အပိုင်း ၁၅၇
Viewers 54k

အခန်း ၁၅၇ “ငါက သာမာန်ပါဝင်ပစ္စည်းတွေပဲ သုံးမယ်လို့ မင်းကိုဘယ်သူက ပြောလဲ…”


“အ.. အဆင့်မြင့် အကြီးအကဲ…”


ယစ်ထုတ်ကြီးက ခေါင်းလှည့်ကြည့်လိုက်ရာ နောက်တွင်ပေါ်လာသော အဖိုးအိုကြောင့် ထိတ်လန့်သွားလေသည်။ အဖိုးအိုက သူပြောနေသော အဆင့်မြင့်အကြီးအကဲက နောက်တွင် ရုတ်တရက် ပေါ်လာသောကြောင့် သူ၏ ခြေထောက်များပင် ပျော့ခွေသွားလေသည်။


အဖိုးအိုက ငြင်သာစွာ ပြုံးလိုက်ပြီး သူ၏ လက်ကို ဝေ့ရမ်းလိုက်ရာ ယစ်ထုတ်ကြီး၏ လက်ထဲမှ ဘူးသီးခြောက်က သူ၏လက်ထဲသို့ ရောက်လာလေသည်။ အဖိုးအိုက လက်ထဲမှ ဘူးသီးချောက်ကို အသာအယာလှုပ်ရမ်းကြည့်လိုက်ပြီး ထွက်ပေါ်လာသော ဘောင်ဘင်ခတ်သံကြောင့် ကျေနပ်သွားလေသည်။ 


ထို့နောက် အဖုံးကို ဖွင့်လိုက်ပြီးဘူးသီးခြောက်ကို လက်ဖြင့် ညှစ်လိုက်ရာ အတွင်းမှ သလင်းရောင်ကြည်လင်နေသော ဝိုင်တစ်စက် ထွက်ပေါ်လာလေသည်။


“ငါလဲ ငယ်ငယ်တုန်းက ဝိုင်ကြိုက်တဲ့ လူတစ်ယောက်ပဲ…” အဖိုးအိုက အသာအယာ ရယ်မောလိုက်ပြီး လက်ကို ဝေ့ရမ်းလိုက်ရာ ဝိုင်စက်က သူ၏ ပါးစပ်ထဲသို့ ပျံသန်း၀င်ရောက်သွားလေသည်။ 


၀ိုင်စက်က တစ်ဖြည်းဖြည်း ပြန့်ကားလာပြီး အဖိုးအို၏ ပါးစပ်အပြည့် ဖြစ်လာလေသည်။ ဝိုင်၏ အရသာက ကောင်းမွန်လှသောကြောင့် အကြီးအကဲ အဖိုးအို၏ မျက်နှာက ၀င်းပလာပြီး မျက်လုံးများပင် မှေးစင်းသွားလေသည်။ ထို့နောက် ဘူးသီးခြောက်ကို ယစ်ထုတ်ကြီး ထံပြန်ပေးလိုက်ပြီး ဝိုင်ကို အရသာခံနေလေသည်။


“မင်းရဲ့ဝိုင်က တော်တော်လေးကောင်းတာပဲ … ကံမကောင်းတာက ဒီထက်တိုးတက်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်….” အဆင့်မြင့်အကြီးအကဲက ခပ်ရေးရေးပြုံး၍ ပြောလိုက်သည်။


အကြီးအကဲ၏စကားကို ကြားသောအခါ ယစ်ထုတ်ကြီး၏မျက်၀န်းများက လင်းလက်တောက်ပလာကာ လေးလေးစားစား မေးလိုက်လေသည်။


“အဆင့်မြင့်အကြီးအကဲ.. ငါသေသေချာချာ ချက်လုပ်ထားတဲ့ နဂါးရှင်သန်ခြင်းဝိုင်ထက် ကောင်းတဲ့ဝိုင် ရှိသေးတာလား…”


“ဒါပေါ့.. ကမ္ဘာကြီးရဲ့ အရွယ်အစားနဲ့ဆိုရင် အံ့သြစရာတွေက အမြဲလိုလို ရှိနေကြမှာပဲလေ… နဂါးမြို့ဟောင်းနယ်မြေက ဒီကမ္ဘာကြီးရဲ့ အစိတ်အပိုင်းသေးသေးလေးတစ်ခုပဲ… အဲဒီအပြင် သိပ်မကြာခင့်အတွင်းမှာ ဝိုင်ကောင်းကောင်းတစ်ခုကို မင်းတို့ မြည်းစမ်းကြည့်ရမှာပါ…” အကြီးအကဲက သူ၏ မုတ်ဆိတ်ဖြူဖြူများကို သပ်၍ ပြောလိုက်သည်။


