အပိုင်း ၁၆၉
Viewers 53k

အခန်း ၁၆၉ “ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းရဖို့ ငါဘယ်လိုလုပ်ရမလဲ…”


သွေးသရဖူရွံ့နက် စပါးအုံးမြွေများက ပုံရိပ်ယောင် စိတ်ဝိဥာဉ် နွံမြေအတွင်းမှ ကြီးမားသော သားရဲများ ဖြစ်ကြသည်။ ထိုမြွေမျိုးစိတ်က အရွယ်ရောက်လာသည်နှင့် အဆင့်လေးသားရဲများ ဖြစ်လာကြပြီး နှစ်တစ်ရာလျင် တစ်ကြိမ် သွေးသစ်လောင်းလေ့ရှိသည်။ အဆင့်ခုနစ် သွေးသရဖူရွံ့နက် စပါးအုံးမြွေက သုံးကြိမ်တိုင်တိုင် သွေးသစ်လောင်းထားပြီး ဖြစ်သောကြောင့် သူ၏ အငွေ့အသက်များက အလွန်ကြောက်စရာ ကောင်းလှသည်။


ထိုသားရဲကြီးက အလွန်ကြီးမားလှပြီး ရွံ့နွံများအတွင်းမှ မီတာရာဂဏန်း အနည်းငယ်မျှထိ ထိုးတက်သွားလေသည်။ သူ၏ ခန္ဒာကိုယ်တစ်လျောက်တွင် အကြေးခွံများ ဖုံးလွမ်းနေပြီး နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ သူ၏ မျက်လုံးများက စက္ကူမီးပုံးတစ်ခုမျှ ကြီးမားလှလေသည်။


သားရဲကြီး၏ ခေါင်းထက်တွင် ကြက်အမောက်ကဲ့သို့သော အသားပိုတစ်ခု ပါရှိပြီး ထိုနေရာက သူ၏စွမ်းအင်များကို သိမ်းဆည်းထားသော နေရောဖြစ်သည်။ အသားပိုတစ်ခုလုံးက ရဲရဲနီနေပြီး ဝိဥာဉ်စွမ်းအင်များ ပြည့်နှက်နေလေသည်။ ရွံ့နက်မြွေက သူ၏ ပါးပျဉ်းကို ခွက်လိုက်ပြီး လျှာကို ထုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ဖိအားကထွက်ပေါ်လာလေသည်။ 


“ဒီသွေးသရဖူ ရွံ့နက် စပါးအုံးမြွေက အဆင့်ရှစ်ကို ရောက်ခါနီးနေပြီး ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းရဲ့ ဆွဲဆောင်မှုကြောင့် ဒီနေရာကို ရောက်လာတာ ဖြစ်နိုင်တယ်…” ဝူယွမ်ပိုင်က မျက်နှာထားတင်းတင်းနှင့် ပြောလိုက်သည်။ 


ခပ်လှမ်းလှမ်းမှ ပုံရိပ်တစ်ခုက သူမ၏ နောက်သို့ ရုတ်တရက် ရောက်လာလေသည်။ ထိုသူက အပြင်ဘက်တွင် အစောင့်ထားခဲ့သော လက်အောက်ငယ်သားတစ်ယောက်ဖြစ်ပြီး သူ၏ မျက်နှာအမူအယာက အလွန်ပျက်ယွင်းနေသည်။ 


“မိန်းကလေး… ဒီမြွေလူသားမျိုးနွယ်တွေရဲက နေရာအနှင်္ံ့မှာ စိတ်ဝိဥာဉ်သားရဲတွေနဲ့ ပြည့်နှက်နေတယ်… အဆိပ်ဖားနဲ့ နတ်ဆိုးအမြှီး မိချောင်ေးတွလဲ အများကြီးပဲ ….. ငါတို့တော့ အဝိုင်းခံထားရပြီ…” ထိုသူက စိုးရိမ်တကြီး ပြောလိုက်လေသည်။


ရွံ့နွံ့ထဲမှ စိတ်ဝိဥာဉ်သားရဲများနှင့် အဆင့်ခုနစ် ရွံ့နက် စပါးအုံးမြွေတို့ကို ပေါင်းလိုက်ပါက အခြေအနေက ကပ်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ ပတ်ပတ်လည်တွင် နတ်ဆိုးသားရဲများ ၀န်းရဲနေသောကြောင့် အပြင်သို့ ဖောက်ထွက်ရန် ခက်ခဲပြီး အလွန်အန္တရာယ် များလှပေသည်။ 


