အခန်း ၁၈၀ “လေအလင်းအင်ပါယာ … အင်ပါယာမြို့တော်မှာ ငါ့ကိုလာရှာ…”
ရွီး…
တိုးသဲ့သော လေချွန်သံတစ်ခုကို ကြားလိုက်ရသည်။ ပုဖန်လက်ထဲမှ ဆန်ပြုတ်ပန်းကန်၏ ပတ်၀န်းကျင်တွင် ရစ်ဆိုင်းနေသော အသက်စွမ်းအင်များက တဖြည်းဖြည်း စုစည်းလာပြီး မြွေသေးသေးလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုမြွေလေးက စွမ်အင်များနှင့် ဆန်းကျယ်သော မြွေးရနံ့များ ရောနှောပါ၀င်နေသည့် လေထုထဲတွင် ကူးခတ်နေလေသည်။
“ဒါ.. ဒါက သက်စောင့်ဟင်းပွဲလား…..” ဝူယွမ်ပိုင်က မယုံကြည်နိုင်စွာနှင့် ရေရွတ်လိုက်သည်။
ပုဖန်က သူမကို စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်လေသည်။ သူမ၏ အံ့သြတကြီး ဖြစ်နေရသည့် အမူအယာကို လုံး၀ နားမလည်နိုင်ချေ။
“ဒါက သက်စောင့်ဟင်းပွဲဆိုတာထက် သက်စောင့် ဆန်ပြုတ် တစ်ပွဲပဲလေ…”
ဆန်ပြုတ်ကို ချက်ပြုတ်ခဲ့သော ပုဖန်အနေနှင့် အံ့သြစရာ မဟုတ်သော်လည်း စွမ်းအားများ ကုန်ခမ်းနေချိန်တွင်ပင် သက်စောင့်ဟင်းပွဲကို အောင်မြင်အောင် ချက်ပြုတ်နိုင်သောကြောင့် ဝူယွမ်ပိုင်က အံအားသင့်နေခြင်း ဖြစ်သည်။ထို့အပြင် ချက်ပြုတ်ရသည့် အခြေအနေကလဲ အလွန်ဆိုးဝါးလှသည်။
မီးဖိုက အလွန်ယိုယွင်းနေပြီး သာမာဟင်းပွဲ ချက်ပြုတ်လျင်ပင် ပြိုကျနိုင်သော အခြေအနေ ဖြစ်နေလေသည်။ ပို၍ ကောင်းမွန်သည့် လိုအပ်ချက်များလှသော သက်စောင့်ဟင်းပွဲကို အောင်မြင်အောင် ချက်ပြုတ်နိုင်သည်မှာ သူမနားလည်ထားသည်နှင့် တက်တက်စင်အောင် လွဲမှားနေလေသည်။
ပုဖန်က အငွေ့တထောင်းထောင်း ထနေသော ဆန်ပြုတ်ပန်းကန်ကို မြွေလူသားထံသို့ ယူလာလိုက်သည်။ ယုဖူနှင့် သူမ၏အမေက ပုဖန်ကို မျှော်လင့်ချက်အပြည့်နှင့် စိုက်ကြည့်နေကြသည်။ မျိုးနွယ်စုခေါင်းဆောင်က ကျေှးဇူးတင်စွာနှင့် ကြည့်နေလေသည်။ ပုဖန်၏ သက်စောင့်ဆန်ပြုတ်က သူတို့၏ နောက်ဆုံးအခွင့်အရေးပင် ဖြစ်သည်။
ပုဖန်က သတိမေ့နေသော မြွေလူသားကို စေ့စေ့ကြည့်လိုက်ပြီး လှပသော မြွေအမျိုးသမီးဘက် လှည့်၍ ပြောလိုက်သည်။
“သူ့ကို ဒီဆန်ပြုတ် ခွံ့ကျွေးလိုက်…”
သူမက မြွေအမျိုးသား၏ ဇနီးဖြစ်သည့်အပြင် ပုဖန်တွင် လည်း ယောက်ျားခြင်း ခွံ့ကျွေးခြင်သည့် ဆန္ဒမရှိပေ။ မြွေအမျိုးသမီးက ပုဖန်လက်ထဲမှ ပန်းကန်ကို ဂရုတစိုက် လှမ်းယူလိုက်သည်။ ထိုဆန်ပြုတ်က သူမ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်လေသည်။
ထို့နောက် ဟောင်းနွမ်းနေသော ကြွေဇွန်းကို အသုံးပြု၍ တစ်ဇွန်းပြည့်ပြည့် ခပ်ယူလိုက်သည်။ အသက်စွမ်းအင်များမှ ဖြစ်တည်လာသည့် မြွေသေးသေးလေးက ဇွန်းလက်ကိုင်တွင် သစ်နွယ်တစ်ခုကဲ့သို့ ချိတ်တွယ် ရစ်ပတ်နေလေသည်။
