အပိုင်း ၁၆၈
Viewers 53k

အခန်း ၁၆၈ “ဓါးမ ကိုင်ထားသည့် ကြောက်စရာကောင်းသော လူ”


“သခင်မလေး… ဒီနေရာကနေ မြန်မြန်သွားတော့.. ဒီမြွေလူသားနဲ့ ငါရင်ဆိုင်လိုက်မယ်….”


၀ူယွမ်ပိုင်၏ လက်အောက်ငယ်သားက ပြောဆိုလိုက်ပြီး သူ၏ ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ ထို့နောက် အမြှီးကို လတ်နတ်တစ်ခုအဖြစ် အသုံးချတိုက်ခိုက်လိုက်သော အကြီးအကဲ မြွေလူသား၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ မြွေလူသား၏ တိုက်ခိုက်မှုက အလွတ်သန်မာလှသောလည်း သူတော်စင်အဆင့်တစ်ယောက်ဖြစ်သော သူက ကာကွယ်နိုင်လိုက်သည်။


သူတို့နှစ်ဦးက ကောင်းကင်ပေါ်သို့ ပျံတက်၍ လေထဲတွင် တိုက်ခိုက်လိုက်ကြသည်။ သူတို့ တိုက်ခိုက်နေကြသော နေရာက ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းအနီးတွင် ဖြစ်သောကြောင့် နှစ်ဖက်လုံးက ကြာပန်းကို မထိခိုက်စေလိုကြချေ။ ထို့ကြောင့် သူတို့က ညှိနှိုင်းရန်ပင် မလိုပဲ လေထဲတွင် ပျံတက်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။


၀ူယွမ်ပိုင်က လေထဲမှ တိုက်ပွဲကို အေးစက်စွာ ကြည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်၍ နောက်သို့ တစ်လှမ်းဆုတ်လိုက်လေသည်။


“လူသား… ဘယ်ကို ပြေးမလို့လဲ….” အားနီက ဒေါသတကြီး အော်ဟစ် ကြုံးဝါးလိုက်ပြီး လက်ထဲမှ လှံရှည်ကို ဝူယွမ်ပိုင်ထံသို့ ပစ်ထုတ်လိုက်သည်။


၀ူယွမ်ပိုင်က မျက်မှောင်ကြုံ့လိုက်ပြီး လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။ ထိုအချိန်တွင် အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာပြီး နေရာအနှံ့သို့ လွှမ်းခြုံသွားလေသည်။ 


မြူခိုးများထဲမှ အားနီထွက်လာသောအခါ ဝူယွမ်ပိုင်က ပျောက်ကွယ်သွားပြီဖြစ်သည်။ အားနီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏အမြှီးဖြင့် မြေပြင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ထို့နောက် ဝူယွမ်ပိုင် ဦးတည်သည့် ဘက်သို့ အလျှင်အမြန် လျောတိုက်လိုက်သွားလိုက်သည်။


၀ူယွမ်ပိုင်က လက်နောက်ပစ်ထားပြီး မြေပြင်ကို ထိသည်ဆိုရုံမျှ ခြေဖျားထောက်၍ ဆေးစိုက်ခင်းကို ပေါ့ပါးစွာ ဖြတ်ပြေးနေလေသည်။ ထိုအချိန်တွင် ရုတ်တရက်တွေ့လိုက်သော မြင်ကွင်းကြောင့် သူမက အံ့အားသင့်သွားလေသည်။ သွယ်လျှသော လူငယ်တစ်ယောက်က လတ်နတ်တစ်ခုကို ကိုင်ထားလေသည်။


“ဟမ်… သူ့လက်ထဲက မီးဖိုချောင်သုံးဓါးလား….”


