အခန်း ၁၆၀ “ကျွင်းအာ၏ တူးနေသော ဥအနှစ်မုန့်”
ကျွင်းအာက သူမ၏ နှင်းဆီရောင်နှုတ်ခမ်းပါးလေးကို အနည်းငယ် ဖွင့်ဟလိုက်ပြီး အပိုင်းသေးသေးတစ်ခု ကိုက်လိုက်လေသည်။ မြင့်မြတ်သော မိသားစုမှ အိနြေ္ဒရှိသော အမျိုးသမီးဖြစ်သောကြောင့် အစားအသောက်ကို စားသောက်ရာတွင် မေးရိုးလှုပ်ရုံမျှသာ ဝါးနေလေသည်။ တစ်ချက်ဝါးလိုက်တိုင်း သူမ၏ မျက်လုံးများက ပို၍ ပြူးကျယ်လာလေသည်။
ကောင်းမွန်လှသော အရသာက သူမ၏ ပါးစပ်မှတဆင့် ခန္ဒာကိုယ်တစ်ခုလုံးသို့ စီး၀င်ပျံ့နှံ့နေလေသည်။ ကြွယ်၀လှသော မွှေးရနံ့က သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ ဝိဥာဉ်သားရဲအုပ်ကြာ ရောက်ရှိသွားသကဲသို့ ခံစားလိုက်ရသည်။ ထိုဝိဥာဉ်သားရဲအုပ်များကို သူမက ထိန်းကျောင်းနေပြီး လတ်ဆတ်သော လေပြေလေညှင်းများကို ခံစားနေရသည်ဟု စိတ်ထဲတွင် ဖြစ်ပေါ်နေလေသည်။
ဟင်း…
ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး ပါးစပ်ထဲမှ မုန့်အကျန်ကို မြိုချလိုက်မိသည်။ ပင်လယ်၏ ရနံ့ကို သယ်ဆောင်လာသော လေပြေလေညှင်းများက သူမ၏ ၀တ်ရုံများကို တစ်လွှာခြင်း ဖယ်ရှားနေသည်ဟု ခံစားနေရပြီး လှပသော မျက်နှာလေးက ပို၍ နီရဲလာလေသည်။
“အရမ်းကောင်းတာပဲ…”
ကျွင်းအာ၏ မျက်၀န်းများက တောက်ပနေပြီး စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။ ထိုသို့ အရသာရှိလှသော မုန့်မျိုးကို သူမက ပထမအကြိမ် စားဖူးခြင်း ဖြစ်သည်။ သေးငယ်လှသော စင်းချောလိပ်ဥမုန့်၏ တစ်စိတ်တစ်ပိုင်းကပင် သူမကို ပင်လယ်သမုဒ္ဓရာထဲ နစ်မျောနေသည့် ခံစားချက်မျိုး ပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဒါက မယုံနိုင်စရာ ကောင်းလွန်းတယ်….”
ကျွင်းအာက မုန့်၏ အပူချိန်ကို ဂရုမစိုက်တော့ပဲ လက်နှစ်ဖက်နှင့် သေချာစွာ ဆုတ်ကိုင်၍ မရပ်မနား စားသောက်လေတော့သည်။ ကောင်းမွန်လှသော အရသာတွင် နစ်မျောနေပြီး သူမ၏ မျက်နှာလေးတွင် ရှက်သွေးဖြန်းနေလေသည်။
လော့ဆန်းနင်က ကျွင်းအာ၏ အမူအယာကို ကြည့်၍ ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။ ယခုကျွင်းအာ၏ အခြေအနေက သူမသိသော ကျွင်းအာနှင့် လုံး၀ ကွဲပြားနေလေသည်။ မြင့်မြတ်သော အမူအယာကို အမြဲတစေ ထိန်းသိမ်းထားတတ်သော အစာစားလျှင် သွားမပေါ်ပဲ မေးလှုပ်ရုံမျှသာ စားတတ်သော ကျွင်းအာမှ ဟုတ်ပါရဲ့လားဟု စိုက်ကြည့်နေလေသည်။
လော့ဆန်းနင်က ကမ္ဘာကြီး ပြောင်းပြန်လန်သွားသည်ဟုပင် ခံစားလိုက်ရသည်။
