အပိုင်း ၁၆၂
Viewers 53k

အခန်း ၁၆၂ “ဒီဥအနှစ်မုန့် …… တော်တော်အရသာဆိုးတယ်…”


ပုဖန်က ထိုနှစ်ယောက်ကို ကြည်၍ စိတ်ရှုပ်ထွေးသွားလေသည်။ သူက ဟောင်ဖွာဟောင်ဖွာ ပြောတတ်သော လော့ဆန်းနင်ကို ရင်းနှီးနေသော်လည်း ကျွင်းအာက မည့်သည့်အတွက်ကြောင့် တွေ့ချင်သည်ကို သူမသိပေ။ ထို့ကြောင့် ပုဖန်က ထိုနှစ်ယောက်ကို မယုံသင်္ကာဟန်နှင့် ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံမျှ ပြုံး၍ ပြန်ပြောလိုက်သည်။


“ငါမအားဘူး…”


“နင်ဘာပြောလိုက်တာလဲ…”.. လော့ဆန်းနင်က တခဏမျှ ကြောင်အသွားပြီး မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။.


“အခုက ဆိုင်ဖွင့်ချိန်… နင်တို့ဒီမှာ စားသောက်ဖို့လာတာဆိုရင်တော့ ကြိုဆိုပါတယ်… ဒီလိုမဟုတ်ပဲ တခြားအကြောင်းကြောင့်ဆိုရင်တော့ ကျေးဇူးပြုပြီး ဆိုင်ပိတ်ချိန်ထိ စောင့်ပေးပါ…”


ပုဖန်က ပြောလိုက်ပြီးသည်နှင့် မကျေမနပ် ဖြစ်နေသော လော့ဆန်းနင်ကို လျှစ်လျူရှု၍ မီးဖိုခန်းအတွင်း ၀င်သွားလိုက်သည်။


“နင်… နင်… အစုတ်ပလုပ်ကောင်…”


လော့ဆန်းနင်က ဒေါသချောင်းချောင်း ထွက်သွားလေသည်။ သူမက ပုဖန်၏ စည်းမျဉ်းစည်းကမ်းများကို သိသော်လည်း သူမကို ယခုကဲ့သို့ ဆက်ဆံလိုက်သည်ကို လက်မခံနိုင်ချေ။ အင်ပါယာမြို့တော်အတွင်းတွင် မည်သူကမှ သူမကို ထိုသို့ ဆက်ဆံရဲလိမ့်မည်မဟုတ်ချေ။ 


“ဆန်းနင်… အလျင်မလိုပါဘူး… ပိုင်ရှင်ပုပြောတာမှန်တာပဲလေ… အခုက ဆိုင်ဖွင့်ချိန်ဆိုတော့ တစ်ခြားသူရဲ့ စီးပွားရေးကို ငါတို့ အနှောက်အယှက် မပေးသင့်ဘူး…”


ကျွင်းအာက ဒေါသထွက်နေသော လော့ဆန်းနင်ကို ဆွဲ၍ အလျင်အမြန် ပြောလိုက်သည်။ သူမ၏ မျက်နှာလေးကလဲ စိုးရိမ်ကြောင့်ကြမှုကြောင့် နီရဲလာလေသည်။ 


လော့ဆန်းနင်က ကျွင်းအာ၏ အသနားခံသော အကြည့်ကြောင့် ငြိမ်သက်သွားလေသည်။ သူမက အလွန်အမင်း ဒေါသထွက်နေခြင်းမဟုတ်ပဲ ပုဖန်၏ အပြုအမူအကြောင့် အနည်းငယ် စိတ်ဆိုးသွားခြင်း ဖြစ်သည်။


“ဒီတစ်ခါတော့ ငါနင့်စကားနားထောင်လိုက်မယ်… ဒီမှာတစ်ခုခုစားပြီး စောင့်ကြတာပေါ့… အဲဒီကောင်စုတ်ရဲ့ အပြုအမူက ထူးခြားပေမယ့် သူ့ရဲ့ ဟင်းပွဲတွေက တကယ်ကို အရသာရှိတယ်…” လော့ဆန်းနင်က ပြောပြောဆိုဆိုဖြင့် ထိုင်ရန် နေရာကို ရှာဖွေလိုက်သည်။


“ငါတို့နဲ့ အတူတူ ဒီမှာလာထိုင်လိုက်ပါလား…” ရှောင်ယန်ယုက လက်ယပ်ခေါ်လိုက်လေည်။


“အိုး… ယန်ယုလဲ ဒီမှာလား…”


