အခန်း ၁၆၇ “အာ… ရေသူမ”
တိမ်ဖြူစံအိမ်၏ သခင်မလေးဖြစ်သော ဝူယွမ်ပိုင်က ငယ်စဉ်ကပင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် အံ့အားသင့်လောက်ဖွယ် ပါရမီများကို ထုတ်ဖော်ပြသခဲ့သည်။ သူမက စံအိမ်၏ သခင်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ လက်ရှိအချိန်တွင် သူမက အင်ပါယာ အဆင့်ထိပ်ဆုံးသို့ ရောက်ရှိနေပြီး သူတော်စင်အဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။
လူငယ်မျိုးဆက်များကြားတွင် ပါရမီအရှိဆုံးအဖြစ် မကြာမဏ ချီးကြူးခံရလေသည်။ သူမသာ ယောက်ျားလေးတစ်ယောက်အဖြစ် မွေးဖွားလာပါက အမွှေဆက်ခံသူနေရာကို ပိုင်ဆိုင်ထားပြီး ဖြစ်နေပေလိမ့်မည်။
တိမ်ဖြူစံအိမ်က ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေအတွင်းမှ အင်အားကြီး အဖွဲ့တစ်ခု ဖြစ်ပြီး ဂိုဏ်းတစ်ခု မဟုတ်သော်လည်း ဂိုဏ်းများထက်ပင်ပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။ ဂိုဏ်းကြီးများကြားတွင် အာကာသအာနန် ဂိုဏ်းတစ်ခုသာ သူတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထို့အပြင် စံအိမ်အကြီးအကဲ၏ သိုင်းအဆင့်က ကြောက်စရာကောင်းလောက်အောင် မြင့်မားနေလေသည်။
၀ူယွမ်ပိုင်၏ မျက်နှာထားက အလွန်တင်းမာနေလေသည်။ ဆေးပင်များကြားမှ မှော်အစီအရင်က အသက်၀င်လာပြီး ဆေးစိုက်ခင်းတစ်ခုလုံးကို ဆန်းကျယ်သော အစီအရင်က ဖုံးလွှမ်းသွားသောကြောင့် ယခုအချိန်တွင် မြွေလူသားများမသိအောင် ဆေးပင်ခိုးရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် အားနီ ယုဖူနှင့် အခြားမြွေစစ်သည်များက သူတို့ရှိရာနေရာသို့ ပြေးလာနေကြလေသည်။
မြွေလူသားများထံမှ ကြောက်မက်ဖွယ် စွမ်းအင်အရှိန်အဝါများ ဖြာထွက်နေလေသည်။ အထူးသဖြင့် အားနီထံမှ ရက်စက်ကြမ်းကြုတ်သော မွန်းစတားတစ်ကောင်၏ အရှိန်အဝါများ ထွက်ပေါ်နေလေသည်။ သူ၏ မျက်၀န်းများတွင် အန္တာရာယ် အငွေ့အသက်များ ထွက်ပေါ်နေပြီး သူ၏ ခန္ဒာကိုယ်ပေါ်တွင် သွေးကြောများ ထောင်ထနေလေသည်။
၀ူယွမ်ပိုင်၏ လက်အောက်ငယ်သားက သူတို့၏ လက်ရှိအခက်အခဲကို သဘောပေါက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ခန္ဒာကိုယ်တစ်ခုလုံးကို ဆံပင်များဖြင့် ဖုံးလွှမ်းသွားပြီး မျက်၀န်းများက ကြေးခေါင်းလောင်းတစ်ခုကဲ့သို့ ပြူးကျယ်လာလေသည်။ သူ၏ လက်များကို ဆန့်ထုတ်လိုက်သည်နှင့် ပတ်၀န်းကျင်မှ တိမ်များက ပြိုကျလာပြီး မြွေလူသားများထံ တိုး၀င်သွားလေသည်။
တိမ်နှင်လက်ဝါး….