“ပိုင်ရှင်ပုရဲ့ ဟင်းပွဲက တကယ်ပဲထူးဆန်းနေတာလား…”
သူ၏ ၀က်နံရိုးချိုချဉ်ကြော်ကို စားသောက်ပြီးစီးသွားသော ယန်ချန်က ကျေနပ်နေသော ကျွင်းအားကို အထူးအဆန်း စိုက်ကြည့်နေလေသည်။
ပုဖန်က စင်းချောလိပ်ဥမုန့်ကို ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး မုန့်ကို မြည်းစမ်းရခြင်းမရှိသေးချေ။ ထို့ကြောင့် ကျွင်းအာ၏ ခံစားချက်ကို မသိနိုင်သော်လည်း သူမ၏ အမူအယာကို ကြည့်၍ မုန့်၏ အရသာက ကောင်းမွန်သည်ကို ခန့်မှန်းနိုင်လေသည်။ ပုဖန်က ပြုံးသည်ဆိုယုံမျှ ပြုံးလိုက်ပြီး သက်ပြင်းတစ်ချ၍ ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်ကာ အနားယူလိုက်သည်။
ကျွင်းအာက မုန့်တစ်ခု ကုန်သွားပြီးနောက် နောက်တစ်ခုကို ချက်ချင်းကောက်ယူလိုက်ပြီး ဆက်လက်စားသောက်နေလသည်။ မြင့်မြတ်သော မိသားစုမှ နူးညံ့သိမ်မွေ့သော မိန်းမပျိုတစ်ယောက်၏ အမူအယာက ပျောက်ကွယ်သွားပြီး အစားကြူးသူတစ်ယောက်က သူအနှစ်သက်ဆုံး အစားအသောက်ကို စားနေရသည့် အမူအယာမျိုး ဖြစ်နေလေသည်။
လောဆန်းနင်နှင့် ယန်ချန်တို့၏ အကြည့်အောက်တွင် မုန့်နှစ်ခုလုံးက လျင်လျင်မြန်မြန် ပျောက်ကွယ်သွားလေသည်။ သူတို့၏ မေးရိုးများက အံ့သြမှုကြောင့် အောက်သို့ လျောကျလာပြီး ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။
“ငါစားလို့ပြီးပြီ… ပိုင်ရှင်ပု… ဒီမုန့်က အရမ်းကို အရသာရှိလွန်းတယ်… ဒီလိုအရသာရှိတဲ့ မုန့်မျိုးကို မြည်းစမ်းခွင့် ရတဲ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်…” ကျွင်းအာက သူမ၏ လက်နှစ်ဖက်ကို ယှက်လိုက်ပြီးပုဖန်ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ပုဖန်က အံ့အားသင့်သွားလေသည်။ သူမ၏ အလေးအနက် အမူအယာကြောင့် ကို့ယိုကားယားဖြစ်သွားကာ ခေါင်းညိမ့်တုံ့ပြန်လိုက်သသည်။ ယန်ချန်နှင့် အခြားသူများကလဲ စားသောက်ပြီးစီးသွားပြီဖြစ်သည်။ သူတို့မှာယူထားသော ဟင်းပွဲများက များပြားလှသောကြောင့် ကျသင့်ငွေကို ပေးချေချိန်တွင် ယန်ချန်၏ မျက်နှာပေါ်၌ နှမျောတသအမူအယာတစ်ခု ဖြစ်ပေါ်လာလေသည်။
ထို့ကြောင့် အမျိုးသမီးများက ပါးစပ်ကို အုပ်၍ ရယ်မောလိုက်လေသည်။ သို့သော် လော့ဆန်းနင်က ခါးထောက်၍ ပွင့်ပွင့်လင်းလင်း ရယ်မောလိုက်လေသည်။
“ငါ့ရဲ့ ချစ်လှစွာသော မရီးတို့ ပိုင်ရှင်ပုရဲ့ ဟင်းချက်စွမ်းရည်က မြို့တော်တစ်ခုလုံးမှာ အကောင်းဆုံးလို့ ငါပြောထားတာကိုမယုံကြဘူး မလား.. အခုရော ဘယ်လိ်ုလဲ…” ယန်ချန်က မေးကိုမော့၍ ဝံ့ကြွားစွာ ပြောလိုက်လေသည်။
