အပိုင်း ၅၀
Viewers 12k

သူ့ရှေ့မှ မိုရွှီက လှပကာ ပြုံးရယ်လျက်ရှိပြီး ယခင်က ခံစားခဲ့ရသည်များကိုပင် သူမမျက်နှာတွင် လင်းရှောင်ရှာမတွေ့ခဲ့ပေ။ ပို၍ထူးဆန်းသည်မှာ သူမမျက်လုံးများက အပြုံးဖြင့်ပြည့်နေသည်။ လင်းရှောင်သူမ၏ စိတ်အခြေအနေကို မခန့်မှန်းနိုင်ပေ။
လင်းရှောင် ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားသည်။
မိုရွှီက ဖူယွီကျွင်းကို အရိုအသေပြု၍ သူ့နောက်တွင်ရပ်နေပြီး သူ့ကိုကြည့်ရသည်မှာ နာခံ၍ ကျိုးနွံနေပုံရသည်။
လင်းရှောင်မှာ အလွန်အမင်း အံ့အားသင့်နေသဖြင့် မိုရွှီကိုကြည့်နေသောမျက်လုံးများက ပြုတ်ကျလာတော့မည်ဟုပင် ထင်ရသည်။
သူ့ကိုယ်သူ အပြစ်ကင်းပြီး ယောကျာ်းတိုင်းက သူ့ကိုကြိုက်မယ်လို့ထင်နေတဲ့ မိုရွှီက ဘာလို့ယဉ်ကျေးနေရတာလဲ ...ပြီးတော့ မထင်မှတ်ထားတာက ဖူယွီကျွင်းရဲ့နောက်မှာတောင် ကျိုးကျိုးနွံနွံနဲ့ စောင့်နေသေးတယ် ...
ပြဿနာက ဘာများလဲ ...
လင်းရှောင်က မေးခွန်းထုတ်နေသောအကြည့်ဖြင့် မိုရွှီနှင့် ဖူယွီကျွင်းကို တစ်လှည့်စီကြည့်နေသည်။ ဖူယွီကျွင်းက တစ်ခြားလူများ သူတွေးနေသည်ကို အရိပ်အမြွက်ပင်မပေးလိုသော အပြုံးတစ်ခုဖြင့် ပြုံးနေသည်။
လင်းရှောင်က အန္တရာယ်ကို ခံစားမိလာ၍ မျက်လုံးများမှေးကျဉ်းထားလိုက်သည်။
ဒီနှစ်ယောက်က စောစောတုန်းက သဘောတူညီချက်တစ်ခုခု လုပ်ထားတာများလား
ဖူယွီကျွင်းက လင်းရှောင်၏ မလိုမုန်းထားမှုကို မြင်သွားပြီး ရေးကြီးခွင်ကျယ်မဟုတ်သကဲ့သို့ ပြုံးလိုက်သည်။ ထို့နောက် ခေါင်းခါ၍ သူ့နောက်မှလူကို ပြောလိုက်သည်။
" မင်း အရင်သွားလိုက်တော့ ..."
ထိုလေသံက ညင်သာသည်ဟု မပြောနိုင်သော်လည်း မုန်းတီးမှုလည်း ပါဝင်မနေပေ။
ထိုအရာကိုမြင်သည့်အခါ လင်းရှောင်၏ မလိုမုန်းထားမှုက ပို၍သန်မာလာသည်။
လင်းရှောင်၏ စိတ်အခြေအနေကို ခံစားမိ၍ ဖူယွီကျွင်းက အပြုံးတုတစ်ခုဖြင့် ပြုံးပြပြီး သံသယစိတ်ဖြင့် မေးလိုက်သည်။
" မင်း မိုရွှီကို အဲ့လောက်တောင်မုန်းတာလား ...ငါ့အတွက်စဉ်းစားပေးပြီး သူမကို သည်းခံပေးလို့ရမလား ...