ထို့နောက် သူ၏ အကြည့်က နီယန့်ပေါ်သို့ ကျရောက်သွားပြီး မျက်လုံးများမှေးကျဉ်းလိုက်သည်။


“မင်းက အတားအဆီးကို ချိုးဖြတ်သွားနိုင်ပြီပဲ… မဆိုးဘူး… မဆိုးဘူး…. ကြည့်ရတာ အင်ပါယာ မြို့တော်မှာ မင်းအတွက် ကံကောင်းခြင်းတစ်ချို့ ရှိပုံရတယ်…” အကြီးအကဲက ပြောလိုက်သည်။ 


နီယန်က ယစ်ထုတ်ကြီး၏ ရှေ့တွင် ရဲရဲရင့်ရင် နေထိုင်ရဲသော်လည်း အာကာသအာနန် ဂိုဏ်း၏ ဒဏ္ဍာရီတစ်ပါးကဲ့သို့ ပုံရိပ်ရှိသော အကြီးအကဲ၏ ရှေ့တွင် သူမ၏ အပြုအမူများကို ထိန်းထိန်းသိမ်းသိမ်းသာ ပြုမူလေသည်။ 


“ဟုတ်တယ်… အဲဒီမှာ ကံကောင်းမှု တစ်ခုနဲ့ မတော်တဆ တွေ့ခဲ့ရတာပါ….”


“ကောင်းတယ်… ကောင်းပါတယ်….. ငါက အင်ပါယာမြို့တော်ကို သွားဖို့ နင့်ကိုပဲ စေခိုင်းရတော့မှာပေါ့.. သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ အင်ပါယာမြို့တော်ထဲမှာ ရတနာတစ်ခု ထွက်ပေါ်လာလိမ့်မယ်…. အကောင်းဆုံးကြိုးစားပြီး အဲပစ္စည်းကို အရယူခဲ့ပါ.. အင်း… တစ်ကယ်လို့ မရနိုင်ဘူးဆိုရင်လဲ ကိစ္စတော့ မရှိပါဘူး….” 


အကြီးအကဲက လက်နှစ်ဖက်ကို နောက်ပစ်၍ ရယ်မောပြောဆိုလိုက်လေသည်။ 


နီယန်က တခဏမျှ ကြောင်အသွားလေသည်။ 


“အင်ပါယာမြို့တော်ကို နောက်တစ်ကြိမ်သွားရမယ်… ဘာပစ္စည်းထွက်ပေါ်လာမှာမို့လဲ….”


ကောင်းကင်က မှောင်မိုက်နေလေသည်။ ပုဖန်က ထိုအချိန်တွင် ထိုင်ခုံပေါ်တွင် ထိုင်၍ အတွေးနက်နေလေသည်။ စနစ်မှ ဆုလာဒ်များကို ထုတ်ဖော်ပြသပြီးသော်လည်း ဟင်းပွဲသွားမချက်ပဲ အစေ့လေးပေါ်တွင်သာ အာရုံစူးစိုက်နေလေသည်။ 


“စနစ်… ငါ့ကို မိသားစုတစ်ရာ စားသောက်ပွဲမှာ ပထမနေရာ ယူခိုင်းတာက ဒီအစေ့လေး ရဖို့အတွက်လား… ဒါက ဘာတွေများ ထူးခြားနေလို့လဲ…”


စနစ်က ပုဖန်၏ အမေးကို ချက်ချင်းမဖြေပဲ အချိန်အတော်ကြာ တိတ်ဆိတ်နေလေသည်။


“အခုလက်ရှိ အချိန်မှာတော့ အစေ့နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို သိရှိဖို့အတွက် သင်က အဆင့်မမှီသေးပါဘူး…. ဒီအစေ့လေးကို စိုက်ပျိုးပြီး အသီးသီးနိုင်လောက်တဲ့အထိ အပင်က ကြီးထွားလာတဲ့ အချိန်မှ သတင်းအချက်အလက်တွေကို သိရပါမယ်…”


