အပိုင်း ၁၅၈
Viewers 53k

အခန်း ၁၅၈ “အတွင်း၀န်ငယ်နှင့် မရီးများ…”


သက်တံ့ရောင်ဖက်ထုပ်မှာ စနစ်မှ မစ်ရှင်ပြီးမြောက်ခြင်းအတွက် ဆုပေးထားသော ဟင်းပွဲဖြစ်သောကြောင့် သာမာန် မဖြစ်နိုင်ချေ။ မိသားစုတစ်ရာ ပွဲတော်တွင် သာမာန်ပစ္စည်းများနှင့် ချက်ပြုတ်ရခြင်းမှာ သာမာန်ဧည့်သည်များပါ စားသောက်စေလို၍ ဖြစ်သည်။ ဆိုင်တွင် ရောင်းချမည့် ဟင်းပွဲတွင် ပုံမှန်အတိုင်း တန်ဖိုးကြီးမားသော ပါ၀င်ပစ္စည်းများကိုသာ အသုံးပြုမည်ဖြစ်သည်။


ပုဖန်က အငွေ့တစ်ထောင်းထောင်း ထနေသော သက်တံ့ရောင်ဖက်ထုပ်ကို ကိုင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာသောအခါ မိသားစုတစ်ရာပွဲတော်တွင် ရရှိခဲ့သော မွှေးရနံ့နှင့် အလွန်ကွားခြားနေသည်ကို ဖက်တီးဂျင်က သတိပြုမိလိုက်သည်။ အသုံးပြုထားသော ပါ၀င်ပစ္စည်းများတွင် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေသောကြောင့် စားသောက်ခန်းထဲတွင် သက်တံ့ရောင် မွှေးရနံ့များ ခြုံလွှမ်းနေလေသည်။


ဂလု…


ဖက်တီးဂျင်က ပုဖန်လက်ထဲမှ သက်တံ့ရောင်ဖက်ထုပ်ပန်းကန်ကို ကြည့်၍ တံတွေးမျိုချလိုက်သည်။ မွှေးရနံ့များက စားချင်စိတ်ကို အလွန်အမင်း နှိုးဆော်နေလေသည်။


“ဒီမှာ မင်းရဲ့ သက်တံ့ရောင်ဖက်ထုပ် ကောင်းကောင်းသုံးဆောင်ပါ…” ပုဖန်က ပန်းကန်ကို ဖက်တီးဂျင်၏ ရှေ့တွင် ချပေးလိုက်ပြီး ပြောလိုက်သည်။


ဖက်တီးဂျင်၏ မျက်လုံးများက လှပနေသော ဖက်ထုပ်၏ ဆွဲဆောင်မှုအောက်တွင် မျောပါနေလေသည်။ ဖက်ထုပ်က မိသားစုတစ်ရာ စားသောက်ပွဲတွင် စားသောက်ခဲ့သော သက်တံ့ ရောင်လခြမ်းကွေးဖက်ထုပ်နှင့် ကွာခြားလှလေသည်။


အဖြူရောင် ဖက်ထုပ်များပေါ်တွင် အလင်းရောင်လေးများ ပြေးနေသည်ဟု ထင်နေရပြီး တခါတရံ တောက်ပနေသော အနီရောင် တစ်ခါတရံ အစိမ်းရောင် .. အရောင်အမျိုးမျိုး ကူးပြောင်းနေသည်မှာ လှပလွန်းလှပေသည်။ ဝိဥာဉ်သားရဲ၏ အသားနှင့် ဝိဥာဉ်စွမ်းအင်များ ရောနှောပါ၀င်နေသော မွှေးရနံ့က ပန်းကန်ပေါ်တွင် ဖုံးအုပ်နေလေသည်။ အသက်တစ်ချက် ရှူရှိုက်လိုက်သည်နှင့် စွမ်းအင်များက ဖက်တီးဂျင်၏ ခန္ဒာကိုယ်ထဲသို့ တိုး၀င်သွားပြီး တက်ကြွလန်းဆန်းလာလေသည်။


