အခန်း ၁၆၅ “မြွေလူသားများ၏ ဆေးစိုက်ခင်း”
“အကိုကြီး အားနီ.. ကောင်းသောနေ့ပါ… ဆေးစိုက်ခင်းကို လာစစ်ဆေးတာလား… အကိုကြီးရဲ့ သိုင်းအဆင်က သန်မာပြီးရင်း သန်မာလာတာပဲ အရမ်းအံ့သြဖို့ကောင်းတယ်…”
အားနီက သူ၏ ရင်ဘက်ကို ကော့၍ ရွံ့နွံပေါ်တွင် တွားသွားလိုက်သည်။ သူ၏ ခန္ဒာကိုယ်အပေါ်ပိုင်းက ကြံ့ခိုင်လှပြီး သန်မာသော အမှတ်အသားများနှင့် ထူးဆန်းသော အမှတ်အသားများကို မြင်နေရသောကြောင့် သူ၏ အသွင်က ပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။ အားနီလာရာ လမ်းတလျောက်မှ မြွေမျိုးနွယ်စုများက လေးစားစွာ နှုတ်ဆက်ကြသည်။ အချို့၏ မျက်လုံးများတွင် လေးစားမှုများ ရှိနေသော်လည်း မနာလိုဟန်များ ထွက်ပေါ်နေလေသည်။
အားနီက မြွေမျိုးနွယ်စုထဲတွင် အသန်မာဆုံးမဟုတ်သော်လည်း သူ၏ သန်မာမှုကြောင့် အကြီးအကဲများက များစွာ မျှော်လင့်ထားကြသည်။ အင်ပါယာအဆင့်တစ်ယောက်ဖြစ်သော အားနီက အဆင့်ငါးမိချောင်းများကို အမဲလိုက်ရသည်ကို နှစ်သက်ပြီး သန်မာလှသော လက်ချောင်းများနှင့် တစစီ ဆွဲဖြဲပစ်လေ့ရှိသည်။
ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေထဲတွင် နေထိုင်ကြသော မြွေမျိုးနွယ်စုများက အင်အားကြီးမအားသော သားရဲများ၏ အန္တရာယ်ပြုမှုကို ခံရလေ့ ရှိသည်။ ထို့ကြောင့် သူတို့တွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြလေသည်။ ထိုကဲ့သို့သော အန္တရာယ်များလှသည့် ပတ်၀န်းကျင်တွင် လုံခြုံစွာ ရှင်သန်နေထိုင်နိုင်ရန် သန်မာသော ဝိဥာဉ်သားရဲများကို ဖြေရှင်းရန် လိုအပ်ပေသည်။
မြွေမျိုးနွယ်စုများက သူတို့ကို အန္တာရယ်ပေးနိုင်သော သန်မာသည့် သားရဲများထဲမှ အခြိမ်းခြောက်နိုင်ဆုံးဖြစ်သည့် နတ်ဆိုအမြှီး မိချောင်းများကို မြွေမျိုးနွယ်စု၏ စွမ်းအားများကို အသုံးပြု၍ သန်ဖြတ်ပစ်ကြသည်။ မြွေမျိုးနွယ်စု၏ အစစ်အမှန် စစ်သူရဲများက နတ်ဆိုးအမြှီး မိချောင်းများကို သတ်ဖြတ်နိုင်သည့် စွမ်းရည်များ ရှိကြသည်။
အားနီ၏ မျိုးနွယ်စုက မြွေမျိုးနွယ်စုအတွင်းတွင် သေးငယ်သော မျိုးနွယ်စုတစ်ခု ဖြစ်သော်လည်း လူဦးရေ ထူထပ်များပြားကြသည်။ လူသားတို့နှင့် ယှဉ်လိုက်ပါက မြို့ငယ်တစ်မြို့စာမျှ ရှိနေလေသည်။ သူတို့နေထိုင်သည့် အဆောက်အဦးများက အကြမ်းထည်ဆန်လှပြီး အဆင့်ဆင့် ဆောက်လုပ်ထားခြင်းမရှိသောကြောင့် မြို့ငယ်တစ်မြို့နှင် ကွဲပြားလေသည်။
ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေ၏ နေရာတစ်ခုတွင် မြွေမျိုးနွယ်စုများ ဆောက်လုပ်ခဲ့သော မြို့ကြီးတစ်မြို့ ရှိနေသည်ကို အားနီက အကြီးအကဲများထံမှာ ကြားဖူးထားသည်။ ထိုမြို့မှ အဆောက်အဦးများက အလွန်သေသပ်ပြီး လူသားများတည်ဆောင်ထားသော မြို့များနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင့် ကြားသိထားရလေသည်။ ထိုမြို့တော်တွင် နေထိုင်ကြသော မြွေမျိုးနွယ်စုများက ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြသည်။
ထိုနေရာတွင် သူတို့၏ နေထိုင်မှုဘ၀ကို ခြိမ်းခြောက်နိုင်သော အင်အားကြီးမားသည့် သားရဲများနှင့် နတ်ဆိုးအမြှီး မိချောင်းများ မရှိကြသေးပေ။ သူတို့၏ သာစဉ်မြေးဆက်များက ပေါက်ဖွားလာချိန်မှ စ၍ အန္တရာယ်များကို စိုးရိမ်ရန်မလိုပဲ တည်ငြိမ်စွာ ကြီးပြင်းလာကြသည်။ ထိုနေရာမျိုးက အားနီနှင့် အခြားမြွေမျိုးနွယ် အများစုက မျော်လင့်တောင့်တနေကြသည့် နေရာမျိုးပင် ဖြစ်သည်။
ရွှပ်…
အားနီက အမြှီးဖြင့် မြေပြင်ကို ရိုက်လိုက်ရာ အေးစက်သော ရေများက နေရာအနှံ့ လွင့်စင်သွားလေသည်။ လှံရှည်ကိုင်ထားသော မြွေစစ်သူရဲနှစ်ဦးက အားနီကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။ ထိုမြွေစစ်သူရဲ နှစ်ဦးက ဝါးများနှင့် စည်းရိုးခတ်ထားသော နေရာတစ်ခုကို စောင့်ကြပ်နေကြသည်။
ထိုနေရာက မြွေမျိုးနွယ်စုအတွင်း အရေးအကြီးဆုံးနေရာဖြစ်သည့် ဆေးစိုက်ခင်းပင် ဖြစ်သည်။ ထိုစိုက်ခင်းထဲတွင် တန်ဖိုးကြီးမားသော စိတ်ဝိဥာဉ်ဆေးပင်များ အများအပြားရှိနေလေသည်။ အများစုမှ အဆင့်သုံး အဆင့်လေးများ ဖြစ်ကြပြီး အဆင့်ငါး အဆင့်ခြောက်ဆေးပင်များပါ ရှိနေလေသည်။ ပွင့်လန်းချိန် နီးကပ်နေသော အဆင့်ခုနစ် ရေခဲဝိဥာဉ်ကြာပန်းပင် ရှိနေလေသည်။
“အလုပ်ကို ကောင်းကောင်းလုပ်ကြ… မင်းတို့ရဲ့သတိကို လုံး၀ မပေါ့လျော့မိစေနဲ့ …ဆေးစိုက်ခင်းနားမှာ ဘယ်လိုပြသနာမျိုးမှ မပေါ်လာအောင် သတိထားပြီး လုပ်ကိုင်ကြပါ… ကောက်ကျစ်တဲ့ လူသားတွေမှာ ခွေးလိုနှာခေါင်းတွေရှိတယ်… ဝိဥာဉ်ဆေးပင်တွေ ရိပ်သိမ်းဖို့ နီးကပ်လာတာနဲ့ အပြေးအလွှားလာကြလိမ့်မယ်….”
“ငါတို့ရဲ့ ကျိုးစားအားထုတ်မှုကို ကောက်ကျစ်တဲ့ လူသားတွေအတွက် အဖြစ်မခံနိုင်ဘူး...” အားနီက အစောင့်နှစ်ယောက်၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။
မြွေစစ်သည်က ရင်ကော့လိုက်ပြီး တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။ အားနီက ကျေနပ်စွာ ပြုံးလိုက်ပြီး အစောင့်နှစ်ယောက်ကို ကျော်၍ ဆေးစိုက်ခင်းထဲ ၀င်လိုက်လေသည်။ ဆေးစိုက်ခင်းထဲသို့ ရောက်ရှိလာသည်နှင့် လေထုထဲတွင် လွင့်ပါနေသော မွှေးပျံ့လှသည့် မွှေးရနံ့များကို ရှူရှိုက်လိုက်မိပြီး နစ်မျောသွားလေသည်။
“အားနီ…နင်ဘာလာလုပ်တာလဲ… ဘာကြောင့် နောက်တစ်ခေါက် ရောက်လာတာလဲ….”
