အခန်း ၁၆၃ “ဒုတိယအကြိမ် ရွှေ့ပြောင်းခြင်း ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေ”
“ဒါက အရသာဆိုးတာလား…”
ပုဖန်၏ မှတ်ချက်ကြောင့် ကျွင်းအာ၏ မျှော်လင့်ချက်များက ကွဲကြေသွားသော ဖန်အပိုင်းအစလေးများကဲ့သို့ တစစီ ဖြစ်သွားလေသည်။
ပုဖန်အတွက်လဲ ကျွင်းအာ၏ ခံစားချက်များကို ထည့်မတွက်ပဲ ပြောလိုက်ရန် လွယ်ကူခဲ့ခြင်းမရှိပေ။
လော့ဆန်းနင်လည်း ကြောင်အသွားလေသည်။ ရှောင်မောင်နှမက ပုဖန်၏ မှတ်ချက်ကြောင့် အလွန်အံ့အားသင့်နေလေသည်။ သူတို့နားလည်ထားသော ပုဖန်၏ အကျင့်စရိုက်မှာ ဟင်းပွဲတစ်ခုကို အကဲဖြတ်လိုက်သည်နှင့် ပစ်ချက်များကို တရစပ် ထုတ်ပြောမည်ဖြစ်သည်။
“ဘာလို့ ဒီလောက်နဲ့ ရပ်သွားတာလဲ…”
“အစုတ်ပလုပ်ကောင်… နင်ကဘာပြောလိုက်တာလဲ… ဒီဥအနှစ်မုန့်ကို ကျွင်းအာက တစ်ညလုံး မအိပ်ပဲနဲ့ လုပ်ထားတာ… ကောင်းတာလေးတစ်ခုခုတောင် မပြောတတ်ဘူးလား…” လော့ဆန်းနင်က ဒေါသတကြီး ရန်တွေ့လိုက်သည်။
“ငါက ဘာကြောင့် ကောင်းတာပြောရမှာလဲ… ငါက ကောင်းတာတစ်ခုခု ပြောလိုက်ရင်ရော သူ့ရဲ့ အချက်အပြုတ်စွမ်းရည်က တိုးတက်လာမှာလား…”
လော့ဆန်းနင်က မည့်သို့ တုံ့ပြန်ရမှန်း မသိတော့ပဲ ဖြစ်သွားလေသည်။
ပုဖန်က ကောင်းသောအချက်ကို ပြောလိုက်နိုင်ပေသည်။ သို့သော် ထိုသို့ ပြောလိုက်သည်နှင့် သူတို့ကို စိတ်ကျေနပ်သွားစေပြီး အားနည်းချက်များကို ကိုယ်တိုင်မြင်နိုင်ရန် ခဲယဉ်းသွားမည်ဖြစ်သည်။ ဤသို့ဆိုပါက အချက်အပြုတ် စွမ်းရည်များက တိုးတက်လာနိုင်တော့မည် မဟုတ်ချေ။
“ဒီမှာ ငါအကဲဖြတ်စရာ ဘာမှ မရှိတော့ဘူး… နင့်ရဲ့ ဥအနှစ်မုန့်က ဆိုးဝါးတယ်… နောက်တစ်နည်းပြောရမယ်ဆိုရင် အရသာ တစ်စက်မှမရှိဘူး…” ပုဖန်က ပြောလိုက်သည်။
ပုဖန်၏ စူးရှထက်မြသော အကြည့်စူးစူးများကလှတစ်ချောင်းနှင့် သူမ၏ စိတ်ကို ထိုးစိုက်လိုက်သည်ဟု ခံစားလိုက်ရသောကြောင့် ကျွင်းအာက တုန်လှုပ်သွားလေသည်။
ငါ… ငါ
ကျွင်းအာက တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး မျက်၀န်းများ နီရဲလာလေသည်။ သူမက မအိပ်ပဲ တစ်ညလုံးကြိုးစား၍ ပြုလုပ်ခဲ့သော မုန့်၏ ရလာဒ်ကြောင့် မပျော်ရွှင်တော့ပေ။
