အပိုင်း ၁၇၄
Viewers 53k

အခန်း ၁၇၄ “ပွင့်လန်းလာတော့မည့် စိတ်ဝိဥာဉ်ဆေးပင်”


မြွေလူသားခေါင်းဆောင်ကို ပုဖန်ကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သော်လည်း သူက အလျှင်စလို ချဉ်းကပ်သွားခြင်းမရှိပေ။


ပုဖန်၏ အကြီးအကဲ၏ အကြည့်ကို သတိမပြုမိပဲ ဟင်းပွဲတွင် နစ်မြောပျော်ရွှင်နေကြသော မြွေလူသားများကို ခပ်ပြုံးပြုံးနှင့် စိုက်ကြည့်နေလေသည်။ စားဖိုမှုးတစ်ယောက်၏ အကြီးမားဆုံး ဆန္ဒမှာ သူတို့၏ ဟင်းပွဲများကို စားသုံးသူများ နှစ်သက်ရန်သာ ဖြစ်သည်။ သူတို့၏ ဟင်းပွဲကို စားသုံးသူများ နှစ်သက်သဘောကျပါက သူတို့က ပျော်ရွှင်နေမည်သာ ဖြစ်သည်။


ငါးက တစ်ကောင်သာ ရှိသောကြောင့် အလှည့်ကျ ရှေ့တိုး၍ စားသောက်လိုက်သည်နှင့် ငါးတစ်ကောင်လုံး ပြောင်ရှင်းသွားလေသည်။ မြွေလူသားများက စိတ်ဝိဥာဉ်သစ်ရွက်ပေါ်တွင် ကျန်နေသော အရိုးများကို တမ်းတမက်မောစွာနှင့် ကြည့်လိုက်ကြသည်။ သူတို့က ထပ်စားချင်နေသော်လည်း ပုဖန်က ငါးတစ်ကောင်သာ ပြင်ထားလေသည်။


မြွေအမျိုးသမီးငယ်က သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်လေသည်။ သူမက ငါးအနည်းငယ်သာ စားရသော်လည်း ဗိုက်ပြည့်နေလေသည်။ ငါးအသားထဲမှ အစစ်အမှန် စွမ်းအင်များက သူမချေဖျက်နိုင်သည်ထက် သာလွန်နေလေသည်။


ဟင်းပွဲကို မြည်းစမ်းစားသောက်ပြီးနောက် ပုဖန်၏ အချက်အပြုတ် စွမ်းရည်ကို မည်သူကမျှ သံသယမရှိတော့ပေ။ အမမူကိုယ်တိုင်ပင် ငါးဟင်းကို စား၍ ခေါင်းတငြိမ့်ငြိမ့် လုပ်နေလေသည်။ သူမက ငါးဟင်းကို စားသောက်နေရင်းမှ ချက်ပြုတ်သည့် နည်းလမ်းများကို သူမက သတိပြုမိလာလေသည်။


“အစစ်အမှန်စွမ်းအင်သုံးပြီး ချက်ပြုတ်ခြင်း…. ဘုရားရေ….”


သူမရှေ့မှ လူငယ်လေးက အစစ်အမှန်စွမ်းအင်ကို ထိန်းချုပ်၍ ချက်ပြုတ်ရာတွင် မယုံနိုင်စရာ ကောင်းလောက်အောင် ထူးချွန်လှပေသည်။ ဟင်းပွဲထဲတွင် အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်ခြင်းက အရသာကို ပို၍ တိုးတက်လာစေသည့်အပြင် မွှေးရနံ့ကလဲ ပိုမိုပြင်းထန်လာကာ ဆွဲဆောင်မှု ကောင်းလာပေလိမ့်မည်။ ထို့အပြင် ပါ၀င်ပစ္စည်းများမှ စွမ်းအင်များကိုလဲ ထိန်းသိမ်းထားနိုင်ပေသည်။


“ကောင်းပြီ… အနားယူလို့လဲ ပြီးပြီဆိုတော့ နိုးနိုးကြားကြား ရှိသင့်ပြီ.. အပြင်ဘက်မှာ စိတ်ဝိဥာဉ်သားရဲတွေက ငါတိုပကို စောင့်နေတုန်းပဲ ဆိုတော့ အစောင့်တွေက သတိမပေါ့သင့်ဘူး…..”