အားနီက ဆေးရနံ့များကို ခပ်ပြင်းပြင်းရှူရှိုက်နေချိန်တွင် ညှို့ဓာတ်ပါသော အသံတစ်သံကို ကြားလိုက်ရပြီး မြွေအမျိုးသမီးတစ်ယောက်က ဆေးစိုက်ခင်းကြားမှ လျောတိုက်ထွက်လာလေသည်။ ထိုမြွေအမျိုးသမီး၏ ခန္ဒာကိုယ်အောက်ပိုင်းက အားနီနှင့် အတူုတူပင် ဖြစ်ပြီး အပေါ်ပိုင်းက လူသားအမျိုးသမီး တစ်ယောက်ကဲ့သို့ ဖြစ်သည်။
သူတို့၏ ရင်ဘက်ကို လူသားများထံမှ ရရှိထားသော ပိတ်ပိုင်းနှင့် ဖုံးကွယ်ထားလေသည်။ ထွက်ပေါ်လာသော အမျိုးသမီးက ဆေးစိုက်ခင်း၏ အုပ်စုခေါင်းဆောင်ဖြစ်သည်။ သူမက အလွန်လှပသော မြွေအမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ မျက်နှာကို ကောင်းကင်ဘုံမှ အသေးစိတ်ဖန်တီးထားသကဲ့သို့ အနုစိပ်လှကာ သူမ၏ ခန္ဒာကိုယ်က သန်မာလှသည်။
“ယုဖူ… နင်က တစ်နေ့တစ်ခြား ပိုပိုပြီး လှလာတာပဲ… နင်တစ်နေ့ကျရင် သေချာပေါက် ငါ့ဇနီးဖြစ်လာရမယ်…” အားနီက ထိုမြွေအမျိုးသမီးကို တပ်မက်စွာ ကြည့်၍ ပြောလိုက်သည်။
“နင်က ဒီကို ဘာလာလုပ်တာလဲ… ဆေးစိုက်ခင်းနဲ့ ပတ်သတ်တာက ငါတို့ရဲ့ တာ၀န်ပဲ… နင်က ငါတို့ကို မယုံကြည်တာလား…” ယုဖူ၏ မျက်နှာအမူအယာက အေးစက်သွားပြီး အားနီကို မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
“ယုဖူ.. အထင်မလွဲပါနဲ့… ငါက နင့်ကို အယုံကြည်ဆုံးပဲ… အခုလာတာက ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းက ပွင့်ခါနီးပီမို့ အကြီးအကဲက ကောက်ကျစ်တဲ့ လူသားတွေ ခိုးယူသွားမှာ စိုးရိမ်ပြီး ငါ့ကို လွှတ်လိုက်တာ….” အားနီက နှုတ်ခမ်းသပ်လိုက်ပြီး ပြန်ပြောလိုက်သည်။
သူ၏ စကားကို ကြားလိုက်ပြီးနောက် ယုဖူ၏ မျက်နှာအမူအယာက ပြောင်းလဲသွားကာ ပြန်ပြောလိုက်သည်။
“အဲဒါဆိုရင် ငါ့နောက်က လိုက်ခဲ့…”
ယုဖူက မြွေအုပ်ကို ဦးဆောင်လိုက်ပြီး ရှေ့ဆုံးမှ ထွက်ခွာသွားလေသည်။ အားနီက ယုဖူ၏ နောက်ကျောကို တပ်မက်စွာ ကြည့်နေလိုက်ပြီး သူ၏ စီးကျနေသော သားရေများကို သုတ်၍ နောက်မှ လိုက်သွားလေသည်။
……
“ဟမ်… ဒါက အဆင့်သုံး ဝိဥာဉ်ဆေးပင်ပဲ… ဆိုးဝါးလိုက်တာ….”
