အခန်း ၁၅၉ “စင်းချောလိပ်ဥမုန့်”
“ကျွင်းအာက ဘာစားချင်တာလဲ… ပိုင်ရှင်ပုကို မြန်မြန်ပြောလိုက်လေ…”. လော့ဆန်းနင်က ကျွင်းအာ၏ နူးညံ့သောပခုံးလေးများကို သိုင်းဖက်လိုက်ပြီး ပြောလိုက်သည်။
ကျွင်းအာတစ်ယောက်သာ ဟင်းပွဲမှာရန် ကျန်နေသောကြောင့် လော့ဆန်းနင်က သတိပေးလိုက်ခြင်း ဖြစ်သည်။ ကျွင်းအာက မီနူးကို ကြည့်လိုက်ပြီး သူမ၏ အတွေးများကို ထုတ်ဖော်ပြောရန် စိတ်ကသိကအောင့် ဖြစ်နေလေသည်။
မီနူးပေါ်တွင် ရှိနေသော ဟင်းပွဲတိုင်းက အရသာရှိမည့်ပုံပေါ်နေသောကြောင့် သူမက အကုန်လုံးကို မှာယူလိုပေသည်။ သို့သော် ထိုသို့သာ လုပ်လိုက်ပါက သူမအပေါ်အခြားသူများ၏ အမြင်က ဆိုးဝါးသွားနိုင်လေသည်။
“ပိုင်ရှင်ပု… စင်းချောလိပ်ဥမုန့်က ဘာလဲ… အဲဒါက အရသာကောင်းလား….” ကျွင်အာ၏ အသံက ညင်သာစွာ စီးစင်းနေသော စမ်းချောင်းငယ်တစ်ခု၏ အသံကဲ့သို့ သာယာစွာ ထွက်ပေါ်လာသည်။
ပုဖန်က အနည်းငယ် တုန်လှုပ်သွားလေသည်။
“စင်းချောလိပ်ဥမုန့် အဲဒါက ဟင်းပွဲအသစ်မဟုတ်လား…”
ပုဖန်က မိသားစုတစ်ရာ စားသောက်ပွဲတွင် အနိုင်ရရှိထားသောကြောင့် ရရှိထားသော မစ်ရှင်ဆု ဖြစ်ပြီး စမ်းသပ်ချက်ပြုတ်ရခြင်း မရှိသေးပေ။ မီနူးပေါ်တွင် ထိုဟင်းပွဲ ရောက်ရှိနေသည်ကိုပင် သူက သိရှိထားခြင်းမရှိပေ။
“စင်းချောလိပ်ဥမုန့်က စင်းချောလ်ိပ်ဥမုန့်ပဲလေ အဲဒီမုန့်က အရမ်းအရသာရှိတယ်….” ပုဖန်က ကျွင်းအာကို ခပ်တည်တည်ကြည့်၍ ပြန်ပြောလိုက်သည်။
ကျွင်းအာ၏ မျက်၀န်းလေးများက တောက်ပလင်းလက် သွားလေသည်။ သူမ၏ ယောင်းမများ အားလုံးက ထိုဟင်းပွဲကို မမှာထားသည်ကို သူမသိရှိနေသောကြောင့် ဟင်းပွဲကို မှာယူရန် တွေးတောလိုက်သည်။
“ဒါဆိုရင် ငါက အဲဒီစင်းချောလိပ်ဥမုန့်ကို မှာမယ်…” ကျွင်းအာက သူမ၏ သွယ်လျှသော လက်ညှိုးလေးနှင့် မီနူးကို ညွှန်၍ ပြောလိုက်သည်။
ပုဖန်က သူတို့အားလုံးကို ခဏစောင့်ရန် ပြောဆိုလိုက်ပြီး ဟင်းပွဲများကို ချက်ပြုတ်ရန် မီးဖိုခန်းအတွင်း ၀င်သွားလိုက်လေသည်။
ယန်ချန်က သူ၏မရီးများကို စားပွဲခုံသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ရိုးရှင်း၍ သက်တောင့်သက်သာရှိသော ဆိုင်အပြင်အဆင်ကြောင့် သူ၏ မရီးများက စိတ်ကျေနပ်နေကြလေသည်။ ယန်ချန်၏ နောက်ကျောတွင်မူ ချွေးစီးများ စီးကျနေလေသည်။ ရှက်တတ်ပြီး ငယ်ရွယ်သော သူ၏ ဒုတိယမရီး ကျွင်းအာမှ လွဲလျင် ကျန်မရီးများမှာ သူ့ထက် သိုင်းအဆင့်မြင့်မားကြသည်။