မျိုးနွယ်စုခေါင်းဆောင်က ဟင်းပွဲ၏ အရသာတွင် နစ်မြောနေဆဲ ဖြစ်သော မြွေလူသားများကို သတိပြုမိလိုက်ပြီး နှိုးဆော်လိုက်သည်။


မြွေမျိုးနွယ်စုနေရာမှ အပြင်ဘက်မှ ဘောလုံးတစ်လုံးကဲ့သို့ ခွေနေသော ကြီးမားသော မြွေကြီး၏ သွေးရောင် အမောက်ကိုသာ မြင်နေရပြီး လျှာကိ်ု ထုတ်၍ တရွီးရွီး ပြုလုပ်နေသံများကို ကြားနေရလေသည်။ ထိုနတ်ဆိုးသားရဲကြီး၏ မြည်တွန်သံက ပတ်၀န်းကျင်တခွင်သို့ ပျံ့နှံ့နေပြီး ပုံရိပ်ယောင်စိတ်ဝိဥာဉ်နွံမြေအတွင်း အတော်ဝေးဝေးနေရာထိ ပဲ့တင်ရိုက်ခတ်နေလေသည်။


မျိုးနွယ်စုခေါင်းဆောင်၏ သတိပေးစကားကြောင့် အားလုံးက ပြန်၍ သတိ၀င်လာကြပြီး ကြီးမားလှသော သွေးသရဖူရွံ့နက် စပါးအုံးမြွေကို တင်းမာခက်ထတ်သော အကြည့်များနှင့် လှမ်းကြည့်လိုက်ကြသည်။ သို့သော် မြွေလူသား အများစုက သိပ်မစိုးရိမ်ကြပေ။


မြွေလူသားမျိုးနွယ်များက အန္တရာယ်ကြီးလှသည့် ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေတွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်ကြခြင်းမှာ သူတော်စင်အဆင့်များကို အားကိုးရခြင်းကြောင့်သာ မဟုတ်ပေ။ မျိုးနွယ်စု၏ မြေအောက်ဘက်တွင် ကြီးမားလှသော အကာအကွယ် မှော်အစီအရင်တစ်ခု တည်ရှိနေပြီး နယ်မြေတစ်ခုလုံးကို လွမ်းခြုံထားလေသည်။ ထိုမှော်အစီအရင်က မြွေလူသားမျိုးနွယ်စုတိုင်းကို ကာကွယ်ပေးထားနိုင်လေသည်။


သူတော်စင်အဆင့်တစ်ယောက်က ရန်သူများကိုတိုက်ခိုက်နေချိန်တွင် အခြားသူများကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ မှော်အစီအရင်ကသာ သူတို့၏ အစစ်အမှန် ကာကွယ်မှုတစ်ခု ဖြစ်သည်။ ထိုမှော်အစီအရင်ကို မြွေနဂါးအာဏာပိုင်များက တည်ဆောင်ပေးခဲ့ပြီး သူတော်စင်အဆင့်တစ်ယောက်ပင် အစီအရင်ကိုချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။


“မျိုးနွယ်စုခေါင်းဆောင်… ငါတို့့မှာကာကွယ်ရေး မှော်အစီအရင် ရှိတယ်ဆိုပေမယ့် ဆေးစိုက်ခင်းက အစီအရင်ထဲမှာ ပါမနေဘူး…. ပြီးတော့ သားရဲတွေရဲက အရှိန်အဝါကလဲ ပိုပိုပြီး အားကောင်းလာတယ်လို့ ခံစားနေရတယ်… ကြည့်ရတာတော့ အခြေအနေက ပိုပိုပြီး ခက်ခဲလာသလိုပဲ…”


သူတော်စင်အဆင့် အကြီးအကဲက ရွံ့နက်မြွေကို လှမ်းကြည့်နေရာမှ ပြောလိုက်သည်။ သူတို့၏ အခြေအနေက ကျဉ်းထဲ ကျပ်ထဲ ရောက်ရှိနေသည်ဟု ခံစားမိနေလေသည်။


နတ်ဆိုးသားရဲများ၏ အရည်ခွံက ထူထဲလှပြီး ကြွက်သားများက အလွန်သန်မာကာ တိုက်ခိုက်ရေးစွမ်းရည်များက အားကောင်းလှပေသည်။ ထို့ကြောင့် နတ်ဆိုးသားရဲများက လူသားများထက် ရင်ဆိုင်ရန် ခက်ခဲပေသည်။ ထို့ကြောင့် လူသားအများစုက အဆင့်တူသော နတ်ဆိုးသားရဲများနှင့် ရင်မဆိုင်လိုကြပေ။


“ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို ငါတို့ ကာကွယ်ရမယ်… ငါတို့က ကြာပန်းရဲ့ အစေ့ကို ရဖို့လိုတယ်… ဘယ်လိုနည်းနဲ့မှ နတ်ဆိုးသားရဲတွေရဲ့ လက်ထဲကို အပါမခံနိုင်ဘူး….” မျိုးနွယ်စုခေါင်းဆောင်က တင်းမာခက်ထန်စွာ ပြောလိုက်သည်။