“သက်တံ့ရောင်လခြမ်းကွေး ဖက်ထုပ်က သူ့ရဲ့ ပါ၀င်ပစ္စည်းတွေကြောင့် သက်တံ့ရောင်ကို အပြည့်အ၀ မထုတ်ဖော်နိုင်ခဲ့ဘူး… အဲဒါကြောင့် ငါက ငါ့ရဲက့ အစစ်အမှန်စွမ်းအင်တွေနဲ့ လှည့်ကွက်တစ်ချို့ပြုလုပ်ပြီး သက်တံ့ရောင် မွှေးရနံ့လို့ လှည့်စားလိုက်ရတာ…”


“အခုတော့ အဲလို သေသေချာချာ ပြင်ဆင်စရာမလိုဘူး… ပါ၀င်ပစ္စည်းတွေက အရမ်းကောင်းမွန်တာကြောင့် သက်တံ့ရောင်ကို အပြည့်အ၀ ထုတ်ဖော်နိုင်လိမ့်မယ်….”


ပုဖန်က ရှင်းပြလိုက်သည်။


ဖက်တီးဂျင်က စိတ်အားထက်သန်စွာနှင့် ဖက်ထုပ်တစ်ခုကို ကောက်ကိုင်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ဖက်ထုပ်ကို ကိုက်ဝါးလိုက်သည်နှင့် သူက ရေတံခွန်တစ်ခု အောက်သို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။ ရေစက်များက သူ၏ ခန္ဒာကိုယ်ပေါ်သို့ ကျနေလေရာ အလွန်သက်တောင့်သက်သာ ဖြစ်မှုကို ခံစားနေရသည်။ သူက ပါးစပ်ကို ဖွင့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ရန် ပြင်ဆင်လိုက်သည်။


သို့သော် ပါးစပ်ဖွင့်လိုက်သည်နှင့် သူ၏ ခံတွင်းတစ်ခုလုံးတွင် မွှေးရနံ့များနှင့် ပြည့်နှက်နေသည်ကို သတိပြုမိလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဖက်တီးဂျင်၏ မျက်နှာပေါ်မှ အဆီပြင်များ တုန်ခါနေပြီး မျက်၀န်းများပင် ကျဉ်မြောင်းနေလေသည်။


“ဒါက တကယ်ကို အရသာရှိလွန်းတယ်….”


ပုဖန်က သက်တံ့ရောင်ဖက်ထုပ်၏ ကောင်းမွန်လှသော အရသာအောက်တွင် မြူးတူးပျော်ပါးနေသော ဖက်တီးဂျင်ကို ကြည့်၍ စိတ်ကျေနပ်စွာ ပြုံးလိုက်ကာ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေလိုက်သည်။


ပုဖန်က စိုက်ပျိုးထားသော သစ်စေ့လေး၏ အခြေအနေကို ကြည့်ရှုရန် မြေအိုးထားထားသော ဆိုင်ထောင်သို့ လှမ်းကြည့်လိုက်လေသည်။ အေးစိမ့်လှသော မြေဆီလွှာကို ဖောက်ထွက်၍ သန်စွမ်းလှသော အပင်လေးတစ်ပင် ရှင်သန်နေသည်ကို တွေ့လိုက်ရသောကြောင့် သူ၏ မျက်လုံးများပင် ပြူကျယ်သွားလေသည်။


“ဒါ… တစ်ကယ်ကြီး အပင်ပေါက်လာတာလား…”


အပင်၏ ကြီးထွားမှုနှုန်းက အလွန်လျင်မြန်လှပေသည်။ သစ်စေ့လေးကို စိုက်ပျိုးခဲ့သည်မှာ နေ့တစ်၀က်အချိန်မျှသာ ရှိနေသေးပေသည်။ ပုဖန်က စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ပျိုးပင်လေးကို ကြည့်ရန် ပန်းအိုးဆီသို့ လျှောက်သွားလိုက်သည်။


