အပိုင်း ၁၇၅
Viewers 53k

အခန်း ၁၇၅ “ဒီသားရဲက အဆင့်တက်တော့မယ်”


လေထုထဲတွင် ပျံ့နှံ့နေသော ဆေးပင်၏ မွှေးရနံ့များက ပြင်းသထက် ပြင်းထန်လာလေသည်။ လူများက သူတို့၏ ခန္ဒာကိုယ်အတွင်း စိမ့်၀င်လာသော အစစ်အမှန် စွမ်းအင်များကို ခံစားမိလိုက်ပြီး စိတ်လှုပ်ရှာလာကြသည်။ အများစုက သူတို့၏ စွင်းအင်အဆင့် ချိုးဖြတ်တော့မည်ဟုပင် ခံစားလိုက်ရသည်။


မြွေလူသားများက သူတို့၏ ခန္ဒာကိုယ်အောက်ပိုင်းကို ရစ်ခွေလိုက်ပြီး စတင်ကျင့်ကြံလိုက်ကြသည်။ သူတို့က လေထုထဲမှ ဆေးရနံ့များကို အလဟဿ မဖြစ်စေလိုကြချေ။


ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းက အဆင့်ချိုးဖြတ် တက်ရောက်မှုကို ကူညီပေးနိုင်လေသည်။ ထို့ကြောင့်သာ ကြောက်စရာကောင်းသော အဆင့်ခုနစ် သွေးသရဖူ ရွံ့နက် စပါးအုံးမြွေကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။


၀ရော…..


ဆေးပင်၏ မွှေးရနံ့များ ပြင်းထန်လာသည်နှင့် ရွံ့နက်မြွေက သူ၏ ခန္ဒာကိုယ်ကို ဆန့်ထုတ်လိုက်ရာ ကြီးမားလှသော အရိပ်ကြီးက အားလုံးပေါ်သို့ မိုးသွားလေသည်။ ရွံ့နက်မြွေက အနံ့ဆိုးများထွက်နေသော သူ၏ လျှာကို လှုပ်ရမ်း၍ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်း ပွင့်လန်းလာချိန်ကို မျှော်နေလေသည်။


မြွေလူသားမျိုးနွယ်စုက ကြီးမားလှသော မြွေကြီးကိုကြည့်၍ ကူရာမဲ့စွာ ခံစားလိုက်ရသည်။ သွေးသရဖူ ရွံ့နက် စပါးအုံးမြွေ၏ ရှေ့တွင် သူတော်စင်အဆင့်နှစ်ယောက်က သူတို့၏ အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်၍ ဝံ့ကြွားစွာ ရပ်နေကြသည်။


ပုဖန်က အပြာရောင်ကြာဖူးကို သေသေချာချာ စူးစိုက်ကြည့်နေလေသည်။ ကြာဖူးမှ အမှောင်ထဲတွင် လင်းလက်တောက်ပနိုင်သော ပိုးစုန်းကြူးရောင်ကဲ့သို့ အလင်းအစက်ပျောက်များ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ ဖြာကျနေသော လ၏ အလင်းရောင်ကိုပင် ဖြတ်တောက်သွားသည်ဟု ထင်နေရလေသည်။


ပတ်၀န်းကျင်မှ နတ်ဆိုးသားရဲများက စတင်၍ မာန်ဖီဟစ်ကြွေးလာကြသည်။ သူတို့၏ အရှိန်အဝါများက ရွံ့နက်မြွေ၏ လှုပ်ရှားမှုများကိုပင် ဂဏှာမငြိမ် ဖြစ်သွားစေသည်။ သွေးသရဖူ ရွံ့နက် စပါးအုံးမြွေက သူ၏ ခန္ဒာကိုယ်ကို ထောင်မတ်လိုက်ပြီး ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းအနီးသို့ အနည်းငယ် တိုးကပ်လိုက်သည်။


ရွံ့နက်မြွေကြီး အရှေ့တိုးလာသည်နှင့် သူတော်စင်အဆင့်နှစ်ယောက်ပေါ်မှ ဖိအားက ပို၍ ပြင်းထန်လာလေသည်။ သုံးကြိမ်သွေးသစ်လောင်းပြီးသော သွေးသရဖူ ရွံ့နက် စပါးအုံးမြွေမှ ထွက်ပေါ်လာသော ဖိအားက အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။


ကောင်းကင်ပေါ်မှ အခြေအနေကို စောင့်ကြည့်နေသော ဝူယွမ်ပိုင်၏ မျက်၀န်းများက ပြူးကျယ်နေလေသည်။ သူတော်စင်အဆင့် နှစ်ယောက်က အရေးနိမ့်နေသည်ကို သူမက မြင်နေလေသည်။


“ကြည့်လိုက်စမ်း…. ပွင့်လာတော့မယ်….”