ထိုစကားကိုကြားသည့်အခါ လင်းရှောင်၏စိတ်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်သွားသည်။
မိုရွှီက ဖူယွီကျွင်းကိုသတ်ဖို့ ကြိုးစားခဲ့တယ်လေ ... သူမ တကယ်မသတ်နိုင်‌ခဲ့ပေမယ့် ကြိုးစားခဲ့သေးတာပဲလေ ... အဲ့ဒါကို ဖူယွီကျွင်းက သူမနဲ့ ပြန်အဆင်ပြေသွားပြီတဲ့လား ...
လန်ဝေ့ကို အတိတ်မေ့ရေတွေတိုက်ထားပြီး အခုလည်းဖူယွီကျွင်းကို သောက်ခိုင်းထားတာများလား ...
လင်းရှောင် ရင်ထဲတွင် အေးစက်စွာပြုံးလိုက်သော်လည်း မျက်နှာပေါ်တွင် ထိုခံစားချက်ကို အနည်းငယ်မျှ မပေါ်လွင်စေပေ။
" အဲ့ကိစ္စက ပြောစရာမလိုပါဘူး အရှင့်သား ... အခု မိုရွှီက အရှင့်သားရဲ့တောင်ပံအောက်မှာပါ ... လင်းရှောင်စိတ်ထင်ရာ မလုပ်ရဲပါဘူး ... ဘာလို့ သူမကို သည်းခံရမယ့်အကြောင်း ပြောနေတာပါလဲ ..."
လင်းရှောင် သူ၏ဒဏ်ရာက နာလာသည့်ပုံဟန်ဆောင်၍ အုပ်ထားလိုက်သည်။
" ဒီလင်းရှောင်ရဲ့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး ... တစ်ချိန်လုံး သွေးတွေစီးကျလာပြီး ရက်ပေါင်းများစွာလောက် နာနေရုံပါပဲ ... နည်းနည်းလောက် ကပ်သွားတာနဲ့ ကျွန်တော်မျိုးရဲ့ နှလုံးကိုထိပါပြီ ... ဒါပေမဲ့ ကျွန်တော်မျိုး မသေသေးဘူးဆိုတော့ အရေးမကြီးပါဘူး ... တကယ်လို့ မိုရွှီကထပ်ပြီး ကြံသည်ရင်လည်း လင်းရှောင်က အရှင့်သားအတွက် ရှေ့ကနေကာပေးဦးမှာပါပဲ ..."
ထိုစကားများကိုကြားသည့်အခါ ဖူယွီကျွင်း၏ မျက်နှာက မပြုံးနိုင်တော့ပေ။
ဖူယွီကျွင်းကြောင့် ဒဏ်ရာရခဲ့သော်လည်း သူက အဓိကလက်သည်ကို လျစ်လျူရှု့ထားခြင်းဖြစ်‌သည်ကို လင်းရှောင်၏ စကားများက ရှင်းလင်းစွာပြောနေသကဲ့သို့ပင်။
သူ့ကို အလွန်အမင်းတုံးအသည်ဟု ထင်စေရရုံသာမက ထပ်မံတိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ကိုပါ သူနှင့်အတူခေါ်လာခဲ့သည်ဟု ပြောနေသကဲ့သို့ပင်။ ထို့အပြင် သူ့ကိုယ်စား ဓားချက်ကို ခံပေးခဲ့သော်လင်းရှောင်အတွက် အလွန်မတရားရာ ရောက်နေသည်။
အစေခံငယ်လေးပြောသည့်စကားများက ပုံစံတစ်ခုသာဖြစ်သည်။
အံကြိတ်၍ စကားအဆက်မပြတ်ပြောနေသော အစေခံငယ်လေးကိုဖူယွီကျွင်း အလေးထား၍ ကြည့်နေမိသည်။
" အရှင့်သား ကျွန်တော်မျိုးကို ဘာလို့ အဲ့လိုမျိုးကြည့်နေရတာပါလဲ ... လင်းရှောင်က မှားနေတယ်ထင်လို့လား ..."