ပျိုးပင်ငယ်လေးက အစိမ်းတောက်တောက် အရောင်ရှိပြီး မျက်နှာပြင်ပေါ်တွင် သွေးကြောများကဲ့သို့ ပုံသဏ္ဍာန်များ ဖုံးအုပ်နေသောကြောင့် ပုဖန်က ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုပုံသဏ္ဍာန်များကိုလည်း သူက နားမလည်ချေ။ ပုဖန်က အပင်အနီးသို့ တိုးကပ်လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ ပုဖန်က ပျိုးပင်ပေါက်နှင့် အချိန်မဖြုန်းလိုသောကြောင့် ပုဖန်က မတ်တပ်ထရပ်လိုက်သည်။


ပန်းအိုးက ပျိုးပင်ပေါက်လေး ကြီးထွားလာစေရန် ကောင်းမွန်စွာ ကူညီနိုင်သောကြောင့် အချိန်အနည်းငယ်အတွင်း ကြီးထွားလာမည် ဖြစ်သည်။ ကွမ်းရှောင်ယီက ဆိုင်ထဲသို့ ခုန်ပေါက်၀င်လာပြီး တက်ကြွစွာနှင့် ပုဖန်ကို နှုတ်ဆက်လိုက်သည်။ ပုဖန်က ခေါင်းတစ်ချက် ညိမ့်ပြလိုက်ပြီး အပြင်ဘက်မှ နှင်းပွင့်များကို ငေးကြည့်နေလိုက်သည်။


ခပ်လှမ်းလှမ်းမှ အမျိုးသမီးအချို့၏ ရယ်သံများကို ကြားလိုက်ရပြီး ပုံရိပ်အချို့ ထွက်ပေါ်လာလေသည်။ ပုဖန်က သူ့ဆိုင်သို့ ဦးတည်လာသော သွယ်လှတင့်တယ်လှသော အမျိုးသမီးများကို ကြည့်၍ အနည်းငယ် စိတ်ရှုပ်သွားလေသည်။ ထိုအုပ်စုထဲမှ တစ်ယောက်ကို ပုဖန်က မှတ်မိနေလေသည်။


“ကျွင်းအာ… မိသားစုတစ်ရာ စားသောက်ပွဲမှာ ပိုင်ရှင်ပုအနိုင်ရသွားတယ်လို့ ငါကြားထားတယ်… အဲဒါကြောင့် ဒီနေ့ အရသာရှိတာတွေ စားရအောင်သို့ ငါနင့်ကိုခေါ်လာတာ…” လော့ဆန်းနင်က ပြောလိုက်သည်။


သူမက သွယ်လျှလှပသော ခြေသလုံးများက လှစ်ဟပြထားသော ဘေးကွဲပါသည့် ကိုယ်နှင့် ကွက်တိ အ၀တ်အစားများကို ၀တ်ဆင်ထားပြီး အေးခဲလှသော ရာသီဥတုတွင် မအေးသယောင် ထင်နေရသည်။ သူမ၏ ဘေးတွင် လှပစွာ ၀တ်ဆင်ထားသော အမျိုးသမီးများ လိုက်ပါလာကြသည်။ ထိုအမျိုးသမီးများ ကြားတွင် သိုးမွှေး၀တ်ရုံထူထူကို ၀တ်ဆင်ထားသော အမျိုးသမီးငယ်တစ်ယောက်ပါလာလေသည်။


အေးမြလှသော ရာသီဥတုကြောင့် သူမ၏ နှာခေါင်းထိပ်ဖြားများ နီရဲနေပြီး အသက်တစ်ချက် ရှူထုတ်လိုက်သည်နှင့် သူမ၏ မျက်နှာကိုပင် အုပ်ကွယ်သွားတော့မည်ဟု ထင်ရသော အငွေ့များ ထွက်ပေါ်နေလေသည်။ အနီရောင်ပွဲတော်၀တ်စုံကို ၀တ်ဆင်ထားသော ယန်ချန်က ထိုအုပ်စု၏ ရှေ့မှ တက်ကြွစွာဖြင့် ဦးဆောင်လာလေသည်။


