အခန်း ၁၅၆ “ဆုက အစေ့တစ်စေ့…”
“ဒါက ပထမနေရာအတွက် ဆုလား….”
ပုဖန်က အံ့အားသင့်ဟန်နှင့် မေးလိုက်ပြီး ဂျိချန်းရွဲ့၏ လက်ထဲမှ မြေပဲစိအရွယ်ခန့် အစေ့လေးကို ပြူးကြောင်ကြောင် စိုက်ကြည့်နေလေသည်။
“ဒါက မြေပဲပဲ မဟုတ်ဘူးလား…”
ဂျိချန်းရွဲ့က သူ၏မျက်နှာကို ဖိနပ်နှင့် ကန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူက တစ်မနက်လုံး ပင်ပင်ပန်းပန်း ကြိုးစားချက်ပြုတ်နေသော်လည်း မြေပဲစ်ိကိုသာ ဆုအဖြစ် ရလိုက်သောကြောင့် ပြောစရာစကားမဲ့သွားလေသည်။
ထို ဟောင်းနွမ်းပျက်စီးတော့မည့် အစေ့လေးကို သေချာစွာ ကြည့်လိုက်ပါက မျက်နှာပြင်ပေါ်တွင် နားလည်ရန် ခက်ခဲသော မှော်အစီအရင်များနှင့် ဖုံးအုပ်နေသည်ကို တွေ့မြင်နိုင်သော်လည်း မြေပဲစိက မြေပဲစိသာ ဖြစ်သည်။
“ပိုင်ရှင်ပု … ဒါက အင်ပါယာ နန်တော်ထဲက တော်တော်တန်ဖိုးရှိတဲ့ ရတနာတစ်ခုပဲ… ငါ့ခမည်းတော်သာ အသက်ရှင်နေဦးမယ်ဆိုရင် ဒီအစေ့လေးကို ကောင်းကောင်းဂရုစိုက်မှာ သေချာတယ်… ဒီနေ့တော့ ငါက ဆုအဖြစ်နဲ့ ဒါကို လက်ဆောင်ပေးလိုက်မယ်…ပိုင်ရှင်ပုက ဒါကို စိုက်ပျိုးပြီး အပင်ပေါက်လာစေမယ်လို့ ယုံကြည်ပါတယ်…” ဂျိချန်းရွဲ့က အပြုံးတစ်ခုနှင့် ပြောဆိုလိုက်သည်။
ပုဖန်က သူ၏လက်ထဲမှ အစေ့လေးကို ကြည့်လိုက်ပြီး ပြုံးနေသော ဂျိချန်းရွဲ့၏ မျက်နှာကို ပြန်ကြည့်လိုက်ကာ လှည့်စားခံလိုက်ရသည်ဟု ထင်မြင်နေမိလေသည်။
ပုဖန်က အစေ့ကို သာမာန်ကာလျံကာ ကြည့်လိုက်ပြီး စနစ်၏ သိုလှောင်ရာသို့ ထည့်လိုက်လေသည်။ ဂျိချန်းရွဲ့က သူ့ကို လှည့်စားလိုက်သော်လည်း စနစ်က သူ့ကို လုံး၀ မလှည့်စားဟု ယုံကြည်နေလေသည်။ စနစ်၏ မစ်ရှင်ကြောင့် မဟုတ်ပါက မိသားစုတစ်ရာ စားသောက်ပွဲသို့ လာရောက်ယှဉ်ပြိုင်မည်ပင် မဟုတ်ချေ။
စနစ်က ဤဆုကို ရယူစေသောကြောင့် ထိုအစေ့က သာမာန်မဟုတ်ကြောင်း သိသာနေလေသည်။
