အခန်း ၁၆၄ “ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေမှ မြွေမျိုးနွယ်စု”
စူးရှတောက်ပသော နေရောင်အောင်တွင် လှပနေသော ပုံရိပ်ယောင် စိတ်စိဥာဉ်နွံမြေအတွင်းတွင် ဆူညံသံများကြောင့် ငှက်များပင် အဝေးသို့ ပျံသန်းသွားကြသည်။
ပုဖန်က မျက်ခုံးပင့်၍ နင်းထားသော ရွံ့နွံမြေကို ကြည့်လိုက်သည်။
“ငါဘယ်ကို ရောက်နေတာလဲ….”
သူသွားခဲ့ဖူးသော မြေရိုင်လွင်ပြင်ဒေသ မဟုတ်သည်ကို သတိပြုမိသွားပြီး ပုဖန်၏ မျက်နှာအမူအယာက မည်းမှောင်သွားလေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ပတ်ပတ်လည်မှ ရေများနှင့် အပင်များကိုသာ မျက်စိတစ်ဆုံး မြင်တွေ့နေရသည်။ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ရွံ့နွံများကြောင့် ပုဖန်က စိတ်မသက်မသာ ခံစားလိုက်ရသည်။ ထိုအခြေအနေက မြေရိုင်းလွင်ပြင်နှင့် ကွာခြာနေလေသည်။
“ဒါဘယ်နေရာလဲ… စနစ်က ငါ့ကို ဘယ်ထိပစ်ထုတ်လိုက်တာလဲ….”
“ဒီလိုနေရာမျိုးမှာ တန်ဖိုးကြီး စိတ်ဝိဥာဉ်ဆေးပင်တွေ ရှိနိုင်ပါ့လား…. စနစ်က ဦးနှောက်ပျက်သွားပြီလား… အဲလိုကြောင့် ငါ့ကို မတော်တဆ နေရာမှားပို့လိုက်တာလား….”
ပုဖန်က သူ၏ ခြေထောက်ကို အစစ်အမှန် စွမ်းအင်များနှင့် ဖုံးလွှမ်းလိုက်ပြီး ရွံ့နွံထဲတွင် သွားလာရ လွယ်ကူလာသည်ကို ခံစားလိုက်ရသည်။ သူ၏ အစစ်အမှန် စွမ်းအင်များကို အသုံမပြုပါက ခြေလှမ်းအနည်းငယ်အတွင် ရွံ့နွံထဲ နစ်မြုတ်သွားနိုင်သည်။ ဘုရင်အဆင့်တစ်ယောက်အနေဖြင့် အစစ်အမှန်စွမ်းအင် များစွာ ရှိနေသောကြောင့် စွမ်းအင်သုံး၍ ကိုယ်ဖော့ထားခြင်းမှာ ခက်ခဲသော ကိစ္စတစ်ရပ်မဟုတ်ချေ။
ပုဖန်၏ စွမ်းအင်ထိန်းချုပ်နိုင်စွမ်းက ဘုရင်အဆင့်ထက်ပင် သာလွန်နေပြီဖြစ်သောကြောင့် အသေးအဖွဲကိစ္စမျှသာ ဖြစ်နေလေသည်။ သူ၏ ခြေထောက်နှင့် ရွံ့နွံများ ထိမိရာမှ ထွက်ပေါ်လာသော ဆူညံသံ က ခပ်လှမ်းလှမ်းထိ ပျံ့နှံ့သွားလေသည်။ ပတ်ပတ်လည်မှ ထူးဆန်းသော အသံများ ထွက်လာသောကြောင့် ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး သတိအနေအထား ဖြစ်သွားလေသည်။