တစ်စုံတစ်ယောက်က ရေကန်ထဲတွင် မျောနေသော ကြာဖူးကို လက်ညိုးထိုး၍ ရုတ်တရက် အော်လိုက်လေသည်။ ထိုအချိန်တွင် ကြာဖူး၏ ပွင့်ချပ်လေးများက စတင်ပွင့်လန်းလာလေသည်။ သူတို့၏ အသက်ရှူနေမှုများက ရပ်တန့်သွားပြီး လွတ်လပ်သော လေထုထဲတွင် ချုပ်နှောင်ခံနေရသည်ဟု ခံစားနေရလေသည်။


ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်း၏ အထက်တွင် စွမ်းအင်လှိုင်းများ အနည်းငယ် လှုပ်ရမ်းလာပြီး ရေကန်ထဲတွင်ပင် လိ်ှုင်းများ ထလာလေသည်။


“စပွင့်နေပြီပဲ….”


ကြာပန်းကို ငေးကြည့်နေသော ယုဖူ၏ မျက်၀န်းများထဲတွင် မျှော်လင့်ချက်များ တောက်ပနေလေသည်။


“ပွင့်လန်းလာတဲ့ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းက အရမ်းလှတာပဲ ဒီကြာပန်းရဲ့ ဆွဲဆောင်မှုကို ဘယ်သူမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး….”


ယုဖူက ရေကန်ထဲမှ ကြာပန်းကို စိုက်ကြည့်၍ အိမ်မက်ယောက်နေသူ တစ်ယောက်ပမာ တတွတ်တွတ် ရေရွတ်နေလေသည်။


ကြာပန်း၏ ပထမပွင့်ချပ် စပွင့်လာသည်နှင့် စွမ်းအင်လှိုင်းများက လိုက်ပါလာလေသည်။ ထို့နောက် ဒုတိယ ပွင့်ချပ်.. တတိယပွင့်ချပ်….။ ပွင့်ချပ်အားလုံး ပွင့်လန်းသွားချိန်တွင် ကောင်းကင်ယံ၍ အာရုံဦးစတင်လာသကဲ့သို့ တောက်ပ၍ ကြီးမားလှသော ကြာပန်း၏ ပုံရိပ် ထွက်ပေါ်လာလေသည်။


ပုဖန်၏ မျက်၀န်းများက အံံသြမှုကြောင့် တောက်ပနေလေသည်။ ထိုကဲ့သို့ လှပသည့် မြင်ကွင်းမျိုးကို မြင်တွေ့ရန် ခဲယဉ်းလှပေသည်။ အဆင့်ခုနစ်ဆေးပင်များကို ရိပ်သိမ်းနိုင်ချိန်တွင် ထူုးခြားသော အဖြစ်အပျက်များ ဖြစ်ပေါ်လာလေသည်။ ပုဖန်က ဖီးနစ်စုတေတောင်ကြာမှ ဖီးနစ်သွေးဆေးပင် ပွင့်လန်းလာချိန်တွင်လည်း ဖီးနစ်တစ်ကောင် မိုးပေါ်ပျံတက်တော့မည့် ထူးခြားသော မြင်ကွင်းကို မြင်တွေးခဲ့ဖူးပေသေည်။


ပွင့်လန်းလာသော အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင် ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်း၏ လှပမှုက ဖီးနစ်သွေးဆေးပင် ပွင့်လန်းချိန်က လှပမှုအောက်သို့ လျော့ကျခြင်းမရှိပေ။


ရွီး…. ဝရော…..


မြေပြင်၏ လှုပ်ခါမှုကြောင့် ကြာပန်း၏ လှပမှုတွင် နစ်မြောနေသူများအားလုံး သတိပြန်၀င်လာကြသည်။ သွေးသရဖူ ရွံ့နက်စပါးအုံးမြွေက စိတ်မရှည်တော့ပဲ လျှာကို လှုပ်ရမ်းနေလေသည်။ သူ၏ မီးအိမ်အရွယ် မျက်၀န်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေသည်။


မြွေကြီး၏ မျက်၀န်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်လာသောကြောင့် သူတော်စင်အဆင့်နှစ်ယောက်၏ မျက်နှာများ တင်းမာသွားပြီး အော်ဟစ် မာန်သွင်းလိုက်ကြသည်။ ကောင်းကင်ထက်တွင် ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းမှ ထုတ်လွှင့်နေသော လှပမှုက ပျောက်ကွယ်သွားပြီဖြစ်သည်။


