အပိုင်း ၁၇၈
Viewers 54k

အခန်း ၁၇၈ “အကြီးအကဲခေါင်းဆောင်ကို ကယ်နိုင်ပြီ….”


ဘန်….


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးဖြင့် ချည်းကပ်လာသော ရွံ့နက်မြွေကို ရိုက်ထုတ်လိုက်သည်။ အဆင့်ခုနစ် ရွံ့နက်မြွေက ဘောလုံးတစ်လုံးကဲ့သို့ လေထဲသို့ ပြန်၍ လွင့်ထွက်သွားလေသည်။


လွင်စင်သွားသော ရွံ့နက်မြွေကို ကြည့်၍ အားလုံး ကြောင်အသွားကြသည်။ ထိုမြေပြုတ်ကျသွားသော နေရာတဝိုက်မှ မြေပြင်ကလဲ ချိုင့်၀င်သွားလေသည်။ ပုဖန်၏ လက်မောင်းတလျောက်လုံး နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည်။ ရွံ့နက်မြွေ၏ အသားက သူမျှော်လင့်ထားသည်ထက်ပင် မာကျောနေသောကြောင့် ပုဖန်၏ လက်မှ အသားများပင် ကြေလူနီးပါး ဖြစ်သွားလေသည်။


ပုဖန်၏ တိုက်ခိုက်မှုကြောင့် မြေထဲသို့ နစ်၀င်သွားသည့် သွေးသရဖူ ရွံ့နက်မြွေက လေထဲသို့ ပြန်တက်လာပြီး ကြောက်ရွံ့ထိတ်လန့်ဟန်နှင့် ပုဖန်ကို စိုက်ကြည့်လိုက်သည်။ ပုဖန်က မျက်ခုံးပင့်လိုက်ကာ မမှိတ်မသုန် ပြန်စိုက်ကြည့်လိုက်ပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ပခုံးပေါ်တင်၍ ရွံ့နက်မြွေထံသို့ လျောက်လာလိုက်သည်။


တချိန်တည်းမှာပင် မြွေမျိုးနွယ်စု၏ အစီင်္အရင်ကို တိုက်ခိုက်နေသော သားရဲများက ရပ်တန့်သွားပြီး မြေပြင်ပေါ်တွင် ပြားပြား၀ပ်နေလေသည်။ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးမှ စွမ်းအင်များက သူတို့ကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားလေသည်။ 


ကြောက်ရွံ့တုန်လှုပ်နေသော ရွံ့နက်မြွေက သူ့ထံသို့ လျောက်လာသော ပုဖန်ကိုကြည့်၍ တုန်ယင်နေလေသည်။ မြွေမျိုးနွယ်တစ်ကောင်ဖြစ်သောကြောင့် သူ၏ သွေးထဲတွင် နဂါးမျိုးနွယ်နှင့် သက်ဆိုင်သည့် မျိုးဆက်သွေးများ စီးဆင်းနေကြပြီး သူသာ သွေးသစ်လောင်းပြီးပါက နဂါးမျိုးဆက်တစ်ကောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် နဂါးတစ်ကောင်၏ အရှိန်အဝါ အစစ်အမှန်နှင့် ရင်ဆိုင်ရချိန်တွင် လုံး၀ ပြန်မခုခံနိုင်ခြင်း ဖြစ်သည်။


သွေးသရဖူရွံ့နက် စပါးအုံးမြွေ၏ အရေပြားများက ဆက်လက်ကွဲအက်နေဆဲ ဖြစ်ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားနေရလေသည်။ သွေးသစ်လောင်းခြင်းကြောင့် ခံစားရသော နာကျင်မှုများကို လူသားများအနေနှင့် စိတ်ကူးယဉ်နိုင်မည် မဟုတ်ပေ။ သွေးသစ်လောင်းခြင်း ဖြစ်စဉ်က နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ရွံ့နက်မြွေက ကြာစိကို မရနိုင်သောကြောင့် သွေးသစ်လောင်းခြင်း ကျရှုံးမည်မှာ သေချာနေလေသည်။