ဤအခြေအနေတွင် မြွေလူသားမျိုးနွယ်ထံသို့ ပြန်ပြေး၍ အဆင့်ခုနစ် စပါးအုံးမြွကို သူတော်စင်အဆင့်နှင့် ရင်ဆိုင်းခိုင်းရန် ဝူယွမ်ပိုင်က တွေးလိုက်မိသည်။


“ငါတို့ ဆေးစိုက်ခင်းထဲကို ပြန်၀င်ကြစို့…” ဝူယွမ်ပိုင်က ပုဖန်ကို ပြောလိုက်ပြီး သူမထွက်လာသော နေရာသို့ ရှေ့မှ ဦးဆောင်ပြေးလွှားသွားလေသည်။ 


ပုဖန်က တခဏမျှ ကြောင်အနေပြီး ကောင်းကင်ကိုပင် ကွယ်လုနီးပါး ဖြစ်နေသော ကြီးမားလှသည့် ရွံ့နက်မြွေကို စိုက်ကြည့်လိုက်သည်။ သူ၏ အမူအယာက ရှုံ့မဲသွားပြီး မီးဖိုချောင်သုံးဓါးကို ကိုင်၍ ဝူယွမ်ပိုင်၏ နောက်သို့ ပြေးလိုက်သွားလိုက်သည်။ 


သူက အရူးတစ်ယောက်မဟုတ်ပေ။ ထိုသို့ ကြီးမား၍ များပြားလှသော သားရဲများနှင့် ရင်ဆိုင်သည်ထက် ထွက်ပြေးသည်က ဥာဏ်ကောင်းသော ရွေးချယ်မှုပင် ဖြစ်သည်ကို သိရှိလေသည်။


တဆတ်ဆတ်တုန်ယင်နေသော အားနီက မြေပြင်ပေါ်မှ လူးလဲထလိုက်ပြီး မြွေလူသားမျိုးနွယ်သုံးယောက်ကို သယ်ဆောင်၍ ပုဖန်နောက်သို့ ပြေးလိုက်သွားလိုက်သည်။ ရွံ့နက်မြွေ၏ ပုံရိပ်က ပို၍ ကြီးမားလာပြီး သူ၏ မျက်၀န်းများက ပိုမိုတောက်ပလာကာ အရှေ့သို့ လျောတိုင်ရွေ့လျားလိုက်သည်။ 


အားနီက နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရွံ့နက်မြွေ၏ ရွေ့လျားမှုကြောင့် စိုက်ခင်းများ ပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။ စိတ်ဝိဥာဉ်ဆေးပင် အများအပြား ပျက်စီးသွားခြင်းကြောင့် သူ့စိတ်ထဲတွင် အလွန်နာကျင်သွားပြီး အသက်ရှုရန်ပင် ခက်ခဲလာလေသည်။ သို့သော် သူက အနောက်သို့ ပြန်မလှည့်ရဲချေ။


မြွေလူသားမျိုးနွယ်များက သဘာ၀အားဖြင့် မြွေများကိုဖိနှိပ်နိုင်သော်လည်း သူ၏ နောက်မှ သွေးသရဖူ ရွံ့နက်မြွေက အလွန်ကြောက်စရာကောင်းလှပြီး မြွေလူသားမျိုးနွယ်များ ထိန်းချုပ်နိုင်သော အရာမဟုတ်ပေ။ ထိုကဲ့သို့ ကြောက်စရာကောင်းလှသော သားရဲများနှင့် ရင်ဆိုင်ရချိန်တွင် အဝေးသို့ ထွက်ပြေးရန်က သူ၏ အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်သည်။ 


ပုဖန်က ဝူယွမ်ပိုင်၏ နောက်သို့ မျက်နှာသေနှင့် ပြေးလိုက်နေပြီး အချိန်အနည်းငယ်အကြာတွင် ဝါးစည်းရိုးကာရံထားသော ရေကန်ငယ်လေးရှိရာသို့ ရောက်လာလေသည်။ ထိုကန်၏ ရေမျက်နှာပြင်ပေါ်တွသ် အပြာဖျော့ရောင် ကြာဖူးတစ်ခု ပေါ်လောပေါ်နေလေသည်။


