အပိုင်း ၁၈၁
Viewers 62k

အခန်း ၁၈၁ “ပိုင်ရှင်ပုက ငါတို့ကို ကျွေးမွေးပြုစုမယ်…. မယုံနိုင်စရာပဲ…”


“အခုထိအောင်မဖွင့်သေးဘူးလား… ကြည့်ရတာတော့ ဒီနေ့လဲ မျှော်လင့်ချက် မရှိတော့ဘူးထင်တယ်… ငါဒီကို လာတာ သုံးကြိမ်ရှိပြီ….”


“ပိုင်ရှင်ပု ဆိုင်ပိတ်ထားတာလဲ နှစ်ရက်ရှိပြီ…”


“သူဟင်းပွဲအသစ်တွေများ ဖန်တီးနေတာလား…”


“ပိုင်ရှင်ပုက အရင်တုန်းက ဒီလိုမဟုတ်ပါဘူး… အခုဘာတွေ ဖြစ်နေပါလိမ့်…”


ဆိုင်ပေါက်၀တွင် စုရုံးနေသော လူအုပ်ကြီးက လမ်းကြားလေးထဲတွင်ပင် ပြည့်နှက်နေပြီး လမ်းမကျယ်ထိပင် ရောက်နေလေသည်။ ထိုလူများက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။ 


လူအုပ်ကြီး၏ ရှေ့ဆုံးရှိ ဆိုင်ရှေ့တည့်တည့်တွင် ရပ်နေသော ကွမ်းရှောင်ယီက စေ့စေ့ပိတ်ထားသော တံခါးရွက်များကို စိုက်ကြည့်နေပြီး သူ၏၏ နီမြန်းစိုစွတ်သော နှုတ်ခမ်းလေးကို လျှာဖြင့် သပ်၍ တွေးတောနေလေသည်။


“ဒီစိတ်ပုပ်သူဌေးက ဆိုင်ပိတ်ထားရအောင် ဘာထူးခြားတာများ ရှိလို့လဲ…”


၀၀ဖိုင့်ဖိုင့် ဖက်တီးဂျင်က အဆီရစ်နေသော လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး ဆိုင်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။ သို့သော် ဘာမှမမြင်ရသောကြောင့် လက်လျှော့လိုက်လေသည်။ ဆိုင်အတွင်းမှ ဟင်းရနံ့များ ထွက်ပေါ်နေခြင်းလည်း မရှိသောကြောင့် ဟင်းပွဲအသစ် ချက်ပြုတ်နေခြင်းမဟုတ်ကြောင်း ဖက်တီးဂျင်က ကောက်ချက်ချလိုက်သည်။


မျက်နှာကာ တပ်ဆင်ထားသော ရှောင်ယန်ယုက သူမ၏ လှပသော မျက်လုံးလေးများကိ ဝေ့၍ ဆိုင်အတွင်းသို့ အကဲခတ်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။


“ကျွင်းအာ… ကြည့်ရတာတော့ ဒီနေ့လဲ ပိုင်ရှင်ပု ဆိုင်မဖွင့်ဘူးထင်တယ်… သွားကြရအောင်…”


စောင့်ရသည်ကို စိတ်မရှည်တော့သော လော့ဆန်းနင်က ဆိုင်ထဲကိုပင် မကြည့်တော့ပဲ သူမဘေးမှ အစားအသောက်ဘူးကို ကိုင်၍ ရပ်နေသော ကျွင်းအာ၏ လက်ကို ဆွဲ၏ ပြန်ရန် ပြင်လိုက်သည်။


မြေကြီးပေါ်တွင် လှဲလျှောင်းနေသော ဘလက်ကီက ဆိုင်ရှေ့မှ လူအုပ်ကြီးကို ခေါင်းထောင်ကြည့်လိုက်ပြီး ထိုသူများကို သနားနေဟန်နှင့် မဲ့လိုက်လေသည်။ ပုဖန်၏ နှစ်ရက်တိုင်တိုင် ဆိုင်မဖွင့်မှုကြောင့် သူကိုယ်တိုင်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေလေသည်။ သို့သော် ၀က်နံရိုး ချိုချဉ်ကြော် နှစ်ရက်မစားရသည်မှလွဲ၍ သူက အခြားအကြောင်းသိပ်မရှိပေ။


…….