အားနီ၏ မျက်၀န်းများက အေးစက်သွားပြီး ခပ်မဲ့မဲ့ပြုံးလိုက်ကာ သူ၏ သွားစွယ်များကို ထုတ်ဖော်လိုက်သည်။ သူ၏ မျက်၀န်းအကြည့်များမှ အန္တရာယ်အငွေ့အသက်က ပို၍ ပြင်းထန်လာလေသည်။
“ငါထင်ထားတဲ့ အတိုင်းပဲ တိမ်ဖြူစံအိမ်က လူနှစ်ယောက်ပဲ… မင်းတို့ ဒီကို ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းအတွက် လာတာမဟုတ်လား…. အိမ်မက်သာ ဆက်မက်နေလိုက်ကြ….”
အားနီက လှောင်ပြောင်လိုက်ပြီး သူ၏ လက်ဝါးနှစ်ဖက်ကို ရှေ့တွင် ထား၍ စွမ်းအားများကို စုစည်းလိုက်သည်။ ထို့နောက် လက်ဝါးများကို တဖြည်းဖြည်း ပြန်ခွာလိုက်ရာ ကြားထဲတွင် အနက်ရောင် လှံတစ်ချောင်း ပေါ်လာလေသည်။
ထိုအချိန်တွင် ပြန်လည်တည်ငြိမ်သွားသော ဝူယွမ်ပိုင်က မြွေလူသားများကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သူတို့ကို မသတ်နဲ့ မလှုပ်ရှားနိုင်အောင်ပဲ လုပ်လိုက်… ငါတို့ရဲ့ ရည်ရွယ်ချက်က ဆေးပင်ကို ရဖို့ပဲ….”
“စိတ်မပူပါနဲ့ သခင်မလေး…. ဘာလုပ်ရမယ်ဆိုတာကို ငါသိတယ်….” လက်အောက်ငယ်သားက ထူးဆန်းစွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
“ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ… ငါ့ကိ်ု သခင်လေးဝူ… ဒါမှမဟုတ် သခင်လေးလို့ ခေါ်လို့ ပြောထားတယ်လေ…” ဝူယွမ်ပိုင်က သူ့ကို ရုတ်တရက် ပြန်အော်လိုက်သည်။
လက်အောက်ငယ်သားက ကသိကအောင့်ဖြင့် ချောင်းဆိုးလိုက်ပြီး မြွေလူသားများဘက်သို့ ပြန်လှည့်လိုက်သည်။ သူ၏ ခန္ဒာကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာပြီး မြွေလူသားများအပေါ်သို့ ပြင်းထန်သော ဖိအားများ သက်ရောက်လာလေသည်။
“ဒီလူက သူတော်စင်အဆင့် တစ်ယောက်လား…” အားနီ၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။
သူ့ရှေ့မှ လူကို သူတော်စင်အဆင့်ဟု မထင်ထားခဲ့ပေ။ တိမ်ဖြူစံအိမ်တွင်ပင် သူတော်စင်အဆင့်များက အရေးပါသောကြောင့် လှပသော ကောင်လေးတစ်ယောက်၏ လက်အောက်ငယ်သားကို သူတော်စင်အဆင့်ဟု ထင်မထားခဲ့ချေ။
“ကြည့်ရတာတော့ ဒီကောင်လေးက အရေးပါတဲ့လူပဲ ဖြစ်ရမယ်….”