ယန်ချန်က သူ၏ မရီးလေးယောက်ကို ခေါ်ဆောင်လာခြင်းဖြစ်ပြီး သုံးယောက်က သူ့အကိ်ုများ၏ ဇနီးများ ဖြစ်ကြသည်။ တစ်ယောက်က ၀မ်းကွဲအကို၏ ဇနီးဖြစ်သည်။ သူမတို့က အိမ်တွင်းအိမ်ပြင် ကျော်ကြားလှသော ယန်မိသားစုမှ အမျိုးသမီးများ ဖြစ်ကြသည်။ ယန်ချန်က သူ့မရီးများ၏ ရှေ့တွင် ပုဖန်၏ ဟင်းချက်စွမ်းရည်ကို အမြဲလိုလို ချီးမွန်းပြောဆိုလေ့ရှိသောကြောင့် သူ့မရီးများကို ကြွေးမွေးပြုစုရန် ခေါ်ဆောင်လာရခြင်း ဖြစ်သည်။
ပုဖန်က မီးဖိုခန်းအတွင်းရောက်သည်နှင့် စားသုံးသူများ မှာယူထားသော ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ စတင်ချက်ပြုတ်လိုက်လေသည်။ သူ၏ လှုပ်ရှားမှုများက အလွန်လျင်မြန်လှပြီး ကျွမ်းကျင်ပိုင်နိုင်လှလေသည်။ နေ့စဉ်နေ့တိုင်း တူညီသော ဟင်းပွဲများကို ချက်ပြုတ်နေရသောကြောင့် ဟင်းပွဲများနှင့် အသားကျနေရုံမျှ မကပဲ လှုပ်ရှားမှုများပါ လျှင်မြန်သွက်လက်နေလေသည်။
“ရှောင်ယီ… ဟင်းပွဲချပေး….”
ဟင်းတစ်ပွဲချက်ပြီးသည်နှင့် ပြတင်းပေါက်ဘောင်ပေါ်သို့ ဟင်းပွဲကို လှမ်းတင်လိုက်ပြီး ရှောင်ယီ့ကို လှမ်းခေါ်လိုက်သည်။ ထိုအချိန်အတောအတွင် ချက်ပြုတ်ခြင်းတွင်သာ ပုဖန်က အာရုံစူးစိုက်ထားလိုက်သည်။ အချိန်များ ကုန်လွန်သွားပြီးနောက် ကျွင်းအာမှာထားသော စင်းချောလိပ်ဥမုန့်မှလွဲ၍ ကျန်ဟင်းပွဲများအားလုံး ချက်ပြုတ်ပြီးစီးသွားပြီ ဖြစ်သည်။
ပုဖန်က မုန့်လုပ်နည်းကို ရင်းနှီးနေသော်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေလေသည်။ စနစ်က အရှေ့တိုင်းမုန့်လုပ်နည်းကိုသာ ထောက်ပံ့ပေးရန် သူက မျှော်လင့်နေလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း မုန်ပြုလုပ်နည်း ထွက်ပေါ်လာသောကြောင့် ပုဖန်က ပြုံးလိုက်ပြီူ နည်းစနစ်ကို လေ့လာလိုက်သည်။
ပြုလုပ်ပုံအဆင့်ဆင့်ကို တခဏမျှ ကျက်မှတ်လိုက်ပြီးနောက် ပုဖန်က ဗီဒိုထဲမှ အပြာရောင် ကြွေပန်းကန်လုံးအကြီးကို ထုတ်ယူလိုက်သည်။ မုန့်လုပ်ရန် အဆင့်များက အလွန်ရှုပ်ထွေးလေသည်။ ပုဖန်က ဗီဒိုထဲမှ ပစ္စည်းကရိယာများနှင့် ဂျုံမှုန့်တစ်အိတ်၊ အမည်မသိသားရဲ၏ နို့တစ်ခွက် နို့ဆီအနည်းငယ်နှင့် စိတ်ဝိဥာဉ်ပင်လယ်လိပ်ဥ အနည်းငယ်ကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။
ပထမအဆင့်မှာ မုန့်အပြင်သား ပြုလုပ်ရန် ဖြစ်သည်။ ပုဖန်က ဂျုံမှုန့်အတွင်းသို့ ရေအနည်းငယ်နှင့် ထောပတ်အနည်းငယ် ထည့်၍ ဂျုံသားကောင်းကောင်း ဖြစ်လာစေရန် နယ်လိုက်သည်။ ဂျုံမှုန့်များအားလုံး တစ်စုတစ်ဝေးတည်း ဖြစ်သွားပြီး မုန့်သားမာလာသော အခါ သူ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း ရေအနည်းငယ် ထပ်ပေါင်းထည့်လိုက်သည်။ ဂျုံသားကို နူးညံ့ချောမွေ့လာသည်အထိ နယ်လိုက်ပြီး ဂျုံတုံးကို စနစ်၏ သိုလှောင်ရာတွင် ထည့်နှပ်ထားလိုက်သည်။