သူတော်စင်အဆင့် မြွေလူသား၏ မျက်၀န်းများထဲတွင် တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ထားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းက သူတို့မျိုးနွယ်စုအတွက် အလွန်အရေးကြီးသည်ကို သူက နားလည်ပေသည်။ စက္ကန့် အချို့ ကုန်လွန်သွားပြီးနောက် မြွေလူသားများ၏ အမူအယာက လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။


အပြာရောင် ရေခဲဝိဥာဉ်ဧကရာဇ် ကြာဖူးမှ ထွက်ပေါ်လာသော မွှေးရနံ့များက ပတ်၀န်းကျင်တခွင်သို့ ပျံ့နံ့လာပြီး ရှူရှိုက်မိသော လူများအားလုံးက လန်းဆန်းမှုကို ခံစားလိုက်ရကာ မျက်၀န်းများ တောက်ပလာကြသည်။


“ကြည့်ရတာတော့ ရေခဲဝိဥာဉ် ဧကရာဇ်က ပွင့်လာတော့မယ် ထင်တယ်….” မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။


၀ူယွမ်ပိုင်က ခေါင်းငြိမ့်ပြလိုက်ပြီး သူမနောက်မှ သူတော်စင်အဆင့် လက်အောက်ငယ်သားကို အသင့်ပြင်ဆင်ထားရန် အချက်ပြလိုက်သည်။ သူတော်စင်အဆင့်နှစ်ယောက်က ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းကို စောင့်ရှောက်မည်ဖြစ်ရာ အောင်မြင်ရန် အခွင့်အရေး အလွန်များနေလေသည်။


သို့သော် သွေးသရဖူး ရွံ့နက်မြွေ၏ နံဘေးမှ များပြားလှသော နတ်ဆိုးသားရဲများက ပြသနာ ဖြစ်နေလေသည်။ ထိုသားရဲများက မြွေမျိုးနွယ်စု၏ ကာကွယ်ရေး အစီအရင်ကို အသက်သွင်းလျင်ပင် သလင်းကျောက် အများအပြား အသုံးပြုရပေလိမ့်မည်။ မြွေလူသားမျိုးနွယ်စုတွင် စုဆောင်းထားသော သလင်းကျောက် မည်မျှ ရှိနေမည်ကို ဝူယွမ်ပိုင်က သိရှိထားခြင်းမရှိပေ။


သိုလှောင်ထားသော သလင်းကျောက်များ လုံလောက်မှု မရှိပါက ကာကွယ်ရေးအစီအရင်က ကျိုးပျက်သွားပြီး စိတ်ပျက်ဖွယ်ကောင်းသော နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်ရမည် ြ့ဖစ်သည်။


ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ပုဖန်က ကြီးမားလှသော သွေးသရဖူရွံ့နက် စပါးအုံးမြွေကို မျက်မှောင်ကြုံ့၍ အကဲခတ်နေပြီး တွေးတောနေလေသည်။ ပုဖန်၏ ရွံ့နက်မြွေကို အချိန်အတော်ကြာ အကဲခတ်လိုက်ပြီးနောက် စိတ်ကူးတစ်ခု ရရှိလာပြီး သူ၏နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်လေသည်။


“ဒီသွေးသရဖူ ရွံ့နက် စပါးအုံးမြွေရဲ့ သွေးက တော်တော်လေးကောင်းတယ်… သူက သင့်တော်တဲ့ ပါ၀င်ပစ္စည်းတစ်ခုပဲ ဒါပေမယ့် သူ့ကိုရဖို့တော့ နည်းနည်း ခက်နေတယ်….” ပုဖန်က တီးတိုးရေရွတ်လိုက်လေသည်။


ပုဖန်၏ ဘေးတွင် ရပ်နေသော အမမူက သူ၏ရေရွတ်သံကို ကြားလိုက်ရသောကြောင့် ကြောင်အသွားလေသည်။


ထိုစားဖိုမှုးလူငယ်က ရွံ့နက်မြွေကို အသေအချာ စိုက်ကြည့်ပြီး ချက်ပြုတ်ရန် တွေးနေမည်ဟု သူမက မထင်ထားခဲ့ပေ။ သွေးသရဖူ ရွံ့နက် စပါးအုံးမြွေ၏ သွေးအဆီအနှစ်များက သူ၏ သွေးနီရောင် အမောက်ထဲတွင် စုစည်းနေလေသည်။ ထိုအမောက်က တန်ဖိုးကြီးမားသော ပါ၀င်ပစ္စည်းတစ်ခု ဖြစ်ပြီး ခန္ဒာကိုယ် အစိတ်အပိုင်းများကလဲ ချက်ပြုန်ရန် ကောင်းမွန်လှမည်ဖြစ်သည်။