သူ့ရှေ့က ပြိုင်ဘက်က သူတော်စင်အဆင့်တစ်ယောက် ဖြစ်နေသောကြောင့် အားနီက လူငယ်လေးက မည်သူဖြစ်သည်ကို ကောက်ချက်ချလိုက်နိုင်သည်။ သို့သော်လည်း သူက အနည်းငယ်မျှပင် မတတ်နိုင်တော့ချေ။ သူတော်စင်အဆင့်တစ်ယောက်၏ ခွန်အားက သူရင်ဆိုင်တားဆီးနိုင်သော ခွန်အားမဟုတ်ပေ။
သူတို့နှစ်ယောက်က အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း သူက ဘာမှမတတ်နိုင်ချေ။ သို့သော်အားနီက များစွာ စိုးရိမ်ပူပန်နေခြင်းမရှိပေ။ ပြိုင်ဘက်က သူတော်စင်အဆင့်တစ်ယောက် ဖြစ်နေသော်လည်း ဆေးစိုက်ခင်းကို စောင့်ကြပ်နေသော မြွေမျိုးနွယ်စု၏ အကြီးအကဲကလဲ သူတော်စင်အဆင့်တစ်ယောက်သာ ဖြစ်သည်။
အားနီ၏ အတွေးများ မဆုံးသေးခင်တွင် သူ၏ နောက်ဘက်မှ သူတော်စင်အဆင့် မြွေအကြီးအကဲက ထွက်ပေါ်လာလေသည်။
……………
မှော်အစီအရင်၏ နောက်တွင် ရှိနေသော စိတ်ဝိဥာဉ်ဆေးပင်ကို ကြည့်၍ ပုဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ သူမျှော်လင့်ထားသည့် အတိုင်းပင် ဆေးပင်စိုက်ခင်းများကို မည်သူကမှ အကာအကွယ်မရှိပဲ ပစ်ထားခဲ့မည်မဟုတ်ချေ။ တမူထူးခြားစွာ ကြည်လင်နေသော မှော်အစီအရင်ကို ကြည့်၍ ပုဖန်က စဉ်းစားနေလေသည်။
ပုဖန်၏ လက်ညိုးနှင့် အစီအရင်ကို ထိကြည့်လိုက်ရာ ကျင်ခနဲ ဖြစ်သွားသောကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။ ထို့နောက် ပုဖန်က မတ်တပ်ရပ်လိုက်ပြီး ပတ်၀န်းကျင်ကို ကြည့်လိုက်ရာ အခြားဆေးပင်များတွင် မှော်အစီအရင်များ ကာရံထားသည်ကို တွေ့လိုက်ရသည်။ ပုဖန်က မှော်အစီအရင်ကို သတိမထားမိပဲ အသက်သွင်းလိုက်မိသည်ကို သိရှိလိုက်သည်။
“ဟမ်… သူတော်စင်အဆင့်တွေရဲ့ အရှိန်အဝါတွေပါလား….”
ပုဖန်၏ သူ၏ ခပ်လှမ်းလှမ်းမှ ပျံ့လွင့်လာသော အရှိန်အဝါများကို ခံစားမိသွားသည်။ သူတော်စင်အဆင့် တစ်ယောက်၏ ဖိအားက သူ့အတွက် စိမ်းသက်နေခြင်းမရှိ်ပေ။ ပုဖန်၏ ရှောင်မန်နှင့် ကျော်မူရှန်တို့ကဲ့သို့ သူတော်စင်အဆင့်များနှင့် ကြုံဖူးသောကြောင့် အရှိန်အဝါများကို ခန့်မှန်းနိုင်သော်လည်း ဆေးစိုက်ခင်းထဲတွင် သူတော်စင်အဆင့်များနှင့် ကြုံရမည်ဟု မခန့်မှန်းထားချေ။
“ဒီလိုကျေးလက်ဒေသလေးမှာလဲ သူတော်စင်အဆင့်တွေ ရှိတာပဲလား…” ပုဖန်က သဘောကျစွာ တွေးလိုက်လေသည်။
