အပိုင်း ၁၇၁
Viewers 52k

အခန်း ၁၇၁ “ဒီငါးက ကင်ဖို့အတွက် သင့်တော်တယ်…”


ထိုငါးအမျိုးအစားများက ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေအတွင်းတွင် အများအပြားရှိကြသော ကြောင့် မြွေလူသားများက အမြဲတစေ စားသောက်လေ့ရှိကြသည်။ သူတို့က ငါးဟင်းချက်ပြုတ်သည့် နည်ူးလမ်းများနှင့်လည်း အကျွမ်းတ၀င်ရှိကြပြီး ဒေသဆိုင်ရာ အစားအစာ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။


သို့သော် ပုဖန်၏ မျက်နှာက တရုတ်ဆေးခါးကြီးကို စားလိုက်ရသကဲ့သို့ ရှုံ့မဲ့နေသောကြောင့် သူတို့က ဇဝေဇ၀ါ ဖြစ်သွားကြသည်။ ငါးစွပ်ပြုတ်ထဲတွင် ငါး၏ ချိုမြမှု နှင့် လတ်ဆတ်မှုတို့က သိသိသာသာ ပေါ်လွင်နေပြီး ငါးကို ချက်ပြုတ်သော မြွေအမျိုးသမီး၏ လက်ရာကလဲံ အထူးကောင်းမွန်လေသည်။


အချို့လူသားများ ချက်ပြုတ်ထားသော ဟင်းပွဲကဲ့သို့ အနုစိပ်မကျသော်လည်း ဝူယွမ်ပိုင်နှင့် လက်အောက်ငယ်သားများအတွက်မူ အတော်ကောင်းမွန်သည်ဟု ဆိုနိုင်လေသည်။


ပုဖန်က အားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ မြွေလူသားများက ဒေါသတကြီး စိုက်ကြည့်နေကြပြီး ခေါင်းဆောင်ပိုင်းများက မျက်မှောင်ကြုံ့နေကြသည်။ ဆန့်ကျင်ဘက်အနေနှင့် ဝူယွမ်ပိုင်က ခပ်ယောင်ယောင်ပြုံး၍ ပုဖန်ကို စိတ်၀င်တစား စိုက်ကြည့်နေလေသည်။


“ဒီလူငယ်လေးက ဒီနေရာမှာ ဟာသလာလုပ်ဖို့ကလွဲရင် တခြားရည်ရွယ်ချက် မရှိတော့ဘူးလား… ဒီနေရာက မြွေလူသားမျိုးနွယ်ရဲ့နေရာလေ… သူတို့ဟင်းပွဲရဲ့ အရသာက မကောင်းဘူးဆိုရင်တောင် ထုတ်မပြောသင့်ဘူးလေ…. အဲဒီအပြင် ငါးဟင်းက တော်တော်လေးကို ကောင်းမွန်တာကို….”


“လူသား…. နင်ဘာပြောလိုက်တာလဲ…. မျိုးနွယ်စုတစ်ခုလုံးမှာတောင် ငါ့အမေရဲ့ ငါးစွပ်ပြုတ်က အရသာအကောင်းဆုံးပဲ… နေပါဦး… နင်က ဟင်းဘယ်လိုချက်ရမလဲဆိုတာတောင် သိရဲ့လား…” မြွေလူသားမိန်းမပျိုလေး တစ်ယောက်က ပုဖန်ကို ဒေါသတကြီး ပြောလိုက်သည်။


သူမ၏ ဘေးတွင် ရှိနေသော မြွေလူသားများက သဘောတူကြောင်း ခေါင်းငြိမ့်လိုက်ကြသည်။ အမမူ၏ ဟင်းချက်လက်ရာက မြွေလူသားမျိုးနွယ်စု တစ်ခုလုံးတွင် နံပါတ်တစ် မဟုတ်သော်လည်း သူတို့မျိုးနွယ်စုတွင် အကောင်းဆုံးဖြစ်သည်။ ငါးစွပ်ပြုတ်ဟင်းပွဲက သူမ၏အကျွမ်းကျင်ဆုံး ဟင်းပွဲမဟုတ်သော်လည်း မည်သူကမှ ငြီးငွေ့သွားခြင်း မရှိကြချေ။


မြွေလူသားမိန်းမငယ်လေး၏ အမေဖြစ်သော အမမူဟု ခေါ်သည့် ဆွဲဆောင်မှုရှိလှသော မြွေအမျိုးသမီးက ယောက်ချိုဇွန်းကို ကိုင်၍ ပုဖန်ကို မကျေမနပ် စိုက်ကြည့်နေလေသည်။


