အပိုင်း ၁၇၀
Viewers 53k

အခန်း ၁၇၀ “မြွေလူသားများ၏ အစားအစာ”


ပုဖန်၏ အသံက အပြင်ဘက်မှ ဟိန်းဟောက်နေကြသော သားရဲများ၏ အသံအောက်တွင် ပျောက်ကွယ်သွားသည်။


မျိုးနွယ်စုခေါင်းဆောင်က ပုဖန်ကို သတိပင် မပြုမိပေ။ ဘုရင်အဆင့်သာ ရှိသေးသော လူတစ်ယောက်ဖြစ်သောကြောင့် ဝူယွမ်ပိုင်၏ လက်အောက်ငယ်သားတစ်ယောက်ဟု ထင်မှတ်ပြီး လျစ်လျူရှုထားခြင်း ဖြစ်သည်။ ပုဖန်က စကားပြောလိုက်သောအခါ ခေါင်းဆောင်၏ မျက်၀န်းများက အေးစက်သွားပြီး ဝူယွမ်ပိုင်၏ အမူအယာကလဲ တင်းမာသွားသည်။


သူတို့၏ ပုဖန်ကို လှည့်ကြည့်လိုက်သောအခါ ပုဖန်၏ မျက်နှာပေါ်မှ စိတ်အားထက်သန်မှုကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားကြလေသည်။


“သူက လာနောက်နေတာလား…. ဘုရင်အဆင့်တစ်ယောက်က ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို လိုချင်တယ်လို့ အိမ်မက် မက်ရဲတယ်ပေါ့…”  


၀ူယွမ်ပိုင်၏ မျက်နှာအမူအယာက ထူးဆန်းနေပြီး ပုဖန်ကို စိုက်ကြည့်နေလေသည်။ ထိုလူငယ်လေးက ထိုသို့ ပေါက်ကရပြောမည်ကို မမျှော်လင့်ထားချေ။


“သူတော်စင်အဆင့်တွေက ဒီကြာပန်းအတွက် တိုက်ခိုက်နေတာ နင်မမြင်ဘူးလား… ပြီးတော့ အပြင်က သားရဲတွေနဲ့ အဆင့် ခုနစ် သွေးသရဖူ ရွံ့နက် စပါးအုံးမြွေကိုရော… ဒီလိုစကားပြောဖို့ ဘယ်ကနေ သတ္တိတွေ ရလာတာလဲ…”


“မင်းရဲ့အစေခံက ဒီနေရာမှာ လာနောက်နေတာလား…ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်းက ငါတို့မျိုးနွယ်အတွက် အရေးကြီးတယ်လို့ ငါပြောပြီးသားလေ… မင်းတို့သာ အဆင့်ခြောက်ဆေးပင်ကို တောင်းဆိုမယ်ဆိုရင် ငါက မင်းတို့ရဲ့တောင်းဆိုမှုကို ၀မ်းမြောက်၀မ်းသာနဲ့ ဖြည့်ဆည်းပေးလိုက်မယ်…” 


“ဒါပေမယ့် ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကို တောင်းဆိုမယ်ဆိုရင်တော့ ငါတို့ရဲ့ သဘောတူညီမှုကို ဖျက်သိမ်းရလိမ့်မယ်…” မျိုးနွယ်စု ခေါင်းဆောင်က အေးစက်စက် ပြောလိုက်ပြီး သူ၏ အမြီးကို လှုပ်ရမ်းလိုက်သည်။


“အေစခံ…”


 ဝူယွမ်ပိုင်က မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးတွေးလိုက်မိသည်။


“ကြည့်ရတာတော့ မင်းတို့တွေ သူ့ကို နားလည်မှုလွဲနေတာထင်တယ်….”