“မရီးတို့… ပိုင်ရှင်ပုရဲက အချက်အပြုတ်စွမ်းရည်က မရီးတို့ကို လုံး၀ စိတ်ပျက်စေမှာမဟုတ်ဘူး….” ယန်ချန်က ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်သည်။


ပုဖန်၏ ဟင်းလျှာများကို ကိုယ်တိုင်ကိုယ်ကျ စားဖူးသောကြောင့် အရသာကို သိရှိနေလေသည်။ သူတို့အုပ်စုက ဆိုင်ရှေ့သို့ ရောက်သောအခါ မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ခွေးနက်ကြီးနှင့် ထိုင်ခုံပေါ်တွင် ခွေခေါက်ထိုင်နေသော ပုဖန်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးလုံးက အလွန်ပျင်းရိနေဟန်ရပြီး ဆိုင်တစ်ဆိုင်ထဲတွင် ဖြစ်နေသည်နှင့် အံ့အားသင့်စရာမရှိတော့ချေ။


“ချစ်စရာကောင်းလိုက်တဲ့ ခွေးလေး…”


သိုးမွှေးအင်္ကျိအထူကို ၀တ်ဆင်ထားသော မိန်းမငယ်လေးက ဆိုင်ပေါက်၀မှ ခွေးနက်ကြီးကို မြင်လိုက်သည်နှင့် ပျော်ရွှင်သွားပြီး ရှေ့သို့ ပြေးတက်လာကာ သူမ၏ လက်ချောင်းလေးများနှင့် ဘလက်ကီ၏ ခေါင်းကို ပုတ်လိုက်လေသည်။


ဘလက်ကီက ချစ်ခင်နှစ်သက်မှုများနှင့် ပြည့်နှက်နေသော မိန်းမပျိုလေး၏ မျက်လုံးကိုကြည့်၍ ဆွံ့အမှင်သက်သွားလေသည်။ ထိုမိန်းမငယ်လေးက တတိယအဆင့်သာ ရှိပြီး သူနှာတစ်ချက်မျှ ချေလိုက်လျင်ပင် သတ်ဖြတ်နိင်လေသည်။ သို့သော် ခွေးဘုရင်ဖြစ်သော သူက ထိုမိန်းမငယ်လေးနှင့် ဖက်မပြိုင်လိုသောကြောင့် လျစ်လျူရှုလိုက်ပြီး နေရာပြောင်း၍ ပြန်အိပ်လိုက်သည်။


“ခွေးလေးက အရမ်းကို ချစ်ဖို့ကောင်းတာပဲ..”


ကျွင်းအာ၏ မျက်လုံးများက တောက်ပနေပြီး ဘလက်ကီ၏ နွေးထွေးနူးညံ့လှသော ခေါင်းကို သူမ၏ လက်နှစ်ဖက်နှင့် အကြိမ်ကြိမ် ပွတ်သပ်လိုက်သည်။


ပုဖန်က တုံ့ပြန်ရန်ပင် ပျင်းရိနေသော ခွေးငပျင်းကို ကြည့်၍ အနည်းငယ် အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။


“ဒီခွေးငပျင်းကတော့… သူ့ရဲ့ခေါင်းကို ယောက်ျားတစ်ယောက်ကသာ ဒီလိုပွတ်သပ်နေရင် သူ့လက်သည်းတွေနဲ့ ချက်ချင်း မိတ်ဆက်ပေးလိုက်မှာ သေချာတယ်...”


“မင်းတို့ တစ်ခုခု မှာမယ်ဆိုရင် ဆိုင်ထဲကို ၀င်လာခဲ့ပါ.. ဒီခွေးက သူ့ကို ကျီဆယ်နောက်ပြောင်နေတာကို မကြိုက်ဘူး…” ပုဖန်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။


ခွေးငပျင်းက စိတ်ဆိုးမဆိုး မသိသော်လည်း ထိုအမျိုးသမီးများက အဝေသို့ ခေါ်ဆောင်လိုက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူသိနေလေသည်။