ခပ်နွေးနွေး ရေများက ပုဖန်၏ ကိုယ်ပေါ်မှ လျောဆင်းကျနေသည်။ ရေစိနေသော ဆံပင်များက ခန္ဒာကိုယ်တွင် ကပ်နေလေသည်။ ပုဖန်က ခေါင်းကို ခါရမ်းလိုက်ရာ ရေစက်များက နေရာအနှံ့ လွင့်စင်သွားလေသည်။ ရေချိုးပြီးကာစ ပုဖန်၏ ခန္ဒကိုယ်က နွေးထွေး၍ သက်တောင့်သက်သာ ရှိနေလေသည်။ ပုဖန်က မျက်နှာသုတ်ပဝါနှင့် ရေသုတ်လိုက်ပြီး ရေချိုးခန်းအတွင်းမှ ထွက်လာလိုက်သည်။ 


ပင်ပန်းနွယ်နယ်နေသော အချိန်တွင် ရေချိ်ုးလိုက်ရခြင်းက အလွန် စိတ်သက်သာရာ ရစေပြီး အစားကောင်းကောင်းတစ်ခုသာ ရှိလိုက်ပါက မသေမျိုး ဖြစ်ရခြင်းထက်ပင် ပျော်ရွှင်စေမည်ဖြစ်သည်။ ပုဖန်က ၀တ်ရုံရှည်တစ်ထည်ကို ၀တ်ဆင်လိုက်ပြီး ပြတင်းတဆံခါးစီသို့ လျောက်သွားလိုက်သည်။ ပြတင်းတခါးများကို တင်းကြပ်စွာ ပိတ်ထားသောကြောင့် အပြင်ဘက်မြင်ကွင်းကို မြင်တွေ့ရခြင်းမရှိပေ။


ပုဖန်က ပြတင်းတခါးကို ဖွင့်လိုက်ရာ အေးစက်သော လေပြင်းများက စိုရွှဲနေသော ဆံပင်များကို ဖြတ်တိုက်သွားသောကြောင့် လန်းဆန်းမှုကို ခံစားလိုက်ရသည်။


“ဟေ့… ကြည့်လိုက်စမ်း…. ပြတင်းပေါက်တစ်ခု ပွင့်လာတယ်… ပိုင်ရှင်ပုက ဆိုင်ထဲမှာရှိနေတာပဲ….”


“သေလိုက်စမ်း… ပိုင်ရှင်ပုက လွန်ခဲ့တဲ့ နှစ်ရက်လုံး ၀က်တစ်ကောင်လို အိပ်နေတာလား….. ငါတို့ အပြင်မှာ ရန်ပွဲတွေ ဖြစ်နေတာတောင် သူက လုံး၀ နိုးမလာဘူးလား…”


“ပိုင်ရှင်ပုက အပြင်ထွက်မသွားဘူးလို့ ဘယ်သူက ထင်မိမှာလဲ.. ဒီလူက သူ့အခန်းထဲမှာအောင်းပြီး ဘယ်လိုအံ့သြစရာတွေ လုပ်နေလဲဆိုတာ မသိနိုင်ဘူးလေ… ကြည့်ရတာတော့ ဟင်းပွဲအသစ်တွေ လေ့လာရုံ သက်သက်တော့ မဖြစ်နိုင်ဘူး…”


ပြတင်းတခါးကို ဖွင့်၍ လမ်းကြားလေးကို ဖြတ်သန်းလာသော အေးမြလန်းဆန်းသည့် လေများကို ခံစားနေသော ပုဖန်က မကျေနပ်မှု စိတ်မရှည်မှု များ ပါ၀င်နေသော ဆူညံသံများကို ကြားလိုက်ရသောကြောင့် ထိတ်လန့်အံ့သြသွားပြီး ဆိုင်အောက်သို့ ငုံ့ကြည့်လိုက်မိလေသည်။


“ဟမ်.. ဘာလို့ လူတွေအများကြီး ဆိုင်ရှေ့ကို ရောက်နေတာလဲ….သူတို့က ဘာလုပ်နေကြတာလဲ….”