“ငါ.. စိတ်ဝိဥာဉ်ဆေးပင်တွေကို မြန်မြန်ရှာဖွေပြီး ပြန်မှဖြစ်မယ်… ဒီပတ်၀န်းကျင်က ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်…” ပုဖန်က တီးတိုးရေရွတ်လိုက်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။
နဂါးမြို့ဟောင်းနယ်မြေအတွင်းရှိ အန္တာရာယ်အများဆုံး နေရာလေးခုအနက် တစ်ခုဖြစ်သော ပုံရိပ်ယောင်စိတ်ဝိဥာဉ် နွံမြေအတွင်း စိတ်ဝိဥာဉ်ဆေးပင်များ မည်မျှ ပေါက်ရောက်ရှင်သန်နေမည်ကို မခန့်မှန်းနိုင်ပေ။ ပုဖန်က ရှေ့သို့ လှမ်းနေရာမှ ပတ်၀န်းကျင်ကို အဆက်မပြတ် အကဲခတ်နေသည်။
ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်ခု တိုးထွက်လာသကဲ့သို့ ရွံ့နွံများအောက်မှ ပူစီပေါင်းများ တစီစီ ထွက်ပေါ်လာကာ ရွံ့နွံများက ပတ်၀န်းကျင်သို့ လွင့်စင်သွားလေသည်။ ထိုသတ္တဝါက အလွန်ရုပ်ဆိုးသော ဝိဥာဉ်သားရဲတစ်ကောင်ဖြစ်သည်။ အရွယ်အစား ကြီးမားခြင်း မရှိသော်လည်း ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ပုဖန်၏ မျက်နှာပေါ်တွင်အနည်းငယ် ပြောင်းလဲ သွားလေသည်။
ထိုဖားပြုတ်ခန္ဒာကိုယ်နှင့် သားရဲ၏ ကိုယ်ပေါ်တွင် ရွံ့နွံများ ဖုံးလွှမ်းနေပြီး အနံဆိုးများ ထွက်ပေါ်နေလေသည်။ သူကပုဖန်ကို စိုက်ကြည့်နေလေသည်။
“အင်း… သူ့ဆီက ထုတ်လွတ်နေတဲ့ စွမ်းအင်တွေအရဆိုရင် တတိယအဆင့်သားရဲ ဖြစ်နိုင်တယ်…” ပုဖန်က ကောက်ချက်ချလိုက်သည်။ သူ၏ လက်ရှိ်သိုင်းအဆင့်က တတိယအဆင့် သားရဲများကို ဂရုစိုက်ရန် မလိုတော့ပေ။
ပုဖန်က တိုက်ခိုက်ရေးစွမ်းရည်များ မရှိသော်လည်း တတိယအဆင့်သားရဲတစ်ကောင်ကို သတ်ဖြန်ရန် လွယ်ကူနေသေးသည်။ ပုဖန်က အစစ်အမှန်စွမ်းအင်များကို လက်ချောင်ထိပ်တွင် စုစည်း၍ ပစ်လွှတ်လိုက်သည်။ ပုဖန်၏ စွမ်းအင်လုံးက ဖားပြုတ်ကဲ့သို့ သားရဲကို တိုက်ရိုက်ထိမှန်သွားပြီး ဆူညံသံများ ထွက်ပေါ်လာကာ သူ၏ ပါးစပ်ထဲမှ ညစ်ပတ်နံစော်သော ရွံ့ခဲများကို အန်ထုတ်လိုက်လေသည်။
ဘန်း….
ပုဖန်၏ စွမ်းအင်လုံးက ဖားပြုတ်၏ ခြေထောက်ကို ဖောက်ထွင်းသွာသောကြောင့် ဖားပြုတ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ရွံ့နွံအတွင်း ပြန်လည်တိုး၀င်၍ ပျောက်ကွယ်သွားလေသည်။ ပုဖန်က ထိုသတ္တဝါကို ပါ၀င်ပစ္စည်းအဖြစ် အသုံးမပြုလိုသောကြောင့် လျစ်လျူရှုလိုက်သည်။
.........