လင်းရှောင်က ဖူယွီကျွင်းကို မျက်လုံးထောင့်မှကပ်ကြည့်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် ဉာဏ်ဆင်နေသည့် အလင်းရောင်တစ်ခု ဖြတ်သန်းသွားသကဲ့သို့ပင်။
ထိုတဒင်္ဂအလင်းရောင်က ဖူယွီကျွင်း၏ရှေ့မှ အစေခံငယ်လေးကို ပို၍ ရွှင်မြူးသွားစေသည်ပုံပင်။ ထိုအကြည့်များကြောင့် သူကိုယ်တိုင်ပင် မသိလိုက်ပဲ အာရုံပျံ့သွားမိသည့်အတွက် သူ့အကြည့်များက ပို၍လေးနက်လာသည်။
အချိန်အတန်ကြာပြီးနောက် သူသက်ပြင်းချ၍ လက်နက်ချလိုက်ဟန်ဖြင့် လက်နှစ်ဖက်လုံးမြှောက်ပြလိုက်သည်။
" ဟုတ်ပါပြီ ဟုတ်ပါပြီ ... ငါမှားတာပါ ... အဲ့ဒီမိုရွှီက ငါ့အတွက် အသုံးဝင်နေလို့ပါ ..."
လင်းရှောင် မျက်မှောင်ကြုတ်ပြီး အသက်မဲ့စွာကြည့်လိုက်သည်။
" ဘယ်လိုမျိုးအသုံးဝင်တာလဲ ..."
ဖူယွီကျွင်း ပြောသင့်မပြောသင့် ခဏတာရုန်းကန်နေပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
" သူမကို မေးချင်တဲ့တစ်ခုခု ရှိလို့ပါ ..."
သူ ထိုကိစ္စကို ပြောလိုက်သည့်အခါ မူတိုင်းပြည်၏စားသောက်ပွဲကြီးမှ မြင်ကွင်းများက မျက်လုံးထဲတွင်ပေါ်လာသည်။ သူ၏မှတ်ဉာဏ်များက အရိပ်အကကိုကခဲ့ပြီး အားလုံးကို ရင်သပ်ရှုမောဖြစ်စေခဲ့သည့် တစ်စုံတစ်ယောက်ကို သတိရသွားသည်။
မည်သို့ပင်ဖြစ်စေ ထိုလူကို သူရှာချင်သည်။
ဖူယွီကျွင်း၏မျက်နှာတွင် လေးနက်သော အရိပ်အမြွက်တစ်ခုကို မြင်လာရသည်။ ဖူယွီကျွင်း၏ ဤကဲ့သို့သောမျက်နှာကို မြင်ရခဲသဖြင့် လင်းရှောင်ပင် အံ့အားသင့်သွားသည်။
" သူ့ကို ဘာမေးချင်လို့လဲ ..."
" အဲ့ဒါက ..."
ဖူယွီကျွင်း စိတ်နှင့်လူ ပြန်ကပ်သွားပြီး ပြုံးပြလိုက်ကာ လင်းရှောင်ကို ဤကိစ္စအကြောင်း ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
" မင်း ငါ့ကိုတော်တော်လေး ဂရုစိုက်တာပဲ ..."
လင်းရှောင် ရှုံ့မဲ့သွားပြီး စက်ဆုပ်သွားသည့်မျက်နှာဖြင့် ဖူယွီကျွင်းကို ကြည့်လိုက်သည်။
ဖူယွီကျွင်းက ချောင်းဟန့်လိုက်သည်။
" လိုရင်းကို ပြောရမယ်ဆိုရင်တော့ သူမက ငါ့အတွက် အသုံးဝင်တယ် ... မင်း စိတ်အေးလက်အေးနေပါ သူမဘာမှလုပ်ဖို့ အခွင့်အရေး မရစေရပါဘူး ... သူမက အန္တရာယ်များတယ်လို့ ခံစားမိရင် သူမကို မင်းကိုပေးမယ်လေ ... အဲ့အခါကျမှ လက်နဲ့ခြေထောက်က အကြောတွေကိုဖြတ်ပစ်လိုက်ပေါ့ ... ဒါမှမဟုတ် မင်းကြိုက်တာလုပ်လေ ... ငါသူမကို လိုအပ်တယ်ဆိုတာ စကားပြောဖို့ တစ်ခုတည်းပဲ ..."