ပုဖန်က မသိနာမလည်ဟန်နှင့် ရေရွတ်လိုက်သောကြောင့် ကြားလိုက်ရသော အောက်မှ လူအုပ်ကြီးက အံတင်းတင်းကြိတ်၍ ပြန်ကြည့်နေကြလေသည်။ 


အောက်တွင် ရပ်နေကြသော လူအုပ်ကြီးက ဒေါသထွက်နေလေသည်။


“ပိုင်ရှင်ပု… မင်းရဲ့ မျက်နှာက မသိနားမလည်သလို အပြစ်ကင်းသလို ဘာလို့ လုပ်နေတာလဲ… အောက်ကို ဆင်းလာခဲ့စမ်းပါ… သေအောက်မရိုက်ဘူးလို့ ငါကတိပေးတယ်…”


“ပိုင်ရှင်ပု… ဘာစကားတစ်ခွန်းမှ မပြောပဲ နှစ်ရက်လုံးလုံး ဆိုင်ပိတ်ထားတယ်… ပြီးတော့ ငါတို့ကို ဘာလို့ ဒီမှာစုနေတာလဲတဲ့.. ဟုတ်လား…”


လူအုပ်ကြီးထံမှ မကျေနပ်ချက်များ တစ်ယောက်တစ်ပေါက် ထွက်လာသောကြောင့် ပုဖန် ခေါင်းမွှေးများပင် ထောင်သွားလေသည်။ 


ဒေါသပေါက်ကွဲနေသော ကွမ်းရှောင်ယီကလည်း ပုဖန်ကို ကြည့်၍ လှမ်းအော်လိုက်လေသည်။


“စိတ်ပုပ်သူဌေး ဘာလုပ်နေတာလဲ… ဘာလို့ နှစ်ရက်တောင် ဆိုင်မဖွင့်တာလဲ… အောက်ကို မြန်မြန်ဆင်းလာခဲ့…”


လွန်ခဲ့သော နှစ်ရက်လုံးလုံးတွင် သူမက ဆိုင်ရှေ့သို့ စောစီးစွားရောက်ရှိလာပြီး ပုဖန် ဆိုင်ဖွင့်မည်အထင်နှင့် ကြာမြင့်စွာ ရပ်စောင့်နေခဲ့ရသည်။ 


ပုဖန်က ရှောင်ယီ၏ ရန်လိုနေသော အသံကြောင့် မျက်၀န်းများ မှေးကျဉ်းလိုက်ပြီး နှုတ်ခမ်းများပင် မဲ့ရွဲ့သွားလေသည်။ ထို့နောက် ပုံရိပ်ယောင်စိတ်ဝိဥာဉ်နွံမြေသို့ မသွားခင်က ဆိုင်ပိတ်သည့် ဆိုင်းဘုတ်ကို မချိတ်ခဲ့ကြောင်း ရုတ်တရက် သတိရသွားလေသည်။ ထို့နောက် လူစုကို ကြည့်၍ မှင်သေသေနှင့် ပြန်မေးလိုက်သည်။ 


“ငါအဲဒီမှာ ဆိုင်ပိတ်တဲ့ ဆိုင်းဘုတ်လေး ချိတ်ထားတယ် မဟုတ်ဘူးလား…”