မြွေလူသားမျိ်ုးနွယ်စုများက ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေတွင် အများဆုံးတွေ့ရသော မျိုးနွယ်စုများ ဖြစ်ကြသည်။ သူတို့နှင့် လူသားများကြားတွင် တူညီမှုအများအပြား ရှိသော်လည်း ကွဲပြားချက်များလည်း ရှိနေလေသည်။
ပထမတစ်ခုအနေနှင့် မျိုးပွားသည့် နည်းစနစ်များ ကွဲပြားခြင်း ဖြစ်သည်။ လူသားများက သက်ရှိခန္ဒာကိုယ်ကို တိုက်ရိုက်မွေးဖွားကြပြီး မြွေလူသားများက ဥဥကြသည်။ သူတို့၏ မြွေခန္ဒာကိုယ်ကြောင့် ဖြစ်နိုင်ပေသည်။
မျိုးနွယ်ထဲတွင် သန်မာသော စစ်သူရဲများ အများအပြားရှိနေကြသည်။ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေက အသက်ရှင်နေထိုင်ရန် ခက်ခဲသောကြောင့် တစ်ယောက်ခြင်းစီက သဘာ၀မှ မွေးဖွားလာသော စစ်သူရဲများ ဖြစ်ကြသည်။ သူတို့က နွံမြေအတွင်းတွင် ပုန်းအောင်းနေထိုင်ကြသော အားနည်းသည့် သတ္တဝါများကို ဖမ်းယူစားသောက်ကြသည်။
မြွေလူသားများတွင်လဲ လူသားများကဲ့သို့ စည်းမျဉ်းများရှိကြသည်။ ထိုစည်းမျဉ်းများအောက်တွင် ငြိမ်းချမ်းစွာ နေထိုင်ကြသည်။ ရွံ့နွံတောထဲတွင် မြွေလူသားများက အရွယ်အစားအမျိုးမျိုးရှိပြီး မျိုးနွယ်အချင်းချင်း ဆက်သွယ်နိုင်သော မှော်အစီအရင်ကို အသုံးပြုနိုင်သည့် အကြီးအကဲတစ်ယောက် ရှိသည်။
မြွေလူသားမျိုးနွယ်စုတစ်ခုလုံးက မျိုးနွယ်၀င်များက အချင်းချင်းသင့်မြတ်စွာ နေထိုင်ကြပြီး သူတို့၏ တောက်ပသော မြွေမြှီးကို လှုပ်ရမ်း၍ သွားလာနေကြသည်။ လူသားများကဲ့သို့ အိမ်များလဲ ပိုင်ဆိုင်ကြသည်။ စိုစွတ်သော မြေပြင်ပေါ်တွင် အကြမ်းထည်ဆောက်ထားသော အိမ်ဖြစ်သော်လည်း မြွေလူသားများအတွက်မူ အဓိပ္ပါယ်ပြည့်၀လှပေသည်။
ပိန်လှီသော မြွေမျိုးနွယ်စု အကြီးအကဲတစ်ယောက်က စိုစွတ်သော မြေပြင်ပေါ်တွင် တွားသွားနေသည်။ သူက လူငယ်တစ်ယောက်ကို လှမ်း၍ ပြောလိုက်သည်။
“အားနီ.. ဆေးပင်စိုက်ခင်းကို သန်မာတဲ့ အစောင့်တွေ ထပ်လွှတ်လိုက်ဦး… ရိပ်သိမ်းချိန်နီးပြီဆိုတော့ ငါတို့ အမှားခံလို့ မရဘူး… မနှစ်က အဖွဲ့အစည်းရဲ့ အပြစ်တင်ခြင်းကို ခံခဲ့ရတော့ ဒီနှစ်တော့ ငါတို့ ကြိုးစားမှရမယ်…”
အားနီက သူ၏ ချွန်မြသော အစွယ်များပေါ်သည်အထိ ပြုံးဖြဲဖြဲလုပ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ…အခုပဲ သွားလိုက်ပါ့မယ်… အကြီးအကဲ အများကြီးစိုးရိမ်မနေပါနဲ့ ဒီနှစ်တော့ ဆေးပင်တွေ အလျံပယ်ရမှာပါ… အများစုက ရိပ်သိမ်းလို့ရနေပြီ အထူးသဖြင့် ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းက ပွင့်ခါနီးဖြစ်နေတာပဲ… ကြာပန်းပွင့်တာနဲ့ ခူးဆွတ်ပြီး ပေးအပ်လိုက်မယ်ဆိုရင် အဖွဲကအစည်းက ငါတို့ကို ချီးကြူးမှာ အသေအချာပဲ….”
