချင်းပင် အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်ပြီး ဇွန်းတစ်ချောင်းကို ကိုင်လိုက်ကာ ဖက်ထုပ်ကိုခပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
ဖက်ထုပ်မှ ဂျုံသားနှင့် ဟင်းသီးဟင်းရွက်များ၏ ရနံ့တို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ရနံ့များ ထွက်ပေါ်လာလေသည်။ အားလွေက ဖက်ထုပ်ကို တစ်ကိုက်ကိုက်လိုက်သည်နှင့် သက်တံ့ရောင်ကဲ့သို့ ပြောင်းလဲသွားသော မွှေးရနံ့များကို တွေ့လိုက်ရသည်။
“ဒီတော့… ဒါက သက်တံ့ရောင် လခြမ်းကွေး ဖက်ထုပ်ရဲ့ အဓိပ္ပါယ် အစစ်အမှန်ပေါ့…”
ပျော်ရွှင်ခြင်း စိတ်ကျေနပ်ခြင်းနှင့် သက်တောင့်သက်သာ ဖြစ်မှုတို့က သူ၏ ရင်ထဲတွင် တစ်လိမ့်လိမ့် တက်လာလေသည်။
“ဒါက အရာသာရဲ့ အဓိပ္ပါယ်ကိုတောင် ကျော်လွန်သွားတဲ့ စိတ်ခံစားမှုပဲ…”
အားလွေက တိတ်ဆိတ်သွားပြီး သူ့လက်ထဲမှ ဖက်ထုပ်တစ်ခုလုံးကို ကုန်အောင် စားလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေလေသည်။ သူက ဖက်ထုပ်၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးသွားပြီဖြစ်သည်။ သူနှင့် ပုဖန်ကြားမှ ကွာခြားချက်က မကျော်ဖြတ်နိုင်သော တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားလှချေသည်။
အားလွေ၏ နောက်တွင် ရပ်နေသော အားလု၏ မျက်နှာက ရှုံ့မဲ့နေပြီး မျက်၀န်းထဲတွင် မျက်ရည်များနှင့် ပြည့်နှက်နေကာ နှုတ်ခမ်းတလှုပ်လှုပ်နှင့် ငိုကြွေးနေလေသည်။
“မင်းက ဘာဖြစ်နေတာလဲ…” အားလွေက အားလု၏ အမူအယာကို ကြည့်လိုက်ပြီး အံ့သြတုန်လှုပ်စွာ မေးလိုက်လေသည်။
“အစားအသောက်လေးတစ်ခုအတွက် မင်းက ဒီလိုလုပ်နေဖို့ လိုလို့လား..”
“အကိုကြီး ငါ… ငါတို့ရဲ့ အဖေနဲ့ အမေကို သတိရတယ်…” အားလုက တစ်ချက်မျှ ရှိုက်လိုက်ပြီး ပြောလိုက်လေသည်။ ထို့နောက် သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။ ထို့နောက် သူ့ပါးစပ်ထဲမှ ကျန်နေသောဖက်ထုပ်တစ်၀က်ကို မြိုချလိုက်ပြီး အသံတိတ် ငိုကြွေးနေလေတော့သည်။
“ဒီပိုင်ရှင်ပုရဲ့ ဟင်းပွဲမှာ မှော်စွမ်းအားတစ်ခုခု ရှိနေတာပဲ…” အားလွေက တခဏမျှ တိတ်ဆိတ်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ပုဖန်က အသားကင်ကို မြည်းစမ်းလိုက်ပြီး နောက်ထပ်အသားပိုင်းသုံးခု ထပ်စားမိလိုက်သောကြောင့် သူ့ကိုယ်သူ အံ့အားသင့်သွားလေသည်။
“ဒီအသားကင်ရဲ့ အရသာက တော်တော်ကောင်းတာပဲ…”
သို့သော် ဟင်းပွဲတစ်ခုစားပြီးသည်နှင့် ပုဖန်၏ ရိုးသားသော လျှာက ပြစ်ချက်များကို ချွင်းချန်ခြင်းမရှိပဲ ပြောတော့မည်ဖြစ်သည်။ ထိုအချက်က ပြိုင်ပွဲတွင်ပင် ချွင်းချက်ဖြစ်မနေပေ။
“ဒီအသားကင်ရဲ့ အရသာက တော်တော်လေးကို ကောင်းပါတယ်… ဒါပေမယ့် မင်းရဲက အသားကင်ကို ကိုင်တွယ်ပုံက သိပ်မကောင်းသေးဘူး… ဒီအသားထဲမှာ တတိယအဆင့်နဲ့ ညီမျှတဲ့စွမ်းအင်တွေ ပါ၀င်နေပေမယ့် ချက်ပြုတ်လိုက်တဲ့ အခါမှာ အဲဒီစွမ်းအင်တွေက ပျောက်ကွယ်သွားတယ်…”
“ဒါ့အပြင်… ဝိဥာဉ်ဆေးပင်ကို သုံးပြီးကြပ်တိုက်ထားတာတောင် ဆေးအဆီအနှစ်တွေကို အသားပေါ်မှာတင်ကျန်အောင် မလုပ်နိုင်ဘူး… ပြီးတော့… တခြားလိုအပ်ချက် သေးသေးလေးတွေက အသားရဲ့ အရသာကို ထိခိုက်စေတယ်… ဒါကြောင့် ဒီအသားရဲ့ အရသာက နည်းနည်းထူးဆန်းနေတာပဲ…”
“အချဉ်ရဲ့ အရသာကလည်း….”