လူတိုင်းက ပြိုင်တူပင် ခေါင်းခါလိုက်လေသည်။ ဆိုင်ပိတ်ကြောင်း ဆိုင်ဘုတ်နှင့် ကြေညာထားပါက သူတို့ အရူးများကဲ့သို့ လာစောင့်နေမည်မဟုတ်ချေ။ 


“အိုး… ကြည့်ရတာတော့ .. အနားကအိမ်က ခွေးတစ်ကောင်က သူဆော့ကစားချင်လို့ ငါ့ဆိုင်းဘုတ်ကို လာယူသွားပုံရတယ်…” ပုဖန်က မျက်တောင်တစ်ချက်ပင် မခတ်ပဲ လိမ်ညာပြောလိုက်သည်။


အောက်မှ လူအုပ်ကြီးက ဆွံ့အသွားလေသည်။


ဘလက်ကီကလည်း မျက်ခုံးများ ပင့်လိုက်မိပြီး တွေးလိုက်မိသည်။


“ဒီကောင်စုတ်လေးက မတွေ့ရတာ နှစ်ရက်ပဲ ရှိသေးတယ် တော်တော် အရေထူလာတာပဲ…”


“အကုန်လုံးပဲ ခဏလောက် စောင့်ပါဦး … ငါအောက်ဆင်းလာပြီး ဆိုင်လာဖွင့်ပါ့မယ်…”


ပုဖန်က ပြတင်းပေါက်ဘောင်ပေါ် လက်တင်၍ ပြောနေသောကြောင့် သူ့၀တ်ရုံက လျောကျနေပြီး ဖြူဖွေးသော အသားအရေကို မြင်နေရလေသည်။ ထီု့နောက် ပုဖန်က ဆိုင်ထဲသို့ ပြန်၀င်လိုက်ပြီး ပါးလွှာသော ၀တ်ရုံကို လဲလှယ်၀တ်ဆင်လိုက်သည်။ သူ၏ ဆံပင်များက စိုထိုင်းထိုင်း ဖြစ်နေသောကြောင့် အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ ခြောက်သွေ့စေလိုက်သည်။


ပုဖန်က သိုးမွှေးကြိုးနှင့် ဆံပင်များကို စီးနှောင်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာလိုက်သည်။ ထို့နောက် ဆိုင်တံခါးများကို ပိတ်လိုက်ရာ လေအေးများက ဆိုင်ထဲသို့ တဟုတ်တိုး ၀င်လာပြီး သူ့ကို စူးစိုက်ကြည့်နေသော လူအုပ်ကြီးကို တွေ့လိုက်ရလေသည်။ ဆိုင်တံခါးအနီးတွင် လူတစ်ဒါဇင်မျှရှိနေပြီး သူရင်းနှီးနေသော မျက်နှာများနှင့် ဖောက်သည်ဟောင်းများ ဖြစ်သောကြောင့် ပုဖန်က တောင့်ပန်သင့်သည်ဟု ခံစားလိုက်ရသည်။


ထို့နောက် နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ပြောလိုက်သည်။


“အချိန်အကြာကြီး စောင့်ဆိုင်းထားရတဲ့အတွက် တောင်းပန်ပါတယ်… ဆိုင်ထဲကို ၀င်လာခဲ့ကြပါ…”


စိတ်တိုနေဆဲဖြစ်သော ကွမ်းရှောင်ယီက မျက်မှောင်ကြုံ့၍ ဆိုင်ထဲသို့ ပထမဦးစွာ ၀င်လာလေသည်။ ပုဖန်က နှုတ်ခမ်းတွန့်လိုက်ပြီး သူမ၏ ခေါင်းကိုပုတ်၍ ချော့မြူရန် ကြိုးစားလိုက်သည်။ သို့သော် ကွမ်းရှောင်ယီက ရှောင်ထွက်သွားသောကြောင့် မအောင်မြင်လိုက်ပေ။


