အပိုင်း ၁၆၆
Viewers 53k

အခန်း ၁၆၆ “ဘယ်သူက ငါတို့ကို ချောက်ချတာလဲ”


မြွေလူသားမျိုးနွယ်များ၏ ဆေးစိုက်ခင်းက အလွန်ကြီးမားပြီး ဝါးများနှင့်သာ စည်းရိုးခတ်ထားလေသည်။ သို့သော် စိုက်ခင်းထဲတွင် ထူးခြားသော ဆေးပင်များနှင့် ပြည့်နှက်နေသည်။ ယုဖူနှင့် မြွေအမျိုးသမီးများ၏ နောက်မှလိုက်လာသော အားနီက ပတ်၀န်းကျင်တွင် စိတ်ဝိဥာဉ်ဆေးပင်များမှ ပျံလွင့်နေသော ဝိဥာဉ်စွမ်းအင်များကို သတိထားမိပြီး အံ့အားသင့်သွားသည်။


စိတ်ဝိဥာဉ်ဆေးပင်များကို နေရာသတ်မှတ်၍ နည်းလမ်းတကျ စိုက်ပျိုးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဆေးစိုက်ခင်းထဲတွင် အရာရာတိုင်းက စနစ်ကျနေလေသည်။ ယုဖူနှင့် အခြားသူများက ဆေးပင်စိုက်ခင်းအတွက် တာ၀န်ရှိသူများ ဖြစ်ကြသည်။ သူတို့မိသားစုမှ အကြီးအကဲများက ဆေးပင် စိုက်ပျိုးရန် နည်းလမ်းများကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သောကြောင့် ဆေးစိုက်ခင်းတွင် တာ၀န်ယူရခြင်း ဖြစ်သည်။


ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းက အလွန်တန်ဖိုးရှိသော အဆင့်မြင့် စိတ်ဝိဥာဉ်ဆေးပင် အမျိုးအစား ဖြစ်ပြီး သူ၏ အစိတ်အပိုင်းတစ်ခုစီတွင် စိတ်ဝိဥာဉ်စွမ်းအင်များ အများအပြား ပါ၀င်နေသည်။ အထူးသဖြင့် ကြာပန်းအစေ့တွင် ဖြစ်သည်။ ကြာပန်း အလွန်နူးညံ့ ပျော့ပြောင်းနေပြီး အရသာလည်း ကောင်းမွန်လေသည်။ ထို့ကြောင့် ဆေးပင်ကဲ့သို့ အသုံးပြုနိုင်ရုံမက ပါ၀င်ပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်သည်။


ယုဖူ၏ ဆရာက ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းနှင့် အခြား အဆင့်ခုနစ် ဆေးပင်များ၏ တမူထူးခြားသော အသုံး၀င်ပုံများ တန်ဖိုးများကို ရှင်းပြထားဖူးလေသည်။ 


“ရေခဲဝိ်ဥာဉ်ဧကရာဇ်ကြာပန်းက အရမ်းကို အဖိုးတန်တယ်… ဘယ်သူကမှ တစ်ခုခုချက်ပြုတ်တဲ့နေရာမှာ ပါ၀င်ပစ္စည်းအဖြစ် သုံးမှာမဟုတ်ဘူး….”


အားနီက သူု၏အမြင်ကို ပြောလိုက်သည်။ အချို့အရာများကို စားသောက်ခြင်းက ဖြုန်းတီးခြင်း သက်သက်သာ ဖြစ်သည်ဟု အားနီက ခံယူထားလေသည်။ တဖြည်းဖြည်းနှင့် သူတို့က အဆင့်ငါး အဆင့်ခြောက် ဆေးပင်များ စိုက်ပျိုးထားသော နေရာသို့ ရောက်ရှိ်လာသည်။ ထိုနေရာက ဆေးစိုက်ခင်း၏ အလယ်ဗဟိုလဲ ဖြစ်သည်။


ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း၏ တန်ဖိုးကို ထည့်မတွက်လျင်ပင် ဤနေရာမှ စိတ်ဝိဥာဉ်ဆေးပင်များ၏ တန်ဖိုးက များပြားလှပေသည်။ 


“ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်းက အခုတော့ မရင့်မှည့်သေးဘူး… ရင့်မှည့်လာပြီဆိုတာနဲ့ ပွင့်ချပ်လေးတွေက တစ်ဖြည်းဖြည်း ပွင့်အာလာပြီး အစွမ်းကုန် လှပလာလိမ့်မယ်…”


 “ငါလဲ ရေခဲဝိဥာဉ်ကြာပန်း ပွင့်လာတာကို မမြင်ဘူးလို့ သူပွင့်လာရင် ဘယ်လောက်လှပမလဲဆိုတာကို မပြောနိုင်သေးဘူး….” ယုဖူက ပြောလိုက်သည်။ 


သူတို့နှင့် ခပ်လှမ်းလှမ်းနေရာတွင် ဝါးခြံစည်းရိုး ခတ်ထားသော ရေကန်ငယ်တစ်ခု ရှိနေသည်။ ထိုကန်ထဲမှ ရေများတွင် အညစ်အကျေးအနည်းငယ်မျှပင်မရှိပဲ အောက်ခြေအထိ ထိုးဖောက်မြင်နေရကာ ရနံ့သင်းသင်းလေးများပင် ထွက်ပေါ်နေသည်။ ကန်ထဲတွင် ကြာရွက်များနှင့် နူးညံ့လှပသော အပြာဖျော့ရောင် ကြာဖူးတစ်ဖူး ရှိနေလေသည်။


အဝေးမှ လှမ်းကြည့်လိုက်လျင် မြူမှုန်အချို့နှင့် ကာရံထားသကဲ့သို့ ကြာဖူးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ကြာရွက်များ၏ မျက်နှာပြင်ပေါ်မှ ဆန်းကျယ်ရှုပ်ထွေးသော အမှတ်အသားများကြောင့် အရောင်က အစိမ်းပုတ်ရောင် ဖြစ်နေလေသ


ည်။ ရေကန်ဘေးတွင် ရပ်နေသော အားနီက အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရာ လေထဲတွင် မျောလွင့်နေသော ဝိဥာဉ်စွမ်းအင်များက သူ့နှာခေါင်းထဲသို့ စီး၀င်သွားကြသည်။ အားနီက အလွန်အံ့အားသင့်သွားပြီး ကူရာမဲ့စွာနှင့် ညည်းလိုက်မိသည်။


“ဘယ်လောက်တောင် လှပလိုက်လဲ… ဒီတော့ ဒါက ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းပေါ့….”


“ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်းရဲ့ အလှကို ဘယ်ူမှ မတွန်းလှန်နိုင်ဘူး… ဒါက သဘာ၀ပဲ…. သူပွင့်လန်းလာတဲ့ အချိန်ကျရင် ပိုတောင်မှ လှဦးမယ်… ဒါပေမယ့်… ကံမကောင်းတာက သူ့ရဲ့ ပွင့်လန်းချိန်က ခဏလေးဖြစ်နေတာပဲ… ငါ့ဆရာရဲ့ စကားအရဆိုရင် သူက အသက်အနည်းငယ်ရှူချိန်လောက်ပဲ ခံတယ်….” ယုဖူ၏ သိမ်မွေ့သော မျက်နှာပေါ်တွင် စိတ်မကောင်းဟန်များ ဖြစ်ပေါ်လာသည်။


အားနီက ပတ်၀န်းကျင်ကို အကဲခတ်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။


“ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း ပွင့်ချိန်ရောက်ဖို့ နေ့တ၀က်လောက်လိုသေးတယ်… အဲဒီအချိန်ကျရင် လူသားတွေလဲ ရောက်လာနိ်ုင်တယ်… ငါတို့ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို ကောင်းကောင်းကာကွယ်ရမယ်…”


“ဒါပေါ့…. ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းပွင့်လာချိန်ကို ငါတို့ အချိန်အကြာကြီး စောင့်နေရတာ… လူသားတွေကို လွယ်လွယ်နဲ့ လုယူခွင့်မပေးနိုင်ဘူး… ပြီးတော့ ပန်းပွင်လာတဲ့ အချိန်ကျရင် ထွက်ပေါ်လာမယ့် စွမ်းအင်တွေက အနီးအနားက သားရဲတွေကိုလဲ ဆွဲဆောင်လိမ့်မယ်… အဲဒီတော့ ဝိဥာဉ်သားရဲတွေလဲ ရောက်လာနိုင်တယ်… နင်သူတို့ကိုလဲ သတိထားရမယ်….”


