အပိုင်း ၄၉
Viewers 15k

မြင်းလှည်းက တစ်ကြိမ်ခန့်လှုပ်ခါပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။
ညွှန်ကြားချက်များကို စောင့်နေသည့် အစောင့်များ၏အသံက အပြင်ဘက်မှထွက်လာသည်။
" အရှင်မင်းသား ...ကျွန်တော်မျိုးတို့ နားရမယ့်နေရာ ရောက်ပါပြီ ..."
" ငါသိပြီ ..."
ဖူယွီကျွင်းက ပြန်ဖြေပြီးနောက် ပါးစပ်မှသွေးများကို သုတ်လိုက်သည်။ လင်းရှောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဦးဆောင်၍ထွက်သွားသည်။
လင်းရှောင် မြင်းလှည်းပေါ်မှဆင်းသည့်အချိန်တွင် ဖူယွီကျွင်းက မနီးမဝေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ ဖူယွီကျွင်းကို ကြည့်လိုက်ပြီးနောက် အားထုတ်၍ ဖြည်းညှင်းစွာလျှောက်လာပြီး ဖူယွီကျွင်းကို လိုက်မှီလာသည်။
ဖူယွီကျွင်းက သူ့ကို့ ပုလင်းငယ်လေးတစ်လုံး ပစ်ပေးလိုက်သည်။ လင်းရှောင်အလျင်အမြတ် ဖမ်းလိုက်ပြီး ထူးထူးဆန်းဆန်း ရင်းနှီးနေသည်ဟု ထင်လိုက်မိသည်။
သူ ထပ်မံတွေးတောသော်လည်း မည်သို့မျှ စဉ်းစားမရပေ။
" မူဧကရာဇ်က မင်းကို ဒီဟာပေးလိုက်တာ ပြီးတော့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လည်း ပြောလိုက်တယ် ..."
လင်းရှောင် စိတ်ရှုပ်ထွေးနေစဉ်မှာပင် သူ၏ရှေ့မှ ဖူယွီကျွင်းက ကျီစားသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လင်းရှောင် ဒယိမ်းဒယိုင်ဖြစ်ပြီး မြေပြင်ပေါ် လဲကျမတတ်ဖြစ်သွားသည်။ ကံကောင်းသည်မှာ ဖူယွီကျွင်းက မျက်စိလျင်၍ သူ့ကိုကူညီပေးလိုက်သည်။
" မူဧကရာဇ်က မင်းကို အရမ်းဂရုစိုက်တာ ကြားလိုက်ရတော့ ပျော်လွန်းလို့ ချော်လဲမလိုတောင် ဖြစ်သွားတယ်ပေါ့ ..."
လင်းရှောင် ရှုံ့မဲ့လျက် ဖူယွီကျွင်းကို မော့ကြည့်လိုက်သည်။
ဘယ်နေရာကများ သူ့မျက်လုံးထဲ ပျော်တဲ့ပုံပေါက်နေလဲမသိဘူး ...
လန့်သွားတာ အသိသာကြီးပဲကို ...
ဧကရာဇ်က သူ၏နောက်ကိုလိုက်လာမည်မှာ မမျှော်လင့်ထားသည့်ကိစ္စဖြစ်သည်။
ပိုပြီးထူးဆန်းတာက မင်းကြီးက နောက်က လိုက်လာပေမယ့် လမ်းတစ်ဝက်မှာ လက်လျှော့လိုက်တဲ့ ကိစ္စပဲ ...
လင်းရှောင်သိတဲ့ မင်းကြီးက ဆုံးဖြတ်ချက်တစ်ခုကိုလွယ်လွယ်မချတတ်တဲ့အပြင် ... တစ်ခုခု ဆုံးဖြတ်ပြီးရင်လည်း လွယ်လွယ်နဲ့ မပြောင်းလဲတတ်တဲ့သူလေ ...
ဖူယွီကျွင်းက မင်းကြီးနဲ့ ဘယ်လိုသဘောတူညီချက်တွေလုပ်ထားလို့ လမ်းတစ်ဝက်မှာ လက်လျှော့သွားတာလဲ ... အဲ့အပြင် ဒီဆေးပုလင်း ...