ပုဖန်က သူ၏ ခြေဖဝါးတွင် အစစ်အမှန်စွမ်းအင်များကို စုစည်း၏ ဆောင့်ကြောင့်ထိုင်လိုက်ကာ ရေပေါ်တွင် ပေါက်နေသော မြစိမ်းရောင် သစ်ရွက်ချွန်ချွန်ကို နှုတ်ယူလိုက်သည်။ ထိုသစ်ရွက်၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင်သွေးကြောများ ယှက်ဖြာနေလေသည်။
ပုဖန်က ပုံရ်ိပ်ယောင် စိတ်ဝိဥာဉ် နွံမြေတွင် နေ့တစ်၀က်ခန့် သွားလာလှုပ်ရှားနေပြီး ဆေးပင် အမြောက်အများကို တွေ့ရှိခဲ့သည်။ သို့သော် ဆေးပင်အများစုက အဆင့်နှစ်နှင့် အဆင့် သုံး ဆေးပင်များသာ ဖြစ်ကြပြီး အဆင့်လေးဆေးပင်တစ်ပင်သာ ရရှိထားလေသည်။ ထိုဆေးပင်ကလဲ ပုဖန်၏ မျက်လုံးထဲတွင် တန်ဖိုးမရှိလှပေ။
သူက ဝိုင်ပြုလုပ်ရာတွင် သုံးလမ်းကြောင်းသိမြင်မှုသစ်သီး၊ ဖီးနစ်သွေးဆေးပင်တို့နှင့် ရောနှောက်ချက်လုပ်နိုင်မည့် ဆေးပင်ကို လိုအပ်နေခြင်း ဖြစ်သောကြောင့် အဆင့်လေး ဆေးပင်က တန်ဖိုးနိမ့်နေခြင်း ဖြစ်သည်။ ပုဖန်က သူ၏ခြေဖဝါးတွင် အစစ်အမှန်စွမ်းအားများနှင့် ကာကွယ်ထားသောကြောင့် ရေပေါ်တွင် လမ်းလျောက်နိုင်သော်လည်း လမ်းလျောက်လိုက်တိုင်း ဆူည့သံများ ထွက်ပေါ်နေလေသည်။
တခဏမျှ လျောက်လှမ်းလာပြီးနောက် သူ့ရှေ့တွင် အဆင့်လေး ဆေးပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ပုဖန်က စောင့်ကြပ်နေသော မြွေကဲ့သို့ သားရဲကို သတ်လိုက်ပြီး ဆေးပင်ကို သိမ်းဆည်းလိုက်သည်။
“ဟမ်… အဲဒါဘာလဲ…”
ပုဖန်က အနည်းငယ်မျှ လမ်းလျောက်လိုက်ပြီးနောက် သူနှင့် ခပ်လှမ်းလှမ်းတွင် ပွစိတက်နေသော အဆောက်အဦး ပုံစံများကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားလေသည်။
“ဒီနေရာမှာ တကယ်ပဲ အဆောက်အဦးတွေရှိနေတာလား… ဒီလိုနေရာမှာ ဘယ်သူက ရွာလာတည်ထားတာလဲ…”
ရွံ့နွံများက အလွန်ပျော့ပြောင်းသောကြောင့် အဆောက်အဦးများ ဆောက်လုပ်ရန် မသင်တော်ပေ။ ပုဖန်က စိတ်ရှုပ်ထွေးသွားသော်လည်း စိတ်ထဲတွင် ကျေနပ်နေမိသည်။ အဆောက်အဦးများ ရှိပါက လူသားများ လဲ ရှိနိုင်ပေသည်။ ပုဖန်က အရှိန်တင်လိုက်ပြီး ထိုအဆောက်အဦးများထံသို့ ဦးတည်လိုက်သည်။
ပုဖန်က ထိုအဆောက်အဦးများအနီးသို့ ရောက်ရှိခါနီးတွင် အဝေးမှ အရာ၀တ္တုတစ်ခုက လျင်မြန်သောအရှိန်နှင့် သူ့ကို ဖြတ်ကျော်သွားသောကြောင့် ရေများ လွင့်စင်လာလေသည်။ ပုဖန်၏ သိုင်းအဆင့်က အားမနည်းသောကြောင့် အစစ်အမှန်စွမ်းအင်များနှင့် ကာကွယ်လိုက်လေသည်။ ပုဖန်က နှုတ်ခမ်ကို တင်းတင်းစေ့၍ သူ့ကို ဖြတ်ကျော်သွားသော သစ်သားလှေငယ်လေးကို စိုက်ကြည့်လိုက်သည်။