အချိန်အနည်းငယ်စောင့်ပြီးနောက် နှပ်ထားသော ဂျုံတုံးကို ပြန်ထုတ်လိုက်သည်။ ဂျုံနယ်မည့် သစ်သားပြားပေါ်တွင် ဂျုံမှုန့်အနည်းငယ် ဖြူးလိုက်ပြီး ဂျုံတုံးကို တင်၍ ထောင်မှန်စတုဂံပုံ ရအောင် လှိမ့်လိုက်သည်။ ထို့နောက် ပုဖန်က သူ့ခန္ဒာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ ဂျုံကို ခေါက်လိုက်သည်။ ဂျုံခေါက်လိုက်သည့် တစ်ထပ်စီတိုင်းတွင် သူ၏ အစစ်အမှန် စွမ်းအင်များက စိမ့်၀င်ပျံ့နှံ့သွားသည်။
ထိုနည်းလမ်းက မိသားစုတစ်ရာ စားသောက်ပွဲတွင် ဖက်ထုပ်လုပ်သည့်အချိန်က သုံးသည့် နည်းလမ်းပင် ဖြစ်သည်။ ထိုနည်းလမ်းက အစစ်အမှန် စွမ်းအင်များကို အတိအကျ ထိန်းချုပ်နိုင်ရန် လိုအပ်လေသည်။ အမှားတစ်ခုကပင် ဂျုံသားကို ထိခိုက်စေနိုင်ပြီး မုန့်ဖုတ်သည့်အချိန်တွင် ကျိုးကြေပျက်စီးသွားနိုင်လေသည်။
ပုဖန်က ဂျုံသားကို အကြိမ်အနည်းငယ်မျှ ခေါက်လိုက်ပြီး ဗီဒိုထဲတွင် ပြန်ထည့်၍ နှပ်ထားလိုက်သည်။ ထို့နောက် မုန့်အချိ်ုအနှစ် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ စင်းချောလိပ်ဥမုန့်၏ အဓိကအရသာက မုန့်အချိုပေါ်တွင် မူတည်နေပေသည်။
ထို့နောက် ပုဖန်က စိတ်ဝိဥာဉ်ပင်လယ်လိပ်ဥများကို ထုတ်ယူလိုက်သည်။ ထိုဥများမှ မွှေးပျံ့သော ရနံ့သင်းသင်းလေးထွက်ပေါ်နေပြီး အရွယ်အစားက သေးငယ်ကာ မျက်နှာပြင်ပေါ်တွင် ကြည့်ရဆိုးသော အမှတ်များ ပါရှိနေသည်။ ပုဖန်က အဖြူအပြာ ရောစပ်ထားသော ပန်းကန်လုံးတစ်ခုထဲသို့ ဝိဥာဉ်သားရဲနို့ နို့ဆီနှင့် သကြားအနည်းငယ် ရောထည့်လိုက်ပြီး ခလောက်လိုက်သည်။
သကြားပွင့်များ ပျော်၀င်သွားချိန်တွင် ပုဖန်က ပင်လယ်လိပ်ဥကို ဖောက်ထည့်လိုက်သည်။ မုန့်တွင် ဥအနှစ်သာ လိုအပ်ပြီး အကာများကို မလိုအပ်ချေ။ ထို့ကြောင့် ဥဖောက်ထည့်ရာတွင် ကျွမ်းကျင်မှုရှိရန် လိုအပ်သည်။ ပုဖန်က ဥအနှစ်ကို လက်ချောင်းသုံး၍ ဖောက်လိုက်ပြီး ရောနှောသွားအောင် မွှေလိုက်သည်။
အချန်အနည်းငယ်မျှ မွှေလိုက်ပြီးနောက် အရောင်များက ကောင်းမွန်စွာ ရောစပ်သွားပြီး နို့နှစ်ရောင်မှ အဝါဖျော့ဖျော့သို့ ပြောင်းသွားလေသည်။ ထို့အပြင် အချိန်ကြာကြာ မွှေထားသောကြောင့် ကောင်းမွန်စွာ ရောစပ်သွားပြီ အရည်များက ပြစ်နှစ်နေလေသည်။ ပုဖန်က အရည်စစ်ဇကာတစ်ခုကို ယူလိုက်ပြီး အရည်စစ်လိုက်သည်။