“အားလုံးပဲ ထိုင်ကြပါ… ဆိုင်က နည်းနည်း ကျဉ်းတယ်ဆိုတော့ အဆင်ပြေသလို ပေါင်းထိုင်လိုက်ကြပါ… ငါက မင်းတို့ကို တောင်ပန်တဲ့အနေနဲ့ ဟင်းပွဲအသစ်ကို အလကားပေးမြည်းပါမယ်… ဒါကို လျော်ပေးတယ်လို့ သဘောထားပေါ့…” ပုဖန်က အားလုံးကို ဝေ့၀ဲကြည့်လိုက်ပြီး နူးညံ့ငြင်သာစွာ ပြောလိုက်သည်။


ဆိုင်ထဲရှိ လူအားလုံးက အံ့အားသင့်သွားပြီး ပုဖန်ကို မယုံနိုင်ဟန်နှင့် ဝိုင်းကြည့်လိုက်ကြသည်။ 


ရှောင်ယန်ယု၏ မျက်လုံးဝိုင်းလေးများက အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။


ရှောင်ရှောင်လုံ၏ နီမြန်းသော နှုတ်ခမ်းလေးများကလဲ ဟောင်းလောင်းပွင့်သွားလေသည်။


နံမည်ပျက်စားသောက်ဆိုင်ပိုင်ရှင် ပိုင်ရှင်ပုက အားလုံးကို ကျွေးမွေးပြုစုမည်မှာ မယုံနိုင်စရာထူးကဲလှပေသည်။ ပုဖန်၏ ကျွေးမွေးပြုစုခြင်းကို ခံရသည်မှာ ဘ၀တစ်သက်တာတွင် တစ်ကြိမ်သာ ဖြစ်ပေလိမ့်မည်။ သူ၏ ဆိုင်ကို နံမည်ပျက် စားသောက်ဆိုင်အဖြစ် လူသိများလာရခြင်းမှာ ထမင်းကြော်တစ်ပွဲကိုပင် သလင်းကျောက်ဆယ်တုံးနှင့် ရောင်းချသောကြောင့် ဖြစ်သည်။


ထိုကဲ့သို့သော စားသောက်ဆိုင်ပိုင်ရှင်မှ သူတို့အားလုံးကို ကျွေးမွေးပြုစုမည်ဟု ဆိုခြင်းမှာ မယုံနိုင်စရာပင် ဖြစ်လေသည်။ အားလုံးက ပုဖန်ကို စိုက်ကြည့်နေကြသောကြောင့် ပုဖန်က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကွမ်းရှောင်ယီ၏ ခေါင်းကို အသားပုတ်လိုက်ပြီး မီးဖိုခန်းဘက်သို့ ၀င်သွားလိုက်သည်။


“စနစ်… ငါက သူတို့အားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အားလုံးကို ကျွေးမွေးပြုစုမယ်ဆိုရင် ကျသင်တဲ့ သလင်းကျောက်တွေကို နှုတ်မှာလား….” ပုဖန်က တည်တည်ငြိမ်ငြိမ်နှင့် မေးလိုက်သည်။


“သင်ပြောတဲ့ ရည်ရွယ်ချက်ရှိရှိဆိုတာက စနစ်ရဲ့ ချို့ယွင်းချက်မဟုတ်ဘူး… ဒါကြောင့် သူတို့ကို ကျွေးမွေးပြုစုမယ့် ကုန်ကျစရိတ်အားလုံးကို ပိုနေတဲ့ သလင်းကျောက်တွေကနေ နှုတ်ယူမှာပါ…” စနစ်က ပြတ်သားစွာ တုံ့ပြန်လိုက်သည်။


ပုဖန်က မဲ့ရွဲ့လိုက်ပြီး မီးဖိုခန်းဘက်သို့ လျောက်နေရာမှ ရပ်လိုက်လေသည်။ 


“တကယ်လို့ အဲလိုသာဆိုရင် စနစ်က ထောက်ပံ့ထားတဲ့ ပစ္စည်းတွေကို မသုံးရင်ကောင်းမယ်ထင်တယ်…” ပုဖန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။