စနစ်၏ စကားကို ကြားလိုက်ရပြီးနောက် ပုဖန်၏ မျက်နှာက မဲ မှောင်သွားလေသည်။


“ငါက အစေ့လေးရဲ့ သတင်းအချက်အလက်တွေကို သိရဖို့ အဆင့်မမှီဘူးလို့ ပြောတာက ဘာအဓိပ္ပါယ်လဲ… ငါ့လို ဘုရင်အဆင့်တစ်ယောက်တောင်မှလေ… ထားလိုက်တော့ .. စိတ်ဆိုးနေလဲ ဘာမှမထူးဘူး… ဒီစနစ်စုတ်ရဲ့ အကျင့်အတိုင်းဆို သူက မရဘူးလို့ ပြောရင် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ရမှာမဟုတ်ဘူး…” 


ကံကောင်းထောက်မစွာဖြင့် ပုဖန်က အစေ့နှင့် ပတ်သတ်သော သတင်းအချက်အလက်များကို များစွာ စိတ်၀င်စားနေခြင်း မရှိချေ။


“ငါက ဒီအစေ့ကို ဘယ်လို စိုက်ပျိုးရမယ်ဆိုတာကို ပြောပါဦး…” ပုဖန်က မေးလိုက်သည်။


“စနစ်က သင့်အတွက် ပန်းအိုးတစ်အိုး ပေးပါလိမ့်မယ်… အဲဒီပန်းအိုးထဲမှာ သေသေချာချာ စိုက်ပျိုးပေးပါ…” စနစ်က ပြောကြားပြီးနောက် သိုလှောင်နယ်မြေထဲတွင် လက်ဆေးကြွေဇလုံ အရွယ်အစားရှိသော ပန်းအိုးတစ်အိုး ထွက်ပေါ်လာလေသည်။


“ဒါက အစေ့လေးရဲ့ပျိုးပင်ပေါက်ချိန်နဲ့ ကြီးထွားလာချိန်ကို မြှင့်တင်ပေးနိုင်တဲ့ အချိန်စီးဆင်းမှု ပန်းအိုးပါ…” စနစ်း မိတ်ဆက်ပေးလိုက်သည်။


ပုဖန်က ရုပ်ဆိုးလှသော မြေမှုန်ရောင် ပန်းအိုးကို ထုတ်ယူလိုက်ပြီး ဆိုင်ထောင့်တွင် ထားလိုက်သည်။ ပန်းအိုးထဲတွင် မြေဆွေးများ ဖြည့်ထားပြီး ဖြစ်သည်။ စနစ်၏ နည်းလမ်းများအရ ပန်းအိုးထဲမှ မြေဆွေးများက သာမာန်မဖြစ်နိုင်ပေ။


ပုဖန်က မြေဆွေးများကို ဆုတ်ကိုင်လိုက်ရာ သူ့လက်များပင် အေးခဲသွားစေနိုင်လောက်သော အေးစက်မှုကို ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုံ့လိုက်ပြီး အနက်ရောင်သစ်စေ့ကို ထုတ်၍ မြေကို အနည်းငယ်တူးဆွလိုက်ပြီး အစေ့ကို ထည့်၍ မြေပြန်ဖုံးလိုက်လေသည်။


ဒီမြေဆွေးရဲ့ အေးခဲနေတဲ့ အပူချိန်ကြောင့် ဒီအစေ့က မသေသွားနိုင်ဘူးလား…. ဒီတိုင်းတောင်မှ အစေ့က အပင်ပေါက်ဖို့ ခဲယဉ်းနေတာလေ… ဒီအေးခဲနေတဲ့ မြေကြီးကြောင့် ပိုပြီးမခက်ခဲသွားနိ်ုင်ဘူးလား….


ပုဖန်က စိတ်ရှုပ်ထွေးစွာ တွေးနေလေသည်။ သို့သော် ဤအခြေအနေက အစေ့လေး အပင်ပေါက်ရန် အကောင်းဆုံးအခြေအနေလဲ ဖြစ်နိုင်သည်ကို တွေးလိုက်မိသည်။ ပုဖန်က လက်မှ မြေကြီးများကို ခါလိုက်ပြီး မီးဖိုချောင်ထဲတွင် လက်သွားဆေးလိုက်သည်။ သူက မီးဖိုချောင်သုံး ဓါးတစ်လက်ကို ဆုတ်ကိုင်လိုက်ပြီး ဖြတ်တောက်ခြင်းနှင့် အသားလွှာထွင်းထုခြင်း နည်စနစ်များကို အနည်းငယ် လေ့ကျင့်လိုက်သည်။ 