“စိတ်အေးအေးထား… ငါပြောလို့ မပြီးသေးဘူး…” ပုဖန်က ခပ်ပြုံးပြုံးအမူအယာနှင့် ပြောလိုက်ပြီး သူ၏ မျက်၀န်းများက နူးညံ့ပျော့ပြောင်းလာလေသည်။
“နင်တစ်ကယ်ပဲ အရသာရှိတဲ့ ဥအနှစ်မုန့်ကို လုပ်ချင်တယ်ဆိုရင် နင့်မှာ အခွင့်အရေးနှစ်ခုရှိတယ်… နင့်ရဲ့ ဥအနှစ်မုန့်ကို ငါ့ကို မြည်းစမ်းခိုင်းကြည့် ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရမယ်ဆိုရင် နင့်ရဲ့ ဥအနှစ်မုန့်မှာရှိနေတဲ့ အားနည်းချက်တွေကို ပြောပြမယ်… ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မေ့လိုက်တော့…”
ပုဖန်က ဆက်ပြောလိုက်သည်။
ကျွင်းအာနှင့် လောဆန်းနင်တို့က အံ့အားသင့်သွားကြသည်။ ပုဖန်က ထိုသို့ ပြောလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားကြချေ။
“သူ့ရဲ့စကားက ဘာအဓိပ္ပါယ်လဲ … သူကကျွင်းအာကို ညွှန်ကြားပေးမယ်လို့ ပြောတာလား…” ရှောင်မောင်နှမက ပုဖန်၏ စကားကြောင့် အံ့အားသင့်သွားကြလေသည်။
ပုဖန်က ခုံမှ ထရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ သူတို့အားလုံးကို ကြည့်၍ ပြောလိုက်သည်။
“ဒီနေ့ ဆိုင်ပိတ်ချိန်ရောက်ပြီး ပြန်ကြတော့…”
ထို့နောက် ကျွင်းအာကို တည့်တည့်ကြည့်၍ ဆက်ပြောလိုက်သည်။
“မင်းမှာ အခွင့်အရေးနှစ်ခုပဲ ရှိတယ်ဆိုတာကို သတိရပါ… ငါ့ကို စိတ်မပျက်စေဘူးဆိုရင် ငါကိုယ်တိုင် မင်းကို ပြန်တောင်းပန်မယ်…”
ပုဖန်က ပြောလိုက်ပြီးနောက် မီးဖိုချောင်ဖက်သို့ လှည့်ထွက်သွားလိုက်သည်။ ဆိုင်ထဲတွင် ကျန်နေသော လူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး ဆိုင်ထဲမှ ထွက်ခွာသွားလေတော့သည်။
ကျွင်းအာက အံ့အားသင့်နေရာမှ ပြန်၍ သတိ၀င်မလာသေးချေ။
“ပိုင်… ပိုင်ရှင်ပုက ငါ့ရဲ့ ဥအနှစ်မုန့်တွေကို မြည်းကြည့်ပေးမယ်လို့ ပြောတာလား… ဒီအဓိပ္ပါယ်က ငါ့ရဲ့ ဥအနှစ်မုန့်တွေသာ သူ့ကို စိတ်ကျေနပ်စေမယ်ဆိုရင် ငါ့ကို သူသင်ပေးမယ်လို့ ဆိုလိုတာပေါ့…”
ပုဖန်၏ ဝေဖန်ချက်ကို ကြားခဲ့စဉ်က ဆိုးဝါးသော ခံစားချက်များက ပျောက်ကွယ်သွားပြီဖြစ်သည်။ ပုဖန်သာ သင်ပေးပါက သူမ၏ ဥအနှစ်မုန့်လေးများက ချစ်စရာကောင်းပြီး အရသာလဲ ကောင်းလာမည်ဟုသူမက ယုံကြည်ချက်ရှိလေသည်။
“ကျေးဇူးတင်ပါတယ် ပိုင်ရှင်ပု…. ငါနင့်ရဲ့ အသ်ိအမှတ်ပြုမှုကိုရဖို့ ငါအစွမ်းကုန် ကြိုးစားပါ့မယ်…”