ပုဖန်က အချိန်ခဏမျှ အံ့အားသင့်သွားလေသည်။ သူ၏ စကားနှင့် အမူအယာကြောင့် ထိုသို့ တုန့်ပြန်လာမည်ဟု မမျှော်လင့်ထားချေ။ ထို့အပြင်က သူက အမှန်အတိုင်းသာ ပြောဆိုနေခြင်း ဖြစ်သည်။ သူ့အနေနှင့်ဆိုပါက ငါးစွပ်ပြုတ်က စက်ဆုတ်ဖွယ် ကောင်းလှလေသည်။


စားဖိုမှုးတစ်ယောက်ဖြစ်သော ပုဖန်၏ အရသာခံနိုင်စွမ်းက သူ၏ ဟင်းချက်စွမ်းရည်နှင့် ထပ်တူကျနေလေသည်။ အရသာဆိုးသော အစားအစာတစ်ခု သူ၏ပါးစပ်ထဲ ရောက်လာသည်နှင့် အစာစားချင်စိတ်ပင် ပျောက်ဆုံးသွားပြီး သူ၏ အမူအယာက အလွန်ရုပ်ဆိုးသွားမည်ဖြစ်သည်။ ငါးစွပ်ပြုတ်ကို ထွေးထုတ်မိလိုက်သည်မှာလဲ သူ၏ မသိစိတ်မှ တုံ့ပြန်မှုပင် ဖြစ်သည်။


အရှင်းဆုံးပြောရလျင် အစစ်အမှန်စွမ်းအင်များ ပါ၀င်နေသည့် ဟင်းပွဲများကို မကြာခဏ စားသောက်ပြီးနောက် သူ၏ အရသာခံ အာရုံကြောများက တိုးတက်လာပြီဖြစ်သည်။ ထိုသို့ တိုးတက်လာမှုကြောင့် စားသောက်လိုက်သော ဟင်းပွဲများအတွင်းမှ အမှားသေးသေးလေးများကိုပင် သတိပြုမိလာလေသည်။ ထို့ကြောင့် ပုဖန်က ဟင်းပွဲများ၏ ပြစ်ချက်ကို အလေးထားနေခြင်း ဖြစ်သည်။


အရသာခံနိုင်စွမ်း မြင့်မားလာခြင်းက စားဖိုမှုးတစ်ယောက်အတွက် ကြီးမားသော အခွင့်အလမ်း တစ်ရပ်ပင် ဖြစ်သည်။ ပါ၀င်ပစ္စည်းများ၏ အရသာနှင့် ပြင်ဆင်မှုများကို တိကျစွာ ဆုံးဖြတ်လာနိုင်ပြီး သူတို့၏ စွမ်းရည်များ မြင့်တက်လာနိုင်လေသည်။ ပုဖန်က သူမကို အရှက်ခွဲရန် ရည်ရွယ်ခြင်းမဟုတ်ပဲ မသိစိတ်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။


ပုဖန်၏ အူကြောင်ကြောင် မျက်နှာပေးကြောင့် အနားမှလူများက ဆွံ့အသွားကြပြီး အမမူပင် ပြုံးစိစိ ဖြစ်သွားလေသည်။ သူမက အခြားသူများကို အလွယ်တကူ စိတ်ဆိုးခြင်းမရှိပဲ သူမဟင်းပွဲ၏ အရသာက ပုဖန်၏ အကြိုက်နှင့် ကိုက်ညီမှု မရှိသောကြောင့်ဟု ထင်မြင်ထားခြင်း ဖြစ်သည်။ လူတိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် နှစ်သက်ရာများ ကွဲပြားကြသောကြောင့် အမမူက ပုဖန်ကို အပြစ်မတင်ပေ။


ပုဖန်က အံ့အားသင့်နေရာမှ ပြန်၍ သတိ၀င်လာပြီး မြွေလူသားမိန်းမငယ်လေးဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။


“ဒါပေါ့… ဘယ်လိုချက်ရမလဲဆိုတာ…. ငါသိတာပေါ့… ငါက စားဖိုမှုးတစ်ယောက်ပဲလေ…”


ပုဖန်၏ အသံက မကျယ်လောင်သော်လည်း အနီးအနားမှ လူများအားလုံး ကြားလိုက်ကြသည်။ ဝူယွမ်ပိုင်က သူမ၏ အမြင်များ နောက်တစ်ကြိမ် ပြောင်းပြန်လန်သွားပြန်သည်ဟု ခံစားလိုက်ရသည်။


“သူက စားဖိုမှုးတစ်ယောက်လား….”