၀ူယွမ်ပိုင်၏ အမူအယာက ထူးဆန်းသွားလေသည်။ မြွေလူသားများ၏ ဆေးစိုက်ခင်းထဲတွင် ရောက်ရှိနေသော မီးဖိုချောင်သုံးဓါးကို ကိုင်ဆောင်ထားသည် လူတစ်ယောက်၊ သူ့ရှေ့တွင် ပြားပြား၀ပ်နေကြသော မြွေလူသားသုံးယောက် ထိုမြင်ကွင်းက သူမကို အံ့အားသင့်သွားစေသည်။


ထိုအချိန်တွင် မြေပြင်ပေါ်သို့ လဲကျနေသော မြွေလူသား သုံးယောက်က ကြောက်ရွံ့ထိတ်လန့်နေကြလေသည်။ သူတို့က ထိုသွယ်လျှသော လူသားလက်ထဲမှ မီးဖိုချောင်သုံး ဓါးကို ထိတ်လန့်နေကြခြင်း ဖြစ်သည်။ ဓါးမထွက်ပေါ်လာချိန်တွင် သူတို့၏ မူလမျိုးစက်သွေးများပင် တုန်လှုပ်လာကြပြီး သူတို့၏ ခန္ဒာကိုယ်ထဲတွင် စီးဆင်းနေသော အစစ်အမှန် စွမ်းအင်များပင် ရပ်တန့်သွားလေသည်။


“ဒီ… ဒီဓါးက ဘယ်လို တည်ရှိမှုမျိုးလဲ….”


“ငါတို့ရှေ့မှာရပ်နေတဲ့လူကရော ဘယ်သူလဲ….”


သူတို့က ထိုလူသားကို အားနည်းသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ထိုလူသားက ဓါးမကို ဆွဲထုတ်လိုက်သည်နှင့် တိုက်ပင် မတိုက်ခိုက်လိုက်ရပဲ ဤ အခြေအနေသို့ ရောက်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က မျက်ရည်များပင် စီးကျနေလေသည်။


ပုဖန်က သူ့ရှေ့မှ မြွေလူသားသုံးယောက်ကို ကြည့်၍ ခပ်ဟဟ ပြုံးလိုက်လေသည်။ ထိုသူများက မြွေတစ်ပိုင်းလူတစ်ပိုင်း ဖြစ်ကြသော်လည်း သူတို့၏ သွေးများထဲတွင် မြွေမျိုးဆက်သွေးများ ပါ၀င်နေလေသည်။ သူတို့က နဂါးများနှင့် ပင် ရှုပ်ထွေးသော ဆက်သွယ်ချက်များ ရှိသောကြောင့် ကြောက်စရာကောင်းသော နဂါးအရှိန်အဝါများ ပါ၀င်သော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး၏ ဖိနှိပ်မှုကို မခံနိုင်သည်မှာ သဘာ၀ကျလေသည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ဝေ့ရမ်းလိုက်ပြီး မြွေလူသားများကို ဂရုမစိုက်တော့ပဲ လျောက်ထွက်လာလေသည်။ ထိုအချိန်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ မြုခိုးများကြားမှ ထွက်လာသော ဝူယွမ်ပိုင်က ပုဖန်ကို မြင်လိုက်ပြီး မှင်သက်သွားလေသည်။


ပုဖန်၏ ပုံရိပ် ထင်ရှားလာသည်နှင့် သူမ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ၀င်ရောက်လာလေသည်။ ထိုလူငယ်၏ သိုင်းအဆင့်က ဘုရင်အဆင့်သာ ရှိသေးပြီး မြွေလူသားများ၏ ဆေးစိုက်ခင်းအတွင်း ခိုး၀င်ရဲသော သတ္တိကို သူမက မတွေးတောနိုင်ချေ။


ဤနေရာမှ မြွေလူသားမျိုးနွယ်စုက မြွေလူသားမျိုးနွယ်စုများ ကြားတွင် အားနည်းသော်လည်း အလွန်သန်မာလှသော မြွေစစ်သူရဲများ ရှိနေသေးပေသည်။ ဘုရင်အဆင့်တစ်ယောက်က သူတို့အတွက် ရယ်စရာကောင်းလောက်အောင် အားနည်းလှချေသည်။ 