ယုဖူက အားနီကို တစ်ချက်ကြည့်၍ ပြန်ပြောလိုက်သည်။ 


“ငါဒီမှာရှိနေမှတော့ ဘာကိုမှ ကြောက်စရာမလိုဘူး… ဘာပြသနာမှ ဖြစ်လာနိုင်မှာမဟုတ်ဘူး….” အားနီက သူ၏ရင်ဘက်ကို ပုတ်၍ ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်သည်။


…..


သခင်လေးဝူနှင့် အခြားတစ်ယောက်တို့က ဝါးခြံစည်းရိုးများကို ဖြတ်ကျော်လိုက်ကြသည်။ မြွေလူသားများ တည်ဆောက်ထားသော ကာကွယ်ရေး စည်းရိုးက အားနည်းလှချေသည်။ ဝါးခြံစည်းရိုးက မည်သည့်အဆင့် သိုင်းပညာရှင်ကိုမဆို ဟန့်တားနိုင်မည်မဟုတ်ချေ။


“ဟမ်… ဒီမြွေလူသားတွေက လှည့်ကွက်တချို့သုံးထားတာပဲ… ဒီနားတဝိုက်မှာ မှော်အစီအရင်အချို့ကို ရေးဆွဲထားတယ်.. တစ်ယောက်ယောက်သာ ဆေးစိုက်ခင်းကို ၀င်လာပြီး စည်းကို နင်းမိတာနဲ့ အစီအရင်က အသက်၀င်လာနိုင်တယ်…”


“ဒါကြောင့်မို့ သူတို့က ဝါးခြံစည်းရိုးလေးပဲ ကာထားတာကို….” သခင်လေးဝူက သူမ၏ လှပနက်မှောင်နေသော မျက်ခုံးများကို ကြုံ့လိုက်မိသည်။


သူမက မြွေလူသားများ၏ ထောင်ချောက်များကို တွေ့ရှိပြီးဖြစ်သောကြောင့် အဆင့်နိမ့်ဆေးပင်များကို သိမ်းဆည်းမနေတော့ချေ။ သူမ၏ မျက်လုံးထဲတွင် ထိုဆေးပင်များက တန်းဖိုးနည်းပါးလှချေသည်။ တိမ်ဖြူစံအိမ်တွင် အဆင့်လေး အဆင့်ငါးဆေးပင်များ အလျံပယ်ရှိနေပြီး မြွေလူသားများ၏ ဆေးစိုက်ခင်းထက် ပို၍ များပြားလေသည်။ အကယ်၍ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကြောင့်သာ မဟုတ်ပါက ဤနေရာသို့ လာမည်မဟုတ်ချေ။


“သခင်လေး… စိုက်ခင်းရဲ့ ရှေ့ဘက်က ဝိဥာဉ်စွမ်းအင်တွေ ထွက်ပေါ်နေတယ်.. ငါတို့ အဲဒီဘက်ကို သွားကြမလား…” လက်အောက်ငယ်သားက လေထဲမှ ဝိဥာဉ်စွမ်းအင်များကို သတိထားမိသွားပြီး ပြောလိုက်သည်။


သခင်လေးဝူက ခေါင်းညိမ့်ပြလိုက်ပြီး သူမ၏ လက်အောက်ငယ်သားကို ပို၍ ဂရုစိုက်ရန် သတိပေးလိုက်သည်။ မြွေလူသားမျိုးနွယ်စုများနှင့် လူသားများကြာတွင် ပြသနာများ ရှိသောကြောင့် ထိပ်တိုက်မတွေ့ရန် ရှောင်ရပေမည်။ ထိုသို့ ဖြစ်လာပါက ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို ရရှီရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့နှစ်ယောက်က အရှိန်အဝါများကို ဖုံးကွယ်လိုက်ပြီး တဖြည်းဖြည်း တိုးကပ်သွားကြသည်။