ချင်းယန်ကျန့်က ညီအကိုနှစ်ယောက်က ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေကြလေသည်။ အားလွေက ခါးသီးစွာနှင့် ပုဖန်ကို စိုက်ကြည့်နေပြီး အားလုက သူ၏ အိတ်ကပ်ထဲမှ ကြက်ပေါင်ကို ထုတ်၍ စားသောက်နေလေသည်။
“အကိုကြီး ကြည့်ရတာတော့ ငါတို့ဆရာပေးလိုက်တဲ့ မစ်ရှင်ကို ကျရှုံးသွားပြီပဲ… ပထမနေရာအတွက် ဆုကို ပြန်မယူသွားနိုင်တော့ဘူး….” အားလုက ပလုပ်ပလောင်းနှင့် ပြောလိုက်သည်။
အားလွေက ပြန်မပြောပဲ သူ၏ မေးချွန်ချွန်ကို ပင့်မော့၍ တွေးတောနေလေသည်။
“ဆုကို လုယူလိုက်ရင်ရော…”
ဤမေးခွန်းကို မေးရန်ပင် မလိုအပ်ချေ။ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားသော်လည်း ပုဖန်ထက် များစွာ သန်မာနေခြင်းမဟုတ်ပေ။ ထို့အပြင် အင်ပါယာမြို့တော်အတွင်းတွင် လုယူလိုက်ပါက မြို့တော်အစောင့်များက သူတို့ကို တားဆီးနိုင်လေသည်။ ထို့အပြင် ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားသော ပစ္စည်းကို လုယူရဲခြင်းလည်း မရှိချေ။
“ငါတို့ပိုင်ရှင်ပုနဲ့ အပေးအယူ လုပ်သင့်လား… အပေးအယူလုပ်ဖို့ရော ငါတို့မှာ တန်ဖိုးကြီးပစ္စည်း ဘာရှိလဲ….” အားလွေက မျက်မှောင်ကြုံ့၍ တီးတိုးရေရွတ်လိုက်လေသည်။
“အကိုကြီး ဘာတွေတွေးနေတာလဲ… ငါတို့ပြန်သွားပြီး ဘာဖြစ်ခဲ့တယ်ဆိုတာ ဆရာ့ကို ပြောလိုက်မယ်လေ… တစ်ကယ်လို့ သူက ဒီဆုကို လိုချင်နေသေးတယ်ဆိုရင် ငါတို့ကို တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခုထုတ်ပေလိုက်လိမ့်မယ်… အဲဒါဆို ပိုင်ရှင်ပုနဲ့ လဲလိုက်ယုံပဲလေ… မလိုချင်ဘူးဆိုရင်လဲ ငါတို့ ဘာမှ လုပ်စရာ မလိုတော့ဘူးပေါ့…” အားလုက ကြက်ပေါင်ကို ကိုင်ထားပြီး ပြောလိုက်သည်။
အားလွေက အားလုကို အံ့အားသင့်စွာနှင့် ကြည့်လိုက်မိသည်။
“ဒီကောင်ဒီနေ့ဘာတွေဖြစ်နေတာလဲ… ပြိုင်ပွဲပြိုင်ပြီးတော့မှ ဥာဏ်ပိုကောင်းလာတာလား….”
