အပိုင်း ၁၇၂
Viewers 53k

အခန်း ၁၇၂ “ငါးကင်၏ မွှေးရနံ့ ၁”


အားလုံး၏ အကြည့်အောက်တွင် ပုဖန်က ဇလုံထဲမှ ငါးကို ဆွဲထုတ်လိုက်သည်။ သူ့လက်ချောင်း နှစ်ချောင်းဖြင့် ငါးကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖိကိုင်ထားလိုက်လေသည်။ ငါးက လှုပ်ရှားရုန်းကန်နေသော်လည်း သေချာစွာ ကိုင်ထားသောကြောင့် လွတ်ထွက်သွားခြင်း မရှိပေ။


ပုဖန်က ငါးကို သေသေချာချာ စစ်ဆေးလိုက်သည်။ ငါးက အသားအလွန်များလှပြီး တစ်ကောင်လုံးကို အသားများနှင့်သာ ဖွဲ့စည်းထားသကဲ့သို့ ထင်ရပေသည်။ ထို့ကြောင့် ပုဖန်က စိတ်ကျေနပ်သွားပြီး သူ၏ မျက်၀န်းများပင် လင်းလက်တောက်ပလာလေသည်။ စားဖိုမှုးများကို စိတ်ကျေနပ်စေလောက်သည့် ပါ၀င်ပစ္စည်းများကို တွေ့ရှိရန် မလွယ်ကူလှပေ။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးမပြုပဲ အမမူပေးထားသော မီးဖိုချောင်သုံး ဓါးကို ကောက်ယူလိုက်သည်။ ထို့နောက် ဓါးကို အနည်းငယ် ဝေ့ရမ်းလိုက်ရာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသောကြောင့် အနီးမှ လူများပင် အံ့အားသင့်သွားကြလေသည်။


ပုဖန်က ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကို အချိန်ကြာမြင့်စွာ လေ့ကျင့်ထားပြီးနောက် ဓါးကို အသုံးမပြုမီ လှည့်ပတ် ကစားလိုက်သည်က အကျင့်တစ်ခုပင် ဖြစ်နေလေသည်။ ယခုလည်း သူ၏ မသိစိတ်အရ ဝေ့ရမးလိုက်မိခြင်းသာ ဖြစ်လေသည်။


ပုဖန်၏ အမူအယာက လေးနက်တည်ကြည်နေပြီး ငါး၏ ၀မ်းဗိုက်သားပေါ်သို့ ထက်မြိလှသော ဓါးကိုတင်၍ ဆွဲခွဲလိုက်လေသည်။ ထို့နောက် ငါးဗိုက်ထဲမှ အညစ်အကြေးများကို ဖယ်ထုတ်လိုက်သည်။ ပုဖန်၏ လှုပ်ရှားမှုများက ပိတ်ကားပေါ်တွင် ပန်းချီရေးနေသကဲ့သို့ ငါးမှ ထွက်လာသော အညစ်အကြေးများနှင့် သွေးများပင် ထူးထူးဆန်းဆန်း လှပနေလေသည်။


ပုဖန်က ငါးတစ်ကောင်လုံးကို ခွဲလိုက်ပြီး ရေဆေး၍ စဉ့်နှီတုံးပေါ်တင်ထားလိုက်သည်။ ပုဖန်၏ လက်ထဲမှ ဓါးက အလင်းများကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး ငါး၏ အသားပေါ်တွင် ဓါးရာခြောက်ချက် ပေါ်လာလေသည်။ ငါးကို ပြင်ဆင်မှုက ပြီးဆုံးသွားပြီဖြစ်သည်။ သို့သော် ပထမအဆင့် ပြီးဆုံးခြင်းသာ ဖြစ်သည်။ ငါးကင်ရခြင်းမှာ ထင်သလောက်လွယ်ကူမနေပေ။


ဘေးမှ ကြည့်နေကြသူများက ငါးကို ကြည့်၍ ပုဖန်မည်သို့ ချက်ပြုတ်မည်ကို မခန့်မှန်းနိုင်ကြတော့ပေ။ ချက်ပြုတ်မည့် အရာက ငါးစွပ်ပြုတ်မဟုတ်နိုင်ပေ။ နှပ်မည်ဆိုပါက ဓါးမွှန်းရန် မလိုအပ်ပေ။ ငါးခြောက်ပြုလုပ်မည် ဆိုပါက အချိန်က မလုံလောက်နိင်တော့ချေ။ အားလုံးက ပုဖန်ကို ဇဇေဝါ ကြည့်နေကြသည်။