အားလုံးပြီးသွားပြီးနောက် ဥအနှစ်နှင့် နို့များက အနှစ်သဏ္ဍာန်သာ ကျန်ရှိနေလေသည်။ ပုဖန်က ဗီဒိုထဲတွင် နှပ်ထားသော ဂျုံတုံးကို ထုတ်ယူလိုက်ပြီး ဖြတ်တောက်ခြင်း နည်းပညာကို အသုံးပြု၍ အဝိုင်းလေးများရအောင် ဖြတ်တောက်လိုက်သည်။
စနစ်၏ သိုလှောင်ရာထဲတွင် မုန့်လုပ်ရန် ပုံစံခွက်လေးများကို တွေ့လိုက်ရသည်။ စနစ်မှ ပြင်ဆင်ပေးထားသော မုန့်လုပ်ရန် ပုံစံခွက်လေးများက ပုဖန်ကို အံ့အားသင့်သွားစေသည်။ ပုဖန်က ပုံစံခွက်လေးများထဲသို့ ဂျုံအဝိုင်းပြားလေးများကို ထည့်လိုက်ပြီး အပေါ်မှ ရောစပ်ထားသော အနှစ်များကို လောင်းထည့်လိုက်သည်။
မုန့်ပြုလုပ်ရန်အစောပိုင်းအဆင့်များက ပြီးဆုံးသွားပြီဖြစ်သည်။ မီးဖိုချောင်ထဲတွင် စနစ်မှ ထောက်ပံ့ပေးထားသော အထောက်အကူပစ္စည်းများ အစုံအလင် ရှိနေလေသည်။ ထို့ကြောင့် ပုဖန်က မုန့်အစိမ်းလေးများကို မုန့်ဖုတ်စက်ထဲ ထည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေလေသည်။
ပုဖန်က မုန့်ဖုတ်စက်ထဲမှ စင်းချောလိပ်ဥမုန်များ၏ ပြောင်းလဲမှုကို စိုက်ကြည့်နေလေသည်။ စနစ်မှ ထောက်ပံ့ပေးထားသော မုန့်ဖုတ်စက်က အရည်အသွေး ကောင်းမွန်သောကြောင့် မုန့်ဖုတ်သည့် လုပ်ငန်းက လျင်မြန်စွာ ပြီးဆုံးသွားလေသည်။ ပုဖန်က မုန့်ဖုန်စက်ကို ဖွင့်လိုက်သည်နှင့် နို့နှင့် ဥအနှစ်များ ရောနှောနေသည့် ကြွယ်ဝသော မွှေးရနံ့က ထွက်ပေါ်လာလေသည်။
မချက်ပြုတ်ခင်ကပင် သင်းပျံ့နေသော စိတ်ဝိဥာဉ် ပင်လယ်လိပ်ဥ၏ ရနံ့က အဆင့်ဆင့် ပြုလုပ်ပြီးစီးသွားပြီးနောက် ပို၍ ပြင်းထန်လာလေသည်။ ပုဖန်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ စိတ်ဝိဥာဉ်ပင်လယ်လိပ်ဥက အဆင့်မြင့်သားရဲမဟုတ်သော်လည်း မုန့်ဖုတ်လိုက်သည့်အခါ သူ၏ မွှေးရနံ့က အလွန်ကောင်းမွန်လေသည်။
ပုဖန်က ပုံစံခွက်ထဲမှ မုန့်များကို ထုတ်ယူလိုက်ရာ မွှေးပျံ့သော ရနံ့များ ပိုမို ထွက်ပေါ်လာလေသည်။ စိတ်ဝိဥာဉ်သားရဲနို့၏ ရနံ့က အလွန်ကောင်းလှသောကြောင့် ပုဖန်က လေထဲမှမွှေးရနံ့များကို လောဘတကြီး ရှူရှိုက်လိုက်မိသည်။ ထို့နောက် စင်းချောလိပ်ဥမုန့် နှစ်ခုကို ကြွေပန်ကန်ပြားတွင် ထည့်လိုက်ပြီး မီးဖိုခန်းမှ ထွက်လာလိုက်သည်။
မီးဖိုခန်းမှ ထွက်ပေါ်လာသော မွှေးရနံ့များက ဆိုင်ငယ်လေးထဲမှ စားသုံးသူများ အားလုံးကို ဆွဲဆောင်နေသောကြောင့် ထိုသူများက ပုဖန်ကို စိတ်အားထက်သန်စွာနှင့် စိုက်ကြည့်နေကြသည်။ ပုဖန်၏ လက်ထဲမှ အဖြူရောင်ကြွေပန်ကန်ပြားပေါ်တွင် တင်ထားသော ထူးဆန်းသည့် သဏ္ဍာန်ရှိသည့် မုန့်နှစ်ခုမှ သင်းပျံ့သော မွှေးရနံ့များထွက်ပေါ်နေပြီး အငွေ့တစ်ထောင်းထောင်း ထနေလေသည်။