၀ူယွမ်ပိုင်က ပုဖန်ကို သတိပြုမိလိုက်ချိန်တွင်ပင် ပုဖန်ကလဲ ဝူယွမ်ပိုင်ကို သတိပြုမိသွားလေသသည်။ သူ၏ မျက်စိရှေ့မှ လှပသော လူငယ်လေးက သူ့ကို ဖြတ်ကျော်သွားသော လှေထဲမှ လူတစ်ယောက်ဖြစ်သည်ကို ပုဖန်က သတိရသွားလေသည်။ အခြားအဖွဲ့၏ ရည်ရွယ်ချက်က ဆေးစိုက်ခင်းပင် ဖြစ်နေမည်ဟု ပုဖန်က ထင်မထားခဲ့ချေ။ 


“မင်းဘယ်သူလဲ… ဒီနေရာက အရမ်းအန္တရာယ်များတယ်ဆိုတာ မသိဘူးလား…” ဝူယွမ်ပိုင်က မေးလိုက်လေသည်။ သူမ၏ အသံက သာမာန်မိန်းကလေးများကဲ့သို့ မဟုတ်ပဲ အေးစက်စက် ဖြစ်နေလေသည်။


“ဒီနေရာက မြန်မြန်ထွက်သွားသင့်တယ်… ဒီမှာ သူတော်စင်အဆင့်တွေ တိုက်ပွဲဖြစ်နေတယ်… မင်းသာရှေ့ဆက်သွားမယ်ဆိုရင် တိုက်ပွဲကြားညှပ်သွားလိမ့်မယ်…” 


၀ူယွမ်ပိုင်က သတိပေးပြီးသည်နှင့် ပုဖန်ကို ဖြတ်ကျော်သွားလေသည်။ ပုဖန်က သူမကို ကြည့်နေချိန်တွင် ဆေးစိ်ုက်ခင်းများကြားမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာပြီး ဝူယွမ်ပိုင်ကို လှံရှည်နှင့် တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် ပုဖန်က အံ့အားသင့်သွားလေသည်။ 


ပုဖန်က ထိုနှစ်ယောက်၏ ကြားတွင် ရှိနေသောကြောင့် တိုက်ခိုက်မှုမှ ပြင်းထန်သော အငွေ့အသက်များကို ခံစားလိုက်ရသည်။


“ဒီမှာ လူသားနောက်တစ်ယောက် ပါလား… ရဲတင်းလိုက်တဲ့ လူသားတွေ… ငါတို့မျိုးနွယ်စုရဲ့ ဆေးစိုက်ခင်းကို မင်းတို့ တိမ်ဖြူစံအိမ်က ဥယျာဉ်တော်များ မှတ်နေလား…. သေပေတော့..”


အားနီက ပုဖန်ကို ထပ်တွေ့လိုက်ရသောကြောင့် ဒေါသထွက်သွားပြီး လှံရှည်နှင့် တိုက်ခိုက်လိုက်လေသည်။ 


၀ူယွမ်ပိုင်က လမ်းလျောက်နေရာမှ ရပ်တန့်လိုက်ပြီး ကျိန်ဆဲလိုက်မိသည်။ ထိုလူငယ်က ကြားတွင် ရှိနေသောကြောင့် လှံချက်ထိသည်နှင့် သေဆုံးသွားမည်ဖြစ်သည်။ မီးဖိုချောင်သုံး ဓါးတစ်လက်ကို ကိုင်ဆောင်ထားသော ဘုရင်အဆင့်တစ်ယောက်ကို သတ်ဖြတ်ရန် အားနီကဲ့သို့ အင်ပါယာအဆင့်တစ်ယောက်က စက္ကန့်ပိုင်းလောက်သာ အချိန်လိုအပ်ပေလိမ့်မည်။