“အကိုကြီး… မေးပါရစေဦး စားဖိုမှုးတစ်ယောက်ဖြစ်တဲ့ မင်းက မြွေလူသားမျိုးနွယ်စုထဲ ဘာလာလုပ်တာလဲ…. ငါက မင်းကို စွန့်စားသူတစ်ယောက်လို့့ ထင်ထားတာလေ… စားဖိုမှုးဆိုရင် မီးဖိုချောင်ထဲမှာပဲနေသင့်တာကို…. မဟုတ်ဘူးလား….”


၀ူယွမ်ပိုင်က စိတ်ထဲတွင် ရေရွတ်နေလိုက်သည်။


“အိုး… မင်းကလဲ စားဖိုမှုးတစ်ယောက်လား… တွေ့ရတာ ၀မ်းသာပါတယ်… ကြည့်ရတာ ငါချက်တဲ့ဟင်းပွဲကို မင်းက စိတ်တိုင်းမကျဘူးထင်တယ်…”


အမမူက တခဏမျှ အံ့အားသင့်သွားပြီး သူမ၏ အမူအယာက လေးနက်လာလေသည်။ ပုဖန်သာ စားဖိုမှုးတစ်ယောက်ဆိုပါက သူ၏ ဇီဇာကြောင်မှုကို လက်ခံနိုင်ပေသည်။ စားဖိုမှုးတစ်ယောက်၏ အရသာအပေါ် နားလည်နိုင်စွမ်းက သာမာန်လူတစ်ယောက်ထက် ပို၍ တိကျပြီး အစားအစာ၏ အရသာကို သူတို့က ပို၍ သိကြလေသည်။ ထို့ကြောင့် စားဖိုမှုးတစ်ယောက်ထက် သာမာန်လူတစ်ယောက်ကို ကျေနပ်အောင် ချက်ပြုတ်ပေးရခြင်းက ပို၍ လွယ်ကူလေသည်။


ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး ငါးစွပ်ပြုတ်ပန်းကန်ကို ကိုင်၍ အမမူထံသို့ တဖြည်းဖြည်း လျောက်သွားလိုက်သည်။


“ခြုံပြီး ပြောရမယ်ဆိုရင်တော့ ဒီငါးစွပ်ပြုတ်က အသင့်အတင့်ပဲ… ဟင်းပွဲရဲ့ အဆင့်တိုင်းကိုသေသေချာချာ လုပ်ထားတယ်… ဒါပေမယ့် အဆင့်တိုင်းက သမားရိုးကျဆန်လွန်းတယ်…”


“ပြီးတော. နင်က ငါးတွေရဲ့ အကြောင်းကို သေသေချာချာ နားမလည်ဘူး…. တချို့ငါးတွေက စွပ်ပြုတ်လုပ်ဖို့ သင့်တော်ပေမယ့်.. ဒီငါးတော့မဟုတ်ဘူး….” ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။


ပုဖန်က ကူရာမဲ့စွာဖြင့် သူ၏ အဆိတ်ပြင်းသောလျှာမှ စကားလုံးများ ထွက်ပေါ်လာသည်ကို သိလိုက်လေသည်။ သူက အစားအစာတစ်ခုကို မြည်းကြည့်လိုက်ပြီးသည်နှင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ပျောက်သွားပြီး အပြစ်များကို တန်းစီပြောလေတော့သည်။


“ဒါပေမယ့်… ဒီငါးက စွပ်ပြုတ်လုပ်ဖို့ မသင့်တော်တာကြောင့်တစ်ခုပဲတော့ မဟုတ်ဘူး…. မင်းရဲဟင်းခတ်အမွှေးအကြိုင်တွေကြောင့်လဲ ပါတယ်… ဥပမာအနေနဲ့ ဒီငါးစွပ်ပြုတ်ကို ချက်နေစဉ်မှာ နွေဦးနေ ဆေးပင်ကို ထည့်လိုက်မယ်ဆိုရင် ငါးရဲ့ အညှီနံ့ကို ဖျောက်ပစ်နိုင်ရုံမကပဲ အရသာကလဲ ပိုပြီးကောင်းလာလိမ့်မယ်…”


“ငါပြောချင်တာက ဒီငါးကို စွပ်ပြုတ်ချက်တာက ဖြုန်းတီးတာပဲ… တကယ်လို့ ဒီငါးကို အခြောက်ခံပြီး ပေါင်းစားမယ်ဆိုရင်တောင် ဒီထက် အရသာပိုကောင်းလိမ့်မယ်….”