အမမူကိုယ်တိုင်ပင် ပုဖန်ချက်ပြုတ်ရန် ပြင်ဆင်နေသည့် ဟင်းပွဲကို မခန့်မှန်းနိုင်ချေ။ ပုဖန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသကဲ့သို့ အတွေးနက်နေသော အမမူဘက်သို့ လှည့်၍ မေးလိုက်သည်။


“မင်းတို့ဆီမှာ အသီးအရွက်တွေရှိလား…..”


အမမူက မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။


“ငါတို့ဆီမှာဟင်းသီးဟင်းရွက်တွေရှိတယ်… ဒါပေမယ့် နည်းနည်းလေးပဲ ရှိတာ… ပုံရိပ်ယောင်စိတ်ဝိဥာဉ်နနွံမြေမှာ အသီးအနှံတွေ မရှင်သန်နိုင်ကြဘူး… အရမ်းရှားပါးတယ်…”


ပုဖန်က ပြင်ဆင်ထားသော ငါးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိမ့်လိုက်သည်။


“ဒါဆိုလဲ ထားလိုက်တော့ … ပါ၀င်ပစ္စည်းတွေကို ငါပဲ စိုက်ထုတ်လိုက်တော့မယ်…”


ပုဖန်က စနစ်၏ သိုလှောင်နယ်မြေမှ အသီးအနှံနှင့် အရွက်များကို ထုတ်ယူလိုက်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားသော ဗူးလေးများကို ထုတ်ယူလိုက်သည်။ ထိုဗူးများက သယ်ယူပို့ဆောင်ရေး အစီအရင် အသက်မ၀င်မီ ပြင်ဆင်ထားသော အရာများ ဖြစ်သည်။


ပုဖန်ကို ကြည့်နေသော လူများက သူထုတ်ယူလိုက်သော ပစ္စည်းများကို ကြည့်၍ အံ့အားသင့်ရုံမကပဲ ဆွံ့အမှင်သက်သွားကြလေသည်။ ပုဖန်က တကယ့်စားဖိုမှုးတစ်ယောက် ဖြစ်သည်ကို ပို၍ သေချာသွားကြသည်။ ထို့အပြင် သူ့ကို ကြည့်ရသည်နှင့် ပျော်ပွဲစားထွက်လာသည်နှင့်ပင် တူနေလေသည်။


စွန့်စားသူများက သူတို့၏ သိုလှောင်နယ်မြေထဲတွင် ပြန်လည်ကုသရေး ဆေးလုံများနှင့် သက်စောင့်ဆေးလုံများအစား ဟင်းခတ်အမွှေးအကြိုင်များနှင့် အသီးအနှံများကို ဖြည့်တင်းထားမည်မဟုတ်ပေ။


ပုဖန်က ဟင်းသီးဟင်းရွက်များကို ဆေးကျောလိုက်ပြီး နုပ်နုပ်စင်း၍ ပန်းကန်ပြားပေါ် တင်ထားလိုက်သည်။ ထို့နောက် ငါးကို ဇလုံထဲသို့ ထည့်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များကို ထည့်၍ နှံ့ပ်သွားရန် နယ်လိုက်သည်။ ငါးကို အမွှေးအကြိုင်များနှင့် ရောနယ်နေချိန်တွင် အရသာများကို အသားထဲသို့ စိမ့်၀င်သွားစေရန် သူ၏ အစစ်အမှန် စွမ်းအင်များကို အသုံးပြုလိုက်သည်။


ဆယ်မိနစ်ခန့် ကြာသွားပြီးနောက် ပုဖန်က လက်စသတ်လိုက်ပြီး စိတ်ဝိဥာဉ်ဆေးပင်မှ ရရှိသော အရွက်ကြီးကြီး နှစ်ရွက်ကို ထုတ်ယူလိုက်သည်။ ငါးကို သစ်ရွက်ပေါ်တင်၍ အချဉ်ရည်အချို့လောင်းထည့်လိုက်ကာ သစ်ရွက်နှင့် ထုတ်လိုက်သည်။