လူတိုင်းက စကားကို ရှည်လျားစွာ ပြောနေသောပုဖန်ကို ကြည့်၍ ပါးစပ်ဟောင်းလောင်း ဖြစ်နေကြလေသည်။ ပုဖန်၏ စကားလုံးများနှင့် ပြောစကားများက သာမာန်အချိန်နှင့် ကွဲပြားနေလေသည်။
အားလွေက ပုဖန်၏ စကားများကို မျက်နှာသေနှင့် နားထောင်နေသော်လည်း သူ၏ စိတ်ထဲတွင် တုန်လှုပ်နေလေသည်။ ပုဖန်က သူ၏ဟင်းပွဲမှ အားနည်းချက်များက တစ်ဆက်တည်းပြောသွားနိုင်လေသည်။ ပုဖန်ပြောသော အချို့အားနည်းချက်များကို သူသိသော်လည်း အများစုကို သူက သိရှိခဲ့ခြင်း မရှိ်ချေ။
သို့သော် ပုဖန်က တစ်ကိုက်မျှ ကိုက်လိုက်ပြီး အားနည်းချက်များကို သိရှိပြောဆိုနိုင်လေသည်။ ထိုစွမ်းရည်က အလွန် ကြောက်မက်ဖွယ်ကောင်းနေလေသည်။
“မျှော်လင့်ထားတဲ့ အတိုင်းပဲ ဒီလူက ငါ့ကို အနိုင်ယူနိုင်တယ်…” အားလွေက သူ၏ မေးချွန်ချွန်ကို ပင့်မော့လိုက်သည်။
ပုဖန်က ဝေဖန်ပြောဆိုပြီးနောက် သူ၏ အေးဆေးတည်ငြိမ်သော ဟန်ပန်သို့ ပြန်လည်ပြောင်းလဲသွားပြီး သူ၏ မီးဖိုခုံကို သန့်ရှင်းရေး လုပ်နေလေသည်။
မိသားစုတစ်ရာစားသောက်ပွဲက ပြီးဆုံးသွားပြီဖြစ်ပြီး ပုဖန်၏ ရှေ့မှ ပန်းကန်ပြားထဲတွင် ကြေးအများဆုံး ရှိနေသောကြောင့် ပုဖန်က အနိုင်ရရှိသွားပြီဖြစ်သည်။
“ကြားဖြတ်မစ်ရှင်ကို အောင်မြင်သွားလို့ ဂုဏ်ယူပါတယ်… မိသားစုတစ်ရာ စားသောက်ပွဲမှာ ပထမနေရာရရှိခြင်း အခြားသူများကို ချေမှုန်းနိုင်ခြင်းနှင့် ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါး၏ အရှိန်အဝါများကို ပြန့်နှံ့စေခြင်းတို့ကြောင့် ဆုကို အခုပဲ ရရှိပါမယ်…”
သူ၏ စိတ်ထဲမှ စနစ်၏ အသံထွက်ပေါ်လာသောကြောင့် ပုဖန်က မှင်သက်သွားလေသည်။
တစ်ချိန်တည်းမှာပင် မိန်းမစိုးတစ်ယောက်က မိသားစုတစ်ရာပွဲတော်အတွက် နောက်ဆုံးအနိုင်ရသော စားဖိုမှုးနှင့် ဆုတို့ကို ကြေညာလိုက်လေသည်။