ပုဖန်က တတွတ်တွတ် ပြောနေသောကြောင့် အခန်းထဲမှ လူများက စတင်ငိုက်မြည်းလာကြသည်။ သူတို့အားလုံးက စားဖိုမှုးများ မဟုတ်သောကြောင့် အစားအစာနှင့် ပတ်သတ်၍ သူတို့၏ နားလည်မှုက နိမ့်ကျလှပေသည်။ ပုဖန်ပြောနေသော နွေဦးနေဆေးပင်ကိုဖြစ်စေ အပူချိန် ထိန်းချုပ်ခြင်းကိုဖြစ်စေ ငါး၏ ထူးခြားသောလက္ခဏာများကိုဖြစ်စေ သူတို့က နားမလည်နိုင်ကြချေ။


ဆန့်ကျင်ဘက်အနေနှင့် အမမူ၏ မျက်လုံးများက တောက်ပလာလေသည်။ သူက ပုဖန်၏ စကားများ မှန်ကန်သည်ကို သတိပြုမိလေသည်။ ငါးကို အခြောက်ခံ၍ ပေါင်းလိုက်ပါက အရသာက ငါးစွပ်ပြုတ်ထက် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ သို့သော် နွေဦးနေဆေးပင်နှင့် ပတ်သတ်သူမက အပြည့်အ၀ နားမလည်ပေ။


ပုဖန်က ပြောဆိုပြီးနောက် သူ၏ အမူအယာက မျက်နှာသေပင် ပြန်ဖြစ်သွားလေသည်။ ပုံမှန်အချိန်တွင် သူက စကားနည်းသော်လည်း ဟင်းပွဲများကို သုံးသပ်ချိန်တွင် စကားများသူတစ်ယောက် ဖြစ်သွားလေသည်။


“နင်… နင်က ဒီလောက်အများကြီး ပြောနိုင်မှတော့ ဘာလို့ ငါ့အမေရဲ့ လက်ရာထက် ကောင်းတဲ့ ဟင်းပွဲတစ်မျိုးမျိုး ဘာလို့ လာမချက်တာလဲ… နင့်မှာ လုပ်နိုင်စွမ်းမရှိပဲနဲ့ ငါ့အမေရဲ့ ဟင်းပွဲကို အပြစ်ရှာတာဆိုရင်တော့ နင်က လူရမ်းကားတစ်ယောက် သပ်သပ်ပဲ…” မြွေလူသားမိန်းမငယ်လေးက မကျေနပ်ချက်များနှင့် ပြောလိုက်လေသည်။


သူမအလွန်လေးစားသော မိခင်၏ ဟင်းပွဲကို ပုဖန်က တုံ့ဆိုင်းခြင်းပင် မရှိပဲ အပြစ်ပြောနေသည်ကို ကြားရသောကြောင့် သိမ်ငယ်စွာ ခံစားလိုက်ရပြီး မျက်ရည်များပင် ပြည့်လာလေသည်။ အမမူက သူမ၏သမီး မျက်ရည်ကျတော့မည်ကို သိရှိနေသောကြောင့် အလျင်အမြန် နှစ်သိမ့်လိုက်လေသည်။


“ဒီလူငယ်လေးပြောတာတွေက မှန်တယ်.. ငါ့ရဲ့ အချက်အပြုတ်စွမ်းရည်က တိုးတက်ဖို့ အများကြီးလိုသေးတယ်… ဒီနေ့ သူ့ရဲ့သုံးသပ်ချက်တွေကို နားထောင်ပြီးတော့ အများကြီး သင်ယူလိုက်ရတယ်…. နင်က ဘာလို့ ငိုနေတာလဲ… တကယ်ဆို ငါတို့က သူ့ကိုတောင် ကျေးဇူးတင်ရမှာလေ….” အမမူက သူ့သမီး၏ နှာခေါင်းကိုခပ်ဖွဖွ ညှစ်လိုက်ပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။