သူမက ပုဖန်ကို သတိပေးရန် နောက်သို့ ပြန်လှည့်လိုက်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်၀န်းများပင် ပြူးကျယ်လာပြီး ပါဒစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ 


ပုဖန်က သူ၏ မြင်ကွင်းထဲတွင် ကြီးသထက် ကြီးမားလာသော လှံရှည်ကို မျက်မှောင်ကြုံ့၍ စိုက်ကြည့်နေပြီး ကြက်သီးမွှေးညှင်းများပင် ထလာလေသည်။ ထို့ကြောင့် ပုဖန်က လက်ထဲမှ မီးဖိုချောင်သုံးဓါးကို လွဲရမ်းလိုက်သည်။ သူ၏ အစစ်အမှန် စွမ်းအင်များက ဓါးပေါ်သို့ စီး၀င်သွားပြီး ဓါးက ရွှေရောင်တောက်လာလေသည်။


ဓါးကို ဝေ့ရမ်းလိုက်သည်နှင့် လှံရှည်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် ဖိအားများက အဖက်ဖက်သို့ လွင့်စင် ပျောက်ကွယ်သွားပြီး ရွှေရောင်တောက်ပနေသော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးသာ ကျန်ခဲ့လေသည်။ ဓါးမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းများက အားနီ၏ ကိုယ်ပေါ်သို့ ကျရောင်သွားသည်နှင့် အားနီ၏ မျက်နှာက ဖြူဖျော့သွားလေသည်။


အားနီ၏ မျိုးဆက်သွေးများက ငယ်ကြောက်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့ရိုသေမှုများ ထွက်ပေါ်လာပြီး အားနီက မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူ၏ ခန္ဒာကိုယ်မှ ကြွက်သားများပင် တုန်လှုပ်နေလေသည်။ 


“သူက တုန်လှုပ်နေတာလား… တစ်ကယ်ပဲ လူသားတစ်ယောက်ကြောင့် တုန်လှုပ်နေတာလား… ဒီလူ… သူက ဘယ်သူလဲ…”


၀ူယွမ်ပိုင်က သူ၏ အမြင်များ ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရကာ ကြောင်တက်တက် ဖြစ်နေလေသည်။


“လှံရှည်က ဘယ်ရောက်သွားတာလဲ… ပြီးတော့ မြွေလူသားက မြေပြင်ပေါ်မှာ ဘာလို့ ပြားပြား၀ပ်နေတာလဲ….”


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးသို့ စွမ်းအင်ပို့လွှတ်မှုကို ရပ်တန့်လိုက်သည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသက်သွင်းရန် အသုံးပြုရသော အစစ်အမှန် စွမ်းအင်ပမာဏမှာ များပြားလှပေသည်။ ထို့ကြောင့် ပုဖန်က သာမာန်အချိန်တွင် ဓါးကို အသက်သွင်းထားရန် မတတ်နိုင်ပေ။


အားနီက သူခံစားနေရသော ဖိအားများ လျော့ကျလာသည်ကို သိလိုက်သောကြောင့် ခက်ခက်ခဲခဲ ခေါင်းမော့၍ ပုဖန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ သို့သော် ပုဖန်က သူ့ကို ဂရုမစိုက်ပဲ သူတော်စင်အဆင့်များ တိုက်ခိုက်နေရာသို့ လှမ်းကြည့်နေပြီး သူနောက်မှ ရွံ့နွံမြေကို ပြန်ကြည့်လိုက်သည်။ 


“ငါသာ မင်းနေရာမှာဆိုရင် အဲဒီတိုက်ပွဲထဲကို ၀င်သွားမှာမဟုတ်ဘူး…. သူတော်စင်အဆင့်တွေကြားက တိုက်ပွဲက အရမ်းပြင်းထန်တယ်…” ဝူယွမ်ပိုင်က လှမ်းပြောလိုက်သည်။ သူမက ပုဖန်၏ အကြောင်းကို ပို၍ သိချင်နေလေသည်။