မိုရွှီ၏အသက်က သူ့မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်သာသာ ပုံစံဖြင့် ဖူယွီကျွင်းက ပြောလိုက်သည်။ လင်းရှောင် ပြောပြ၍မရနိုင်သည့် အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။
သို့ရာတွင် သူ့ကို မိုရွှီအား ကိုင်တွယ်ခိုင်ခြင်းက အလွန်အဆင်ပြေသဖြင့် စိတ်အေးလက်အေးနေလိုက်သည်။
" ဒါဆိုရင် အရှင့်သားရဲ့ အကြံပြုချက်အတိုင်းလုပ်ပါ့မယ် ..."
ဖူယွီကျွင်းကပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်သားပဲ မင်းငါ့ကိုကယ်ခဲ့တာအတွက် ဘာဆုလာဒ်ယူမလဲဆိုတာ စဉ်းစားပြီးပြီလား ..."
ဖူယွီကျွင်းက ဆက်မေးလိုက်သည်။
လင်းရှောင် သူ့ကိုငေးငိုင်၍ ကြည့်နေပြီး သံသာအပြည့်ဖြင့် မေးလိုက်သည်။
" မင်းသားက ကျွန်တော်မျိုးလိုချင်တာကို ပေးပြီပြီမလား ..."
ဖူယွီကျွင်းက ခေါင်းခါလိုက်သည်။
" မင်းကို ကယ်တင်ပေးခဲ့တာက ငါ့ရဲ့ကိုယ်ပိုင်ဆန္ဒပါ ... မင်းရဲ့ဆန္ဒက‌ ရှောင်တိုင်းပြည်ကို ခေါ်သွားလို့ရအောင် ငါ့ကို နန်းတော်အပြင်ဘက်မှာစောင့်နေဖို့ပဲလေ နန်းတော်ထဲလာခေါ်ခိုင်းဖို့မှ မဟုတ်တာ ... ဒါပေမဲ့ မင်းကို ငါကိုယ်တိုင်လာကယ်လိုက်တာဆိုတော့ ဒါကိုထည့်မတွက်တော့ဘူး ... အဲ့ဒါကြောင့် ငါက မင်းရဲ့ကျေးဇူးရှင် ဖြစ်သွားပြီ ..."
ထိုအတွေးများက ထူးဆန်းသဖြင့် လင်းရှောင်၏ခေါင်းထဲတွင် အနည်းရောင်မျဉ်းကြောင်းများဖြင့် ပြည့်လာပြီး အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။
" ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးကျွေးတင်နေတာဆိုတော့ ဘယ်သူကမှဘယ်သူ့ကို အကျွေးမတင်တော့ဘူးလေ ..."
" မဟုတ်ဘူး ..."
ဖူယွီကျွင်း ခေါင်းခါလိုက်သည်။
" မင်းကို ငါကယ်လာရတဲ့ အကြောင်းအရင်းက ငါ့မှာ တောင်းဆိုစရာရှိလို့ပဲ ..."
“……” သူ့ထံတွင် တောင်းဆိုစရာရှိကြောင်း ကြားလိုက်ရသည့်အခါ လင်းရှောင် သတိအနေအထားပြန်ဖြစ်သွားသည်။
ထိုအပြုအမူကို မြင်သည့်အခါ ဖူယွီကျွင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" အရမ်း စိတ်လှုပ်ရှားစရာမလိုပါဘူး ... ငါတောင်းဆိုချင်တာက မင်းအရင်တုန်းက လုပ်ချင်ခဲ့တဲ့ အရာတစ်ခုပဲ ..."
" ဘာများပါလဲ ..."
သူလုပ်ချင်တဲ့အရာတဲ့လား ... ဘာကိုမှ မစဉ်းစားမိတော့ဘူး ...
ဖူယွီကျွင်းက ရှင်းပြလိုက်သည်။
" ငါနဲ့တူတူ ရှောင်တိုင်းပြည်ကိုလိုက်ခဲ့ပြီး ငါ့အိမ်တော်မှာနေလေ ပြီးရင် ထွက်မပြေးနဲ့ပေါ့..."