ပုဖန်က မျက်မှောင်ကြုံ့လိုက်သည်။ မျိ်ုးနွယ်စုခေါင်းဆောင်၏ စကာအရ သူတို့က ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို မည်သူ့လက်ထဲမှ ပေးအပ်ရန် ဆန္ဒရှိပုံမရချေ။ ထိုသို့ဆိုပါက အခြေအနေက ပို၍ ခက်ခဲလာပြီဖြစ်သည်။ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းက ခရီးတစ်လျောက်တွင် ပုဖန်ရှာတွေ့ခဲ့သော ပစ္စည်းများထဲမှ အကောင်းဆုံးပါ၀င်ပစ္စည်းပင်ဖြစ်သည်။ 


ဖီးနစ်သွေးဆေးပင် သုံးလမ်းကြောင်းသိမြင်မှု သစ်သီးတို့နှင့် ပေါင်းစပ်နိုင်သော အလွန်ကောင်းမွန်သည့် စိတ်ဝိဥာဉ်ဆေးပင် ဖြစ်သောကြောင့် ပုဖန်က လက်မလျှော့လိုပေ။ သို့သော် မျိုးနွယ်စုခေါင်းဆောင်၏ အမူအယာအရ ဆေးပင်ကို လွယ်လွယ်နှင့် လက်လွှတ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ပုဖန်က ဆေးပင်ကို ရရှိနိုင်မည့် နည်းလမ်းများကို တွေးတောနေလိုက်သည်။


“ဒီမြွေမျိုးနွယ်တွေရဲ့ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကို လိုအပ်နေပုံက နည်းနည်းလေး လွန်နေသလိုပဲ …. ကြည့်ရတာ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေရမယ်…” ပုဖန်က နက်နဲစွာ တွေးလိုက်သော်လည်း အဖြေထွက်ခြင်းမရှိပေ။


သူတို့နှင့် မလှမ်းမကမ်းတွင် ခွေနေသော သွေးသရဖူ ရွံ့နက်မြွေက ရေခံဝိဥာဉ်ဧကရာဇ် ကြာပန်းရှိရာသို့ ခေါင်းထောင်ကြည့်နေလေသည်။ ထိုမြွေက စိတ်ဝိဥာဉ်ဆေးပင် ပွင့်လန်းလာသည်နှင့် လှုပ်ရှားရန် စောင့်နေလေသည်။ သူ၏ အနီးအနားတွင်လဲ နတ်ဆိုးသားရဲများ ၀န်းရံနေကြသည်။ ထိုသားရဲများက အလွန်အမင်း ရုပ်ဆိုးလှပြီး တချို့တလေသာ သာမာန်ပုံစံ ရှိနေလေသည်။ သူတို့ကလည်း ရွံ့နက်မြွေ၏ အနီးတွင် ညိမ်နေကြသည်။


ရွံ့နက်မြွေ လှုပ်ရှားသည်နှင့် သူတို့က မြွေမျိုးနွယ်စုကို တိုက်ခိုက်ကြမည်ဖြစ်သည်။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ကောင်းကင်ထက်တွင် လခြမ်းကွေးနှစ်ခုက တဖြည်းဖြည်း မြင့်တက်လာပြီး အေးမြသော လရောင်က ဖြာကျလာလေသည်။ လင်းလက်သော လရောင်က သွေးသရဖူ ရွံ့နက်စပါးအုံးမြွေ၏ ပြောင်လက်နေသော အကြေးခွံများပေါ် ဖြာကျနေရာ သူ့အသွင်အပြင်က နတ်ဘုရားတပါးကဲ့သို့ ဖြစ်နေလေသည်။


“ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း ပွင့်လာဖို့ နာရီအနည်းငယ်လောက် လိုသေးတယ်ဆိုတော့ အားလုံးပဲ ငါတို့ မျိုးနွယ်စုဆီ လိုက်ပြီး တစ်ခုခု စားကြပါဦး….” မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်လေသည်။


၀ူယွမ်ပိုင်က တခဏမျှ စဉ်းစားလိုက်ပြီးခေါင်းညိမ့်လိုက်ကာ သူမ လက်အောက်ငယ်သားနှစ်ယောက်ကို ခေါ်၍ မြွေလူသားများနောက်သို့ လိုက်သွားလေသည်။ 


ပုဖန်က ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း ရရှိနိုင်မည့် နည်းလမ်းများကို တွေးတောနေသောကြောင့် ဝူယွမ်ပိုင်က ပုဖန်၏ ပခုံးကို ပုတ်၍ သတိပေးလိုက်သည်။ 


“မြွေလူသားအကြီးအကဲခေါင်းဆောင်က ငါတို့ကို တစ်ခုခုစားဖို့ ဖိတ်ခေါ်နေတယ်… ငါအရင်တုန်းက မြွေလူသားတွေရဲ့ အစားအစာကို တစ်ခါမှ မစားဖူးဘူး… အတူတူသွားကြရအောင်…” ဝူယွမ်ပိုင်က ပြောလိုက်သည်။


ပုဖန်က တခဏမျှ အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။


“မြွေလူသားတွေရဲ့ အစားအစာ….”