လင်းရှောင် ဆေးပုလင်းကို ခပ်တင်းတင်းကိုင်ထားပြီး ဝတ်ရုံလက်ထဲတွင် ဖွက်ထားလိုက်သည်။ ထိုဆေးက သူ၏ လူမြင်မခံနိုင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို လိမ်းရမည်မှာ ရှင်းလင်းနေသည်။ မူလက သူ အမှတ်မရသော်လည်း ဧကရာဇ်အကြောင်း ပြောလိုက်သည့်အခါမှ သတိရသွားသည်။
မင်းကြီးက ဘာတွေ တွေးနေပါလိမ့် ... ဖူယွီကျွင်းကိုတောင်မှ ဆေးပုလင်းပေးလိုက်သေးတယ်ပေါ့ ...
နန်းတော်က ထွက်လာပေမယ့် မင်းကြီးက သူ့ဘေးမှာပဲရှိနေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့် ...
လင်းရှောင် နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။ ဖူယွီကျွင်းနောက်မှလိုက်ကာ ထမင်းဆိုင်ထဲဝင်သွားသည်။
ဆိုင်ထဲရောက်သည်နှင့် လင်းရှောင် ဒုတိယထပ်သို့တန်းသွားကာ ကိုယ်လက်သန့်စင်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်တွင် အမှတ်အသားများဖြင့် ပြည့်နေပြီး အချစ်ကြမ်းထားသည့် သက်သေများကျန်ခဲ့သည်က်ု အဝတ်များချွတ်လိုက်ချိန်မှ မြင်လိုက်ရသည်။
သို့သော်လည်း သူ၏ခန္ဓာကိုယ်က ကောင်းကောင်းမွန်မွန်လှုပ်ရှားနိုင်သေးသည်။ သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများနှင့် သူဆက်ဆံခံထားရသသည့်ပုံဖြင့်ဆိုလျှင် အိပ်ရာပေါ်မှပင် ထမလာနိုင်ဟု ထင်ထားခဲ့မိသည်။ သို့သော်လည်း ပထမဆုံးအိပ်ရာနိုးလာချိန်တွင် နာကျင်ခဲ့သည်မှလွဲ၍ တဖြည်းဖြည်း ပြန်ကောင်းလာခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ ခန္ဓာကိုယ်အောက်ပိုင်းကို ဧကရာဇ်ပေးသော ဆေးလိမ်းထားသော်လည်း နာကျင်မှုက သည်းမခံနိုင်ဖွယ် ဖြစ်နေသည်။ ထိုင်နေချိန်တွင်နှင့် မတ်တပ်ရပ်ချိန်တွင် နှစ်ခုလုံးတွင် နာကျင်နေသည်။
မူလက သူအိပ်ရာဝင်ရန် ပြင်နေခဲ့သည်။ သို့ရာတွင် သူ ကိုယ်လက်သန့်စင်ပြီးချိန်တွင် ဖူယွီကျွင်းက သူ့ကို အောက်ထပ်သို့ ဆွဲခေါ်လာသည်။
လင်းရှောင် တိတ်ဆိတ်နေပြီး သူစိတ်တိုင်းကျလုပ်ခွင့်ပြုလိုက်သည်။ သူပြန်လည်မွေးဖွားလာချိန်မှစ၍ ဒဏ်ရာအားလုံးက အကျက်မြန်နေသည်။
ဒီ ဖူယွီကျွင်းက ဒဏ်ရာရထားတာတောင် ဘာမှမဖြစ်ထားသလို နေနိုင်သေးတယ်ပေါ့ ..
လင်းရှောင်၏ သံသယကို ရိပ်စားမိပုံဖြင့် သူဖြေလိုက်သည်။
" ငါက ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဒဏ်ရာရထားတာ ... အနားယူနေရုံနဲ့ ကောင်းသွားမှာမဟုတ်ဖူး ..."
