အပိုင်း ၁၇၆
Viewers 54k

အခန်း ၁၇၆ “လရောင်အောက်တွင် ဓါးမကိုင်၍ ပြေးခြင်း”


“သွေးသရဖူရွံ့နက် စပါးအုံးမြွေက အတင်းအကျပ် သွေးသစ်လောင်းပြီး အဆင့်တက်ဖို့ ကြိုးစားနေတာလား…ဒီသားရဲက ရူးသွားတာလား….”


လူသားများ၏ ကျင့်ကြံခြင်း အဆင့်တက်ရောက်သကဲ့သို့ပင် သားရဲများကလဲ သွေးသစ်လောင်းရန် တိ်တ်ဆိတ်ငြိမ်သက်သော နေရာတစ်ခု လိုအပ်ပေသည်။ ကျင့်စဉ်အလယ်တွင် တစ်စုံတစ်ခု အနှောက်အယှက်ဖြစ်ခြင်းက ရူးသွပ်သွားစေနိုင်သည်။ 


သားရဲများသည်လည်း လူသားများကဲ့သို့ပင် ရူးသွပ်သွားနိုင်ကြသည်။ သူတော်စင်အဆင့် နှစ်ယောက်၏ စိတ်ဝိဥာဉ်ဆေးပင်ကို ကာကွယ်ရန် ကြိုးပမ်းမှုက နတ်ဆိုးသားရဲအတွက် ဖိအားဖြစ်သွားစေခဲ့သည်။ ထို့ကြောင့်သာ သူက အဆင့်တက်ရန် အတင်းအကျပ် ကြိုးစားခြင်း ဖြစ်သည်။ သူ၏ လုပ်ရပ်က လုံး၀ ရူးသွပ်သွားခြင်းပင် ဖြစ်သည်။ သူက ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို ရရန် ကြံမိကြံရာ ကြံလိုက်မိခြင်း ဖြစ်သည်။


သူသာ အဆင့်တက်သွားန်ိုင်ပါက ခွန်အားများ ပိုမိုတိုးတက်လာပြီး အဆင့်ရှစ် နတ်ဆိုးတစ်ကောင် ဖြစ်လာနိုင်ပေသည်။ အဆင့်ရှစ် နယ်ပယ်က အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ရွံ့နက်မြွေသာ အဆင့်ရှစ်သို့ အောင်အောင်မြင်မြင် တက်ရောက်သွားနိုင်ပါက ဤနေရာမှ သက်ရှိများအားလုံး ပျက်စီးသွားနိုင်ပေသည်။


အဆင့်ရှစ်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို မြွေလူသားများ၏ အကာအကွယ် အစီအရင်က ကာကွယ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မြွေလူသားမျိုးနွယ်စု ခေါင်းဆောင်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများကို တွေ့နေရလေသည်။ ရွံ့နက်မြွေ၏ သွေးသစ်လောင်းခြင်း အောင်မြင်သွားပါက မျိုးနွယ်စုတစ်ခုလုံး ပျောက်ကွယ်သွားနိုင်ပေသည်။


၀ူယွမ်ပိုင်၏ မျက်၀န်းများထဲတွင်လည်း ကြောက်ရွံ့တုန်လှုပ်မှုများ ဖြစ်ပေါ်နေလေသည်။ သူမက အရာရာကို စီစဉ်တွက်ချက်ထားခဲ့သော်လည်း ထိုသားရဲက ရူးမိုက်ပြီး သွေးသစ်လောင်းရန် ပြင်ဆင်လိုက်မည်ဟု မထင်မှတ်ထားခဲ့ချေ။


ဘန်း… ဘန်….