ယန်ချန်၏ ဘ၀င်ခိုက်နေသော အမူအယာကြောင့် လော့ဆန်းနင်က အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ယန်ချန်ကို ဇတ်ပိုးအုပ်၍ ပြန်ပြောလိုက်သည်။
“နင်က ပိုင်ရှင်ပုလည်း မဟုတ်ပဲနဲ့ ဘာတွေ ဝံ့ကြွားနေတာလဲ… အခုငါတို့ စားလို့ပြီးပြီဆိုတော့ ပြန်ပြီးတော့ လေ့ကျင့်ခန်းလုပ်ရမယ်… နောက်ရက်နည်းနည်းကြာရင် အတွင်း၀န်က နင့်ကို လာစစ်ဆေးလိမ့်မယ်.. အဲဒီအချိန်ကျလို့ သူသတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မညီဘူးဆိုရင် နင့်ကို အပြစ်ပေးလိမ့်မယ်…”
ယန်ချန်၏ အမူအယာက ခရမ်ချဉ်သီး တစ်လုံးကဲ့သို့ ရှုံ့တွသွားပြီး ဆိုင်မှ ထွက်သွားလေသည်။ ကျွင်းအာက တွေဝေငေးမောနေသော အမူအယာနှင့် ပြန်ပါလာလေသည်။ လမ်းတစ်လျောက်တွင်လည်း သူမ၏ အာရုံများက ပျံ့လွင့်နေပြီး ရထားလုံးပေါ်မှ ဆင်းလိုက်ချိန်တွင်ပင် ခလုပ်တိုက်လဲ မလိုပင် ဖြစ်သွားလေသည်။နံဘေးမှ လော့ဆန်းနင်သာ လက်မမြန်ပါက ရွံ့ထဲတွင် ခေါင်းစိုက်နေပြီဖြစ်သည်။
“ကျွင်းအာ ဘာတွေဖြစ်နေတာလဲ… နေမကောင်းဘူးလား…” လော့ဆန်းနင်က မျက်မှောင်ကြုံ့၍ မေးလိုက်လေသည်။
ကျွင်းအာက အသက်ဝိဥာဉ် ကင်းမဲ့နေသောအကြည့်နှင့် ပြန်ကြည့်လိုက်ရာ လော့ဆန်းနင်၏ ကျောရိုးတစ်လျောက်လုံး စိမ့်တက်သွားလေသည်။
“ဘုရား…ဘုရား… ငါ့ကို အဲလိုကြည့်တာ ကြောက်ဖို့ကောင်းလိုက်တာ…” လော့ဆန်းနင်က တွေးလိုက်မိသည်။
“ဆန်းနင် ငါနဲ့ မီးဖိုချောင်ထဲကို လိုက်ခဲ့ဦး… ငါ… နင့်အတွက်တစ်ခုခု ချက်ပေးမယ်လေ…. ငါချက်တာကို မြည်းကြည့်ပေးနော်…” ကျွင်းအာက သူမ၏ လက်နှစ်ဖက်ကို ယှက်၍ တောင်းဆိုလိုက်လေသည်။
လော့ဆန်းနင်၏ အံ့အားသင့်နေမှုကို အခွင့်ကောင်းယူ၍ ကျွင်းအာက မီးဖိုချောင်ဘက်သို့ ဆွဲခေါ်သွားလေသည်။
“ရှောင်ချန်းဇီ ကောင်းကောင်းလေ့ကျင့်ထား… ပြီးရင် နင့်ကိုလာပြီး စစ်ဆေးမယ်…” လော့ဆန်းနင်က သတိပြန်၀င်လာပြီး ယန်ချန်ကို လှမ်း၍ သတိပေးလိုက်သည်။
ဟင်း…
အတွင်း၀န်စံအိမ်၏ မီးဖိုခန်းဘက်မှ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တူးနံ့များ ထွက်ပေါ်လာသည်။ မီးဖိုချောင်ထဲတွင် မတ်တပ်ရပ်နေသော လော့ဆန်းနင်က မျက်နှာတွင် မီးခိုများ ပေကျံနေသော ကျွင်းအာကို စိုက်ကြည့်နေလေသည်။ လက်ထဲတွင် ကြွေပန်ကန်လုံးတစ်ခုကို ကိုင်ထားသော ကျွင်းအာက အပြစ်ကင်းစင်ဟန်နှင့် ပြောလိုက်လေသည်။
“ဆန်းနင် … ဒါက ငါလုပ်ထားတဲ့ ဥအနှစ်မုန့် နည်းနည်းလောက် မြည်းကြည့်ပါလား….”