ပုဖန်က ကြာဖူးထက်တွင် များပြားလှသော စိတ်ဝိဥာဉ်စွမ်းအင်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသောကြောင့် မျက်လုံးများ တောက်ပလာလေသည်။


“ဒါက… အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်… … တကယ်ပဲ အဆင့်ခုနစ်စိတ်ဝိဥာဉ်ဆေးပင်ပဲ … ဒါကြောင့် သူတော်စင်အဆင့်တွေ တိုက်ခိုက်နေကြတာကိုး… ပြီးတော့ ဒီကြာဖူးရဲ့ ဆွဲဆောင်မှုကြောင့် နတ်ဆိုးသားရဲတွေ ရောက်လာတာ ဖြစ်ရမယ်…”


အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်တိုင်းက အဆင့်ခုနစ်သားရဲတိုင်းကို မဆွဲဆောင်နိုင်ပေ။ သို့သော် အချို့ဆေးပင်များတွင် အားသာချက်များရှိပြီး အဆင့်ခုနစ်သားရဲများကို ဆွဲဆောင်နိုင်စွမ်းရှိနေလေသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်ခုနစ် သားရဲတစ်ကောင်ကောင်က ထိုဆေးပင်ကို ပိုင်ဆိုင်သွားပါ အဆင့်ချိုးဖျက် တက်ရောင်နိုင်ချေ ပိုမိုမြင့်မားလာနိုင်သောကြောင့် ဖြစ်သည်။


ထိုသို့သော စိတ်ဝိဥာဉ်ဆေးပင်များကြောင့် အဆင့်ခုနစ် နတ်ဆိုးသားရဲများကြားတွင် တိုက်ပွဲများ ဖြစ်ပေါ်လာရသည်မှာ သဘာ၀ပင် ဖြစ်သည်။ ဖီးနစ်စုတေ တောင်ကြားထဲတွင် ဖီးနစ်သွေးဆေးပင်ကဲ့သို့ အဆင့်ခုနစ် ဆေးပင်ကြောင့် အဆင့်ခုနစ် သားရဲနှစ်ကောင် တိုက်ခိုက်ခဲ့ခြင်းမှာ ထိုဆေးပင်က သူတို့၏ အဆင့်ချိုးဖျက်မှုကို ကူညီနိုင်သောကြောင့် ဖြစ်သည်။


ယခု သူ၏ ရှေ့မှ ဆေးပင်က ထိုကဲ့သို့သော ဆေးပင် ဖြစ်နိုင်ပေသည်။ ထိုဆေးပင်က ဖီးနစ်သွေးဆေးပင်နှင့် ယှဉ်နိုင်သော အဆင့်ရှိပုံရလေသည်။ 


ပုဖန်က စိတ်လှုပ်ရှားပျော်ရွှင်နေလေသည်။ ကံကောင်းမှုက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီး အချိန်များစွာ ကုန်ဆုံးပြီးနောက် အဆင့်ခုနစ် ဆေးပင်တစ်ပင်ကို တွေ့ရှိခဲ့ပြီဖြစ်သည်။ 


“ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း… ရေခဲစွမ်းအင်ပေါ့… ဖီးနစ်သွေးဆေးပင်က မီးစွမ်းအင်…. ငါသာ ဒီဆေးပင် နှစ်ခုကို ပေါင်းစပ်ပြီး ဝိုင်ဖော်စပ်လိုက်ရင် ရေခဲနဲ့မီး ပေါင်းစပ်စွမ်းအင်ပေါ့… အဲဒီထဲကိုမှ သုံးလမ်းကြောင်း သိမြင်မှု သစ်သီးကို ပေါင်းထည့်လိုက်မယ်ဆိုရင် … ဝါး…. လုံး၀ကို ပြီးပြည့်စုံသွားပြီ….” ပုဖန်က စိတ်လှုပ်ရှားပျော်ရွှင်နေလေသည်။


ဘန်း…ဘန်း…. 