ပုဖန်က သူမျှော်လင့်ထားသကဲ့သို့ လူများကို တွေ့လိုက်ရသောကြောင့် ပိုမိုတက်ကြွလာလေသည်။
“ကြည့်ရတာတော့ ဒီလှေက ရွံ့နွံတွေကြားမှာ အဆင်ပြေပြေသွားလာနိုင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ရမယ်…” ပုဖန်က မှတ်ချက်ချလိုက်သည်။
လိပ်ပြာလှေငယ်က ရပ်တန့်သွားပြီး လှေပေါ်မှ လူသုံးယောက် ဆင်းလာလေသည်။ သူတို့၏ ခြေဖဝါးများကို အစစ်အမှန်စွမ်းအင်များ ထည့်သွင်းထားသောကြောင့် ရွံ့နွံများပေါ်တွင် တည်ငြိမ်စွာ ရပ်နေနိုင်ကြလေသည်။ အလယ်တွင်ရပ်နေသော လူငယ်က လက်တစ်ဖက်ကို ဝှေ့ရမ်း၍ လှေငယ်ကို အဝေးသို့ တွန်းပို့လိုက်သည်။
“သခင်လေး… ခုဏက လူတစ်ယောက်မတ်တပ်ရပ်နေတာ တွေ့လိုက်မိလားလို့…”
သူတို့ထဲမှ တစ်ယောက်က လှေပေါ်မှ မြင်လိုက်သည်ကို မေးလိုက်လေသည်။ သူက လှေပေါ်မှ လူတစ်ယောက်၏ ပုံရိပ်ကို တွေ့လိုက်မိလေသည်။ လက်ရှိအချိန်တွင် ယောင်္ကျားလေးတစ်ယောက်အသွင် ယူထားသော အမျိုးသမီးက ထိုလူကို ကြည့်၍ ပြောလိုက်လေသည်။
“အဲဒီမှာလူရှိရှိ မရှိရှိ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ… ငါတို့လာတာက ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကို ရယူဖို့အတွက်ပဲ …ငါတို့အလုပ်ကို လာမနှောက်ယှက်သရွေ့ ငါတို့နဲ့ ဘာမှမဆိုင်ဘူး… ပြီးတော့ ငါတို့ အခု ရောက်နေတာက တိမ်ဖြူစံအိမ်မှာမဟုတ်ပဲ မြွေမျိုးနွယ်စုရဲ့ နေရာမှာဆိုတာကို သတိရပါ…”
ထိုလက်အောက်ငယ်သားက အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ မြွေမျိုးနွယ်စုများကို လျှော့တွက်၍ မရသောကြောင့် သူက ဂရုမစိုက်ပဲ မနေရဲချေ။ အထူးသဖြင့် အနီးတွင် သခင်လေးရှိနေချိန်တွင် ဖြစ်သည်။ သူ၏ အဓိကတာ၀န်မှာ သူမကို ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်သည်။
“ငါတို့ မြွေမျိုးနွယ်စုရဲ့ အနောက်ဘက်ကိုသွားကြစို့… အဲဒီနေရာက သူတို့ရဲ့ဆေးစိုက်ခင်းဖြစ်လိမ့်မယ်… အဲဒီကို ၀င်နိုင်ဖို့ အခွင့်အရေးရှာကြရမယ်….” သခင်လေးဝူက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်လေသည်။
အခြားနှစ်ယောက်က ခေါင်းငြိမ့်ပြလိုက်သည်။ လူတစ်ယောက်ကို အစောင့်အဖြစ် ထားခဲ့ပြီးနောက် သခင်လေးဝူနှင့် နောက်တစ်ယောက်က ပျက်စီးယိုယွင်းနေသော ခြံစည်းရိုးထံသို့ ဦးတည်လိုက်လေသည်။ သူတို့၏ ဦးတည်ရာက မြွေမျိုးနွယ်စု၏ ဆေးစိုက်ခင်းပင် ဖြစ်သည်။