လုံးဝ မမျှော်လင့်ထားသည့်အဖြေတစ်ခု ဖြစ်နေသည်။ သူယခင်က ဖူယွီကျွင်း၏တိုင်းပြည်သို့ လိုက်ခဲ့မည်ဟု ပြောခဲ့ဘူးသည်။ သို့ရာတွင် နန်းတော်မှထွက်သွားရန် ဖူယွီကျွင်းအား အသုံးချခဲ့‌ခြင်းကြောင်း ထိုကိစ္စက အဆင်မပြေဖြစ်လာသည်။
ဧကရာဇ်က လင်းရှောင်ကို တရားဝင်ကြင်ယာတော်အဖြစ် အပ်နှင်းမည်ဆိုပါကလည်း ဖူယွီကျွင်း၏တိုင်းပြည်တွင် ခိုလှုံရန် စိတ်ကူးမရှိပေ။ ရှောင်တိုင်းပြည်သို့ လိုက်သွားမည်ဆိုကာ အခြားအစီအစဉ်တစ်ခုစဉ်းစားမည်ဟု ကြံစည်ထားခြင်းသာဖြစ်သည်။
ဖူယွီကျွင်းအပါအဝင် မည်သူ့ကိုမျှ သူ၏ရည်ရွယ်ချက်ကို မပြောထားခဲ့ပေ။ သို့ရာတွင် ဖူယွီကျွင်းက ဤသို့တောင်းဆိုလာသဖြင့် သူ၏အစီအစဉ်များကို သိရှိသွားကြောင်း ပြသနေသည်။
လင်းရှောင် အလွန်အမင်း မကျေမနပ်ဖြစ်လာသည်။
သူတို့တွေထဲက တစ်ယောက်ကိုမှ လွယ်လွယ်နဲ့ အရူးလုပ်လို့မရပါလား ...
ထိုအကြောင်းပြချက်ဖြင့် လင်းရှောင်မေးလိုက်သည်။
" အရှင့်သားကျွန်တော်မျိုးကို ဘာရည်ရွယ်ချက်နဲ့ တိုင်းပြည်ကို ခေါ်သွားမှာပါလဲ ..."
ဖူယွီကျွင်း မျက်ခုံးပင့်လိုက်သည်။ သူ၏မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။ သူအလွန်ပြုံးနေသည့်အတွက် လင်းရှောင်ကြက်သီးထလာပြီး ဖူယွီကျွင်း ပြန်ဖြေမည့်အချိန်တွင် တားမြစ်လိုက်သည်။
" အရှင့်သားရဲ့ တိုင်းပြည်မှာ ကျွန်တ်ာမျိုးကို ဧည့်သည်အဖြစ် ဖိတ်ကြားပါလား ... ကျွန်တော်မျိုးက အရှင့်သားကို ကယ်တင်ခဲ့တယ်လေ ..."
ဖူယွီကျွင်းက စိတ်ပျက်သွားသကဲ့သို့ မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်သည်။
" မင်းက အစေခံလုပ်လာရတာကြာပြီဆိုတော့ အခု သခင်တစ်ယောက် ဖြစ်ချင်နေတာလား ..."
" ဟေး ... ဧည့်သည်အဖြစ်ပဲလေ ... သခင်မဟုတ်ပါဘူး ... သခင်က အရှင့်သားပဲလေ ..."
လင်းရှောင်က သူ့ကိုဖြတ်ပြောလိုက်ပြန်သည်။
" ဒါမှမဟုတ် အရှင့်သားက လင်းရှောင်ကို အစေခံတစ်ယောက်လို့ပဲတွေးနေလို့ ကျွန်တော်မျိုးက အရှင့်အသက်ကို ကယ်ခဲ့တာတောင်မှ ဧည့်သည်တစ်ယောက် မဖြစ်နိုင်တာလား ..."
ထိုစကားများနှင့် လင်းရှောင်၏ မျက်လုံးထဲတွင် ကျိုးကြောင်းဆီလျော်မှုများတွေ့လိုက်ရသဖြင့် ဖူယွီကျွင်း၏အပြုံးများ တောင့်ခဲသွားသည်။
ဒီအစေခံလေးက သူနဲ့ဆန့်ကျင်ဖို့ပဲ ကြိုးစားနေတာလား ...