ထိုကျရှုံးမှုကြောင့် နှစ်ရာပေါင်းများစွာ ပြန်လည်ကုစားရတော့မည်ဖြစ်သည်။ ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းက သူ၏ အခွင့်အရေးတစ်ရပ်ဟု ထင်မှတ်ထားခဲ့သော်လည်း နဂါးအရိုးဓါးကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက် ပေါ်ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကံကြမာ၏ လှည့်ကွက်က ရက်စက်လွန်းလှပေသည်။


ပုဖန်က ဓါးပေါ်တွင် စည်းတစ်ခုကို ရုတ်တရက် ဖန်တီးလိုက်ပြီး ရွံ့နက်စပါးအုံးမြွေ ရှိရာသို့ တွန်းထုတ်လိုက်သည်။ ဓါး၏ မျက်နှာပြင်တွင် ရွှေရောင်စက်ဝိုင်းများ ပေါ်ထွက်လာပြီး ရွှံ့နက်မြွေထံသို့ တိုး၀င်သွားလေသည်။ ရွံ့နက်မြွေ၏ တစ်ကိုယ်လုံးတုန်ယင်နေပြီး မျိုးဆက်သွေး၏ ဖိနှိပ်မှုကြောင့် ပြန်လည်ခုခံနိုင်စွမ်းပင် မရှိတော့ပေ။


ပုဖန်က ရွံ့နက်မြွေက်ို တချက်ကြည့်လိုက်သည်။ နဂါးအရိုးဓါး ရှိနေသောကြောင့် ထိုသားရဲက မည်သည့်နည်းနှင့်မျှ ခုခံနိင်မည် မဟုတ်သည်ကို တွေ့လိုက်ရလေသည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက အဆင့်ခုနစ် သားရဲများကို ဖိနှိပ်နိုင်သော်လည်း နဂါးတစ်ကောင်၏ အရိုးတစ်မှ ပြုလုပ်ထားသောကြောင့် နဂါးသွေးပါ၀င်သော ရွံ့နက်မြွေနှင့် မြွေလူသားများပေါ်တွင် သက်ရောက်မှု ပိုမိုပြင်းထန်ပေသည်။


သဘာ၀အားဖြင့် နဂါးသွေးပါ၀င်သူများက နဂါးတစ်ကောင်၏ အရှိန်အဝါများကို တွန်းလှန်နိုင်စွမ်း မရှိကြပေ။


ရွှပ်….


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက အောက်သို့လွဲကျလာပြီး နေရာအနှံ့သို့ သွေးစက်များ လွင့်စင်သွားလေသည်။ ပုဖန်က သွေးအိုင်ထဲမှ ရွံ့နက်မြွေကို အေးစက်စက်စိုက်ကြည့်၍ ပြောလိုက်သည်။


“မင်းက ဒီအဆင့်ထိရောက်လာဖို့ ကြိုးစားရတာ အရမ်းခက်ခဲမှာပဲ… အဲဒါကြောင့် ငါက မင်းရဲ့သွေးသရဖူကိုပဲ ဖြတ်ထားလိုက်မယ်… အရှုံးပေးလိုက်တော့….”


ရွံ့နက်မြွေက သူ၏ အနက်ရောင်လျှာကို ထုတ်၍ ရွီခနဲ အသံပြုလိုက်သည်။ သူ၏ မျက်၀န်းထဲတွင် စိတ်ပျက်၀မ်းနဲမှုများနှင့် ပြည့်နှက်နေသော်လည်း ပုဖန်၏ ပခုံးပေါ်မှ နဂါးအရိုးဓါးကို တစ်ချက်ကြည့်လိုက်ပြီး လက်ခံလိုက်လေသည်။ ထို့နောက် နောက်ထပ် အသံတစ်ခု ပြုလိုက်ပြီး ခန္ဒာကိုယ်ကို တွန့်လိမ်၍ ပုံရိပ်ယောင်စိတ်ဝိဥာဉ်နွံမြေ အတွင်းပိုင်းသို့ လျှင်မြန်စွာ တိုး၀င်သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွာလေသည်။