ဒါဆိုလည်း ပြီးတာပဲ ...
လင်းရှောင် မျက်ဆံလှန်လိုက်ပြီး ဖူယွီကျွင်းနောက်မှလိုက်ကာ အောက်ထပ်ရှိ ပြတင်းပေါက်နားမှ ခုံတွင်ထိုင်လိုက်သည်။ ဖူယွီကျွင်းက ဟင်းတစ်ချို့မှာပြီး လင်းရှောင်ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
လင်းရှောင် တစ်ငုံတစ်ခန့်သောက်လိုက်သည်။ ထို့နောက် သူ့ကို မေးထောက်၍ ချစ်မြတ်နိုးစွာကြည့်နေသည့် ဖူယွီကျွင်းကို မြင်လိုက်သည်။ သူ၏အကြည့်များက နူးညံ့ညှင်သာနေ၍ လင်းရှောင် ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာပြီး လက်ဖက်ရည်ခွက်ကိုချကာ မသက်မသာဖြင့် မေးလိုက်သည်။
" ကျွန်တော်မျိုးကို ဘာလို့ အဲ့လိုကြည့်နေတာပါလဲ ..."
" နန်းတော်ထဲမှာနေတုန်းကနဲ့ အခုလက်ရှိမင်းနဲ့ ဘယ်လောက်တောင် ကွာခြားသွားလဲဆိုတာ စဉ်းစားနေတာပါ ...
ဖူယွီကျွင်းက လင်းရှောင်ကို တန်ဖိုးဖြတ်မရသည့် ရတနာတစ်ခုကို ကြည့်နေသကဲ့သို့ မျက်တောင်မခတ်စတမ်းကြည့်နေပြီး ပြုံးပြလိုက်သည်။
လင်းရှောင် မျက်ဆံမလှန်ပဲ မနေနိုင်ဖြစ်သွားပြီး မေးလိုက်သည်။
" ဘာများ ကွာခြားသွားလို့လဲ ..."
" နန်းတော်ထဲမှာ မင်းကို အကြိမ်အနည်းငယ်ပဲ နေခဲ့ရပေမယ့် မင်းကိုကြည့်လိုက်ရင် တုန်လှုပ်ပြီး သတိထားနေတယ် ပြီးတော့ တည်ကြည်နေတယ် ... အဲ့ဒါက စိတ်ဝင်စားစရာကောင်းပေမယ့် ပေါ်လွင်ထင်ရှားမှုမရှိဘူး ... နန်းတော်ထဲက ထွက်လာတော့ မင်းကိုယ်မင်းကြည့်လိုက်စမ်း ... ဘယ်နေရာကများ အစေခံနဲ့ တူတော့လို့လဲ ..."
လင်းရှောင်မျက်ခုံးပင့်ပြီး ဖူယွီကျွင်းကိုကြည့်ကာ ပြောလိုက်သည်။
" ကျွန်တော်မျိုးက အစတည်းက မင်းသားရဲ့ အစေခံမဟုတ်ဘူးလေ ..."
" ဟုတ်ပါပြီ ..."
လင်းရှောင် ပြုံးလိုက်သည်။
" မင်းရဲ့တည်ရှိမှုက မရိုးရှင်းတော့ဘူးလေ ..."
ထိုစကားပြောနေချိန်၌ ဖူယွီကျွင်း၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်ကို လင်းရှောင်က တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်သဖြင့် သင်္ကာမကင်းဖြစ်ကာ မေးလိုက်သည်။
" ဘာကိုများ ဆိုလိုတာပါလဲ ..."
" မင်းတို့တွေ ကြေညာချက်ကို ဖတ်ပြီးကြပြီလား ... ငါတို့ဧကရာဇ်ကြီးက တရားဝင်ကြင်ယာတာ် ရွေးတော့မယ်တဲ့ ... "
ဘေးစားပွဲဝိုင်းမှ ယောက်ျားတစ်ယောက် အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
လင်းရှောင် အံ့အားသင့်သွားသည်။
မင်းကြီးက ကြင်ယာတော် ရွေးတော့မှာလား ...