လော့ဆန်းနင်က ခန္ဒာကိုယ်က တောင့်တင်းသွားပြီး သူမ၏ အကြည့်၏ ပန်းကန်ထဲသို့ ရောက်သွားလေသည်။ အနည်းငယ် မီးကျွမ်းထားပြီး ထူးဆန်းစွာ ပုံဖော်ထားသော အရာအချို့ကို တွေ့လိုက်ရသည်။ ထိုအရာများက တူးနံ့အနည်းငယ်လဲ ထွက်ပေါ်နေလေသည်။
“ဒါက .. ဥအနှစ်မုန့်…. ဒါက ဥအနှစ်မုန့်လို့ ပြောလိုက်တာလား…”
ပိုင်ရှင်ပု၏ စင်းချောလိပ်ဥမုန့်ကို ပြန်လည်ပုံဖော်ကြည့်လိုက်မိပြီး သူမ၏ ရှေ့မှ ကျွင်းအာ ပြုလုပ်ထားသော အရာများကို ပြန်ကြည့်လိုက်မိသည်။ လော့ဆန်းနင်က သူမကမ္ဘာကြီး မှောင်မိုက်သွားသည်ဟုပင် ခံစားလိုက်ရလေသည်။
“ကျွင်း… ကျွင်းအာ… သေချာရဲ့လား… ဒါ…ဒါတွေက စားလို့ရလို့လား….”
လော့ဆန်းနင်က အထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သော်လည်း ကျွင်းအာက အဆက်မပြတ် ခေါင်းညိမ့်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။
“နင်တစ်ကိုက်ပဲ ကိုက်ကြည့်လေ… တစ်ကယ်လို့ စားလို့မရဘူးဆိုရင် ဆက်မစားနဲ့တော့…”
သူမက ပြောလိုက်ပြီးနောက် လော့ဆန်းနင်ကို မျော်လင့်ချက်အပြည့်နှင့် စိုက်ကြည့်နေလေသည်။ လော့ဆန်းနင်က ကျွင်းအာ၏ မျှော်လင့်ချက်အပြည့်ဖြစ်နေသော အမူအယာကို သနားမိသောကြောင့် လက်ခံလိုက်လေသည်။ လော့ဆန်းနင်က မီးကျွမ်းနေသော ဥအနှစ်မုန့်တစ်ခုကို ကောက်ယူလိုက်ပြီး သေချာစွာ ကြည့်ရှုလိုက်သည်။ မီးမကျွမ်းထားသော နေရာတစ်ခုကို မြင်လိုက်ရသောကြောင့် ကိုက်လိုက်လေသည်။
ဟမ်….
မုန့်ကို ကိုက်လိုက်သည်နှင့် လော့ဆန်းနင်၏ ရွံ့တွန့်တွန့်အမူအယာက ပျောက်ကွယ်သွားလေသည်။ သူမပါးစပ်ထဲမှ မုန့်အနည်းငယ်ကို ဝါးလိုက်ပြီးနောက် ထိတ်လန့်တကြားနှင့် အော်ပြေ့ာလိုက်လေသည်။
“ကျွင်းအာ… နင်က တကယ်မယုံနိုင်စရာ ကောင်းတာပဲ… ဒီမုန့်က တော်တော်လေးအရသာရှိတယ်…. အနံ့နဲ့ အရသာက ပိုင်ရှင်ပုရဲ့ စင်းချောလိပ်ဥမုန့်ကို မမှီပေမယ့် အရသာက တော်တော်လေးကောင်းနေသေးတယ်…”
လော့ဆန်းနင်က အမှန်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ ကျွင်းအာ၏ အချက်အပြုတ်စွမ်းရည်က အလွန်ကောင်းမွန်ပြီး ပထမတန်းစားဟုပင် ပြောနိုင်လေသည်။ သူမက အတွင်း၀န်စံအိမ်တွင် အရံဟင်းပွဲများကို မကြာခဏ ၀င်ရောက်ပြင်ဆင်ပေးလေ့ရှိပြီး အစာသွပ်မုန့် ပြုလုပ်ရသည်ကို အလွန်ဝါသနာ ပါလေသည်။ သူမ၏ ဟင်းချက်စွမ်းရည်က ချို့ယွင်းချက် အနည်းငယ်မျှပင် ရှိမနေချေ။
စားချင်စရာမရှိသော တူးနေသည့် ဥအနှစ်မုန့်ပင် အရသာရှိနေလေသည်။