ယုဖူ၏ အမေက ဆန်ပြုတ်ကို အသာအယာမှုတ်၍ အအေးခံလိုက်ပြီး မြွေအမျိုးသား၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။ ဆန်ပြုတ်က သူ၏ အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် မြွေအသေးလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခန္ဒာကိုယ်အစိတ်အပိုင်းများ အားလုံးကို အဟာရများ ဖြည့်ပေးလိုက်လေသည်။
ခရီးသွားနွားနဂါး၏ အသားထဲမှ ပြင်းထန်လှသော စိတ်ဝိဥာဉ်စွမ်းအင်များနှင့် သွေးသရဖူ ရွံ့နက်မြွေ၏ သွေးအမောက်မှ အသက်စွမ်းအင်များက ပေါင်းစပ်သွားပြီင်္း အေးစက်နေသော မြွေလူသား၏ ခန္ဒာကိုယ်ကို မီးဖိုပေါ်သို့ တင်လိုက်သည့်အလား ပူလောင်လာစေလေသည်။ ယုဖူအမေ၏ မျက်၀န်းများက ရုတ်တရက် ပြူးကျယ်လာပြီး သူမလက်ထဲမှ ပန်းကန်ပင် တုန်ခါလာလေသည်။
ထို့နောက် သူမ၏ စိတ်လှုပ်ရှားမှုများကို အတင်းအကြပ် ဖိနှိပ်လိုက်ပြီး မြွေအမျိုးသားကို တစ်ဇွန်းပြီး တစ်ဇွန်း တိုက်ကြွေးလိုက်လေသည်။
ထိုမြင်ကွင်းကို ကြည့်နေသည့် ပုဖန်၏ နှုတ်ခမ်းထက်တွင် သိသာထင်ရှားသော အပြုံးတစ်ခုပေါ်ထွက်လာလေသည်။
“ဒါက တကယ်ကို အလုပ်ဖြစ်တာပဲ...”
အံ့အားသင့်နေသော ဝူယွမ်ပိုင်က ရေရွတ်လိုက်မိသည်။ ခက်ခဲသော အခြေအနေတွင်ပင် သက်စောင့်ဟင်းပွဲကို ချက်ပြုတ်နိုင်သော ပုဖန်၏ ဟင်းချက်စွမ်းရည်က ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူမတို့ တိမ်ဖြူစံအိမ်မှ စားဖိုးမှုးများပင် ပုဖန်ထက် စွမ်းရည်နိမ့်ကျနေပေသည့်
မျိုးနွယ်စုခေါင်းဆောင်၏ မျက်၀န်းထဲတွင် စိတ်သက်သာရာရဟန်များ ပေါ်ထွက်လာပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ယုဖူ၏ မျက်၀န်းထဲတွင် လည်း ပျော်ရွင်မှုများ ဖြစ်ပေါ်နေလေသည်။
ဆန်ပြုတ်ပန်းကန် တစ်၀က်မျ ကုန်သွားချိန်တွင် ယုဖူ၏ အမေက သူမခင်ပွန်း၏ ခန္ဒာကိုယ် တုန်ခါသွားသည်ကို သတိပြုမိလိုက်သည်။ ထိုအချက်လေးကပင် သူမနှလုံးသားကို လှုပ်ခါနိုင်စွမ်း ရှိနေလေသည်။ နောက်ဆုံးတော့ သူမခင်ပွန်း၏ လှုပ်ရှားမှုကို ပြန်လည်ခံစားသိရှိလိုက်ရပြီ ဖြစ်သည်။
အားလုံး၏ စူးစိုက်ကြည့်နေသော မျက်၀န်းများအောက်တွင် ယုဖန်၏ မျက်၀န်းများ တဖြည်းဖြည်းချင်း ပွင့်လာကြသည်။ သူ၏ မျက်၀န်းထဲတွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။
နောက်ဆုံးတွင် မြွေမိသားစုများက ၀မ်းနည်းနေရာမှ ပျော်ရွင်သော ခံစားချက်အဖြစ် ပြောင်းလဲသွားကြသည်။
ပုဖန်က သူတို့အတွက် ပျော်ရွှင်နေမိလေသည်။ သို့သော် ပုံရိပ်ယောင်စိတ်ဝိဥာဉ်နွံအိုင်သို့ လာခဲ့သည့် သူ၏ ရည်မှန်းချက်များ ပြည့်ဝအောင်မြင်သွားသောကြောင့် ပိုမိုပျော်ရွှင်နေလေသည်။ သူစီစဉ်ထားသကဲ့သို့ပင် စိတ်ကေနပ်ဖွယ် ပါ၀င်ပစ္စည်းများနှင့် အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင် ရေခဲဝိဥာဉ်ကြာပန်း၏ အစိကိုပင် ရရှိခဲ့လေသည်။
“စိတ်ဝိဥာဉ်ဆေးပင် ရိပ်သိမ်းခြင်း ပြီးဆုံးပါပြီ…. ပို့ဆောင်ရေး အစီအရင် စတင်ပါတော့မယ်….”