“ကောင်းပြီလေ… ငါတို့ ချင်းယန်ကျန့်ကို မြန်မြန်ပြန်ပြီး ဆရာကို ဖြစ်ပျက်သမျှ ပြောပြလိုက်မယ်… ဒီကိစ္စကို သူကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းတာ ပိုကောင်းပါတယ်… ငါတို့ လုပ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီးပြီလေ… ငါတို့ရဲ့ စွမ်းရည်က နိမ့်ကျနေလို့ ရှုံးနိမ့်ခဲရတာပဲ….” အားလွေက ပြောဆိုလိုက်ပြီး ဒယ်အိုးကို ကောက်လွယ်လိုက်ကာ အင်ပါယာမြို့တော်မှ ပြန်ရန် ပြင်ဆင်လိုက်လေသည်။
သူတို့အတွက် ၀မ်းနည်းဖွယ် အမှတ်တရများရှိနေသော နေရာတွင် ကြာကြာမနေလိုတော့ချေ။ ပုဖန်က သူတို့ ထွက်ခွာသွားသည်ကို သိလိုက်သော်လည်း တစ်ချက်သာ ကြည့်လိုက်ပြီး ပြန်လှည့်လိုက်သည်။ ထို့နောက် ဂျိချန်းရွဲ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ရှောင်ယီတို့ လူစုကို နှုတ်ဆက်လိုက်ကာ နက်နဲသောကောင်းကင်ဘုံ အပြင်ဘက်ရှိ နှင်းများကြားသို့ တိုး၀င်ပျောက်ကွယ်သွားလေသည်။
ဤသို့ဖြင့် မိသားစုတစ်ရာ စားသောက်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားလေသည်။ ခန်းမကျယ်ထဲမှ မိန်းမစိုးများက အလျင်အမြန်ထွက်လာပြီး မြေကွက်လပ်အတွင်းတွင် ခင်းကျင်းထားသော စားပွဲများနှင့် အမှိုက်များကို စတင်ရှင်းလင်းလိုက်ကြသည်။
ပုဖန်က သူ့လက်ထဲမှ သစ်စေ့လေးကို ကိုင်မြှောက်၍ ကစားနေပြီး လမ်းကြားလေးသို့ ဦးတည်လျောက်လှမ်းနေလေသည်။ ကောင်းကင်ထက်မှ နှင်းပွင့်များကလည်း တဝေ့လဲလဲနှင့် ကျဆင်းနေလေသည်။ နှင်းပွင့်တစ်ပွင့်က သူ၏ လည်ဂုတ်ပေါ်သို့ ရုတ်တရက်ကျဆင်းလာပြီး အေးစိမ့်မှုက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလေသည်။ ထို့ကြောင့် ပုဖန်က ပုခုံးကြုံ့၍ လည်တိုင်ကို ပုလိုက်ပြီး ဆိုင်သို့ ခပ်မြန်မြန် သုတ်ချေတင်လိုက်သည်။
အပေါက်၀တွင် ပျင်းရိစွာ လဲလျောင်းနေသော ဘလက်ကီက ပုဖန်၏ အငွေ့အသက်ကို ခံစားမိသောကြောင့် ခေါင်းထောင်ကြည့်လိုက်ပြီး နှာခေါင်းမှ အငွေ့တချို့ကို မှုတ်ထုတ်လိုက်လေသည်။
“မင်္ဂလာမနက်ခင်းပါ… ဘလက်ကီရေ..” ပုဖန်က သူ၏ လက်ထဲမှ သစ်စေ့ကို မြှောက်ကစားနေပြီး ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
ယခုအချိန်က နံနက်ခင်းအချိန်မဟုတ်ပဲ ကောင်းကင်က မှောင်မဲနေပြီး ညနေစောင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် စားခြင်းနှင့် ညအိပ်ခြင်းသာ ပြုလုပ်နေသော ဘလက်ကီအတွက် ထူးခြားမှု ရှိလိမ့်မည်မဟုတ်ချေ။ ဘလက်ကီက မျက်လုံးလွဲလိုက်ပြီး ပုဖန်ကို လျစ်လျူရှုလိုက်ကာ လက်ကြားထဲသို့ ခေါင်းကို ခွေထည့်လိုက်ပြီး ပြန်အိပ်လိုက်လေသည်။