“အဲဒီသူတော်စင် အဆင့်တွေက ဘာလို့ တိုက်ခိုက်နေကြတာလဲ….” ပုဖန်က သူမကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့၍ မေးလိုက်သည်။


“နင်… နင်မသိဘူးလား…”


၀ူယွမ်ပိုင်က အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေးလိုက်မိလေသည်။သူမရှေ့မှ လူက အရှက်မရှိ မျက်နှာပြောင်တိုက်တတ်ပုံ ရလေသည်။ 


“သူတို့က စိတ်ဝိဥာဉ်ဆေးပင်အတွက် တိုက်ခိုက်နေကြတာ….” ဝူယွမ်ပိုင်က ပြန်ဖြေလိုက်သည်။ 


“ဒါဆိုရင်တော့ ငါဒီမှာနေဖို့ အကြောင်းပြချက် ရသွားတာပေါ့…” ပုဖန်က ပြန်ပြောလိုက်လေသည်။ 


၀ူယွမ်ပိုင်၏ စိတ်ထဲတွင် မတွေးနိုင်လောက်အောင် ဖြစ်သွားလေသည်။ သူမက ဖြစ်ပျက်နေသော ကိစ္စများကို ရှင်းပြပြောဆိုပြီးဖြစ်သည်။ သူတော်စင်အဆင့်နှစ်ယောက် တိုက်ခိုက်နေရာသို့ ဘုရင်အဆင့်တစ်ယောက် ၀င်သွားခြင်းက ကိုယ့်ကိုကိုယ် သတ်သေခြင်းပင် ဖြစ်သည်။


“နင်ထွက်မသွားဘူးလား… ဘာလို့လဲ… စိတ်ဝိဥာဉ်ဆေးပင်ကြောင့်လား….” ဝူယွမ်ပိုင်က မေးလိုက်သည်။


“အမှန်ပဲ…” ပုဖန်က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်၍ ပြန်ဖြေလိုက်ပြီး တွေးလိုက်မိသည်။


“စိတ်ဝိဥာဉ်ဆေးပင်ကြောင့်မဟုတ်ရင် ဘာကြောင့်ငါက ဒီမှာနေရမှာလဲ…”


ထိုအချိန်တွင် သူတို့ရပ်နေသော မြေပြင်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး မြေအောက်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာလေသည်။ ဝူယွမ်ပိုင်၏ မျက်၀န်းများက အေးခဲသွားပြီး သူမတစ်ကိုယ်လုံး အေးခဲတောင့်တင်း သွားသော်လည်း ပုဖန်က အမူအယာမပျက် ရပ်နေလေသည်။ ထို့နောက် သူတို့နှစ်ယောက်က လှည့်ကြည့်လိုက်ကြသည်။


သူတို့၏ မြင်ကွင်းထဲမှ ဆေးစိုက်ခင်းထဲသို့ ထူးထူးခြားခြား ကြီးမားလှသော အရိပ်ကြီးတစ်ခုက ဖုံးလွှမ်းလာလေသည်။ ထိုအရာက အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိဥာဉ်သားရဲကြီး တစ်ကောင်ဖြစ်ပြီး အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေသော သွေးနီရောင် မျက်၀န်းများကို ဖွင့်၍ သူတို့ကို စိုက်ကြည့်နေလေသည်။ 


မြေပြင်ပေါ်သို့ လဲကျနေသော အားနီ၏ မျက်နှာပေါ်တွင် ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေလေသည်။ သူ၏ ခန္ဒာကိုယ် တစ်ခုလုံးကလဲ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်နေလေသည်။


“အ..အဆင့်ခုနစ် စိဝိဥာဉ်သားရဲ… သွေးသရဖူ ရွံ့နက် စပါးအုံးမြွေ…..”