“ပေါ့ပေါ့တန်တန် လုပ်မနေနဲ့ သေသေချာချာ ဂရုစိုက်… ဘာမှ အမှားအယွင်း ဖြစ်လို့မရဘူး… အိုး… ဟုတ်ပြီ. တိမ်ဖြူစံအိမ်က ကောက်ကျစ်တဲ့ လူသားတွေကလဲ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို ရှာနေတာ… သူတို့ကို သေသေချာချာ ဂရုစိုက်မှ ရမယ်…” အကြီးအကဲက လူငယ်ကို စိုက်ကြည့်လိုက်ပြီး စိတ်တိုစွာ ပြန်ပြောလိုက်သည်။
“တကယ်လို့ ကောက်ကျစ်တဲ့ လူသားတွေသာ ငါ့ရှေ့မှာပေါ်လာရင် သေချာပေါက် သူတို့ကို ဆုတ်ဖြဲ ပစ်လိုက်မယ်…” အားနီ၏ မျက်၀န်းများထဲတွင် အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေလေသည်။
အားနီက လက်သီးကို တင်းတင်းဆုတ်လိုက်ရာ ကြွက်သားများပင် တင်းကြပ်လာပြီး ထွက်ပေါ်လာသော အရှိန်အဝါများက အင်ပါယာအဆင့်နှင့်ပင် ယှဉ်နိုင်လေသည်။ ထို့နောက် အားနီက အကြီးအကဲကိုနှုတ်ဆက်လိုက်ပြီး နောက်လိုက်များကို ခေါ်၍ ထွက်ခွာသွားလေသည်။
...................................
အမည်မသိ ပစ္စည်းတစ်မျိုးနှင့် ပြုလုပ်ထားသော လှေငယ်လေးတစ်စင်းက ကျယ်ပြန့်သော ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေအတွင်း လျင်လျင်မြန်မြန် ဖြတ်သန်းနေသည်။ ထိုလှေငယ်လေး၏ မျက်နှာပြင်တွင် တောက်ပသော မှော်အစီအရင်တစ်ခု ထွင်းထုထားပြီး ထိုအစီအရင်က လှေငယ်လေးကို မြန်ဆန်လာစေရန် အကူအညီပေးနေလေသည်။
ထိုလှေငယ်ကို ရွံ့နွံထဲတွင်ပင် လျင်လျင်မြန်မြန်နှင့် အဆင်ပြေပြေ သွားလာနိုင်ရန် ပြုလုပ်ထားလေသည်။
လှေ၏ ဘေးတစ်ဖက်တစ်ချက်တွင် အဖြူရောင်တိမ်ပုံသဏ္ဍာန် ပါရှိပြီး ထိုပုံများက အသက်၀င်လှပေသည်။ လှေထဲတွင် ခြေချိတ်ထိုင်နေသော ပုံရိပ်သုံးခုရှိပြီး ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
အလယ်တွင် ထိုင်နေသော လူငယ်က မျက်လုံးမျာကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ ပုံစံက အလွန်ကြည့်ကောင်းလှပြီး အသားအရည်က နီမြန်းနေလေသည်။ လူငယ်၏ နဖူးတွင် စည်းထားသော ကြိုးစလေးက လေထဲတွင် တလွင့်လွင့် လှုပ်ခါနေလေသည်။
“သခင်မ… အာ.. သခင်လေး… မြွေမျိုးနွယ်စုတွေရဲကနေရာကို ရောက်တော့မယ်… မင်းရှာနေတဲ့ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းက မြွေမျိုးနွယ်စုရဲ့ စိုက်ခင်းထဲမှာ….” လူငယ်၏ ရှေ့တွင် ထိုင်နေသော သက်လတ်ပိုင်းလူက ပြောလိုက်သည်။
လူငယ်က အဝေးမှ လှမ်းမြင်နေရသော အကြမ်းထည် အဆောက်အဦးများကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“မြွေမျိုးနွယ်စုနဲ့ နီးတဲ့ တနေရာရာမှာ ရပ်ပြီးတော့ ဆေးစိုက်ခင်းအကြောင်းကို နည်းနည်းလောက် လေ့လာလိုက်ရအောင်…”