သူတို့၏ခေါင်းဆောင် ထွက်ပြေးသွားပြီးနောက် အခြားနတ်ဆိုး သားရဲများကလဲ ပြန်လည်ဆုတ်ခွာသွားကြရာ တခဏအတွင်း ပျောက်ကွယ်သွားတော့သည်။ 


ပုဖန်က ပတ်၀န်းကျင်ကို ကြည့်၍ သက်ပြင်းအသာ ချလိုက်လေသည်။ သူ့လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက တဖြည်းဖြည်း အရောင်ဖျော့လာပြီး သာမာန်အနက်ရောင်ဓါးအဖြန် ပြန်ပြောင်းသွားလေသည်။ ထို့နောက် အစိမ်းရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ကောက်၀တ်ထဲသို့ ပြန်လည်၀င်ရောက် ပျောက်ကွယ်သွားလေသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုရခြင်းက အစစ်အမှန် စွမ်းအင်များကို အလွန်ကုန်ဆုံးစေလေသည်။ ဝိဥာဉ်တည်အဆင့်ထက် ဘုရင်အဆင့်မှ စွမ်းအင်များက ပိုများပြားသော်လည်း ရွံ့နက်မြွေ၏ အမောက်ကို ဖြတ်ရန် အသုံးပြုလိုက်သော စွမ်းအင်များက သူ၏ အကန့်အသက်သို့ပင် ရောက်ရှိသွားပြီဖြစ်သည်။ 


သူ၏ လက်ရှိစွမ်းအားနှင့် သွေးသရဖူ ရွံ့နက် စပါးအုံးမြွေကို မသတ်ဖြတ်နိုင်တော့ပေ။ စပါးအုံးမြွေ၏ အရေပြားက အလွန်မာကျောလှသောကြောင့် ထိုအရေပြားကို ဖြတ်တောက်ရန် စွမ်းအင် အမြောက်အများ လိုအပ်ပေသည်။ ယခုလက်ရှိအချိန်တွင် နဂါးအရိုးဓါးကို အသက်သွင်းရန်ပင် ပုဖန်၌ စွမ်းအင်မကျန်တော့ပေ။


ပုဖန်က ဟန်ချက်ထိန်းလိုက်ပြီး မြေပြင်ပေါ်မှ သွေးသရဖူ ရှိရာသို့ လျောက်သွားလိုက်သည်။ ဤအရာက သွေးသရဖူ ရွံကနက် စပါးအုံးမြွေ၏ သွေးအဆီအနှစ်များ ပါ၀င်နေသည့် သွေးအမောက်သာ ဖြစ်သည်။ ထိုအမောက်က မြွေကြီး၏ ခန္ဒာကိုယ်တွင် ရှိစဉ်က အလွန်ကြီးသည်ဟု မြင်နေရသော်လည်း ယခုအခါ လက်သီးဆုတ်နှစ်ခုမျှ အရွယ်အစားသာ ရှိနေသည်ကို တွေ့လိုက်ရသည်။


ရွံ့နက်စပါးအုံးမြွေ၏ စွမ်းအားများ ဆုံးရှုံးသွားသောကြောင့် သွေးအမောက်က မာကျောသွားသော်လည်း သူ၏ နူးညံ့မှုကို အနည်းငယ် ထိန်းသိမ်းထားနိုင်ပေသည်။ ပုဖန်က သွေးအမောက်မှ များပြားလှသော စွမ်းအင်ပမဏကို ကြည့်၍ သဘောတကျ ပြုံးလိုက်သည်။ 


သွေးအမောက်ကိုဖြတ်ရန် ရွေးချယ်ခဲ့သည့် သူ၏ ဆုံးဖြတ်ချက်ကို ကျေနပ်အားရနေသေည်။ ထိုပစ္စည်းက ရှားပါးလှသော ပါ၀င်ပစ္စည်းတစ်ခုပင် ဖြစ်သည်။ ထို့နောက် ပုဖန်က သွေးအမောက်ကို စနစ်၏ သိုလှောင်နေရာသို့ ထည့်သိမ်းလိုက်ြ့ပီး ကြာစိရှိရာသို့ ဦးတည်လိုက်သည်။


ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် လှပသော်လည်း သူ၏ လှပမှုက တခဏမျှသာ ကြာမြင့်ပေသည်။ ပွင့်ချပ်များ ညိုးနွမ်းသွားပြီးနောက် ကျောက်စိမ်းရောင် အလင်းတန်းများ လှည့်ပတ်နေသည့် အပြာဖျော့ဖျော့ ကြာခွက်တစ်ခုသာ ကျန်နေလေသည်။ ပုဖန်က နဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြု၍ ကြာခွက်ကို ဖြတ်တောက်လိုက်သည်။


ထို့နောက် ကြာစိအပြည့်ပါသော ကြာခွက်ကို ကိုင်၍ မြွေလူသားမျိုးနွယ်စုရှိရာသို့ ပြန်လျောက်လာလိုက်သည်။


လူများအားလုံးက ယခုအချိန်ထိ အံ့သြကြောင်အနေဆဲ ဖြစ်နေကြသည်။ အချို့သူများက ဖြစ်ပျက်သွားသော အခြေအနေကိုပင် ဆက်စပ်တွေးတောနိုင်စွမ်း မရှိတော့ပေ။


“အင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ သွေးသရဖူ ရွံ့နက် စပါးအုံးမြွေက ဘယ်ရောက်သွားတာလဲ… တခြား ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးသားရဲတွေရော…. ဘယ်မှာလဲ….”


“နင်… နင်က ရွံ့နက်မြွေကို မောင်းထုတ်လိုက်တာလား…” ဝူယွမ်ပိုင်က ပုဖန်ကို လက်ညိုးတထိုးထိုးနှင့် အံ့သြထိတ်လန့်စွာ မေးမြန်းလိုက်သည်။


အားလုံ၏ မျက်၀န်းထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ ကြောက်စရာကောင်းလွန်းလှသော အခြေအနေကို မီးဖိုချောင်သုံးဓါးတစ်လက်သာ ကိုင်ဆောင်ထားသော စားဖိုမှုးတစ်ယောက်က မည်သို့ ဖြေရှင်းလိုက်သည်ကို ဘုရားသာလျှင် သိနိုင်ပေလိမ့်မည်။


“ဒါက ရေခဲဝိဥာဉ်ဧကရာဇ် ကြာခွက်ပဲ…”


ပုဖန်က ဝူယွမ်ပိုင်ကို တုံ့ပြန်ပြောဆိုခြင်းမရှိပဲ မြေပြင်ပေါ်တွင် မှောက်ရားထိုး လဲနေသော မြွေလူသား မျိုးနွယ်စုခေါင်းဆောင်ကို လှမ်းပြောလိုက်သည်။


ပုဖန် စကားကို ကြားသောအခါ အကြီးအကဲခေါင်းဆောင်က ခေါင်းမော့ကြည့်လိုက်သည်။ ပုဖန်၏ လက်ထဲမှ အပြာဖျော့ဖျော့ ကြာခွက်ကို မြင်လိုက်ရသောကြောင့် သူ့မျက်၀န်းများ တောက်ပလာလေသည်။


“ဟုတ်တယ်…. ဒါက ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်း အစိပဲ… ဒီသခင်လေးက….”


အကြီးအကဲခေါင်းဆောင်က ပြောနေရာမှ တွန့်ဆုတ်သွားလေသည်။ အကယ်၍ ပုဖန်သာ သူတို့သိခဲ့သော ချက်ပြုတ်ရန်သာ သိသည့် စားဖိုမှုးတစ်ယောက်ဖြစ်ပါက ချက်ချင်း လုယုလိုက်မည်ဖြစ်သည်။ သို့သော် ပုဖန်လက်ထဲမှ မီးဖိုချောင်သုံးဓါးက သူတို့မျိုးနွယ်များကို ဖိနှိပ်နိုင်သောကြောင့် လုယူနိုင်မည်မဟုတ်သည်ကို သိနေလေသည်။


“မင်းတို့က ဒါကို သုံးပြီး တစ်ယောက်ယောက်ကို ကုပေးမို့ မဟုတ်လား… ယူလိုက်… အလုပ်ဖြစ်မဖြစ် သိရတာပေါ့… ဒီမှာ ကြာစီတွေအများကြီးရှိတာပဲ.. မင်းတို့သုံးပြီးရင် ငါ့အတွက် နည်းနည်းချန်ထားပြီး ပြန်ပေး…”