ထို့နောက် ဘလက်ကီက တစ်စုံတစ်ခုကို ခံစားလိုက်ရသောကြောင့် ပုဖန်၏ လက်ထဲမှ အစေ့လေးကို ခေါင်းမတ်၍ အာရုံစိုက်လိုက်သည်။ ပုဖန်က အနက်ရောင်သစ်စေ့ကို ပြန်၍ သိမ်းဆည်းလိုက်ပြီး ဆိုင်ထဲသို့ ဦးတည်နေသောကြောင့် ဘလက်ကီ၏ အမူအယာကို သတိမပြုမိလိုက်ချေ။
ဘလက်ကီ၏ လေးနက်သော အကြည့်ကို သတိပြုမိလိုက်ပါ သစ်စေ့လေးက သာမာန်မဟုတ်သည်ကို သိရှိသွားမည်သာ ဖြစ်သည်။ ဘလက်ကီ၏ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးမှု မရေရာမှုများနှင့် ပြည့်နှက်နေပြီး ခဏအကြာတွင် ပြန်လည်သမ်းဝေကာ အိပ်စက်လိုက်လေသည်။
၀ူလျန်တောင်က တိမ်များကို ထိုးဖောက်ထားသော ကျောက်တိုင်တစ်ခုကဲ့သို့ မိုးထိအောင် မြင့်မားလှသည်။ ဝူလျန်တောင်ထိပ်မှ ကျယ်၀န်းသော ခြံတစ်ခုအတွင်းတွင် ခန့်ငြားထည်ဝါလှသော နန်းတော်တစ်ခုနှင့် အိုဟောင်းနေသော ဘုန်းကြီးကျောင်းတစ်ကျောင်းရှိနေလေသည်။ ခြံ၀န်းတစ်ခုလုံးကိုလည်း မြူများနှင့် ဖုံးလွှမ်းနေလေသည်။
နန်းတော်၏ ဘေးတွင် အထပ်နှစ်ထပ်ရှိသော သစ်သားအိမ်လေးတစ်လုံး ရှိနေလေသည်။ ဆံပင်များနှင့် မျက်ခုံးမွှေးများပါ ဖြူနေသော သက်ကြီးပိုင်းလူတစ်ယောက်က အိမ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခြေထောက်ချိတ် ထိုင်နေလေသည်။ ထိုသူ၏ အရည်တွန့်နေသော လက်ထဲတွင် အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေသော ကျောက်စိမ်းအဆောင်တစ်ခု ရှိနေလေသည်။
အဖိုးအိုက မျက်လုံးများကို မှေးမှိတ်ထားပြီး အသက်ပုံမှန်ရှူနေသောကြောင့် အိပ်မောကျနေဟန် ရှိနေလေသည်။ သူ၏ လက်ထဲမှ ကျောက်စိမ်းပြားက ရုတ်တရက် လှုပ်ခါသွားသောကြောင့် အဖိုးအိုက အိပ်မောကျနေရာမှ အနည်းငယ်လှုပ်ရှားလားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ သူ၏ မျက်၀န်းများက အိုင်းရစ်ပန်းကဲ့သို့ ပြာလဲ့နေပြီး အကြည့်တစ်ချက်နှင့်ပင် ကြယ်များကို ထိုးဖောက်နိုင်စွမ်း ရှိသည်ဟု ထင်ရလေသည်။
“အာကာသအာနန်ဂိုဏ်းရဲ့ ကျောက်စိမ်းပြားက ဘယ်လိုဖြစ်လို့ လှုပ်လာတာလဲ… ငါ့ရဲက ဂမ္မီရ အစီအရင်တွေတောင် မစတင်ရသေးဘူး… ထူးဆန်းတာတစ်ခုခု တော့ဖြစ်လာပြီ… ကြည့်ရတာ နဂါးမြို့ဟောင်းနယ်မြေမှာ ရတနာတစ်ခုခု ထွက်ပေါ်လာပြီထင်တယ်…”