သူ၏အာရုံစိုက်မှုက ဖူယွီကျွင်းထံမှ ဘေးစားပွဲသို့ ရောက်သွားသည်။
ထိုနေရာတွင် ချည်ထည်အင်္ကျီအဖြူဝတ်ထားသည့် လူငယ်သုံးယောက်ထိုင်နေသည်။ လက်ဖက်ရည်ခွက်ကိုင်ထားသာ့် ယောက်ျား၏ရှေ့တွင် လူနှစ်ယောက်ထိုင်နေပြီး သူတို့အားလုံး၏ မျက်နှာတွင် အံ့ဩနေသည့် အမူအရာကို မြင်နိုင်သည်။ စကားပြောနေသည်မှာ လက်ဖက်ရည်ခွက် ကိုင်ထားသည့်လူဖြစ်သည်။
လင်းရှောင် သူ့ကိုကြည့်လိုက်ချိန်တွင် ပြောနေသည်ကို ကြားလိုက်ရသည်။
" ဒီနေ့ကစပြီး တစ်လအကြာမှာ ဧကရာဇ်က တရားဝင်ကြင်ယာတော်ဘွဲ့ကို အပ်နှင်းမယ်တဲ့ ... ပြီးရင် မင်းကြီးက ငါတို့ကို တစ်နှစ်တောင် အခွန်ကင်းလွတ်ခွင့်ပေးဦးမယ်တဲ့ ..."
" ဒါ သတင်းကောင်းပဲ ..."
သုံးယောက်ထဲမှ လူတစ်ယာက်က အခွန်ကင်းလွတ်ခွင့်အကြောင်း ကြားလိုက်သည့်အခါ မပြုံးပဲ မနေနိုင်တော့ပေ။
" ဒါဆိုရင် ငါတို့မူတိုင်းပြည်ရဲ့ ပထမဆုံး ဘုရင့်ကြင်ယာတော် ဖြစ်လာမှာပေါ့ ... ဧကရာဇ်ရဲ့ နှစ်သက်ခြင်းခံရတာ ဘယ်သူလဲဆိုတာ သိချင်လိုက်တာ ..."
အခြားတစ်ယောက်က ကြားဖြတ်ပြောလိုက်သည်။
" ဟမ် ... ငါထင်တာ သူ့နာမည်က လင်းရှောင်ထင်တယ် ..."
လူတစ်ယောက်က အမှတ်ရသွားသည်။
လင်းရှောင်ကြားသည့်အခါ လက်ထဲမှ ရေနွေးခွက်ပင် ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ သူ၏ အမူအယာများက အံ့ဩနေပုံပေါက်နေသဖြင့် တစ်ဖက်မှ ဖူယွီကျွင်းက နောက်ပြောင်လိုသည့်ပုံဖြင့် ကြည့်နေသည်။
လင်းရှောင် စိတ်ကို ရှင်းရှင်းထားလိုက်ပြီး အနည်းငယ်ပင် အံ့ဩမနေသည့် ဖူယွီကျွင်းကိုကြည့်ကာ အံကြိတ်လိုက်သည်။
" အရှင့်သားက သိပြီးသွားပြီလား ..."
" မူဧကရာဇ်က ငါ့ကိုတစ်ခါပြောပြဖူးတယ်လေ ... သူက မင်းကိုပြန်ခေါ်ဖို့ တကယ်ကို ဆုံးဖြတ်ချက်ချထားတာ ..."
ဖူယွီကျွင်း လက်ဖက်ရည်သောက်လိုက်သည်။
လင်းရှောင်တိတ်ဆိတ်သွားသဖြင့် ဖူယွီကျွင်းက သူ့ကိုမေးထောက်ပြီးကြည့်နေသည်။ အစေခံငယ်လေး၏မျက်နှာတွင် စိုးရိမ်မှုများက အတိုင်းသားပေါ်နေသည်။ ချက်ချင်းခေါင်းငုံ့လိုက်ပြီး တက်ကြွမှုများ ပျောက်ဆုံးသွားသည်။ ဖူယွီကျွင်းက သူ့ကိုနှစ်သိမ့်လိုက်သည်။
" မင်း အရမ်းစိုးရိမ်စရာမလိုပါဘူး ... ရှောင်တိုင်းပြည်ထဲ ဝင်ပြီးတာနဲ့ သူရောက်လာပြီး မင်းကိုလုယူလို့မရတော့ဘူး .."