ကျယ်လောင်သော ဆူညံသံနှစ်ခုနှင့်အတူ လေထုထဲတွင် ရပ်နေသော သူတော်စင်အဆင့်နှစ်ယောက်က ကျွမ်းထိုးနောက်ပြန် ပြုတ်ကျလာလေသည်။ သူတို့၏ မျက်နှာအမူအယာကလဲ အလွန်ပျက်ယွင်းနေလေသည်။ 


သွေးသရဖူရွံ့နက် စပါးအုံးမြွေ၏ ခေါင်းမှ စ၍ ကွာကျလာသော အရေခွံက တဖြည်းဖြည်းချင်း ညှိုးရော်ခြောက်သွေ့လာလေသည်။ သူ၏ ခန္ဒာကိုယ်မှ မုန်တိုင်းငယ်တစ်ခုကဲ့သို့ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်နေလေသည်။ သွေးသရဖူရွံ့နက် စပါးအုံးမြွေက ပြင်းထန်လှသော နာကျင်မှုကြောင့်ခန္ဒာကိုယ်ကို လှုပ်ရှားလိုက်ရာ သူ၏ ဧရာမ အမြှီင်္းကြီးက ကာကွယ်ရေးအစီအရင်ပေါ်သို့ ကျလာလေသည်။


အစီအရင်က အနည်းငယ်မျှ တုန်ခါသွားသောကြောင့် မျိုးနွယ်စုခေါင်းဆောယင်က အလွန်အမင်း ထိတ်လန့်သွားပြီး တိတ်တဆိတ် ဆုတောင်းလိုက်သည်။ 


“ကျေးဇူးပြုပြီးတောင့်ခံထားပါဦင်္း….”


သို့သော် သူ၏ ဆုတောင်း မဆုံးခင်တွင် အစီအရင်က ပို၍ ပြင်းထန်စွာ တုန်ခါလာလေသည်။ နတ်ဆိုးသားရဲများအားလုံးက အစီအရင်ကို အပြင်းအခန် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။


“သေစမ်း… ဒီလိုသာ ဆက်ပြီး တိုက်ခိုက်ခံရမယ်ဆိုရင် အစီအရင် ကျိုးပျက်သွားပြီး မြွေမျိုးနွယ်စု ပျက်စီးသွားရလိမ့်မယ်…. ငါတို့အားလုံးလဲ ဒီမှာပဲ သေရလိမ့်မယ်…” ဝူယွမ်ပိုင်က တွေးလိုက်ပြီူးနောက် မည်သို့ ြေ့ဖရှင်းရမည်ကို ပြင်းပြင်းထန်ထန် တွေးတောနေလေသည်။


ထိုအချိန်တွင် ပုဖန်က သူ့ဘေးမှ လူများကို အကဲခတ်လိုက်သည်။ အားလုံး၏ အမူအယာက ထိတ်လန့်တုန်လှုပ်နေသောကြောင့် သူတို့က ရွံ့နက်မြွေ၏ သွေးသစ်လောင်းမှု အောင်မြင်သွားမည်ကို ထိတ်လန့်နေကြသည်ဟု နားလည်လိုက်သည်။ 


“သွေးသရဖူ ရွံ့နက်မြွေက သွေးသစ်လောင်းတာ အောင်မြင်သွားနိုင်လား….”


ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းက အနီးတွင်သာ ရှိနေလေရာ မြွေကြီးသာ ကြာစေ့ကို မျိုချလိုက်ပါက ထိုအကူအညီနှင့် အဆင့်ရှစ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုအချိန်သို့ ရောက်ရှိလာပါက ဒေါသကြီးလှသော သွေးသရဖူရွံ့နက် စပါးအုံးမြွေက သူ့ကို တားဆီးခဲ့သော မြွေလူသားများကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ 


“မစ္စတာ အားဟူ… ဒါကို ဖမ်းလိုက်…”


၀ူယွမ်ပိုင်က ရှေ့သို့ တိုးလိုက်ပြီး ငှက်မွှေးတစ်ခုကဲ့သို့ ပေါ့ပါ့စွာ လှုပ်ရှားလိုက်ရာ သူမ၏ လက်ထဲတွင် ဓါးရှည်တစ်လက် ပေါ်ထွက်လာလေသည်။ ဓါးပေါ်တွင် တောက်ပသော အလင်းရောင်များ စီးဆင်းနေပြီး ထိုအလင်းရောင်များက ဓါး၏ အတွင်းပိုင်းမှ ထွက်ပေါ်နေဟန် ရလေသည်။