ရှောင်မောင်နှမကို မြင်လိုက်သောအခါ လော့ဆန်းနင်၏ မျက်၀န်းများက တောက်ပလာလေသည်။ ထို့နောက် ကျွင်းအာကို ဆွဲခေါ်လိုက်ပြီး စားပွဲအနီးသို့ လျောက်သွားလိုက်ကာ ရှောင်ယန်ယုဘေးတွင် ခုံဆွဲ၍ ၀င်ထိုင်လိုက်သည်။


“အိုး… ရှောင်ရှောင်လုံ မိန်းမလျှာလေးလဲ ပါလာတာပဲ… ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ…”


လော့ဆန်းနင်၏ စကားကြောင့် ရှောင်ရှောင်လုံက သွေးအန်မတက်ပင် ဖြစ်သွားလေသည်။ လော့ဆန်းနင်နှင့် တွေ့သည့် အချိန်တိုင်းတွင် သူမက မိန်းမလျှာလေးဟုသာ သူ့ကို ခေါ်လေ့ရှိသည်။ ထိုစကားလုံးက အလွန်စိတ်တိုစရာ ကောင်းလေသည်။


“ငါ့ဖင်နဲ့ပဲ တိုက်ဆိုင်နေလိုက်”… ရှောင်ရှောင်လုံက မကျေမနပ်နှင့် တွေးလိုက်မိပြီး မျက်နှာကို တဖက်သို့ လွဲလိုက်လေသည်။


“ရှောင်ယီ… ဟင်းပွဲလာချပေး…”


မီးဖိုချောင်ဘက်မှ ပုဖန်၏ အသံနှင့်အတူ မွှေးပျံ့ကြိုင်လှိုင်နေသော ရနံ့များ ထွက်ပေါ်လာလေသည်။ မွှေးရနံ့များက တစ်ဆိုင်လုံးကို ဖုံးလွှမ်းသွားသောကြောင့် ဆိုင်ထဲရှိ လူများအားလုံး မွှေးရနံ့ထဲတွင် နစ်မြောသွားလေသည်။ ရှောင်ယီက ပြတင်ပေါက်သို့ အလျင်အမြန် ပြေးသွားလိုက်ပြီး ဟင်းပွဲကို သယ်လာလိုက်သည်။


ဆိုင်ထဲမှ လူများအားလုံးက သူတို့မှာယူထားသော ဟင်းပွဲများကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေကြသည်။


 လူတိုင်းက သူတို့၏ဟင်းပွဲများကို နှစ်ခြိုက်စွာ စားသုံးကျပြီးနောက် ကျေနပ်စွာဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။ ပုဖန်၏ ဆိုင်ငယ်လေးက တစ်ဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။


“ပိုင်ရှင်ပု… အခုရော နင်အားသွားပြီလား…” လော့ဆန်းနင်က သူမ၏ပြည့်တင်းနေသော ၀မ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး မကျေမနပ်နှင့် မေးလိုက်သည်။


ပုဖန်က လက်မှ တစက်စက်ကျနေသော ရေစက်များကို သုတ်လိုက်ပြီး လော့ဆန်းနင်ကို ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။


“ကောင်းပြီ… နင်တို့က ဘာလိုချင်တာလဲ… သာမာန်ကိစ္စလေးဆိုရင်တောင် ငါကူညီမယ်လို့ အာမမခံဘူးနော်…”


လော့ဆန်းနင်က ပုဖန်၏ စကားကို အရေးမစိုက်တော့ပဲ ကျွင်းအာ၏ လက်ကို ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်။


“နင့်ကို ရှာတာက ကျွင်းအာ….”


ပုဖန်က အနည်းငယ် အံ့အားသင့်သွားလေသည်။ သူကြည့်လိုက်သည့် အချိန်တိုင်းတွင် ရှက်ကိုးရှက်ကန်း အမူအယာသာ ရှိနေတတ်သော ထိုအမျိုးသမီးလေးက သူ့ကို ရှာရသည့် အကြောင်းရင်ကို သူက တွေးနေမိသည်။


ကျွင်းအာက သူမ၏ ရှိစုမဲ့စု သတ္တိများကို စုစည်းလိုက်ပြီး လက်ထဲမှ စားစရာဘူးကို ချ၍ အလေးအနက် ပြောလိုက်သည်။


“ပိုင်ရှင်ပု .. ငါမနေ့က အိမ်ကို ပြန်ရောက်တော့ နင့်ရဲ့ ဥအနှစ်မုန့်ကို အတုခိုးပြီး ကြိုးကြိုးစားစား ပြုလုပ်ထားတဲ့ ဥအနှစ်မုန့်လေး… မြည်းကြည့်ပါဦး…”


“ဟမ်… နင်မနေ့က အိမ်ပြန်သွားပြီး ဥအနှစ်မုန့်ကို လုပ်ကြည့်ကြည့်တာလား….”