" လုယူတယ်တဲ့လား ..."
လင်းရှောင် ရှုံ့မဲ့သွားသည်။
သူက ပစ္စည်းတစ်ခုလား ...
လင်းရှောင် သရော်လိုက်သည်။
သူက နန်းတော်ထဲက ထွက်လာပြီဆိုမှတော့ ဖူယွီကျွင်းဘေးမှာ နေစရာမလိုတော့ဘူးလေ ... အခွင့်အရေးရတာနဲ့ ထွက်ပြေးရမယ် ...
" ဟုတ်သားပဲ ... သူတို့က တစ်ခုထပ်ပြောဖို့ မေ့သွားကာ ... ဧကရာဇ်ကို လိမ်ညာတဲ့ အထိန်းတော်လင်းကို ကွပ်မျက်လိုက်ပြီလို့ ဧကရာဇ်ကကြေညာချက်ထုတ်ပြန်ထားတယ် ..."
ဖူယွီကျွင်းက ရုတ်တရက် ပြောလိုက်သည်။
လင်းရှောင် နောက်တစ်ကြိမ်ထိတ်လန့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
သေပြီလား ... သူက အထိန်းတော်‌လင်းလေ ... သူသေပြီတဲ့လား ... ဒါပေမဲ့ နောက်လမှာ ဧကရာဇ်က သူ့ကို တရားဝင်ကြင်ယာတော်မြှောက်မှာ မဟုတ်ဘူးလား ...
ဒီ ဧကရာဇ်က ဘာတွေကြံနေတာလဲ ...
လင်းရှောင် ခေါင်းငုံ့လိုက်ချိန်တွင် သူ၏ဆံပင်များဖြင့် မျက်နှာကို ဖုံးကွယ်ထားသဖြင့် သူတွေးနေသည်ကို ဖူယွီကျွင်း မခန့်မှန်းနိုင်ဖြစ်သွားသည်။
" အရှင့်သား ..."
ရုတ်တရက် နူးညံ့သော ခေါ်သံတစ်ခုက သူ့နားထဲရောက်လာသည်။ ထိုအသံကို ရင်းနှီးနေသဖြင့် လင်းရှောင် မယုံနိုင်ဖြစ်သွားသည်။ ချက်ချင်းခေါင်းမော့လိုက်ပြီး အသံလာရာနေရာဆီသို့ လှည့်ကြည့်လိုက်သည်။
ပန်းနုရောင်ဝတ်စုံ လွှမ်းခြုံထားပြီး ချိုသာသော အသံနှင့် လှပသောပုံရိပ်တစ်ခုကို မြင်လိုက်ရ၍ သူနှင့် ရင်းနှီးသည့် တစ်စုံတစ်ယောက်ဖြစ်သည်မှာ မမှားပေ။
အဲ့ဒီလူကတော့ အစောကြီးတည်းက သေနေရမယ့် မိုရွှီပါပဲ ...
လင်းရှောင် ချက်ချင်းထရပ်လိုက်ပြီး သူ၏မျက်နှာတွင် မယုံကြည်မှုများဖြင့် ပြည့်နေသည်။
" နင် ... နင် ..."
သူ မိုရွှီကို လက်ညိုးထိုးလျက် အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်တော့ပေ။ မိုရွှီက သူ့လက်ကို ဖမ်းကိုင်လိုက်ပြီး သူ့နားကပ်လာပြီး ညှင်သာစွာရယ်လိုက်သည်။
.
" ငါလေ လင်းရှောင်ရဲ့ ... ငါ ငရဲပြည်က ပြန်လာပြီ ..."