ပုဖန်က ငြင်းဆန်ရန် ပြင်လိုက်သော်လည်း မြွေလူသားတို့၏ အစားအစာကို စိတ်၀င်စားမိသွားသောကြောင့် ခေါင်းငြိမ့်လိုက်လေသည်။


မြွေစစ်သူရဲများက ရှေ့မှ ဦးဆောင်၍ တဖြည်းဖြည်းခြင်း လျောတိုက်သွားနေကြသည်။ ပုဖန် ဝူယွမ်ပိုင်နှင့် သူမ၏ လက်အောက်ငယ်သား နှစ်ယောက်တို့က သူတို့နောက်မှ လိုက်လာကြသည်။ ပုဖန်က အဆောက်အဦးများကို စိတ်မ၀င်စားသော်လည်း ပတ်၀န်းကျင်ကို သီချင်စိတ်နှင့် အကဲခတ်နေလိုက်သည်။


ဤကမ္ဘာတွင် ပတ်၀န်းကျင်မြေမျက်နှာသွင်ပြင်များ မျိုးနွယ်စုများကို သူက နားလည်ထားခြင်း မရှိ်သလောက် ဖြစ်နေလေသည်။ ထို့ကြောင့် သူ၏ စပ်စုချင်စိတ်က ပိုမိုတိုးပွားလာလေသည်။ 


မြွေလူသားများ၏ နေအိမ်က ကြီးမားခြင်းမရှိသော်လည်း အဆောက်အဦးတစ်ခုစီတိုင်းကို အချိန်ယူ၍ ပြုပြင်မွန်းမံထားခြင်း ဖြစ်သည်။ ပုဖန်က ၀င်ပေါက်အနီးမှ ငါးခြောက်များကို သတိပြုမိလိုက်သည်။ ငါးများက အချိန်ကြာမြင့်စွာ နေ လေတို့၏ တိုက်စားမှုကြောင့် ခြောက်သလောင်းနေရာ ကြာလကြာ ရှည်စွာ သိမ်းဆည်းထားနိုင်ပေလိမ့်မည်။ ပုဖန်က ငါးခြောက်များသာမက သစ်သီးခြောက်များနှင့် ဟင်းသီးဟင်းရွက် ခြောက်များကိုပင် တွေ့မြင်ခဲ့သည်။


ဤနေရာက ရွံ့နွံမြေဖြစ်ပြီး စိုထိုင်းဆ မြင့်မားသောကြောင့် အစားအစာများ ပျက်စီးနှုန်းက မြန်ဆန်လေသည်။ ထိုကဲ့သို့သော အခြေအနေကြောင့် မြွေလူသားများက သူတို့၏ အစားသောက်များကို တာရှည်ခံရန် အခြောက်လှမ်းထားရခြင်း ဖြစ်သည်။ ပုဖန်တို့က အချိန်အနည်းငယ် လျောက်လာပြီးနောက် မွှေးပျံ့သော ရနံ့များကို ရလိုက်ကြသည်။ ထိုရနံ့က အလွန်ရင်းနှီးနေသော ဟင်းပွဲတစ်မျိုး၏ ရနံ့ပင် ဖြစ်သည်။


သူတို့က ရှင်းလင်းသော နေရာတစ်ခု သို့ ရောက်လာချိန်တွင် ထိုနေရာ၌ ကိ်ုယ်လုံးကိုယ်ပေါက် လှပသော မြွေလူသားအမျိုးသမီးတစ်ဦးက ကြီးမားသော ဒယ်အိုးတစ်ခုအတွင် ဇွန်းကြ်ီးနှင့် မွှေနေသည်ကို တွေ့လိုက်ရသည်။ မွှေးပျံ့သော ရနံ့များက ထိုနေရာမှ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။


“ငါတို့မျိုးနွယ်စုရဲ့နေရာက သေးငယ်လို့ ဧည့်၀တ်မကျေတာမျိုးတွေ ရှိခဲ့ရင် မိတ်ဆွေတို့ကပဲ နားလည်ပေးပါ…” မြွေလူသား ခေါင်းဆောင်က ပြောလိုက်သည်။