“ငါးကို စိတ်ဝိဥာဉ်ဆေးပင်ရဲ့ အရွက်နဲ့ အုပ်လိုက်တာလား…. ဒီငတိက ဘယ်လိုဟင်းမျိုးကို ချက်မှာမို့လဲ…”


သူတို့က ထိုကဲ့သို့ ဟင်းချက်နည်းကို မမြင်ဖူးပေ။ ဝူယွမ်ပိုင်၏ မျက်လုံးများက ဝိုင်းစက်နေပြီး သိလိုစိတ် ပြင်းပြနေလေသည်။ သူမက တိမ်ဖြူစံအိမ်မှ သခင်မလေးတစ်ယောက်ဖြစ်သောကြောင့််အရသာရှိသော ဟင်းပွဲအမျိုးမျိုးကို မြည်းစမ်းဖူးပေသည်။ တိမ်ဖြူစံအိမ်တွင် အချက်အပြုတ် ကျွမ်းကျင်သော စားဖိုမှုးများစွာ ငှားရမ်းထားသော်လည်း ပုဖန်ကဲ့သို့ ချက်ပြုတ်နည်းမျိုးကို သူမက တစ်ကြိမ်မျှပင် မြင်ဖူးခြင်း မရှိပေ။


ပုဖန်က မှင်သက်နေသော လူများကို အဖက်မလုပ်ပဲ သူ၏ ဟင်းပွဲတွင်သာ အာရုံစိုက်ထားပြီး စတင်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ သူ၏ ကိုယ်ပိုင်လက်ခံယူချက်အတိုင်း သူ၏ ဟင်းပွဲတွင်သာ စိတ်ခံစားချက်များကို မြှတ်နှံထားလေသည်။ မီးဖိုပေါ်မှ ကြီးမားသည့် ဒယ်အိုးကို ဖယ်ရှားလိုက်ပြီး မီးဖိုအပေါက်ကို သစ်ကိုင်းများဖြင့် ကာလိုက်ကာ ထုပ်ထားသော ငါးကို အပေါ်မှ တင်လိုက်လေသည်။


ပုဖန်က သစ်ကိုင်းများကို မီးမစွဲစေရန် ရေဖြန်းထားသည့်အပြင် သူ၏ အစစ်အမှန် စွမ်းအင်များနှင့် ဖုံးအုပ်ပေးထားသောကြောင့် သစ်ကိုင်းများကို မီးစွဲလောင်မည်မဟုတ်ချေ။ အပူချိန်က သစ်ကိုင်းများကို ဖြတ်၍ ထုပ်ထားသော ငါးဆီသို့ ရောက်ရှိလာမည် ဖြစ်သည်။


ပုံမှန်အချိန်တွင် ဆိုပါက ပုဖန်ကို ငါးကင်ရန် အကင်စက်ကိုသာ အသုံးပြုလိုက်မည်ဖြစ်သည်။ သို့သော် ယခုအခြေအနေက သူ၏ မီးဖိုချောင်တွင် မဟုတ်သောကြောင့် အခြားရွေးချယ်စရာ ရှိမနေပေ။ ထို့ကြောင့် ငါးကင်နိုင်ရန် အဆင်ပြေသလို လုပ်လိုက်ရခြင်း ဖြစ်သည်။ အခြေအနေက အနည်းငယ် ဆိုးဝါးသော်လည်း ငါးကင်ရန် အဆင်ပြေသွားလေသည်။


လူများအားလုံးက ပုဖန်၏ လှုပ်ရှားမှုများကို အံ့အားသင့်စွာ ကြည့်နေကြပြီး အချို့က ကျိတ်ရယ်နေကြလေသည်။ သူတို့က ထိုနည်းလမ်းဖြင့် စားစရာချက်ပြုတ်သည်ကို မမြင်ဖူးကြပေ။


“ဒယ်အိုးတောင် မသုံးပဲနဲ့ ဒီငါးက စားလို့ရော ရမှာလား… သူက ငါးကို စိတ်ဝိဥာဉ်သစ်ရွက်နဲ့ ထုတ်ပြီးတော့ မီးဖိုပေါ်ကို ဒီတိုင်းတင်ထားလိုက်တယ်…”


“အဲဒီဟင်းက တကယ်ရော စားလို့ရရဲ့လား….”