လေထဲတွင် တိုက်ခိုက်နေသော သူတော်စင်အဆင့်နှစ်ယောက်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး တင်းမာသော မျက်နှာထားများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ အဆင့်ခုနစ် သွေးသရဖူ ရွံ့နက်စပါးအုံးမြွေ ထွက်ပေါ်လာခြင်းကို သူတို့က အာရုံစိုက်ရန် လိုအပ်ပေသည်။


“ဒီသွေးသရဖူ ရွံ့နက် စပါးအုံးမြွေက ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းရဲ့ ဆွဲဆောင်မှုကြောင့် ရောက်လာတာလား…. သေစမ်း….” မြွေလူသားအကြီးအကဲက နှာမှုတ်လိုက်ပြီး သူ၏အမြှီးကို မြေပြင်ပေါ်သို့ ရိုက်လိုက်လေသည်။


ခပ်လှမ်းလှမ်းတွင် အကြီးအကဲတစ်ယောက်နှင့်အတူ မြွေလူသားအုပ်စုတစ်စုက တဖြည်းဖြည်း ရောက်ရှိလာလေသည်။


“ခေါင်းဆောင်…”


မြွေလူသားအကြီးအကဲက ထိုအုပ်စုထဲမှ ခေါင်းဆောင်ကို သတိပြုမိသွားပြီး နှုတ်ဆက်လိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်က ခေါင်းညိမ့်၍ အသိအမှတ်ပြုလိုက်ပြီး သူ၏ မြူခိုးမျက်၀န်းများနှင့် ကြီးမားလှသော စပါးအုံးမြွေကို စိုက်ကြည့်လိုက်သည်။


“တတိယအကြီးအကဲ… ဒီမြွေကို ထိန်းချုပ်ထားနိုင်လား…” ခေါင်းဆောင်က လေးနက်စွာ မေးလိုက်သည်။


မြွေလူသားမျိုးနွယ်စု၏ တတိယအကြီးအကဲက မြွေကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။ 


“မဖြစ်နိုင်ဘူး… သူက သုံးကြိမ် သွေးသစ်လောင်းထားတဲ့ အတွေ့အကြုံရှိတယ်… ပြီးတော့ လေးကြိမ်မြောက် သွေးသစ်လောင်းဖို့ နီးကပ်နေပြီ .. သူ့ရဲ့ စွမ်းအင်က အရမ်းကြောက်ဖို့ကောင်းတယ်… ငါက သူ့ပြိုင်ဘက်မဟုတ်ဘူး….”


“တတိယအကြီးအကဲတောင် သူ့ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုတော့… ငါတို့ အချိန်အကြာကြီး စိုက်ပျိုးလာတဲ့ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကို ဒီသားရဲကောင် ဝါးမြိုသွားမှာကို ကြည့်နေရမှာပေါ့… ဘယ်လိုတောင် စိတ်ပျက်စရာကောင်းနေတာလဲ…” ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်မိသည်။


သူတို့မျိုးနွယ်စုက အလွန်အားနည်းနေသောကြောင့် ဤကဲ့သို့သော ကိစ္စများကို ကြုံရခြင်း ဖြစ်သည်။ မြွေလူသားများ၏ အင်ပါယာမြို့တော်ဖြစ်ပါက ဤအခြေအနေမျိုး ကြုံရမည်မဟုတ်ပေ။ အာဏာပိုင်များက ထိုကဲ့သို့သော သားရဲများကို လက်တစ်ချောင်းမြှောက်လိုက်သည်နှင့် သတ်ဖြတ်နိုင်လေသည်။ သို့သော် ကံမကောင်းစွာနှင့် ဤနေရက အင်ပါယာမြို့တော် မဟုတ်သည့်အပြင် အာဏာပိုင်များလဲ မရှိနေပေ။


မျိုးနွယ်စုခေါင်းဆောင်က စဉ်းစားချင့်ချိန်နေစဉ်တွင် ဝူယွမ်ပိုင်က ရှေ့သို့ထွက်၍ ပြောလိုက်သည်။


“မျိုးနွယ်စုခေါင်းဆောင်… ဘာလို့ ငါတို့မပူးပေါင်းကြတာလဲ….”


မျိုးနွယ်စုခေါင်းဆောင်က မျက်မှောင်ကြုံ့လိုက်ပြီး ဝူယွမ်ပိုင်ကို ဖိအားပေး၍ စိုက်ကြည့်လိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်က အဆင့်မြင့်မားခြင်း မရှိသော်လည်း သူ့ထံမှ ဖိအားများက ကြောက်မက်ဖွယ်ကောင်းလှပေသည်။


သို့သော် တိမ်ဖြူစံအိမ်၏ သခင်လေးတစ်ယောက်ဖြစ်သော ဝူယွမ်ပိုင်က အလွန်သန်မာလှပေသည်။ သူမက ခပ်ရေးရေး ပြုံးလိုက်ပြီး မျိုးနွယ်စုခေါင်းဆောင်ကို ပြန်စိုက်ကြည့်လိုက်သည်။