သို့သော် ရွံ့နက်မြွေက မကြာမီ သွေးသစ်လောင်းတော့မည်ဖြစ်ပြီး ကြောက်စရာကောင်းသော အဆင့်ရှစ် နတ်ဆိုးသားရဲကောင် ဖြစ်လာတော့ပေမည်။ ထိုသို့ ကြောက်စရာကောင်းသည့် နတ်ဆိုးသားရဲ၏ ခန္ဒာကိုယ် အစိတ်အပိုင်းများကို မည်သူကမျှ ချက်ပြုတ်ရန် စဉ်းစားလိမ့်မည် မဟုတ်ချေ။


ပုဖန်က အမမူ၏ အတွေးများကို သတိမပြုမိပဲ သွေးသရဖူ ရွံ့နက် စပါးအုံးမြွေကို ကြည့်၍ အလုပ်များနေလေသည်။


မွှေးရနံ့များက ပို၍ ပြင်းထန်အားကောင်းလာလေသည်။ မွှေးရနံ့ထဲတွင် ပါ၀င်သော မှော်စွမ်းအင် အချို့က သူတို့၏ ခန္ဒာကိုယ်များကို အေးစက်လာစေပြီး စိတ်လှုပ်ရှားလာကြသည်။


“ဒီ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းက တခြား စိတ်ဝိဥာဉ်ဆေးပင်တွေနဲ့ မတူဘူး… သူ့ကို သေသေချာချာ အသုံးပြုမယ်ဆိုရင် လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်တယ်… ဒါက ခွန်အားတိုးပွားစေတဲ့ တန်ဖိုးကြီး ဆေးပင်တစ်ပင်ပဲ… အဲဒါကြောင့်လဲ သွေးသရဖူ ရွံ့နက်စပါးအုံးမြွေက သူ့ရဲ့ အဆင့်ကို ချိုးဖျက်နိ်ုင်ဖို့ ဒီင်္ကြာပန်းကို လိုချင်နေတာပဲ…”


အမမူက ပုဖန်၏ အမူအယာကြောင့် ရှင်းပြလိုက်သည်။


“ဒီသားရဲက ငါတို့ရဲ့ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို လုယူသွားနိုင်မှာ မဟုတ်ဘူး… အကြီးအကဲတွေလဲ ဒီမှာ ရှိနေတယ်ဆိုတော့ ဘယ်လိုနည်းနဲ့မှ သူအောင်မြင်မှာ မဟုတ်ဘူး…. တကယ်လို့ ယုဖူရဲ့ အဖေသာ ဒဏ်ရာပြင်းပြင်းထန်ထန် မရထားရင် ဒီသားရဲလောက်ကတော့… ဟမ့်…”


အားနီက လက်သိးကို ကျစ်ကျစ်ပါအောင် ဆုတ်၍ နှာမှုတ်လိုက်ကာ ပြောလိုက်လေသည်။ သူက သွေးသရဖူရွံ့နက် စပါးအုံးမြွေကို အလွန်ဒေါသထွက်နေလေသည်။


ယုဖူက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ၏ အဖေက ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို လိုအပ်နေပေသည်။ မျိုးနွယ်စုခေါင်းဆောင်က ကြာပန်းကို သူမအဖေအတွက် ကာကွယ်နေခြင်း ဖြစ်သည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော သူတော်စင်အဆင့်က မြွေလူသားမျိုးနွယ်စု၏ အကြီးအကဲ တစ်ယောက်လည်း ဖြစ်သည်။ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း၏ ပွင့်လန်းလာမှုက ထိုမျှ ဆွဲဆောင်အား ပြင်းထန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။


တိမ်ဖြူစံအိမ်မှ သခင်လေး ဝူယွမ်ပိုင်နှင့် ထူးခြားဆန်းကျယ်သော စားဖိုမှုး …


စားဖိုမှုးက မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူမမသိသော်လည်း ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကြောင့်သာ ရောက်ရှိလာခြင်း ဖြစ်နိုင်ပေသည်။ သို့သော် ထိုကြာပန်းကို အသုံးပြု၍ သူမအဖေကို ကုသရမည် ဖြစ်သောကြောင့် ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်းကို မည်သူ့လက်ထဲမှ ထည့်မပေးနိုင်ပေ။ ထိုကြာပန်းက သူမတို့ မျိုးနွယ်စု တစ်ခုလုံး၏ မျှော်လင့်ချက်လဲ ဖြစ်သည်။