“တိမ်ဖြူဓါး…. မိန်းကလေး… ဒါ…ဒါက မင်းက်ို သခင်ကြီးပေးလိုက်တဲ့ နတ်ဘုရားတစ်ပိုင်အဆင့် လက်နတ်လေ…”


 အားဟူဟု ခေါ်သော သူတော်စင်အဆင့် လူသားက အံ့သြထိတ်လန့်မှုကြောင့် မျက်၀န်းများပင် ပြူးကျယ်နေလေသည်။ သူ၏ ခန္ဒာကိုယ်က တုန်ယင်နေပြီး စိတ်လှုပ်ရှားစွာနှင့် ဓါးရှည်ကို ဖမ်းယူလိုက်သည်။


“နတ်ဘုရားတစ်ပိုင်းအဆင့်လက်နတ်… ဒါက တစ်ကယ်ကို နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ပဲ…”


ထိုဓါးက အာကာသအာနန်ဂိုဏ်းမှ မှတ်တမ်းတင်ထားသော စွမ်းအားကြီးသည့် နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်များထဲမှ တစ်ခုဖြစ်သည်။ အားဟူက ဓါးကို ကိင်ထားရာမှ စိတ်လှုပ်ရှားနေသောကြောင့် မျက်ရည်များပင် စီးကျလာလေသည်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ကို ကိုင်ဆွဲ၍ တိုက်ပွဲ၀င်ရတော့မည်ဖြစ်ရာ သူသေရမည်ဆိုလျင် နောင်တမရနိ်ုင်ဟု ခံစားနေရလေသည်။


နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ကို ကိုင်ဆောင်လိုက်သည်နှင့် သူ၏ အရှိန်အဝါများပင် ပြောင်းလဲသွားပြီး ယုံကြည်မှုများ တိုးပွားလာလေသည်။ သူ၏ အစစ်အမှန်စွမ်းအင်များကို ဓါးရှည်အတွင်းသို့ ထည့်သွင်းလိုက်ပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ လေထုထဲ ခုန်တက်သွားလေသည်။ သူ၏ ခန္ဒာကိုယ်မှလည်း ပြင်းထန်သော အရှိန်ါအဝါများ ထွက်ပေါ်နေလေသည်။


“အခု ငါ့လက်ထဲမှာ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ရှိနေပြီ… မင်းက မြွေတစ်ကောင်သာသာပဲ … အခုသွားသေလိုက်တော့…” အားဟူက မောက်မာထောင်လွှားစွာ အော်ဟစ်လိုက်သည်။ 


သန့်စင်သော ဓါးစွမ်းအင်များက သူ၏ အော်သံ ပျောက်ကွယ်သွားသည်နှင့် ထွက်ပေါ်လာပြီး လေထုထဲတွင် ဓါးတစ်ချောင်းသဏ္ဍာန် ဖြစ်ပေါ်လာလေသည်။ ဓါးရှည်က ရွံ့နက် စပါးအုံးမြွေထံသို့ ဦးတည်နေလေသည်။ ရွံ့နက်စပါးအုံးမြွေ၏ မျက်၀န်းထဲတွင် ရက်စက်မှုများက ပိုမိုမြင့်တက်လာလေသည်။ သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ ခန္ဒာကိုယ်ပေါ်မှ အရေခွံများက လျှင်လျှင်မြန်မြန် ကွာကျလာလေသည်။


ဓါးရှည်၏ စွမ်းအင်များက ရက်စက်စွာပင် ရွံ့နက်မြွေ၏ အရေပြားများကို ဖြတ်တောက်သွားလေသည်။ သတ္တမအဆင့် နတ်ဆိုးသားရဲ၏ အရေပြားကို သံချပ်ကာအင်္ကျီ ပြုလုပ်ပါက ဘုရင်အဆင့်တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိလေသည်။ သို့သော် ဓါးစွမ်းအင်များက ထိုအရေပြားကို အစိတ်စိတ်အမွှာမွှာ ဖျက်စီးပစလိုက်လေသည်။ 


နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်များက သူတို့၏ ကျော်ကြားမှုနှင့် ထိုက်တန်လှပေသည်။ သွေးသရဖူရွံ့နက် စပါးအုံးမြွေက စွမ်းအားကြီးသော အန္တရာယ် အငွေ့အသက်များကို ခံစားမိလိုက်သောကြောင့် သူ၏ ပါးစပ်ကို အစွမ်းကုန်ဖွင့်၍ ဟိန်းဟောက်လိုက်သည်။ ထို့နောက် လျှင်မြန်စွာဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။ 


သွေးစက်များက လေထဲသို့ လွင့်စင်လာလေသည်။ ရွံ့နက်မြွေ၏ အရေပြားများက စုတ်ပြဲနေသောကြောင့် သွေးများ ဒလဟော ထွက်ပေါ်နေလေသည်။ သို့သော် ထိုရွံ့နက်မြွေမှ ပြင်းထန်လှသော ဖိအားများ ထွက်ပေါ်နေဆဲ ဖြစ်သောကြောင့် အားဟူ၏ မျက်လုံးများက ပြူးကျယ်လာလေသည်။ ထိုအချိန်တွင် ရွံ့နက်မြွေ၏ ပါးစပ်အတွင်း မှ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူ့ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။


အားဟူက သွေးတစ်လုပ် အန်လိုက်ရကာ လေထဲသို့ လွင့်စင်သွားလေသည်။ သူ၏ ခန္ဒာကိုယ်ပင် နှစ်ပိုင်းပြတ်တော့မည်ဟု ခံစားနေရလေသည်။ အကယ်၍ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ကြောင့် မဟုတ်ပါက ချက်ချင်း သေဆုံးသွားမည်ဖြစ်သည်။ အားဟူက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ကလဲ သူနှင့် ခပ်လှမ်းလှမ်းသို့ လွင့်စင်သွားလေသည်။


၀ူယွမ်ပိုင် မျိုးနွယ်စု ခေါင်းဆောင်နှင့် အားလုံးက အံ့အားသင့် တုန်လှုပ်သွားကြသည်။ 


“သူက အသာစီးရနေတာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်လို့ ချက်ချင်းရှုံးသွားတာလဲ… သူက ခုဏကပဲ သားရဲကောင်ကို အပြင်းအထန် တိုက်ခိုက်နေတာလေ… သူ့ရဲ့ ခွန်အားတွေက ဘယ်ရောက်သွားတာလဲ…”


သူတော်စင်အဆင့် မြွေလူသား၏ မျက်နှာအမူအယာက မဲမှောင်သွားပြီး တွေးလိုက်မိသည်။


“သူက နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ကို ကိုင်ဆောင်ထားတာတောင်မှ သားရဲကောင်တစ်ကောင်ကြောင့် သေလုနီးပါးဖြစ်သွားရတယ်လား…. သူတော်စင်အဆင့်တွေက သိက္ခာကျလိုက်တာ…”


ကျယ်လောင်သော အသံနှင့်အတူ ရွံ့နက်စပါးအုံးမြွေ၏ ကြီးမားလှသော ခန္ဒာကိုယ်က အောက်သို့ ပြန်ကျလာလေသည်။ ရွံ့နက် စပါးအုံးမြွေက ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဒာကိုယ်က အဆပေါင်းများစွာ သေးငယ်သွားလေသည်။


ရွံ့နက်မြွေက သူ၏ ခန္ဒာကိုယ်ကို လေထဲတွင် ဘောလုံးတစ်လုံးကဲ့သို့ လုံးခွေလိုက်ပြီး လျှာတစ်လစ် ထုတ်လိုက်လေသည်။ထို့နောက် အလင်းကဲ့သို့ လျင်မြန်စွာဖြင့် ရေကန်ထဲမှ ကြာခွက်ဆီသို့ သွားလိုက်သည်။ 