အစွမ်းကုန် ပွင့်လန်းနေသည့် အပြာဖျော့ဖျာ့ ပွင့်ဖတ်လေးများက လျှင်လျှင်မြန်မြန် ညိုးရော်သွားပြီး ကြီင်္းမားလှသော ကြာခွက်တစ်ခုသာ ကျစ်ရစ်နေလေသည်။ ထိုကြာခွက်အတွင်းမှ ကြာစိများက ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်း၏ အဆီအနှစ်များပင် ဖြစ်သည်။


“ရဲတင်းလိုက်တဲ့ သားရဲ…”


မြွေလူသားအကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အမြှီးနှင့် မြေပြင်ကို ထောက်ကန်လိုက်ကာပီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော အနက်ရောင်လှံရှည်မှ အေးစက်ထက်မြသော အလင်းများ ထွက်ပေါ်နေလေသည်။


မြွေကြီး၏ ရည်ရွယ်ချက်က ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းဖြစ်သောကြောင့် ကြာခွက်ရှိရာသို့ တိုးကပ်သွားနေလေသည်။ အကြီးအကဲက သားရဲကြီးထံသို့ လှံရှည်ကို ပစ်လွှတ်လိုက်လေသည်။ အကြီးအကဲက နတ်ဆိုးသားရဲကို တိုက်ခိုက်ရာတွင် သတိမပေါ့ရဲသောကြောင့် အစစ်အမှန်စွမ်းအင်များ အားလုံးကို ထိုတိုက်ခိုက်မှုတွင် ထည့်သွင်း အသုံးပြုလိုက်သည်။


ရွံ့နက်မြွေ၏ မျက်၀န်းများက သတ်ဖြတ်ချင်စိတ်များနှင့် တောက်ပလာလေသည်။ သူ၏ ခန္ဒာကိုယ်မှ အေးစက်သော အလင်းရောင်များ တောက်ပလာပြီး အမြှီးကိုလွှဲရမ်းလိုက်ရာ ကောင်းကင်ပေါ်မှ လှံကို ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ ခန္ဒာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ချက်ပင် ရရှိသွားခြင်း မရှိပေ။


မြွေလူသားအကြီးအကဲ၏ မျက်၀န်းများက ပြူးကျယ်သွားလေသည်။


သူတော်စင်အဆင့် လူသားက ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး လေထုထဲသို့ ထိုးတက်သွားကာ ရွံ့နက်မြွေထံသို့ လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်လေသည်။ အစစ်အမှန်စွမ်းအင်များကို စုစည်းထားသော သူ၏ လက်ဝါးမှ ကြီးမားလှသော လက်ဝါးရိပ်တစ်ခု ထွက်ပေါ်လာပြီး မြွေကြီး၏ ခေါင်းကို တိုက်ရိုက်ထိမှန်သွားကာ မြွေကြီး၏ သွေးအမောက်ပင် တုန်ခါသွားလေသည်။


ပုဖန်၏ မျက်၀န်းများက ပြုးကျယ်သွားပြီး တွေးလိုက်မိသည်။


“သွေးသရဖူ မပျက်စီးသွားဖို့ မျှော်လင့်ရတာပဲ… ဒါက တော်တော်ရှာရခက်တဲ့ ပါ၀င်ပစ္စည်းပဲ…”


သွေးသရဖူ ရွံ့နက်မြွေစပါးအုံးမြွေက အလွန်ဒေါသထွက်သွားပြီး သူ၏ ချွန်မြသော သွားစွယ်များကို ထုတ်ဖော်လိုက်လေသည်။ ထို့နောက် သူ၏ အမြှီးကို သူတော်စင်အဆင့် လူသားထံသို့ လွဲရမ်းလိုက်လေသည်။


၀ရော….


ကြီးမားလှသော အမြှီးကြီး၏ လှုပ်ရမ်းမှုက လေဆင်နှာမောင်းငယ် တစ်ခုကဲ့သို့ ပင် ပြင်းထန်လှပေသည်။ သူတော်စင်အဆင့် လူသားက အော်ဟစ်လိုက်ပြီး အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်၍ ကာကွယ်လိုက်လေသည်။ သို့သော် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အဝေးသို့ လွင့်ထွက်သွားကာ မြေကြီးထဲသို့ နစ်၀င်သွားလေသည်။


မြွေလူသား၏ အခြေအနေက ပို၍ပင် ဆိုးနေလေသည်။ ရွံ့နက်မြွေက သူ့ကို တစ်ကိုက်တည်းနှင့် မြိုချလိုက်လေသည်။ မျိုးနွယ်စုခေါင်းဆောင်၏ မျက်၀န်းများက ပြူးကျယ်သွားလေသည်။


“ဒီသားရဲက ဘယ်လောက်တောင် အင်အားကြီးမားနေတာလဲ….”