………………


ပုဖန်က အချိန်အတော်ကြာ လမ်းလျောက်ပြီးနောက် အဆောက်အဦးများနှင့် နီးကပ်လာလေသည်။ သို့သော် စိုက်ခင်းများရှိရာသို့ ဆက်လျောက်ရဦးမည် ဖြစ်သည်။


“ဒါခြံစည်းရိုးလား… နောက်နေတာလား…”


ပုဖန်က ပြုံးလိုက်ပြီး ဝါးခြံစည်းရိုးကို ခွကျော်လိုက်သည်။ ဆေးစိုက်ခင်းထဲမှ မြေပြင်က ပျော့ပြောင်းနေသော်လည်း အပြင်ဘက်မှ နွံတောများထက် ပို၍ မာနေပေသည်။ သာမာန်မြေပြင်ထက် ပျော့ပြောင်းနေသော်လည်း နင်းလိုက်သည်နှင့် နစ်မြုတ်သွားနိုင်သော ကြောက်မက်ဖွယ် ရွံ့နွံမြေများ မဟုတ်တော့ပေ။


ပုဖန်က သူ၏ ရှေ့မှ ဆေးပင်များကို ဖြန့်ကျက်ကြည့်လိုက်သည်။ ဤနေရာတွင် တန်ဖိုးရှိသော ဆေးပင်အချို့ရှိနိုင်သော်လည်း သာမာန်သာ ဖြစ်သည်။ ပုဖန်က ပတ်၀န်းကျင်ကို အကဲခတ်လိုက်ပြီးနောက် သူ၏ မျက်လုံးထဲတွင် ရွှင်လန်းတက်ကြွသော အမူအယာတစ်ခု ပေါ်လာလေသည်။


ဤနေရာတွင် လူတို့ စိုက်ပျိုးထားသော ဆေးပင်များကို တွေ့ရမည်ဟု မထင်ထားခဲ့ပေ။ ထိုအချက်က ကျေနပ်ဖွယ် ကောင်းနေလေသည်။ လူဦးရေ ကျဲပါးသော ပုံရိပ်ယောင် ဝိဥာဉ်နွံမြေတွင် ရွာတစ်ရွာတွေ့ရခြင်းကပင် အံ့အားသင့်ဖွယ် ဖြစ်နေပြီး ရွာသားများ စိုက်ပျိုးထားသော ဆေးစိုက်ခင်းများကို တွေ့ရမည်ဟု မထင်မှတ်ထားခဲ့ချေ။


“ဒါက အဖိုးတန်တဲ့ အဆင့်ငါး စိတ်ဝိဥာဉ်ဆေးပင်ပဲ … ဒါကို ဒီနေရာမှာ ဒီတိုင်း စိုက်ထားတာလား….”  


ပုဖန်က လိပ်ပြာဆေးပင်တစ်ပင်ကို ကြည့်၍ အံ့အားသင့်သွားလေသည်။ ထို့နောက် ဆေးပင်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ သေချာစွာ ကြည့်လိုက်သည်။ ဝိဥာဉ်စွမ်းအားများက ဆေးပင်၏ အထက်တွင် ဖုံးအုပ်နေပြီး လေထုထဲသို့ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။ 


“မဆိုးဘူး…. ဒါကို ဝိုင်ချက်တဲ့နေရာမှာ ပါ၀င်ပစ္စည်းအဖြစ် သုံးလို့ရတယ်…”


…………..


သခင်လေးဝူနှင့် သူ၏ လက်အောက်ငယ်သားတို့က သူတို့၏ ခန္ဒာကိုယ်မှ စွမ်းအင်များကို အပြည့်အ၀ ဖိနှိပ်ထားကြသည်။ ထိုနည်းလမ်းက တိမ်ဖြူစံအိမ်မှ လျို့ဝှက်နည်းစနစ်ဖြစ်သော ပင်လယ်လိပ် အသက်ရှူခြင်း နည်းစနစ် ဖြစ်သည်။ အသုံးပြုလိုက်သူ၏ အရှိန်အဝါနှင့် အဆင့်ကို ဖုံးကွယ်ထားနိုင်ပြီး အလွန်အသုံး၀င်လေသည်။


“ငါအခု ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို အာရုံခံမိပြီ… ဒါပေမယ့် အဲဒီနေရာမှာ အစောင့်တွေရှိနေတယ်… ငါတို့ကို ဂရု မစိုက်မိအောင် လောလောဆယ် ပုန်းနေမှရမယ် ကြာပန်းပွင့်လာမှ တစ်ခါတည်း လှုပ်ရှားကြမယ်….”