၀ူယွမ်ပိုင်က လက်ဖဝါးနှင့် လက်သီးကို ဆုတ်၍ ပြန်လည်တုံ့ပြန်လိုက်သော်လည်း သူမ၏ မျက်လုံးများက အနက်ရောင် ဒယ်အိုးအတွင်း ရောက်နေလေသည်။ သူမက မြွေလူသားများ၏ အစားအစာ အမျိုးအစားကို သိလိုစိတ် အလွန်ပြင်းပြနေလေသည်။


မြွေလူသားများက နွံတောများအတွင်းတွင် နေထိုင်ကြသောကြောင့် ချက်ပြုတ်ရန် ပစ္စည်းများ ရှာဖွေရာတွင် အခက်အခဲ မရှိနိုင်သော်လည်း ဟင်းချက်စွမ်းရည်တွင် ပြသနာရှိနိုင်ပေသည်။ သူတိ့ မျိုးနွယ်စုက ရှင်သန်နေထိုင်နိုင်ရန် အချိန်ပြည့် တိုက်ခိုက်နေကြသောကြောင့် ချက်ပြုတ်ရာတွင် လူသားများထက် အားနည်းနိုင်ပေသည်။


“ဒါက ငါတို့မျိုးနွယ်စုရဲ့ နံပါတ်တစ် စားဖိုမှုးကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ငါးစွပ်ပြုတ်ပါ…. ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး… ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေမှာ ဒီငါးကလွဲပြီး တစ်ခြားအစားအစားတွေက ရှားပါးကြတယ်… ဒီငါးက ရေအိုင်တိုင်းလိုလိုမှာရှိတယ်…. ဒါပေမယ့်လဲ သူ့ရဲ့ အရသာကိုတော့ လျော့မတွက်လိုက်နဲ့…..”


မျိုးနွယ်စုခေါင်းဆောင်၏ စကားဆုံးသွားသည်နှင့် မြွေလူသားအချို့က ကြွေပန်းကန်လုံးများကို သယ်ဆောင်လာပြီး သူတို့ရှေ့တွင်ချပေးလိုက်ကြသည်။


ပုဖန်က လက်ထဲမှ နွေးထွေးနေသေးသော ငါးစွပ်ပြုတ်ပန်းကန်ကို ကြည့်၍ သူ၏ အမူအယာက ထူးဆန်းသွားလေသည်။


“ငါးစွပ်ပြုတ်… သူတို့က တကယ်ကြီး ငါးစွပ်ပြုတ် ကြွေးတာလား….”


ပုဖန်က ငါးစွပ်ပြုတ်နှင့် ပတ်သတ်လျင် ကောင်းကောင်းသိပေသည်။ သူ့ဆိုင်မှ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စားသုံးသူတိုင်းက အမြဲမပြတ် ချီးမွန်းခဲ့ကြသည်။ သို့သော် မြွေလူသားမျိုးနွယ်စု၏ ငါးစွပ်ပြုတ်ကို ပထမအကြိမ် သူက မြည်းစမ်းရခြင်း ဖြစ်လေသည်။ 


“ဒီဟင်းပွဲရဲ့ အဓိက ပါ၀င်ပစ္စည်းက အဆင့်နိမ့်သားရဲပါ…. အဆင့်နိမ့်သားရဲဆိုတော့ အများစုက လွယ်လွယ်ကူကူ ဖမ်းနိုင်တယ်လေ… အဲအချက်ကတော့ တကယ်ကောင်းတယ်….” ခေါင်းဆောင်က ရှင်းပြလိုက်သည်။


ကောက်ပဲသီးနှံများ စိုက်ပျိုးရန် မဖြစ်နိ်ုင်သောကြောင့် ဤငါးကိုသာ မြွေလူသားများ၏ အဓိက စားစရာအဖြစ် သတ်မှတ်ထားလေသည်။ ဝူယွမ်ပိုင်က သူမ၏ လက်ထဲမှ ငါးစွပ်ပြုတ်ပန်းကန်ကို အကဲခတ်ကြည့လိုက်သည်။