ပုဖန်က တုန်လှုပ်သွားပြီး သူမကို အံ့အားတသင့် ကြည့်လိုက်မိသည်။ ဥအနှစ်မုန့် ပြုလုပ်ရသည့် နည်းလမ်းများမှာ အလွန်ရှုပ်ထွေးပြီး သူမက တစ်ကြိမ်စားကြည့်လိုက်သည်နှင့်ပင် ပြန်လည်ပြုလုပ်နိုင်လေသည်။ ပုဖန်၏ မျက်နှာပေါ်တွင် သိလိုစိတ်များ ပြင်းပြသွားလေသည်။


“နင်က ဥအနှစ်မုန့် လုပ်ခဲ့တယ်ဆိုတော့ ဘယ်မှာလဲ… ငါ့ကိုပြ…”


ကျွင်းအာက ပုဖန်ငြင်းလိမ့်မည်ဟု တွေးထားသော်လည်း သူမ၏ မျော်လင့်ချက်နှင့် ဆန့်ကျင်၍ လက်ခံလိုက်သောကြောင့် စိတ်လှုပ်ရှားသွားလေသည်။ ကျွင်းအာက စားစရာဘူးထဲမှ ပန်းပန်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုပန်းကန်ပြား၏ အလယ်တွင် ဥအနှစ်မုန့်တစ်ခု ရှိနေလေသည်။


မုန့်ကို ကြည့်လိုက်ပြီးနောက် ပုဖန်က သူ၏ နှုတ်ခမ်းများ ကို အတင်းအကြပ် ထိန်းချုပ်လိုက်သော်လည်း ရယ်ချင်စိတ်ကို ထိန်းထားနိုင်ခြင်းမရှိချေ။ ပုဖန်၏ မြင်ကွင်းထဲမှ ဥအနှစ်မုန့်က အနည်းငယ် အရောင်ပြောင်းနေပြီး ထူးဆန်းသော ရနံ့များ ထွက်ပေါ်နေလေသည်။


“ဒါက မီးကျွမ်းတာတာလား…” ပုဖန်က ကျွင်းအာ၏ ဥအနှစ်မုန့်ကို ကောက်ယူလိုက်ပြီး မီးကျွမ်းထားသော နေရာကို ကြည့်၍ မေးလိုက်သည်။


“ငါ… ငါက အပူချိန်ကို သေသေချာချာ မထိန်းချုပ်နိုင်လို့ပါ…” ကျွင်းအာက တွန့်ဆုတ်နေဟန်နှင့် ပြန်ဖြေလိုက်သည်။ 


ပုဖန်က ထူးဆန်းသည်ဟု မခံစားရပဲ ခေါင်းငြိမ့်လိုက်လေသည်။ လေအလင်းအင်ပါယာတွင် မုန့်ဖုတ်စက် မရှိသောကြောင့် ဥအနှစ်မုန့်ကို ပြုလုပ်သည်နှင့် မီးကျွမ်းမည်သာ ဖြစ်သည်။


ကျွင်းအာလုပ်ထားသော ဥအနှစ်မုန့်၏ ပုံသဏ္ဍာန်က အတော်ကောင်းသည်ဟု သတ်မှတ်နိုင်လေသည်။ ပုဖန်က မီးမကျွမ်းထားသော နေရာကို ရှာ၍ တစ်ကိုက်ကိုက်လိုက်သည်။ ကျွင်းအာလုပ်ထားသော မုန့်က နူးညံ့ခြင်းမရှိပဲ မာဆတ်ဆတ် ဖြစ်နေလေသည်။ မုန့်ဖုတ်ချိန် ကြာမြင့်သွားသောကြောင့် ဝါးရသည်ပင် အနည်းငယ် ခက်ခဲနေလေသည်။


ပုဖန်က မုန့်ကို ဝါးနေသည့် အချိန်တွင် မျက်မှောင်ကြုံ့ထားပြီး သူ၏ အမူအယာက လေးနက်နေလေသည်။ ဆိုင်ထဲမှ လူများက မုန့်ကို ဝေဖန်ပြောဆိုမည့် ပုဖန်ကို အသက်အောင့်၍ စိုက်ကြည့်နေလေသည်။


ရှောင်မောင်နှမက ပုဖန်၏ အဆိပ်ပြင်းလှသော လျှာကို ကြုံဖူးထားသောကြောင့် နောက်ဖြစ်လာမည့် အခြေအနေကို ခန့်မှန်းလိုက်ကြသည်။ 


“ဒီမုန့်ကတော့ တကယ်ကို အကင်ခံရတော့မှာပဲ….” ( ဗန်းစကားနဲ့ ပြောထားတာ… အဆင်ပြေသလို ပြန်ရေးလိုက်တာ…)