သခင်လေးဝူက ပြောလိုက်ရာ သူမ၏ လက်အောက်ငယ်သားက ခေါင်းညိမ့်လိုက်သည်။ သူမတို့က ဆေးစိုက်ခင်းများ ကြားတွင် ပုန်းကွယ်နေကြပြီး ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းရှိနေသော ရေကန်ငယ်ကို စိုက်ကြည့်နေကြသည်။ 


“မျှော်လင့်ထားတဲ့ အတိုင်းပဲ ရေခဲဝိဥာဉ်ဧကရာဇ် ကြပန်းမှာ ပါ၀င်တဲ့ စွမ်းအင်ပမာဏက တော်တော်များတာပဲ….” လက်အောက်ငယ်သားက ရေရွတ်လိုက်မိသည်။


“စကားမပြောပဲ တိတ်တိတ်လေးစောင့်နေ… မင်းက သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားမယ်….” သခင်လေးဝူက လေသံတိုးတိုးနှင့် သူမ၏ လက်အောက်ငယ်သားကို မာန်မဲလိုက်သည်။


လက်အောက်ငယ်သား၏ အမူအယာက တောင့်တင်းသွားပြီး အလျှင်အမြန် ခေါင်းငြိမ့်လိုက်သည်။ ဆေးစိုက်ခင်းထဲတွင် ပြောင်းလဲမှု ကြီးကြီးမားမားတစ်ခု ရုတ်တရက် ဖြစ်လာလေသည်။ သခင်လေးဝူ၏ ခြေထောက်အောက်မှ မှော်အစီအရင်က စတင်အသက်၀င်လာပြီး ဆေးစိုက်ခင်းတစ်ခုလုံးကို လှောင်အိမ်ကဲ့သို့ စည့်ခတ်လိုက်သည်ကို သတိပြုမိလိုက်သောကြောင့် သူမက နောက်သို့ ဆုတ်လိုက်လေသည်။


“ဘာတွေ ဖြစ်နေတာလဲ… ဘယ်လိုဖြစ်လို့ မှော်အစီအရင်က အသက်၀င်လာတာလဲ…”


သခင်လေးဝူက ပျာယာခတ်သွားလေသည်။


“အဲဒီမှာ ဘယ်သူလဲ… ငါတို့ မျိုးနွယ်စုရဲ့ ဆေးစိုက်ခင်းထဲကို ဘယ်သူတွေ ကျူးကျော်လာတာလဲ… ဘယ်လိုတောင် အတင့်ရဲတာလဲ… အခု ထွက်သွားစမ်း…”


ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်း၏ အလှအပတွင် နစ်မျောနေသော အားနီ၏ မျက်လုံးများက ပွင့်ဟလာပြီး စိတ်တိုစွာ အော်လိုက်သည်။ သူ၏ ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအားများ ထွက်ပေါ်လာပြီး သခင်လေးဝူတို့၏ နေရာသို့ ကြည့်လိုက်လေသည်။


ထိုနေရာတွင် စွမ်းအင်လှိုင်းများကို အာနီက ခံစားမိလိုက်သောကြောင့် တစုံတယောက် ပုနုးအောင်းနေသည်ကို သိရှိလိုက်သည်။ အားနီက ပို၍ ဒေါသထွက်လာပြီး အောဟစ်လိုက်သည်။


“အကျင့်မကောင်းတဲ့ လူသားတွေ ငါတို့ရဲ့ ဆေးစိုက်ခင်းထဲကို ခိုး၀င်ရဲတယ်လား…. သူတို့ကို လုံး၀ခွင့်လွှတ်ပေးလို့မရဘူး….”


ထိုအချိန်တွင် သခင်လေးဝူက စိတ်တိုနေပြီး သူမ၏ လှပသော မျက်နှာလေးက ရှုံ့မဲ့နေလေသည်။ 


“သေလိုက်စမ်း… ဘယ်ကောင်က ငါတို့ကို ချောက်ချတာလဲ…”