“ဒီမှာ မင်းရဲ့ စင်းချောလိပ်ဥမုန့် ကောင်းကောင်းသုံးဆောင်ပါ….” ပုဖန်က မျှော်လင့်တကြီး စောင့်စားနေသော ကျွင်းအာ၏ရှေ့တွင် ရပ်၍ ပြောလိုက်သည်။
ကျွင်းအာက မျက်တောင်တစ်ဖျပ်ဖျပ် ခတ်လိုက်ပြီး သူ၏ ရှေ့မှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် မုန့်ကို စိုက်ကြည့်နေလေသည်။ မုန့်၏ ပုံသဏ္ဍာန်က ချစ်စဖွယ်ဖြစ်နေပြီး မွှေးရနံ့ကလည်း စားချင်စဖွယ် ထွက်ပေးနေလေသည်။ ထို့ကြောင့် သူမက အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူမ၏ ချောမောလှပသော မျက်နှာပေါ်တွင် ရှက်ဝဲ၀ဲ အမူအယာများပင် ဖြစ်ပေါ်နေလေသည်။
“ဒီမုန့်က တစ်ကယ်ကို သာမာန်မဟုတ်ဘူးပဲ… ဒါက အစာသွပ်မုန့်လား…” ကျွင်းအာက စပ်စပ်စုစု မေးလိုက်လေသည်။
သူမက ချက်ပြုတ်ရခြင်းကို အလွန်နှစ်သက်ပြီး အသာသွပ်မုန့်ပြုလုပ်ရာတွင် ကျွမ်းကျွမ်းကျင်ကျင် ရှိလေသည်။ ထို့ကြောင့် အစာသွပ်မုန့်နှင့် ဆင်တူသော စင်းချောလိပ်ဥမုန့်ကို တွေ့လိုက်သည့်နှင့် စိတ်၀င်စားမိသွားခြင်း ဖြစ်သည်။ ပုဖန်က ရှက်တတ်ပုံရသော အမျိုးသမီးကို မျက်မှောင်ကြုံ့၍ စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒါက အစာသွပ်မုန့်မဟုတ်ဘူး… အစားအသောက်စားပြီးတဲ့အခါ အချိုတည်းတဲ့ မုန့်တစ်မျိုးလို့ မင်းထင်ချင် ထင်နိုင်တယ်….” ( ပုဖန်က အနောက်တိုင်းအခေါ်အဝေါ်နဲ့ တရုတ်အခေါ်အဝေါ်ကို ခွဲပြောလိုက်ပုံရပါတယ်… အစာသွပ်မုန့်နဲပ အချိုပွဲကို တူတူပဲလို့ ပြောလို့ရပါတယ်…)
“ဒီအနံ့က တစ်ကယ်ကို မွှေးကြိုင်လွန်းတယ်… ဒါကို အချိုပွဲကို ခေါ်ပေမယ့် အစာသွပ်မုန့်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်.. အင်း… ငါတစ်ကယ်ကို စိတ်၀င်စားလာပြီ…” ကျွင်းအာက မျက်လုံးများကို မှေးစင်းလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် နောက်တစ်ကြိမ် ရှက်သွေးဖြာလာလေသည်။
“ကျွင်းအာ … နင်ဒီမုန့်ကို စားမှာလား… နင်မစားဘူးဆိုရင် ငါစားလိုက်တော့မယ်… ဒီမွှေးရနံ့ရဲ့ ဆွဲဆောင်မှုဒဏ်ကို ငါမခံနိုင်တော့ဘူး…” ဘေးမှ ကြည့်နေသော လော့ဆန်းနင်က ၀င်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ ကျွင်းအာက စင်းချောလိပ်ဥမုန့် တစ်ခုကို အလျင်အမြန် ကောက်ယူလိုက်လေသည်။ မုန့်သားက ပူနေသေးသောကြောင့် မုန့်ကို ထိလိုက်သည်နှင့် ထိတ်လန့်သွားပြီး အော်လိုက်မိသည်။ ထို့နောက် မုန့်ကို အေးသွားစေရန် တဖူးဖူးမှုတ်လိုက်လေသည်။