ပုဖန်က ကြာခွက်ကို အကြီးအကဲဆီ လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။ 


အကြီးအကဲက တခဏမျှ ကြောင်အနေပြီး ကြာခွက်ကို လက်ခံလိုက်သည်။


“သခင်လေး…. ဒါက…”


“ကောင်းပြီလေ… ကျေးဇူးပြုပြီး ငါ့နောက်လိုက်ခဲ့ပါ…” မျိုးနွယ်စုခေါင်းဆောင်က ပုဖန်ကိုလေးနက်စွာ ကြည့်လိုက်ပြီး သူ့နောက်လိုက်ရန် ပြောလိုက်သည်။


ယုဖူနှင့် အခြားသူများက ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် ဝဲနေလေသည်။ သူတို့က ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းကို ဆုံးရှုံးလိုက်ရပြီဟု တွေးထင်ထားခဲ့ပြီး ပုဖန်က သူမတို့ထဲ ပေးလိမ့်မည်ဟု ထင်မှတ်ထားခြင်းမရှိပေ။ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းနှင့်ဆိုပါက သူမ၏ ဖခင်ကို ကယ်တင်နိုင်ပေလိမ့်မည်။။။


ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းနှင့်ဆိုပါက အကြီးအကဲ ခေါင်ဆောင်၏ ပြင်းထန်သော ဒဏ်ရာများကို ကုသနိုင်ရန် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။


မျိုးနွယ်စုခေါင်းဆောင်က လက်အောက်ငယ်သားအချို့ကို ပျက်စီးသွားသည့် ဆေးစိုက်ခင်းများအား ပြင်ဆင်ရန် ညွှန်ကြားလိုက်ပြီးနောက် ပုဖန်နှင့် အခြားသူများကို ဦးဆောင်၍ အိမ်များထံသို့ ဦးတည်လိုက်သည်။ 


မကြာခင်မှာပင် သူတို့က အနည်းငယ် ယိုယွင်းနေသော အဆောက်အဦးတစ်ခုရှေ့သို့ ရောက်လာကြလေသည်။ ထိ်ုအဆောက်အဦးက အနည်းငယ် ယိုယွင်းနေသော်လည်း မြွေလူသားများ၏ ကျန်အဆောက်အဦးများနှင့် နှိုင်းယှဉ်လျှင် အလွန်ကောင်းမွန်လှပေသည်။


အကြီးအကဲခေါင်းဆောင်က ပုဖန် ယုဖူနှင့် ဝူယွမ်ပိုင်တို့ကို ခေါ်ဆောင်၍ အဆောက်အဦးအတွင်းသို့ ၀င်သွားလိုက်သည်။ အတွင်းတွင် ထိုင်နေသော လှပသည့် မြွေအမျိုးသမီးတစ်ယောက်က ရုတ်တရတ် မတ်တပ်ရပ်လိုက်ပြီး သူတို့ကို ကြည့်လိုက်လေသည်။ အခန်းထဲသို့ ၀င်လိုက်သည်နှင့် ယုဖူက ထိုအမျိုးသမီးကို ပြေးဖက်လိုက်လေသည်။


“အမေ… အဖေ့ကို ကယ်တင်နိုင်ပြီ…


ထိုအမျိုးသမီးက တခဏမျှ ကြောင်အသွားပြီး မယုံကြည်နိုင်ဟန်နှင့် မျိုးနွယ်စုခေါင်းဆောင်ထံ လှမ်းကြည့်လိုက်လေသည်။ အပြာဖျော့ဖျော့ လှိုင်းလေးများ ထွက်ပေါ်နေသည့် ကြာခွက်ကို တွေ့လိုက်ရသောကြောင့် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။


“ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းက ပွင့်လာပြီ… ပြီးတော့ သူ့ရဲ့ အစိတွေကလဲ ဒီမှာရှိနေတယ်… မျိုးနွယ်စုရဲက အကြီးအကဲ ခေါင်းဆောင်ကို ကယ်တင်နိုင်ပြီပေါ့….”