ခွေးနက်ကြီးက ကြောက်ရွံ့စွာ ကြည့်နေသော လေ့ာဆန်းနင်က ခွေး၏ခေါင်းကို ပွတ်နေသော ကျွင်းအာကို မြင်သောအခါ သူမ၏ နှလုံးသားပင် ထွက်ကျလုမတက် ထိတ်လန့်တုန်လှုပ်သွားလေသည်။ ရိုးသားလှသော ကျွင်းအာက ထိုခွေးနက်ကြီး၏ ကြောက်စရာကောင်းပုံကို မသိသော်လည်း ထိုခွေးက ရှေးဦးသားရဲဖြစ်ကြောင်း ကောလဟာလများကို သူမက ကြားဖူးထားလေသည်။


ထိုခွေးနက်ကြီးက နှာချေလိုက်ရုံနှင့် ကျွင်းအာကို အကြိမ်ကြိမ် သတ်ဖြတ်လိုက်နိုင်သော အဆင့်မြင့်သားရဲ တစ်ကောင် ဖြစ်သည်။ သို့သော် ခွေးနက်ကြီးက ကျွင်းအာကို အနည်းငယ်မျှပင် အဖက်မလုပ်သောကြောင့် သူမက အံ့အားသင့်နေလေသည်။ ထို့နောက် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက်ချ၍ ကျွင်းအာကို ဆွဲခေါ်ကာဆိုင်အတွင်းသို့ ၀င်လိုက်လေသည်။


ဆိုင်ငယ်လေး၏ အတွင်းပိုင်းတွင် အလွန်နွေးထွေးလှသောကြောင့် အမျိုးသမီးတစ်စုက ဆိုင်ထဲသို့ ရောက်သွားသည်နှင့် နွေးထွေးလှသော နွေရာသီသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မွှေးပျံ့လှသော ရနံ့များက လေထုထဲတွင် ပျံ့နှံ့နေပြီး သူမတို့ကို ညှို့ယူဆွဲဆောင်နေလေသည်။


အတွင်း၀န်ငယ် ( အတွင်း၀န်၏ သား) က စိတ်လှုပ်ရှားစွာဖြင့် ပုဖန်၏ ရှေ့တွင် ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့ရင်ဘက်ကို ပုတ်၍ ပြောလိုက်လေသည်။


“ပိုင်ရှင်ပု… ဒါကငါ့ရဲ့မရီးတွေ… ဒီနေ့ ငါက သူမတို့ကို ကြွေးမွေးမှာမို့ အရသာရှိတဲ့ ဟင်းပွဲတွေအကုန် သယ်လာခဲ့ပေးပါ….”


ပုဖန်က ယန်ချန့်ကို ခပ်တည်တည်ကြည့်လိုက်ပြီး သူ့နောက်မှ အမျိုးသမီးတစ်စုကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ယန်ချန့်ကို ပြောလိုက်သည်။


“ဒီမှာရှိတဲ့ ဟင်းပွဲတိုင်းက အရသာရှိတယ်… အဲတော့ မင်းစားချင်တာကို မှာလိုက်ရုံပဲ…”


ပုဖန်၏ စကားကြောင့် ယန်ချန်၏ မျက်နှာက ကသိကအောင့် ဖြစ်သွားလေသည်။ ပုဖန်၏ ဆိုင်မှ ဟင်းပွဲတိုင်းက အရသာရှိလှသောကြောင့် ဟင်းပွဲတိုင်းသာ မှာရပါက သူက မွဲတေသွားနိုင်လေသည်။


“ငါထင်တာတော့ ငါရှိုးထုတ်နေတာ ရပ်မှဖြစ်မယ်…” ယန်ချန်က တွေးလိုက်မိသည်။


သူ့နောက်မှ လော့ဆန်းနင်က ခါးထောက်၍ ရယ်မောလိုက်သကဲ့သို့ ကျွင်းအာနှင့် အခြားသူများကလဲ သူမတို့၏ နှုတ်ခမ်းများကို ဖုံးကွယ်၍ ရယ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံး မီနူးဆီသို့ လှည့်ကြည့်လိုက်ရာ ရယ်မောနေခြင်းများ ရပ်တန့်သွားပြီး အေးခဲသွားလေသည်။