ထိုမြွေအမျိုးသမီးလေးက ငိုနေရာမှ ချက်ချင်း ရပ်တန့်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့၍ သူမ၏ လက်ချောင်းများကို လိမ်ယှက်နေလေသည်။ ထို့နောက် သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမ၏ မိခင်ကို လှမ်းကြည့်လိုက်လေသည်။


ပုဖန်က နှုတ်ခမ်းထောင့်စွန်းများကွေးသည်အထိ ပြုံးလိုက်လေသည်။ လူသားကလေးငယ်များနှင့် ထိုမြွေမိန်းကလေးကြားတွင် ကွာခြားချက် အနည်းငယ်ပင် ရှိမနေချေ။ သူမက မကျေနပ်ချက်တစ်ခု ရှိသည်နှင့် ငိုချပြီး ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပုဖန်က ကလေးငယ်တစ်ယောက်ကို ငိုအောင် လုပ်လိုက်မိပြီဖြစ်သည်။


ပုဖန်က တခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။


“ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ… အချိန်ကလဲ စောသေးတယ်ဆိုတော့ အကုန်လုံးစားလို့ရအောင် ဒီငါးတွေကိုပဲ သုံးပြီးတော့ ဟင်းပွဲတစ်ပွဲ ပြင်ပေးမယ်… ငါမင်းတို့ ဟင်းပွဲကို အပြစ်ပြောမိလို့ အလျော်ပေးတယ်လို့ သဘောထားပေါ့… အကုန်လုံး ကျေနပ်မယ်လို့ မျှော်လင့်တယ်….”


ပုဖန်၏ စကားကြောင့် အားလုံးက ထပ်မံ အံ့အားသင့်သွားကြလေသည်။


“ဒီလူသားက တကယ်ကြီး စားဖိုမှုးလား… ပြီးတော့ သူက ငါတို့ကိုတကယ်ပဲ ဟင်းပွဲပြင်ပေးမလို့လား….”


၀ူယွမ်ပိုင်၏ မျက်၀န်းများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လာလေသည်။


“ဒီငတိက တကယ်ကြီး ပြောနေတာလား…. တကယ်လို့ သူ့ရဲ့ ဟင်းပွဲသာ အရသာ ဆိုးဝါးနေမယ်ဆိုရင် သူက ရယ်စရာ ဖြစ်သွားမှာပေါ့…”


လူသားနှင့် မြွေလူသားများကြားတွင် တူညီမှုများ ရှိနေသော်လည်း သူတို့၏ အရသာခံနိုင်စွမ်းက ထပ်တူညီနေမည်ဟု မည်သူကမျှ မပြောနိုင်ပေ။


အမမူက ပုဖန်ကို အံ့အားတသင့် ကြည့်လိုက်လေသည်။ ပုဖန်၏ ယုံကြည်မှုရှိသော မျက်နှာကိုတွေ့လိုက်ရသောကြောင့် သူမ၏ မျက်၀န်းများက အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ ထို့နောက် သူမက အနည်းငယ် ကျောမတ်လိုက်ပြီး ပြောလိုက်သည်။


“ဒီလိုဆိုရင် ငါတို့က ၀မ်းသာရမှာပေါ့… မီးဖိုက ဒီမှာပါ… မင်းအသုံးပြုနိုင်ဖို့ ငါရှင်းလိုက်မယ်…”


ထို့နောက် အမမူက မီးဖိုကို လျင်လျင်မြန်မြန် ရှင်းလင်းလိုက်ပြီး ပုဖန်ကို လှည့်ကြည့်လိုက်သည်။


ပုဖန်က ချက်ချင်း မချက်ပြုတ်သေးပဲ မြွေလူသားများ ပြင်ဆင်ပေးထားသော ငါးကို ပထမဦးစွာ လက်ဖြင့် ဖိကြည့်လိုက်သည်။ ထိုငါးက အလွန်အသားပေါသော ပထမအဆင့် သားရဲဖြစ်သည်။ ပုဖန်က ငါး၏ အရသာကို မြည်းစမ်းကြည့်လိုက်သည့် အချိန်ကပင် ထိုငါးကို အကောင်းဆုံး ချက်ပြုတ်နိုင်မည့် နည်းလမ်းကို တွေးတောထားပြီး ဖြစ်သည်။


ဤငါးက စွပ်ပြုတ်လုပ်ရန် မသင့်တော်သော်လည်း အခြားနည်းလမ်း တစ်ခုအတွက်မူ အလွန်သင့်တော်ပေသည်။ ထိုနည်းလမ်းက ငါးကင်ခြင်းပင် ဖြစ်သည်။