ထို့နောက် သူမက လော့ဆန်းနင်ကို ဆွဲခေါ်လိုက်ပြီး ဆိုင်ထဲမှ ထွက်ခွာသွာလေသည်။ သူမက အတွင်း၀န်စံအိမ်ကို မြန်မြန်ပြန်၍ ဥအနှစ်မုန့်ကို ပြုလုပ်ရန် စိတ်လောနေလေသည်။ ပုဖန်၏ အသိအမှတ်ပြုမှုကို ရရန် ကြိုးစားရမည်ဖြစ်သည်။
အေးမြသော ဆောင်းညတွင် ကောင်းကင်ယံထက်မှ လတစ်စုံက တောက်ပသော အလင်းရောင်များနှင့် ကမ္ဘာမြေတစ်ခွင်ကို လွှမ်းခြုံထားလေသည်။ ပုဖန်က ဖြတ်တောက်ခြင်းနှင့် အသားလွှာထွင်းထုခြင်း နည်းစနစ်များကို လေ့ကျင့်လိုက်ပြီး အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ပြုလုပ်လိုက်လေသည်။ ထို့နောက် ကိုယ်လက် သန့်စင်လိုက်ပြီး အခန်းထဲသို့ သွားရောက်လိုက်ကာ အိပ်ယာခေါင်းရင်းတွင် ထိုင်လိုက်လေသည်။
“ငါ ချက်လုပ်မယ့် ဝိုင်မှာ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးနဲ့ ဖီးနစ်သွေးဆေးပင် တစ်၀က်အပြင် တခြားတန်ဖိုးရှိတဲ့ ပါ၀င်ပစ္စည်းတွေလဲ သုံးရမယ်… တကယ်လို့ ဖီးနစ်သွေးဆေးပင်ကိုသာ ဂျိချန်းရွဲ့ကို ကယ်ဖို့ မသုံးရရင် အဲဒါကို အဓိက ပါ၀င်ပစ္စည်းအဖြစ် သုံးလို့ရမှာ…” ပုဖန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သို့သော် သုံးလမ်းကြောင်းသိမြင်မှုသစ်သီးနှင့် ဖီးနစ်သွေးဆေးပင် တစ်၀က်မှလွဲ၍ အခြားဆေးပင်များ မရှိသေးပေ။ ထို့ကြောင့် အခြားစိတ်ဝိဥာဉ်ဆေးပင်များ ရရှိနိုင်မည့် နည်းလမ်းကို တွေးတောနေလေသည်။ ဆေးပင်များက အလွန်မြင့်မားရန် မလိုသော်လည်း ဆိုးဝါးနေ၍မရချေ။
နီယန်၏ စကားများအရ နဂါးရှင်သန်ခြင်းဝိုင်တွင် စိတ်ဝိဥာဉ်ဆေးပင် အမြောက်အများ ပါ၀င်ပြီး စိတ်ဝိဥာဉ်ရေကန်အောက်တွင် နှစ်အနည်းငယ်ကြာ မြုတ်နှံထားခဲ့သည်။ ထို့ကြောင့် သူ၏ ရလာဒ်က ချွင်းချက်မရှိ ကောင်းမွန်နေခြင်း ဖြစ်သည်။
“စနစ်… ငါ့ကို စိတ်ဝိဥာဉ်ဆေးပင်တွေ ရိပ်သိမ်းနိုင်မယ့် တစ်နေရာရာကို ခေါ်သွားပေး… ပါ၀င်ပစ္စည်းတွေထဲမှာ ဝိဥာဉ်ဆေးပင်တွေ လိုအပ်နေလို့ ငါအခုသွားသင့်တယ်….” ပုဖန်က စနစ်ကို ပြောလိုက်သည်။
စနစ်က တိတ်ဆိတ်နေပြီးနောက် တည်ကြည်စွာဖြင့် ပြန်ပြောလိုက်သည်။
“သင်က ပို့ဆောင်ရေးအစီအရင်ကို အသုံးပြုပြီးတော့ ပါ၀င်ပစ္စည်းတွေကို သွားရောက်ရှာဖွေချင်တာလား….”