ပုဖန်က ပါးစပ်ထဲမှ မုန့်ကို မြိုချပြီးသည်မှာ မျက်မှောင်ကြုံ့ထားသည်က ပြေလျော့သွားလေသည်။ ထို့နောက် သူ့ဘေးတွင် လက်နှစ်ဖက်ကို လိမ်၍ ရပ်နေသော ကျွင်းအာကို ကြည့်၍ ပြောစရာစကားပျောက်သွားလေသည်။


ရိုးရိုးသားသား ပြောရပါက မုန့်ကို အလွန်ဆိုးဝါးသည်ဟု သတ်မှတ်နိုင်ပေသည်။ မုန့်ကို စားပြီးသည့် မည်သူမဆို ချီးကျူးပြောဆိုရန် ခက်ခဲနေလေသည်။ သို့သော် အလွန့်အလွန် ဆိုးဝါးသော စားစရာများနှင့် ယှဉ်လျင်မူ ကောင်းနေသေးသာ့် အနည်းဆုံးတော့ စား၍ ရနေသေးပေသည်။ အချက်အားလုံးကို ခြုံကြည့်လိုက်ပါက သုံးစားမရသော မုန့်တစ်ခုသာ ဖြစ်သည်။


သို့သော် သူမက ဥအနှစ်မုန့်ကို ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး တစ်ကြိမ်မျှ စားသောက်ဖူးသော အစားအစာကို ကိုယ်ပိုင်နည်းလမ်းရှာ၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ပုဖန်ထံသို့ ယူဆောင်လာပြီး အကဲဖြတ်စေခဲ့သည်။ သူမ၏ စွမ်းရည်နှင့် သတ္တိက ပုဖန်ကို အထင်ကြီးစေသည်။ 


“ပိုင်ရှင်ပု… နင်ဘာလို့ ဘာမှမပြောတာလဲ… ငါတို့ကို ကောင်းတယ်မကောင်းဘူးပဲ ပြောလိုက်တော့…” စောင့်ရသည်ကို စိတ်မရှည်တော့သော လော့ဆန်းနင်က ပြောလိုက်သည်။


သူမက ပုဖန်၏ တွန့်ဆုတ်နေမှုကို မြင်နေရသောကြောင့် စကားပြောရန် တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။ ကျွင်းအာက မျှော်လင့်ချက်အပြည့်ဖြင့် ပုဖန်ကို ငေးကြည့်နေလေသည်။ 


ပုဖန်က သူ၏ လက်ချောင်းများနှင့် ခုံကို တဒေါက်ဒေါက်ခေါက်၍ စဉ်းစားနေလိုက်ပြီးနောက် ကျွင်းအာကို တည့်တည့်ကြည့်၍ မေးလိုက်သည်။


“နင်က အိမ်ကို ပြန်ရောက်နဲ့ ဥအနှစ်မုန့်ကို လုပ်တာ ဘာကြောင့်လဲ….”


ကျွင်းအာက တခဏမျှ မှင်သက်သွားပြီးနောက် အလောတကြီး ပြန်ဖြေလိုက်သည်။


“ဘာကြောင့်လဲဆိုတော့… ငါက ဥအနှစ်မုန့်ကို ကြိုက်လို့…”


ပုဖန်က ကျွင်းအာ၏ အမူအယာကို ကြည့်၍ အနည်းငယ် အံ့အားသင့်သွားလေသည်။ သူမက လိမ်ပြောနေခြင်း ဖြစ်ဟန်မတူပေ။ ဥအနှစ်မုန့်၏ အရသာတွင် နစ်မြောသွားပြီး အလွန်နှစ်သက် သဘောကျသွားခြင်း ဖြစ်နိုင်လေသည်။ တခါတရံတွင် အစားအသောက်များက ညို့ယူဆွဲဆောင်နိုင်ပြီး တစ်ကြိမ်စားလိုက်သည်နှင့် တမ်းတမ်းစွဲ ဖြစ်သွားနိုင်လေသည်။


ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး မုန့်ကို ပန်းကန်ပြားပေါ် ပြန်တင်လိုက်သည်။ ထို့နောက် ကျွင်းအာကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။ 


“မင်းလုပ်ထားတဲ့ ဥအနှစ်မုန့်အတွက် ငါ့ရဲ့ အကဲဖြတ်မှုက အရမ်းရိုးရှင်းတယ်…”


လော့ဆန်းနင်နှင့် အခြားသူများကလဲ သိချင်စိတ်ကြောင့် နားရွက်ထောင်လာကြသည်။


ပုဖန်က သူတို့အားလုံးကို ထူးမခြားနားစွာ ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။


“အဲဒီအရသာက တော်တော်ဆိုးဝါးတယ်…”