အဖိုးအိုက လက်ထဲမှ ကျောက်စိမ်းပြားကို မြှောက်ကြည့်လိုက်လေသည်။ သူ၏ လက်ချောင်းလေးနှင့် ကျောက်စိမ်းပြားကို ထိလိုက်ရာ ကျောက်စိမ်းပြားက တုန်ခါနေရာမှ ရပ်တန့်သွားလေသည်။ အဖိုးအိုက ထိုင်နေရာမှ ထရပ်လိုက်ပြီး ပြတင်းပေါက်သို့ လျောက်သွားလိုက်ကာ လေအေးများကို ရှူရှိုက်လိုက်လေသည်။ သူက ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး ဝူလျန်တောင်ထိပ်မှ လွင့်မျောနေသော တိမ်များကို ငေးစိုက်ကြည့်နေလေသည်။
တစ်ခုခုကို သိရှိနားလည်ရန် ကြိုးစားနေသကဲ့သို့ သူ၏ အပြာရောင် မျက်၀န်းထဲတွင် အလင်းရောင်များ တောက်ပစွာ လှည့်ပတ်နေလေသည်။ ထို့နောက် သူက အာကာသအာနန်ဂိုဏ်း၏ ၀င်းအတွင်းမှ သူ၏ တပည့်များထံသို့ လှမ်းကြည့်လိုက်သည်။ ထိုလူငယ်များက အာကာသအာနန်ဂိုဏ်း၏ မျိုးဆက်သစ်များ ဖြစ်ကြပြီး ဂိုဏ်း၏ အခြေခံ အုတ်မြစ်လည်း ဖြစ်သည်။
အဖိုးအိုက တစ်စုံတစ်ခုကို ခံစားလိုက်မိသောကြောင့် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရာ ပြေးလွှားနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရလေသည်။ အရှေ့မှ ပြေးနေသော သူက မုတ်ဆိတ်များနှင့် အသက်ကြီးကြီးလူတစ်ယောက်ဖြစ်ပြီး သူ၏ အ၀တ်အစားများက ဟောင်းနွမ်းစုတ်ပြတ်နေလေသည်။ သူ၏ လက်ထဲတွင် ဘူးသီးခြောက်တစ်ခုကို ပိုက်ထားပြီး လျှင်မြန်သော အရှိန်နှင့် ခြံ၀န်းကို ပတ်ပြေးနေလေသည်။
ထိုသူ့ကို လိုက်ဖမ်းနေသူ၏ အဖြူရောင်၀တ်စုံနှင့် မိန်းမလှတစ်ဦးဖြစ်ပြီး သူမ၏ ဆံနွယ်ရှည်များက ရေတံခွန်တစ်ခုကဲ့သို့ ကျောပေါ်တွင် ဖြာကျနေလေသည်။ ထိုအမျိုးသမီး၏ အသွင်အပြင်က မသေမျိုးတစ်ယောက်ကဲ့သို့ အလွန်လှပနေလေသည်။
“ယဇ်ထုတ်ကြီး … နင်အဲနေရာမှာ ရပ်လိုက်စမ်း… နင်ငါ့ကိ်ု နဂါးရှင်သန်ခြင်းဝိုင် ပေးမယ်လို့ပြောထားပြီး အခုမှ ကတိမဖျက်ချင်နဲ့…” အမျိုးသမီး၏ မကျေမနပ် အသံက ထွက်ပေါ်လာလေသည်။
သူမရှေ့မှ အရက်သမားကို ဒေါသတကြီး လိုက်ဖမ်းနေသောကြောင့် အ၀တ်များအောက်မှ သူမ၏ ခန္ဒာကိုယ်ကောက်ကြောင်းက အထင်းသား ပေါ်လွင်နေလေသည်။ နှာဖြားထိပ်များ နီရဲနေပြီး ဆံပင်များ ရှုပ်ပွနေသော လူကြးက ခေါင်းကို နောက်လှည့်၍ ပြန်ပြောလိုက်လေသည်။
“ကလိမ်ကကျစ်… နင်က လက်သီးပုန်းထိုးတာပဲ…. ငါက ဝိုင်ပေးမယ်လို့ပြောထားတာ ဟုတ်တယ်… ဒါပေမယ့် ငါ့ရှေ့မှာပဲသောက်ရမယ်ဆိုတဲ့ အခြေအနေတစ်ခု ရှိတယ်လေ… နင်လဲ ငါ့ရဲ့ စည်းမျဉ်းတွေကို ကောင်းကောင်းနားလည်တာပဲ… ငါက ဝိုင်ကို သောက်ခွင့်ပေးနိုင်ပေမယ့် ယူသွားဖို့တော့ ခွင့်မပြုနိုင်ဘူး…. နင်က ငါ့ရဲ့ နဂါးရှင်သန်ခြင်းဝိုင်ကို ယူသွားပြီး ဘာလုပ်မလဲဆိုတာ ဘယ်သူက သိမှာလဲ….”