“သယ်ယူပို့ဆောင်ရေး အစီအရင် စတင်ရေးဆွဲနေပါပြီ…”
မြွေမိသားစု၏ ပျော်ရွှင်မှုကို ငေးကြည့်နေသော ပုဖန်၏ စိတ်ထဲမှ စနစ်၏ အသံက ထွက်ပေါ်လာလေသောကြောင့် သူက အံ့အားသင့်သွာေးလသည်။ ပုဖန်က အိမ်ပြန်ရန်ပင် မေ့လျော့နေခြင်း ဖြစ်သည်။
“သယ်ယူပို့ဆောင်ခြင်း အစီအရင် ပြင်ဆင်မှု ပြီးပြည့်စုံပါပြီ… ပြန်လည်ပို့ဆောင်ပေးပါတော့မယ်….”
သုံး…
နှစ်…
တစ်…
စနစ်၏ ရေတွက်သံ ပြီးဆုံးသွားသည်နှင့် ပုဖန်၏ ခေါင်းထက်တွင် အလင်းအစက်အပျောက်လေးများ ထွက်ပေါ်လာလေသည်။
ပုဖန်နားတွင် ဖြစ်နေသော ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်များကို ဝူယွမ်ပိုင်က ပထမဆုံး သတိပြုမိသွားလေသည်။ လေထုထဲမှ မှော်အစီအရင်ကိုကြည့်၍ သူမမျက်လုံးများ ပြူးကျယ်သွားလေသည်။
“အခုရော.. ဘာတွေ ဖြစ်နေတာလဲ…. ဒီမှော်အစီအရင်က … တကယ်ကို ရှုပ်ထွေးလွန်းတယ်…”
၀ူယွမ်ပိုင်က အံ့အားတသင့် တွေးတောနေလေသည်။
မြွေမိသားစုက အခြေအနေကို သတိပြုမိသွားပြီး ယုဖူက လှမ်းမေးလိုက်သည်။
“ကျေးဇူးရှင်ကြီး… ဘာတွေ ဖြစ်နေတာလဲ…. နင်အခုပဲ ထွက်သွားတော့မလို့လား….”
ပုဖန်၏ ခေါင်းထက်မှ မှော်အစီအရင် ပြီးဆုံးခါနီးအချိန်တွင် သူက တစုံတစ်ခုကို ရုတ်တရက် သတိရသွားလေသည်။ ထို့ကြောင့် ပုဖန်က ယုဖူဘက်သို့ လှည့်၍ ပြောလိုက်သည်။
“အင်း… မိန်းကလေး… ငါမင်းကို တစ်ခု သတိပေးဖို့ ကျန်နေသေးတယ်… မင်းအဖေရဲ့ အခြေအနေက အရမ်းကို အားနည်းနေလို့ ဒီဆန်ပြုတ်ထဲမှာ လ၀က်လောက်ပဲ ရှင်သန်နိုင်တဲ့ အသက်စွမ်းအင်တွေကို ထည့်ထားနိုင်တယ်…”
ဘာ….