“ဒါဆိုကောင်းပြီ… ငါမနက်ဖြန်ကျရင် ဒါတွေကို ပိုင်ရှင်ပုဆီ ယူသွားပြီးတော့ အကြံဥာဏ်နည်းနည်းလောက် ပေးခိုင်းရမယ်…. မုန့်လုပ်နည်းကို သိအောင် လုပ်ရမှာပဲ..” ကျွင်းအာက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။
လော့ဆန်းနင်၏ အမူအယာက တောင့်တင်းသွားပြီး အလေးအနက် ပြောနေသော ကျွင်းအာကို စိုက်ကြည့်၍ မေးလိုက်သည်။
“နင်က ဒါတွေကို ပိုင်ရှင်ပုကို မြည်းခိုင်းမယ်.. တကယ်ပြောနေတာလား…”
ညအချိန်တွင် ကောင်းကင်က မှောင်မဲနေကာ နှင်းမုန်တိုင်းများလဲ တိုက်ခတ်နေလေသည်။ လမ်းကြားလေးထဲမှ ဆိုင်ငယ်လေးက ပိတ်လိုက်ပြီ ဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ပုဖန်က မီးဖိုချောင်ထဲတွင် စင်းချောလိပ်ဥမုန့်ကို ပြုလုပ်လိုက်ပြီး အရသာကို မြည်းကြည့်လိုက်သည်။
ဝိဥာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေသော စိတ်ဝိဥာဉ်ပင်လယ်လိပ်ဥ၏ အရာသာက သာမန်ဥများနှင့် ကွာခြားလှပေသည်။ ပုဖန်က အရသာကို မြည်းကြည့်လိုက်ပြီးနောက် သမုဒ္ဓရာထဲ နစ်မြုတ်နေသည်ဟု ခံစားနေရလေသည်။
“အင်း.. မုန့်ရဲ့ အရသာကတော့ မဆိုးပါဘူး… ဒါပေမယ့် ဒီတစ်ခေါက်မစ်ရှင်ဆုက တော်တော်လေးချို့ယွင်းချက် ရှိတာပဲ….”
စင်းချောလိပ်ဥမုန့်၏ အရသာက ကောင်းမွန်လှသော်လည်း မိသားစုတစ်ရာပွဲတော်တွင် ပထမဆုရရန် ကြိုးစားခဲ့ရာမှ ရရှိခဲ့သော ဆုဖြစ်သောကြောင့် သူ့အတွက် တရားမျှတမှုမရှိဟု ခံစားနေရလေသည်။
“ဒီမုန့်ရဲ့ အရသာက ကောင်းတယ်ဆိုပေမယ့် ဒါက အချိုပွဲသက်သက်ပဲလေ… ဒါက ကြားဖြတ်မစ်ရှင်မပီးသေးလို့လား… ဆုက အဲဒါကြောင့် စိတ်ပျက်စရာ ကောင်းနေတာလား….” ပုဖန်က မျက်မှောင်ကြုံ့၍ တတွတ်တွတ် ရေရွတ်လိုက်သည်။
စနစ်၏ ပထမမစ်ရှင် ရည်ရွယ်ချက်က နဂါးရှင်သန်ခြင်းဝိုင်ထက် ကောင်းမွန်သော ဝိုင်အသစ် ထုတ်လုပ်ရန် ဖြစ်သည်။ သို့သော် နီယန်၏ အဆိုအရ ထိုဝိုင်ထုတ်လုပ်ရာတွင် ရှုပ်ထွေးသော ပြင်ဆင်မှုများစွာ လိုအပ်သောကြောင့် ကျော်ဖြတ်ရန် ခက်ခဲမည်ဖြစ်သည်။
အိပ်ချိန်ရောက်နေပြီဖြစ်သောကြောင့် ပုဖန်က ပြသနာများကို တွေးတောနေလိုက်ပြီး အခန်းဆီသို့ သွားကာ အိပ်ရန် ပြင်ဆင်လိုက်သည်။
“နဂါးရှင်သန်ခြင်းဝိုင်ထက် ပိုကောင်းတဲ့ ဝိုင်ထုတ်လုပ်ဖို့ဆိုရင် အဆင့်မြင့် ဝိဥာဉ်ဆေးပင်တစ်ချို့ကို ရှာဖို့လိုနေပြီ…. ငါ့လက်ထဲမှာဖီးနစ်သွေး ဆေးပင်တစ်၀က်နဲ့ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးရှိနေပေမယ့် မလုံလောက်သေးဘူး…. တခြား ပါ၀င်ပစ္စည်းတွေ ရှာဖို့လိုသေးတယ်…”
ပုဖန်က အိပ်ယာပေါ်တွင် လဲလျောင်းလိုက်ပြီး စောင်ခြုံလိုက်ကာ ပြသနာများကို တွေးတောနေရာမှ တဖြည်းဖြည်းချင်း အိပ်မောကျသွားလေသည်။