ပုဖန်က မှော်အစီအရင်၏ အကာအကွယ်အောက်မှ ဆေးပင်ကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။ သူတော်စင်အဆင့်များက တစ်ဦးကိုတစ်ဦး အကြောင်းပြချက်မရှိပဲ တိုက်ခိုက်မည်မဟုတ်ပေ။ ဆေးစိုက်ခင်းထဲတွင် ဖြစ်သောကြောင့် သူတို့ တိုက်ခိုက်နေသည်မှာ အဆင့်မြင့် စိတ်ဝိဥာဉ်ဆေးပင်ကြောင့်သာ ဖြစ်နိုင်ပေသည်။
ပုဖန်က ထိုသို့ တွေးလိုက်ပြီးနောက် သူ၏ ခန္ဒာကိုယ်ထဲတွင် အားအင်များ ပြည့်၀လာသည်ဟု ခံစားလိုက်ရသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ အဆင့်မြင့် ဆေးပင်များကို ရှာဖွေရန် ဖြစ်သည်။ ထို့ကြောင့် ရှေ့သို့ ဆက်လျောက်သွားပြီး လူတစ်အုပ်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။
“အာ… ရေသူမတွေလား…..” ပုဖန်က ထိတ်လန့်တကြားရေရွတ်လိုက်မိသည်။
သို့သော် သေချာစွာ အကဲခတ်လိုက်ပြီးနောက် ထိုပုံရိပ်များက ဒဏ္ဍာရီလာ ရေသူမများ မဟုတ်သည်ကို သိရှိသွားလေသည်။ ထိုသူများ၏ ခန္ဒာကိုယ်အပေါ်ပိုင်းက လူသားများနှင့် တူနေပြီး ခန္ဒာကိုယ်အောက်ပိုင်းက မြွေများနှင့် တူကာ အကြေးခွံများ ဖုံးအုပ်နေလေသည်။
“မြွေလူသား…” ပုဖန်က ထိတ်လန့်တကြား ဖြစ်သွားလေသည်။
အခြားကမ္ဘာတွင် ပြန်လည်မွေးဖွားလာပြီးနောက် ထူးထူးဆန်းဆန်း အရာများကို ပထမအကြိမ် မြင်ရခြင်း ဖြစ်သောကြောင့် သူ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်နေလေသည်။ ထိုမြွေလူသားများက လှံရှည်များကို ကိုင်ဆောင်၍ သူတော်စင်အဆင့်များ တိုက်ပွဲဖြစ်ရာသို့ လျောတိုက်သွားနေကြသည်။ ပုဖန်သူတို့ကို သတိပြုမိသွားချိန်တွင် ထိုသူများကလဲ ပုဖန်ကို သတိပြုမိသွားကြသည်။
“အဲဒီမှာ ဘယ်သူလဲ…” မြွေစစ်သည်တော်တစ်ယောက်က လက်ထဲမှ လှံရှည်ကို ၀င့်၍ ဒေါသတကြီး အော်လိုက်လေသည်။
မြွေလူသားများက ကြင်နာမှု မရှိသောကြောင့် ပုဖန်က အနည်းငယ် အံ့သြသွားလေသည်။ (သွားလဲ ခိုးသေးတယ်…)
ငါ…
ပုဖန်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မြွေလူသားက လှံရှည်ကို သူ့ထံသို့ ပစ်လွှတ်လိုကပ်သည်ကို တွေ့လိုက်ရသည်။
“ငါတို့မြွေလူသားမျိုးနွယ်တွေရဲ့ ဆေးစိုက်ခင်းကို ၀င်ရောက်ကျူးကျော်လာတဲ့ လူသားတွေ .. သူတို့ကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်လိုက်….”
လှံရှည်ဆီမှ အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသောကြောင့် ပုဖန်က မဲ့လိုက်ပြီး တွေးလိုက်မိသည်။
“ကျူးကျော်တယ်ဆိုတာက ဘာအဓ်ိပ္ပါယ်လဲ… မင်းတို့ရဲ့ ပြိုပျက်နေတဲ့ ခြံစည်းရိုးက လုံတယ်လို့ ထင်နေတာလား….”