“ဟုတ်တယ်…” ပုဖန်က ပြန်ဖြေလိုက်သည်။
ထို့နောက် စနစ်က နောက်တစ်ကြိမ် ပြန်လည်တိတ်ဆိတ်သွားပြီး ခဏအကြာတွင် ပြန်ပြောလိုက်သည်။
“တည်နေရာသတ်မှတ်နေပါတယ်… သယ်ယူပို့ဆောင်ရေး အစီအရင်က နောက်နှစ်နာရီလောက်ကြာရင် အသက်၀င်ပါမယ်…. ဒီကြားထဲမှာ လိုအပ်တာတွေကို အသင့်ပြင်ဆင်ထားပါ…”
“နှစ်နာရီလား…”
အချိန်နှစ်နာရီက သိပ်မများသော်လည်း ပုဖန်၏ သိုလှောင်နယ်မြေထဲတွင် ပစ္စည်းများများစားစား မရှိတော့သောကြောင့် သူ့အတွက် လုံလောက်လေသည်။ ပုဖန်အတွက် လိုအပ်သည်မှာ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူရန်ဖြစ်သည်။
ထို့ကြောင့် ပုဖန်က မီးဖိုချောင်ဘက်သို့ အလျင်အမြန်သွားလိုက်ပြီး ဟင်းခတ်မှုန့်အနည်းငယ်ကို သိုလှောင်ရာထဲ ထည့်၍ အခန်းဆီသို့ ပြန်လာလိုက်ပြီး လှဲအိပ်လိုက်လေသည်။ အချိန်နှစ်နာရီအတွင်း ပုဖန်က နိုးတစ်၀က်အိပ်တစ်၀က် ဖြစ်နေပြီး စနစ်၏ အသံကို ကြားသောအခါမှ မျက်လုံးဖွင့်လိုက်လေသည်။
ပုဖန်၏ ခေါင်းထက်တွင် အဖြူရောင်အစက်လေးများ ပေါ်ထွက်လာပြီး တဖြည်းဖြည်းချင်း စတင်လည်ပတ်နေကာ ထူးခြားသော အစီအရင်တစ်ခု စတင်ဖြစ်ပေါ်လာလေသည်။ ပုဖန်က ထိုအစီအရင်အကြောင်း သိရှိနေပြီ ဖြစ်သောကြောင့် အေးအေးသက်သာပင် ရှိနေလေသည်။
သူ၏ ပိုးထည်၀တ်စုံကို ၀တ်ဆင်လိုက်ပြီး ဆံပင်များကို သိုးမွှေးကြိုးနှင့် စည်းနှောင်လိုက်သည်။ သူမျက်နှာသစ်ပြီးချိန်တွင် ပြောင်းရွှေ့အစီအရင်က ပြီး ခါနီးပြီဖြစ်သည်။ အသက်ရှူချိန် အနည်းငယ်မျှ ကြာသောအခါ အစီအရင်မှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ပုဖန်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။
အခန်းထဲတွင် လေများ တိုက်ခတ်လာပြီး ပုဖန်၏ ပုံရိပ်က အစအန မကျန်အောင် ပျောက်ကွယ်သွားလေသည်။
ပုံရိပ်ယောင်စိတ်ဝိဥာဉ်နွံမြေက မြေရိုင်းလွင်ပြင် ဒေသ၏ မြောက်အရပ်တွင် တည်ရှိပြီး ကျယ်ပြန့်သော နယ်မြေတစ်ခု ဖြစ်သည်။ နဂါးမြိုကဟောင်းနယ်မြေတွင် အန္တာရယ်ကြီးမားသော နေရာလေးခုရှိပြီး မြေရိုင်းလွင်ပြင်နယ်မြေ၊ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေ၊ မြစ်ကြီးတစ်သိန်းနှင့် ဝူလျန်တောင်တို့ ဖြစ်သည်။
ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေကလည်း မရေမတွက်နိုင်စော ဝိဥာဉ်သားရဲများ ကျက်စားနေထိုင်ပြီး မြေရိုင်းလွင်ပြင်ကဲ့သို့ပင် အန္တာရာယ်ကြီးသည့် နေရာတွင် ကျော်ကြားလေသည်။ သို့သော် ပုံရိပ်ယောင် စိတ်ဝိဥာဉ် နွံမြေမှ သားရဲများက မြေရိုင်းလွင်ပြင်နှင့် ကွဲပြားလေသည်။ ထိုဒေသမှ သားရဲများက ရွံ့နွံများ၏ အောက်တွင် နေထိုင်ကြပြီး ရွံ့နွံများအတွင်းမှ ဝိဥာဉ်စွမ်းအင်များကို စုတ်ယူကြပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်န်ိုင်ကြသည်။
ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေက အန္တာရယ်များသော နေရာတစ်ခု ဖြစ်သော်လည်း ရေနှင့် ဝိဥာဉ်စွမ်းအင် အရင်းအမြစ်များ ပေါများလေသည်။ မြေရိုင်းလွင်ပြင် ဒေသနှင့် ယှဉ်လျင် အဆင့်မြင့် ဆေးပင်များ ပေါက်ရောက်နိုင်ချေ ပိုများသည့်အတွက် အဆင့်မြင့် စိတ်ဝိဥာဉ်ဆေးပင်များကို ပေါများစွာ တွေ့ရပေသည်။
နဂါးမြို့ဟောင်းနယ်မြေမှ စွန့်စားသူများက ဆေးပင်များ ရှာဖွေရန် ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေကိုသာ ရွေးချယ်လေ့ရှိကြသည်။ သူတို့သာ အဆင့်ခြောက်ဆေးပင်ကို ရှာတွေ့ပါက ရွှေတွင်းတွေ့မိသကဲ့သို့ပင် ဖြစ်နိုင်လေသည်။ အများစုက အမြတ်အစွန်းသာ များပြားမည်ဆိုပါက မည်မျှပင် အန္တာရာယ်ကြီးစေကာမူ စွန့်စားကြမည်သာ ဖြစ်သည်။
ငြိမ်းအေးတိတ်ဆိတ်နေသော ပုံရိပ်ယောင်စိတ်ဝိဥာဉ်နွံမြေတွင် ရုတ်တရက် အဖြူရောင်အစက်တစ်စက် ပေါ်လာပြီး ကောင်းကင်ယံတွင် စက်ဝိုင်းသဏ္ဍာန် ပျံသန်းနေလေသည်။ အချိန်အနည်းငယ်အတွင်း ရွှေ့ပြောင်းအစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။
အစီအရင်က လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး ရွံ့နွံတောအတွင်းမှ ရေများက ပြောင်းပြန်စီးစင်းသွားလေသည်။ ငြိမ်းချမ်းတိတ်ဆိတ်နေသော နယ်မြေက လှုပ်ခတ်သွားပြီး အနီးအနားမှ ငှက်များက တောင်ပံတဖျပ်ဖျပ်ခတ်၍ ပျံသန်းသွားကြသည်။
လေပြင်းများ ငြိမ်သက်သွားချိန်တွင် သွယ်လျှသော ပုံရိပ်တစ်ခုက ထိုနေရာတွင် ထွက်ပေါ်လာလေသည်။