“မင်းတို့မျိုးနွယ်မှာ သူတော်စင်အဆင့်တစ်ယောက်ရှိပြီး ငါ့ဘက်မှာ သူတော်စင်အဆင့်တစ်ယောက် ရှိတယ်… သူတော်စင်အဆင့်နှစ်ယောက်သာ ပူးပေါင်းတိုက်ခိုက်မယ်ဆို့ရင် ဒီမြွေကို ရင်ဆိုင်နိုင်တယ်…. ဟုတ်တယ်မလား….”


သူမ၏ စကားများက အလွန်တိကျလှပေသည်။ မျိုးနွယ်စုခေါင်းဆောင်က အချိန်အတော်ကြာ စဉ်းစားလိုက်ပြီး အခြေအနေကို ဖြေရှင်းရန် အခြားနည်းလမ်း မရှိသောကြောင့် ခေါင်းညိမ့်လိုက်လေသည်။


“ကောင်းပြီလေ… မင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်မယ်… ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကိုတော့ မပေးနိုင်ဘူး…. ဒါပေမယ့် မင်းတို့ရဲ့ ကူညီမှုကို အသိအမှတ် ပြုတဲ့အနေနဲ့ မြွေကို မောင်းထုတ်ပြီးရင် အဆင့်ခြောက် စိတ်ဝိ်ဥာဉ်ဆေးပင် အနည်းငယ်ပေးမယ်….”


၀ူယွမ်ပိုင်က မျက်ခုံးပင့်လိုက်ပြီး တစ်ချက်ပြုံးလိုက်ကာ သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ သူတော်စင်အဆင့် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကသိကအောင့်နှင့် ကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်က အပြင်းအထန် တိုက်ခိုက်နေကြပြီး ယခုအခါ မဟာမိတ် ဖြစ်သွားလေသည်။ အခြေအနေက အလွန်ရယ်စရာကောင်းလှပေသည်။


သွေးသရဖူရွံ့နက် စပါးအုံးမြွေက ရှေ့သို့ဆက်မသွားတော့ပဲ သူ၏ ကြီးမားလှသော ခန္ဒာကိုယ်ကို ရစ်ခွေလိုက်ပြီး လျှာကို လှုပ်ရမ်းနေလေသည်။ 


“ဒီသားရဲက အသိဥာဏ်ရှိနေပြီ… သူက ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း မပွင့်မချင်းလှုပ်ရှားမှာမဟုတ်ဘူး….” မျိုးနွယ်စုခေါင်းဆောင်က မြွေကို ကြည့်၍ စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။


“အလျင်လိုစရာမလိုပါဘူး… ဒါက သူတော်စင်အဆင့်နှစ်ယောက် စွမ်းအားပြန်ဖြည့်ဖို့ အခွင့်ကောင်းပဲလေ…..” ဝူယွမ်ပိုင်က အပြုံးလေးနှင့် ပြောလိုက်သည်။


သူတို့ကို ကြည့်နေသော ပုဖန်က ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်းကို တစ်ချက်ကြည့်လိုက်ပြီး ကူရာမဲ့စွာနှင့် ခေါင်းရမ်းလိုက်မိသည်။ အဆင့်ခုနစ် နတ်ဆိုးသားရဲနှစ်ကောင်၊သူတော်စင်အဆင့်နှစ်ယောက်နှင့် များပြားသော မြွေလူသားမျိုးနွယ်များကြားမှ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကို ရရှိရန် လုံး၀မဖြစ်နိုင်ပေ။ သို့သော် သူက ထိုကြာပန်းကို ဝိုင်ထုတ်လုပ်ရန် လိုအပ်နေလေသည်။ သို့မှသာ နဂါးရှင်သန်ခြင်းဝိုင်ထက် ပိုမိုကောင်းမွန်ပေလိမ့်မည်။


ထို့ကြောင့် ပုဖန်က ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းမှ အကြည့်လွဲလိုက်ပြီး တတိယအကြီးအကဲနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ကို ကြည့်လိုက်သည်။


“ဒီမှာ … ငါတစ်ခုလောက်မေးလို့ရမလား… ငါက ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကို ယူသွားမယ်ဆိုရင် မင်းတို့ ခွင့်ပြုမှာလား….”