ယုဖူနှင့် အိပ်ယာမှ ထလာကာစ ယုဖန်တို့က ထိတ်လန့် အံ့သြသွားလေသည်။ ဆန်ပြုတ်တစ်ပန်းကန်က လ၀က်မျှသာ စွမ်းအင် ထောက်ပံ့နိုင်ပါက သူက ပြန်လည် အားနည်းသွားနိုင်ပေသည်။
“ငါတို့ရဲ့ ကျေးဇူးရှင်လေး… ဒီမှာ ဖြေရှင်းစရာ တခြားနည်းလမ်းများ ရှိလား…”
ယုဖန်က အလျင်စလို မေးလိုက်သည်။ သူက အိပ်ယာပေါ်တွင် ကြာမြင့်စွာ လဲနေခဲ့ပြီး သူ့ဇနီးနှင့် သမီးကို စိုးရိမ်စေခဲ့သောကြောင့် အရှက်ရမှုကို ခံစားနေရလေသည်။ ယုဖူကလဲ မျှော်လင့်ချက် အပြည့်နှင့် ပုဖန်ကို စိုက်ကြည့်လိုက်သည်။ ပုဖန်က သူမအဖေကို ကယ်တင်နိုင်ကြောင်း သူမက နားလည်နေလေသည်။
ပုဖန်က တခဏမျှ တွေဝေနေချိန်တွင် သူ့ကို ၀န်းရံနေသော အလင်းစက်ကွင်းက ပို၍ အားကောင်းလာခဲ့သည်။
“လ၀က်အတောအတွင်း လေအလင်းအင်ပါယာ မြို့တော်ကို လာပြီး ဖန်ဖန် ဆိုင်ငယ်လေးကိုလာရှာပါ… မင်းတို့ အဲဒီကို ရောက်လာရင် ငါ့မှာ ကူညီဖို့ နည်းလမ်းရှိတယ်…” ပုဖန်က ပြန်ပြောလိုက်သည်။
“လ၀က်… လေအလင်းအင်ပါယာမြို့တော်…. ဖန်ဖန် ဆိုင်ငယ်လေး….”
ထိုစကားလုံးများကို ယုဖူက သူမ၏ နှလုံးသားထဲတွင် မှတ်သားထားလိုက်သည်။
“ဟေ့… မသွားနဲ့ဦး… ရေခဲဝိဥာဉ်ဧကရာဇ် ကြာစိတွေက မင်းလက်ထဲမှာရှိနေတယ်… ငါအဲဒါတွေကို အလဲအလှယ် လုပ်ချင်တယ်….” ဝူယွမ်ပိုင်က အံ့အားသင့်နေရာမှ ပြန်လည်သတိ၀င်လာပြီး ပုဖန်ကို အော်ပြောလိုက်သည်။ ပုဖန်က သယ်ယူပို့ဆောင်ရေး အစီအရင်နှင့် အဝေးကို ထွက်သွားရန် ကြိုးစားနေသည်ကို သူမက သိလိုက်သည်။
“ဟမ်… ဘာလဲ… ဒီအမျိုးသမီးက ငါ့ရဲ့ ရေခဲဝိဥာဉ် ဧကရာဇ် ကြာစိတွေကို အလဲအလှယ် လုပ်ချင်နေတာလား….” ပုဖန်က တွေးလိုက်မိသည်။
ပုဖန်က မျက်ခုံးပင့်လိုက်ပြီး ဝူယွမ်ပိုင်ကို မျက်နှာသေနှင့် စိုက်ကြည့်လိုက်သည်။ နားအူလောက်သော လေပြင်းများ ထွက်ပေါ်လာချိန်တွင် ပုဖန်၏ အသံက ထွက်ပေါ်လာလေသည်။
“မင်းက ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းကို လိုချင်နေတာဆိုရင် ငါ့ကို အင်ပါယာမြို့တော်မှာ လာရှာလိုက်…..”