မိသားစုတစ်ရာ စားသောက်ပွဲက စားဖိုမှုးများအတွက် အလွန်ပင်ပန်းနွမ်းနယ်စေသောကြောင့် ပုဖန်လည်း ချွင်းချက်မဟုတ်ချေ။ ထို့ကြောင့် အခန်းဆီသို့ သွားလိုက်ပြီး ရေကို ကြာကြာချိုးလိုက်လေသည်။ ရေချိုးပြီးနောက် အိပ်ယာပေါ်သို့ သက်တောင့်သက်သာ လှဲချလိုက်ပြီး မျက်လုံးများ မှိတ်လိုက်ရာ အိပ်မောကျသွားလေတော့သည်။


နောက်တစ်နေ့မနက်ခင်းတွင် ပုဖန်က ကိုယ်လက်သန့်စင်လိုက်ပြီး မီးဖိုခန်းသို့ ၀င်လာလိုက်သည်။ မီးဖိုချောင်သုံး ဓါးတစ်လက်ကို ဆွဲကိုင်လိုက်ပြီး မုန်လာဥအချို့ ထုတ်လိုက်ကာ ဖြတ်တောက်ခြင်း နည်းပညာကို လေ့ကျင့်လိုက်လေသည်။ ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာက အဆင့်နှစ်သို့ ရောက်နေပြီဖြစ်သော်ကြောင့် ပို၍ အရေးကြီးပေသည်။


ထိ်ု့အပြင် ယခုအချိန်က အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပုဖန်က အသားလွှာထွင်းထုခြင်း နည်းစနစ်ကိုလည်း လျစ်လျူရှုထားခြင်း မရှိပေ။ ဖြတ်တောက်ခြင်း လေ့ကျင့်ပြီးနောက် အသားလွှာထွင်းထုခြင်းကို ဆက်လက်လေ့ကျင့်လိုက်သည်။ သူ၏ နည်းစနစ် နှစ်ခုလုံးက တဖြည်းဖြည်းခြင်း တိုးတက်နေပြီဖြစ်သည်။


ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို သယ်၍ မီးဖိုခန်းအတွင်းမှ ထွက်လာရာ ဆိုင်တစ်ခုလုံးကို မွှေးရနံ့များ လွှမ်းခြုံနေလေသည်။ ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်မှ လေအေးများက ဆိုင်အတွင်းသို့ တိုး၀င်လာလေသည်။ နွေဦးပွဲတော် ပြီးသွားပြီဖြစ်သော်လည်း ရာသီဥတုက ပို၍ အေးစက်လာပြီး နှင်းများက ပို၍ ကျဆင်းနေလေသည်။


“ဘလက်ကီ.. စားချိန်ရောက်ပြီ…” 


ပုဖန်က သူ၏ လည်ပင်းနှင့် ပခုံးမှ အ၀တ်များကိ လုံခြုံအောင် ပြင်ဆင်လိုက်ပြီး နွေးထွေးသော ဆိုင်ထဲမှ ထွက်လာလိုက်သည်။ ထူထဲသော အ၀တ်များ ၀တ်ဆင်ထားသော်လည်း အေးမြသော ရာသီဥတုကြောင့် အ၀တ်များအောက်တွင် ကြက်သီးမွှေးညှင်းများ ထနေသည်ကို ခံစားနေရလေသည်။ ဘလက်ကီက အေးစက်မှုကို အနည်းငယ်မျှပင် ဂရုမထားပဲ လျှာတန်းလန်းထုတ်၍ ပုဖန်လက်ထဲမှ ၀က်နံရိုးချိ်ုချဉ်ကြော်ကို အငမ်းမရ စိုက်ကြည့်နေလေသည်။


ဘလက်ကီ၏ ရှေ့တွင် ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ချပေးလိုက်ပြီးနောက် ပုဖန်က ဆိုင်အတွင်းသို့ အလျင်အမြန် ပြန်၀င်လိုက်လေသည်။ ဆိုင်ထဲရောက်သည်နှင့် နွေးထွေး၍ သက်တောင့်သက်သာ ရှိမှုကို ပြန်လည်ခံစားလိုက်ရလေသည်။ ထိုအချိန်တွင် လမ်းကြားလေးဘက်မှ ခြေသံအချို့ ထွက်ပေါ်လာပြီး အ၀တ်ထူထူ ၀တ်ဆင်ထားသော လူအချို့ ရောက်လာလေသည်။