သူမ၏ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာပြီး အရှေ့သို့တစ်လှမ်းတိုးလိုက်လေသည်။ သူမ၏ လှုပ်ရှာမှုများက အလွန်လျင်မြန်လှသောကြောင့် သူမကဲ့သို့ လိုက်လံလှုပ်ရှားရန် မဖြစ်နိုင်ချေ။ သို့သော် အဖိုးအိုက သူတို့ကြားမှ အကွာအဝေးကို ခြေလှမ်းအနည်းငယ်နှင့် ကွာခြားစေလိုက်ပြီး မြေပြင်အကာအကွယ်တစ်ခု ဖန်တီးလိုက်လေသည်။
“နင်… နင်က တော်တော်စိတ်ပုပ်တာပဲ… ငါက ဂိုဏ်ရဲ့ တတိယအကြီးအကဲပါ… ဝိုင်လေးတစ်အိုးလောက်တောင် တောင်းလို့မရဘူးလား….” နီယန်က အလွန်ဒေါသထွက်သွားလေသည်။
“အိုး.. ဟိုးဟိုး.. ဟုတ်တယ်… နင်က ဂိုဏ်းရဲ့ တတိယအကြီးအကဲ ဖြစ်နေတာကို ငါဂရုမစိုက်ဘူး… တစ်ကယ်လို့ အဆင့်မြင့် အကြီးအကဲက ဝိုင်တစ်အိုးလိုချင်တယ် ဆိုရင်တောင် ငါပေးမှာမဟုတ်ဘူး…. ဒါက ငါ့ရဲ့ အခြေခံ စည်းမျဉ်းပဲ…” ယဇ်ထုတ်ကြီးက သူ၏ ဘူးသီးခြောက်ကို တင်းတင်းဆုတ်၍ ရယ်မောပြောဆိုလိုက်လေသည်။
နီယန်က လက်သီးကို တင်းတင်းဆုတ်၍ ယဇ်ထုတ်ကြီးကို စိုက်ကြည့်နေလေသည်။ သစ်သားအိမ်ထဲမှ အဖိုးအိုက အသာအယာ ရယ်မောလိုက်ပြီး ပြတင်းပေါက်မှ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ၏ ပုံရိပ်က လှုပ်ခါသွားပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားလေသည်။
‘ဟမ့်.. မင်းရဲ့ ဝိုင်အိုးကို အဆင့်မြင့်အကြီးအကဲ လာတောင်ရင်တောင် မပေးနိုင်ဘူးလို့ ခုဏက ပြောလိုက်တာလား…”
ယဇ်ထုတ်ကြီးက သူ၏ နောက်မှ ထွက်ပေါ်လာသော အဖိုးအို၏ အသံကြောင့် ကြက်သေသေသွားပြီး ရင်တထိတ်ထိတ် ခုန်သွားကာ လက်ထဲမှ ဘူးသီးချောက်ပင် လွတ်ကျသွားလေသည်။
“မင်း… တစ်စုံတစ်ယောက်ကို အံ့အားသင့်အောင် လုပ်ချင်တယ်ဆိုရင်တောင် သေလောက်အောင်တော့ မလုပ်သင့်ဘူးလေ…” ယဇ်ထုတ်ကြီးက အဖိုးအိုကို ကြည့်၍ မကျေမနပ်နှင့် တွေးလိုက်လေသည်။