ပုဖန်က ပြောလိုက်ပြီးသည်နှင့် မှော်အစီရင်နှင့် အတူတကွ ပျောက်ကွယ်သွားလေသည်။
နေရာကွပ်လပ်ကို ကြည့်လိုက်ပြီး ဝူယွမ်ပိုင်က ဒေါသချောင်းချောင်း ထွက်သွားလေသည်။ ပုဖန်၏ မှော်အစီအရင်က အဝေးသို့ ပို့ဆောင်ပေးနိုင်မည်ဟု သူမက မယုံကြည်ပေ။
“ဟွန်း… ဟန်ရေးပြတတ်တဲ့ လူတွေက မိုးကြိုးပစ်တတ်တယ်ဆိုတာ.. သူနားမလည်ဘူးလား…”
၀ူယွမ်ပိုင်၏ မျက်လုံးထဲတွင် ပုဖန်၏ မှော်အစီအရင်က အဆောင်ကျောက်စိမ်းပြားဟုသာ ထင်မြင်နေလေသည်။
“ဟွန်း… လေအလင်းအင်ပါယာမြို့တော်လား… ငါသေချာပေါက် မင်းကို လာရှာမယ်….” ဝူယွမ်ပိုင်က ရေရွတ်လိုက်သည်။
ယုဖူက အင်ပါယာမြို့တော်သို့ တစ်ခါမှပင် မရောက်ဖူးချေ။ အတိအကျ ပြောရပါက သူမက မြွေမျိုးနွယ်စုမှ ထွက်ခွာဖူးခြင်းပင် မရှိပေ။ သူမက ပြင်ပကမ္ဘာအကြောင်း သိနားလည်ခြင်း မရှိသောကြောင့် သူမ၏ ဖခင်ကို မေးလိုက်သည်။
“အဖေ…. ငါတို့ရဲကကျေးဇူးရှင်က ငါတို့ကို လေအလင်းအင်ပါယာ မြို့တော်ကို လာဖို့ပြောသွားတယ်… ဒါပေမယ့် အဲဒီလေအလင်းအင်ပါယာမြို့တော်ကို ဒီကနေသွားရင် ဘယ်လောက်ကြာနိုင်လဲ….”
ယုဖန်၏ အမူအယာက ကို့ယို့ကားယား ဖြစ်သွားပြီး ယုဖူ ခေါင်းကို ပုတ်၍ ပြောလိုက်သည်။
“အင်ပါယာမြို့တော်က သိပ်မဝေးပါဘူး… ငါတို့ နေရာကနေ အင်ပါယာ မြို့တော်ကို သွားမယ်ဆိုရင် လ၀က်လောက် သွားရလိမ့်မယ်…..”
……..
လေပြင်းများ တိုက်ခတ်လာပြီး အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ အလင်းအစက်အပျောက်ငယ်လေးများ အခန်းထဲတွင်ပေါ်လာပြီး ပြီးပြည့်စုံသော မှော်အစီအရင်တစ်ခုကို ရေးဆွဲနေလေသည်။ လေပြင်းများ၏ အလယ်မှ သွယ်လျှသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ထို့နောက် ပုဖန်က လေပြင်းများအလယ်မှ လျောက်ထွက်လာပြီး အခန်း၏ ပတ်၀န်းကျင်ကို ကြည့်လိုက်လေသည်။ ရင်းနှီးကျွမ်း၀င်နေသော အခန်းပတ်၀န်းကျင်ကို ပုဖန်က ကြည့်လိုက်ပြီး သက်တောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရသည်။
“ငါထင်တာတော့ ငါ့ဆိုင်ထဲမှာ နေရတာက သက်တောင့် သက်သာအရှိဆုံးပဲ…”
ပုံရိပ်ယောင် စိတ်ဝိဥာဉ် နွံမြေအတွင်းတွင် အချိန်ကြာမြင့်စွာ နေခဲ့သောကြောင့် သူ၏ ခန္ဒာကိုယ်က စေးကပ်ကပ် ဖြစ်နေလေသည်။ ထို့ကြောင့် ဆိုင်သို့ ပြန်ရောက်သည်နှင့် သူက ပါ၀င်ပစ္စည်းများကို စစ်ဆေးခြင်းမရှိပဲ ရေချိုးခန်းသို့ဦးတည်လိုက်သည်။ သန့်ရှင်းစင်ကျယ်မှုကို မြတ်နိုးသော စားဖိုမှုးတစ်ယောက်အတွက် ညစ်ပေနေသည့် အခြေအနေက လက်မခံနိုင်စရာ ဖြစ်နေလေသည်။
ပုဖန်က ပျော်ရွှင်စွာ ရေချိုးနေချိန်တွင် ဆိုင်ရှေ့၌ လူစုလူဝေးများ ဖြစ်နေသည်ကို သူက သတိပြုမိခြင်း မရှိပေ။