ပုဖန်က ဆိုင်ထဲသို့ အသားလုံးတစ်လုံးလို လှိမ့်၀င်လာသော ဖက်တီးဂျင်ကို ကြည့်လိုက်သည်။ ဖက်တီးဂျင်က လေအေးများကို မှုတ်ထုတ်လိုက်ပြီး ရယ်မောလိုက်လေသည်။


“ကောင်းသောနံနက်ခင်းပါ ပိုင်ရှင်ပု … ဒီနေ့အပြင်မှာ အရမ်းအေးတယ်.. ဆိုင်ထဲမှာတော့ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလွန်းတယ်.. ဒီခံစားချက်က ငါ့ကို ဒီနေရာမှာအမြဲတမ်းနေချင်အောင် ဆွဲဆောင်နေတယ်…” ဖက်တီးဂျင်က ရွှင်လန်းသော အမူအယာနှင့် ထိုင်ခုံပေါ်တွင် ၀င်ထိုင်လိုက်ပြီး သူ၏ အနွေးထည်ကို ချွတ်လိုက်ကာ ပြောဆိုလိုက်သည်။


ပုဖန်က ခပ်တည်တည်နှင့် ခေါင်းတစ်ချက် ဆတ်ပြလိုက်သည်။


“ဒါနဲ့ .. မနေ့က သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်က အရမ်းကို အရသာရှိတာပဲ … အရသာ ရှိလွန်းလို့ ငါ့ရဲ့ လျှာကိုတောင် မြိုချမိမတက်ပဲ… ဒီလိုအရသာရှိတဲ့ ဟင်းပွဲမျိုးကို အရင်က တစ်ခါမှ မစားခဲ့ဖူးဘူး.. အဲဒီဟင်းပွဲကိုရော ဆိုင်မှာ ရောင်းဖို့ အစီအစဉ်ရှိလား…” ဖက်တီးဂျင်က မေးမြန်းလိုက်သည်။


ပုဖန်က တခဏမျှ တွေးလိုက်ပြီးနော်က မီနူးရှိရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဟင်းပွဲ၏ အမည်က ရှိနေလေသည်။ 


“သက်တံ့ရောင် ဖက်ထုပ် သလင်းကျောက် ၁၀၀”


ဖက်တီးဂျင်က လေအေးများကို ရှူရှိုက်လိုက်မိသည်။


“တစ်ပွဲကို သလင်းကျောက် တစ်ရာ… အဲဒါက အရမ်းစျေးကြီးမနေဘူးလား… ပြီးတော့ ဖက်ထုပ်ပြုလုပ်တဲ့နေရာမှာ သုံးတဲ့ ပါ၀င်ပစ္စည်းတွေကလဲ သာမာန်ပစ္စည်းတွေလေ… ဒါကတော့ မတန်တဆ စျေးကြီးတယ်လို့ ထင်တယ်…..”


ပုဖန်၏ ဆိုင်တွင် ရောင်းချသော ဟင်းပွဲများတွင် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်ပြီး အလွန်ထူးကဲသော အရသာရှိကြသည်။ ထိုဟင်းပွဲများတွင် အသုံးပြုသော ပါ၀င်ပစ္စည်းများကလဲ အလွန်စျေးကြီးလှပေသည်။ သို့သော် ပွဲတော်တွင် ဖက်တီးဂျင် စားခဲ့သော သက်တံ့ရောင် ဖက်ထုပ်တွင် အသုံးပြုထားသော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများက သာမာန်များဖြစ်သောကြောင့် စျေးနှုန်းက မတရားရာ ကျနေလေသည်။


ဖက်တီးဂျင်က သလင်းကျောက်တွင်းများ ပိုင်ဆိုင်ထားသော်လည်း ထိုသို့ ဖြုန်းတီးခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ပုဖန်က ဖက်တီးဂျင်၏ မေးခွန်းကြောင့် စိတ်ရှုပ်သွားပြီး သူ့ကို စိုက်ကြည့်၍ မေးလိုက်သည်။


“ငါက သက်တံ့ရောင် ဖက်ထုပ်အတွက် သာမာန်ပါ၀င်ပစ္စည်းတွေပဲ သုံးမယ်လို့ မင်းကိုဘယ်သူက ပြောလို့လဲ….”