ဤပုံစံက သူ၏ ပုံစံအမှန်ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်၏ ခြိမ်းခြောက်မှုကြောင့် သူ၏ ပုံစံကို ထုတ်ဖော်လိုက်ရခြင်း ဖြစ်သည်။ ထို့အပြင် သူ့လမ်းကြောင်းတွင် ပိတ်ဆို့မည့် ရန်သူများထံမှ ကာကွယ်ပြီးလည်း ဖြစ်သွားလေသည်။ 


ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းကို ရလာသည်နှင့် အဆင့်မြင့်နတ်ဆိုးသားရဲအဖြစ် တက်ရောက်ရန် မည်သူကမျှ တားဆီးနိုင်မည် မဟုတ်တော့ပေ။ ထိုအချိန်ရောက်လာသည်နှင့် ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေအတွင်းမှ သားရဲအားလုံး၏ အရှင်သခင် ဖြစ်လာပြီး အားလုံး၏ အထက်တွင် ရပ်တည်နိုင်မည်ဖြစ်သည်။


ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းမှ ဖြာထွက်နေသော အလင်းရောင်များက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လှပနေလေသည်။ လျပ်စီးကဲ့သို့သော အမြန်နှုန်းနှင့် သွားနေသော ရွံ့နက်စပါးအုံးမြွေ၏ မျက်၀န်းများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။ 


 စိတ်ဝိဥာဉ်ဆေးပင်ကို ရပြီးသည်နှင့် သူ၏ အိမ်မက်များ အမှန်တကယ် ဖြစ်လာတော့မည်ဖြစ်သည်။ 


ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေအတွင်းက သားရဲများ၏ ခေါင်းဆောင်….


မျိုးနွယ်စုခေါင်းဆောင်နှင့် အခြားလူများ အားလုံး၏ မျက်၀န်းများထဲတွင် စိတ်ပျက်မှုများနှင့် ပြည့်နှက်နေလေသည်။ သူတော်စင်အဆင့် နှစ်ယောက်က သွေးသရဖူရွံ့နက် စပါအုံးမြွေကို တားဆီးရာတွင် ကျရှုံးလိမ့်မည်ဟု သူတို့က လုံ၀ မမျှော်လင့်ထားခဲ့ပေ။ သားရဲတစ်ကောင်သာ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းကို ရရှိသွားပါက မြွေလူသားမျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားနိုင်ပေသည်။


လူများအားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေချိန်တွင် ငြင်သာသော ခြေသံတစ်ခု ထွက်ပေါ်လာလေသည်။ သွယ်လျှသော ပုံရိပ်လေးတစ်ခုက လူအုပ်ကြီးထဲမှ တဖြည်းဖြည်း လျှောက်ထွက်လာပြီး ရွံ့နက်မြွေထံသို့ ဦးတည်လိုက်လေသည်။ 


၀ူယွမ်ပိုင်၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး တဖြည်းဖြည်း လျောက်ထွက်လာသော လူငယ်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ 


“သူဘာတွေလုပ်နေတာလဲ…” ဝူယွမ်ပိုင်က အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။


“ဒီလိုအခြေအနေမျိုးမှာ ဘုရင်အဆင့် တစ်ယောက်က ဘာလို့ ရှေ့ထွက်လာတာလဲ…. သူက သေချင်နေတာလား….”


ပုဖန်က သွေးသရဖူ ရွံ့နက် စပါးအုံးမြွေကို ခပ်ပြုံးပြုံးနှင့် လှမ်းကြည့်လိုက်သည်။ သူ၏ လက်ကောက်၀တ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အနက်ရောင် လက်ကိုင်နှင့် မီးဖိုချောင်သုံးဓါးတစ်လက် ပေါ်ထွက်လာလေသည်။ မီးဖိုချောင်သုံးဓါးကို ကိုင်ဆွဲလိုက်ပြီးသည်နှင့် ပုဖန်က သူ၏ အမြန်နှုန်းကို မြင့်တင်လိုက်လေသည်။ 


ညအမှောင်ယံ အချိန်တွင် မီးဖိုချောင်သုံးဓါးကို ကိုင်ဆောင်ထားသော လူငယ်လေးတစ်ယောက်က လရောင်အောက်တွင် ပြေးလွှားနေလေသည်။