ငါးစွပ်ပြုတ်က အဖြူရောင်အနည်းငယ် သန်းနေပြီး ကြည်လင်နေခြင်း မရှိသော်လည်း ရနံ့က အနည်းငယ် မွှေးပျံ့နေသောကြောင့် စားချင်စိတ်ကို ဆွဲဆောင်နေလေသည်။ 


ပတ်ပတ်လည်တွင် ထိုင်နေကြသော မြွေလူသားများက ခပ်ပြုံးပြုံးအမူအယာနှင့် ပန်းကန်ကို ကိုင်ထားကြသည်။ သူတို့၏ အစားအစာကို ယုံကြည်မှု ရှိပေသည်။ သူတို့ကိုယ်တိုင် တီထွင်ထားသော အစားအစား လူသားများ၏ အချို့ဟင်းပွဲများထက်ပင် ပိုမိုကောင်းမွန်မည်ဟု ယုံကြည်နေလေသည်။ 


၀ူယွမ်ပိုင်က နွေးတေးတေး ဖြစ်နေသော ငါးစွပ်ပြုတ်ကို ပါးစပ်အပြည့်သောက်လိုက်ရာ ကြွယ်ဝသော အရသာက သူမ၏ ပါဒစပ်အတွင်း ပျံ့နှံ့သွားပြီး သူမ၏ စိတ်ကိုပင် တုန်လှုပ်သွားစေလေသည်။


“မဆိုးဘူး…. ဒါက တော်တော်လေး အရသာရှိတယ်…. ငါစားဖူးတဲ့ တချို့ စားဖိုမှုးတွေ ချက်တဲ့ ဟင်းပွဲထက်တောင် ကောင်းမွန်သေးတယ်… သူ့ရဲ့ အရသာက လတ်ဆတ်ပြီး မွှေးပျံ့နေတာပဲ….”


၀ူယွမ်ပိုင်က စိတ်အားထက်သန်စွာနှင့် ချီးမွန်းပြောဆိုလိုက်ပြီး စွပ်ပြုတ်ကို ဆက်သောက်နေလေသည်။ 


မြွေလူသားများက ရုတ်တရက် ထရပ်လိုက်ပြီး ရယ်မောလိုက်ကြသည်။ သူတို့၏ ဟင်းပွဲက ထိုလူသားကို ဆွဲဆောင်နိုင်သည်မှာ ပျော်ရွှင်ဖွယ်ကိစ္စတစ်ခုပင် ဖြစ်လေသည်။ အခြားသူများက သူတို့အကြိုက်ဆုံး ငါးစွပ်ပြုတ်ကို အသိအမှတ် ပြုကြသည်မှာ ပျော်စရာပင်ဖြစ်သည်။


သို့သော် လူတိုင်းက ငါးစွပ်ပြုတ်ကို သောက်၍ ချီးမွန်းပြောဆိုနေချိန်တွင် အထင်အမြင်သေးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။


“မင်းတို့က ဒါကို ငါးစွပ်ပြုတ်လို့ ခေါ်တယ်…. ငါးညှီနံ့ကိုတောင် မဖယ်ရှားနိုင်ဘူး… ပြီးတော့ အရသာကလဲ ဆိုးချက်ပဲ… ဒါက ပါ၀င်ပစ္စည်းတွေကို ဖြုန်းတီးတာ သက်သက်ပဲ….”


ထွက်ပေါ်လာသော အသံကြောင့် စားသောက်နေကြသူများအားလုံး ဆွံ့အသွားကြလေသည်။ ငါးစွပ်ပြုတ်ကို ချက်ပြုတ်နေသော ဆွဲဆောင်မှုရှိသည့် မြွေအမျိုးသမီးကလည်း အံ့အားသင့်သွားလေသည်။ လူတိုင်းက အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ပါးစပ်ထဲမှ ငါးစွပ်ပြုတ်များကို ပြန်၍ ထွေးထုတ်နေသော ပုဖန်ကို တွေ့လိုက်ကြလေသည်။


ပုဖန်၏ ရှုံ့မဲ့နေသော မျက်နှာအမူအယာကြောင့် မြွေလူသားများက သူတို့၏ ရွေးချယ်မှုကိုပင် ပြန်၍ မေးခွန်းထုတ်လိုက်မိကြသည်။


“ဒီအရသာက တကယ်ပဲ အဲလောက်ဆိုးဝါးနေလို့လား….”