မြွေလူသားများ ပုဖန်ကို မေးခွန်းများ ပြည့်နေသော မျက်လုံးများနှင့် စိုက်ကြည့်နေကြလေသည်။ တချိန်တည်းမှာပင် ပုဖန်၏ လှုပ်ရှားမှများကို အသေအချာ အာရုံစိုက်နေသော အမမူကလဲ တွေးတောနေလေသည်။ သူမအနေနှင့် ပြောရလျင် ပုဖန်၏ လှုပ်ရှားမှုတိုင်းက အထစ်အငေါ့မရှိ အဆင်ပြေ ချောမွေ့နေသောကြောင့် သူ၏ ဟင်းချက်စွမ်းရည်က အလွန်ကောင်းမွန်နိုင်ပြီး ဟင်းပွဲကလဲ ကောင်းမွန်မည်ဖြစ်သည်။


ခဏအကြာတွင် စိတ်ဝိဥာဉ်သစ်ရွက်မှ မွှေးရနံ့များ စတင် ထွက်ပေါ်လာလေသည်။ လူတိုင်းက လေထဲမှ ရနံ့ကို ရှူရှိုက်လိုက်ကြပြီး ကျေနပ်ဖွယ်ကောင်းသည်ကို ခံစားလိုက်ကြရသည်။ သို့သော် မွှေးရနံ့က ပို၍ ပြင်းထန်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားရာ သူတို့က လေကို အငမ်းမရ ရှူရှိုက်နေမိလေသည်။


သူမအမေ၏ အမြှီးကို ဖက်တွယ်ထားသော မြွေအမျိုးသမီးငယ်လေးက နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး သားရေများ စီးကျနေလေသည်။


“ဒီအနံ့က အရမ်းကို မွှေးလွန်းတယ်…”


မြွေလူသားများက ထိုကဲ့သို့ မွှေးရနံ့များကို မရဘူးကြချေ။ ထိုအနံ့က သူတို့၏ စားချင်စိတ်ကို လှုံ့ဆော်နေလေသည်။ မြွေမျိုးနွယ်စုခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် ပုဖန်ကို လှမ်းကြည့်လိုက်မိသည်။ ပုဖန်၏ ဟင်းချက်စွမ်းရည်က ထိုမျှ မြင့်မားနေမည်ဟု သူက လုံး၀မထင်ထားခဲ့ချေ။


၀ူယွမ်ပိုင်၏ မျက်နှာပေါ်တွင် အားရကျေနပ်သော အမူအယာမျိုး ဖြစ်နေပေသည်။ သူမ၏ အံ့အားသင့်မှုကလဲ အခြားသူများအောက် လျော့ကျနေခြင်း မရှိပေ။ သူမက ပုဖန်အသုံးပြုလိုက်သော ဟင်းချက်နည်းစနစ်၏ ဆန်းသစ်မှုများနှင့် ခက်ခဲမှုကို မြွေမျိုးနွယ်စုများထက် ပိုသိနေလေသည်။


ဟင်းလျာကို သစ်ရွက်ဖြင့် ထုတ်၍ မီးဖိုပေါ်တွင် တိုက်ရိုက်ကင်ရခြင်း၏ ခက်ခဲမှုက အလွန်မြင့်မားလှပေသည်။ ပုဖန်၏ အပူချိန် ထိန်းချုပ်နိုင်မှုသာ မကပဲ အစစ်အမှန် စွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းကလဲ အလွန်မြင့်မားသည်က သိသာနေလေသည်။


“ဒီလူက…”


၀ူယွမ်ပိုင်က တီးတိုးရေရွတ်လိုက်မိသည်။


ထိုအချိန်တွင် ပုဖန်က စိတ်ဝိဥာဉ်သစ်ရွက်ပေါ်သို့ လက်တင်ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ ထို့နောက် သူ့လက်ထဲမှ မီးဖိုချောင်သုံးဓါးကို ဝေ့ရမ်း၍ ထုတ်ပိုးထားသော သစ်ရွက်ကို ဖြတ်တောက်လိုက်သည်။ စိတ်ဝိဥာဉ်သစ်ရွက်က ပြဲစုတ်သွားသည်နှင့် ပြစ်နှစ်နေသော အချဉ်ရည်များ ထွက်ကျလာပြီး ပြင်းထန်သော မွှေးရနံ့က နေရာအနှံ့ ပျံ့နှံ့သွားလေသည်။