၀ါးခြံစည်းရိုးများမှာ အလွန်ဆွေးမြေ့ ဟောင်းနွမ်းနေပြီး အချို့နေရာများတွင် ပြိုကျနေသေးလေသည်။ လူသားများကိုသာမက အလွန်သေးငယ်သော သတ္တဝါများကိုပင် တားဆီးနိုင်မည်မဟုတ်ပေ။ ပုဖန်ကိုယ်တိုင်ပင် ထိုခြံစည်းရိုးများကို ကျော်၍ သက်တောင့်သက်သာ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ၏ အတွေးများကို မြွေလူသားများက ဂရုမစိုက်ပဲ လှံရှည်များတွင် အစစ်အမှန် စွမ်းအင်များ ထည့်သွင်း၍ တိုက်ခိုက်လိုက်ကြသည်။ ထိုမြွေလူသားများ၏ သိုင်းအဆင့်က နိမ့်ကျနေခြင်းမရှိပေ။ သူတို့အားလုံးက အဆင့်သုံး အဆင့်လေးများ ဖြစ်ကြပြီး ဆေးစိုက်ခင်းကို စောင့်ရှောက်ရန် လိုအပ်သည်ထက်ပင် ပိုနေလေသည်။
သို့သော် ပုဖန်က ဘုရင်အဆင့် ဖြစ်သောကြောင့် သူတို့ကို ကြောက်လန့်ခြင်းမရှိပေ။ သူ့တွင် တိုက်ခိုက်ရေးစွမ်းအင်များ မရှိသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်ပင် ဖြစ်သည်။ ပုဖန်၏ အကြည့့်များက စူးရှထက်မြတ်လှပြီး သူ၏ ခန္ဒာကိုယ်မှ အစစ်အမှန် စွမ်းအင်များ ဖြာထွက်လာသောကြောင့် ဆံပင်ကို စည်းနှောင်ထားသော သိုးမွှေးကြိုးက ပြတ်တောက်သွားပြီး ဆံပင်များ ဝဲကျလာလေသည်။
လှံရှည်ဖြင့် တိုက်ခိုက်လာသော မြွေလူသားက ပြောင်းလဲမှုများကြောင့် အလွန်တုန်လှုပ်သွားလေသည်။
“ဘုရင်အဆင့်လား….”
မြွေလူသားများက တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်ကြသည်။ သူတို့က အဆင့်လေးများသာ ဖြစ်ပြီး ဘုရင်အဆင့်နှင့် တိုက်ခိုက်ပါက သူတို့သာ ရှုံးနိမ့်မည်ကို သိလိုက်ကြလေသည်။ ရဲရင့်သော မြွေလူသားတစ်ယောက်က သူ၏ လည်ပင်ကို ဆန့်၍ ကျယ်လောင်စွာ အော်လိုက်လေသည်။
“ဆိုးဝါးရက်စက်တဲ့ လူသား…. မင်းက ငါတို့ရဲ့ စိတ်ဝိဥာဉ်ဆေးပင်တွေကို လာခိုးတာမဟုတ်လား…. အဲလိုဆိုရင် မင်းငါတို့ရဲ့ အလောင်းတွေကို ဖြတ်ကျော်သွားရလိမ့်မယ်…”
သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ပုဖန်၏ သူ၏ အရှိန်အဝါများကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ အူကြောင်ကြောင် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
“ဘာလို့ငါက မင်းတိုပ အလောင်းတွေကို ဖြတ်ကျော်သွားရမှာလဲ…. မင်းတို့က အဲလိုလုပ်စေချင်တာလား… ငါ့ကိုမျက်နှာပျက်ရအောင် မလုပ်စမ်းပါနဲ့…” ပုဖန်က ပြန်ပြောလိုက်သည်။
မြွေလူသားများ၏ အမူအယာက တင်းမာသွားပြီး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
မြွေလူသားမျိုးနွယ်များနှင့် မိုင်အနည်းငယ် ကွာဝေးသော နေရာရှိ ရေမျက်နှာပြင်ပေါ်တွင် ပူစီပေါင်းများ ပလုံစီထလာပြီး ကြီးမားသော အရာတစ်ခု ထွက်ပေါ်လာလေသည်။ အရာက မြွေလူသားများထံသို့ လျှင်မြန်စွာ ဦးတည်နေလေသည်။ အခြားနေရာများတွင်လည်း သတ္တဝါကြီးများ ထွက်ပေါ်လာပြီး မြွေလူသားများထံ ဦးတည်နေကြသည်။
ကြီးမားသော စိတ်ဝိဥာဉ်သားရဲတစ်ကောင်က မြွေလူသားများ စုရုံးရာနေရာသို့ ရုတ်တရက် ရောက်ရှိလာလေသည်။