ကံကောင်းထောက်မစွာဖြင့် မြွေလူသားအကြီးအကဲက ရွံ့နက်မြွေ၏ ပါးစပ်အတွင်းမှ လျောတိုက်၍ ပြန်ထွက်လာနိုင်လေသည်။ သို့သော် သူ၏ တစ်ကိုယ်လုံးတွင် သွေးများ ရွဲစိုနေလေသည်။


သူတော်စင်အဆင့် လူသားက လေထုထဲသို့ နောက်တစ်ကြိမ် ပြန်တက်လာလေသည်။ ဒေါသထွက်နေသော သူတော်စင်အဆင့်နှစ်ယောက်က သူတို့၏ စွမ်းအင်များကို ပြိုင်တူ ထုတ်ဖော်လိုက်ရာ ကွဲပြားသော စွမ်းအင်နှစ်မျိုးက သွေးသရဖူ ရွံ့နက်မြွေထံသို့ တစ်ပြိုင်တည်း ရောက်ရှိသွားလေသည်။


သူတော်စင်အဆင့်များ၏ စွမ်းအင်အလွန်အကျွံ သုံးစွဲမှုက သူတို့ခန္ဒာကိုယ်ထဲမှ စွမ်းအင်ရေဝဲကို ထိခိုက်စေနိင်သော်လည်း အလွန်အမင်း ဒေါသထွက်နေသောကြောင့် ထိုအချက်ကို သူတို့့ ဂရုမစိုက်ကြတော့ပေ။


အံံသြဖွယ်ကောင်းလှစွာပင် စွမ်းအင်လှိုင်းနှစ်ခုက သွေးသရဖူ ရွံ့နက်မြွေကြီး၏ လှုပ်ရှားမှုများကို ရပ်တန့်စေရုံမကပဲ နောက်သို့ပင် ပြန်ဆုတ်သွားစေလေသည်။ ဘေးတွင် ရှိနေသော သားရဲများက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြပြီး မြွေလူသားများ ရှိရာသို့ တစ်လုံးတစ်ခဲ တိုး၀င်လာကြသည်။


မြွေလူသားခေါင်းဆောင်က အစီအရင်ကို အသက်သွင်းရန် အလျှင်အမြန် အမိန့်ပေးလိုက်လေသည်။ မြွေလူသားမျိုးနွယ်စုများ၏ အောက်မှ အလင်းတန်းများ တောက်ပလာလေသည်။ ချီတက်လာသော သားရဲများက အဟန့်အတားနှင့် တိုက်မိပြီး ကြောက်ရွံ့သွားကြလေသည်။ သူတို့အားလုံးက အတားအဆီးကို မကျော်ဖြတ်နိုင်ကြပေ။


အခြေအနေက အလွန်အမင်း မငြိမ်မသက် ဖြစ်နေလေသည်။ အားလုံး၏ အထက်တွင် မိုးထားသော သွေးသရဖူရွံ့နက် စပါးအုံးမြွေက ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်းကို စိုက်ကြည့်နေလေသည်။ သူ၏ မျက်လုံးထဲတွင်လည်း စိတ်ပျက်မှုများနှင့် ပြည့်နှက်နေလေသည်။ သူ့ကို ဟန့်တားလာသော ပုရွက်ဆိတ်ကဲ့သို့သေးငယ်သည့် မြွေလူသားမျာကို လုံး၀ခွင့်မလွှတ်နိုင်ပေ။


ထို့နောက် သူတော်စင်အဆင့်နှစ်ယောက်၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်အောက်တွင် သွေးသရဖူ ရွံ့နက်မြွေ၏ ခေါင်းထက်တွင် နီလာရောင် အလင်းတန်းများ ဖြာတက်လာပြီး သူ၏ခေါင်းက အလည်တည့်တည့်မှ စတင်ကွဲအက်လာလေသည်။


“ဒီသားရဲက အတင်းအကြပ် သွေးသစ်လောင်းဖို့ လုပ်နေပြီ… ဂရုစိုက်ကြ….”


၀ူယွမ်ပိုင်က လျင်မြန်စွာ အော်ဟစ်သတိပေးလိုက်သည်။