လင်းရှောင်က ဖူယွီကျွင်း၏အကြည့်များကို တိတဆိတ်စွာဖြင့် ခံယူနေရသည်။
" အရှင့်သား ကျွန်တော်မျိုးကို အဲ့လိုကြီး မကြည့်ပါနဲ့ ... လင်းရှောင်က အရှင့်သားနဲ့ လိုက်လာပြီးပြီဆိုတော့ အရှင့်သားစီမံတာကိုပဲ နာခံရမှာပေါ့ ..."
ထို့အပြင် မိုရွှီက မသေသေးသည့်အတွက် သူထွက်သွား၍ မရသေးပေ။ သူမနောက်မှလိုက်သွားမှ တစ်နေ့တွင် သူမကို ကိုယ်တိုင်အဆုံးသတ်နိုင်လိမ့်မည်။ ၎င်းအပြင် လင်းရှောင်ကိုဆွဲဆောင်နေသည့်အချက် မရှိတော့ပေ။
နောက်ဆုံးတွင် ဖူယွီကျွင်းက လင်းရှောင်ကို သူ၏အိမ်တော်သို့ ခေါ်ဆောင်ရန်အတွက် အထူးဧည့်သည်တစ်ဦးအထောက်အထားကို အသုံးပြုခဲ့ရသည်။
လမ်းခရီးတွင် လင်းရှောင်က မိုရွှီကို ရှာဖွေရန် မကြိုးစားပေ။ ပထမဆုံးအကြောင်းပြချက်မှာ လမ်းပေါ်တွင် လူများစွာ ရှိနေ၍ သူ လွယ်ကူစွာ မလှုပ်ရှားနိုင်သောကြောင့်ဖြစ်သည်။ အခြားအကြောင်းပြချက်တစ်ခုမှာ မိုရွှီ့ထံတွင် မည်သည့်ကိစ္စများဖြစ်နေခြင်းကိုသာ သိမြင်လိုခြင်းကြောင့်ဖြစ်သည်။
ရက်အနည်းငယ်အတွင် လေ့လာထားချက်များအရ မိုရွှီက အခြားလူတစ်ယာက်အဖြစ် အပြည့်အဝပြောင်းလဲသွားသည်ဟုပင် ထင်ရသည်။ အသိပညာရှိ၍ ဟန်ချက်ညီပြီး သိမ်မွေ့ရိုးသားသည့်ပုံစံဖြစ်နေသည်။ ယခင်ဘဝက မိုရွှီ၏ပုံပန်းသွင်ပြင်ကဲ့သို့ပင်။
ထိုပုံပန်းသွင်ပြင်ကြောင့် ယခင်ဘဝသို့ ပြန်ရောက်သွားသည်ဟုပင် လင်းရှောင်အထင်မှားနေသည်။
ယနေ့တွင် မင်းသား၏အိမ်တော်သို့ ပြန်လည်ရောက်ရှိလာပြီး လင်းရှောင်ကို လွတ်လပ်စွာနေနိုင်သည့် ခြံဝင်းတစ်ခုအတွင်း နေရာချပေးခဲ့သည်။ သူနေထိုင်ရန် စီမံထားသည့် ဤခြံဝင်းတွင် အစေခံများနှင့် ဆိတ်ငြိမ်သော ပတ်ဝန်းကျင် ရှိသည်။
ဖူယွီကျွင်းက ကတိမဖျက်ပဲ မိုရွှီကိုလည်း ထိုခြံဝင်းထဲတွင်နေထိုင်ခိုင်းထားပြီး သူမကို လင်းရှောင်ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ခွင့်ပေးထားသည်။ မိုရွှီနှင့် အတူအစေခံမိန်းမပျိုနှစ်ယောက်ကို ဖူယွီကျွင်းက ပို့ပေးထားသည်။
တစ်ယောက်၏ နာမည်ကကျီရှန့်ဖြစ်ပြီး အခြားတစ်ယောက်က ဖူခန်းဖြစ်ည်။ ၎င်းတို့နှစ်ယောက်က သူ၏ကိုယ်ပိုင်အစေခံများအနေဖြင့် ခြံဝင်းထဲသို့ ရောက်လာခြင်းဖြစ်သည်။
သူမထင်မှတ်ထားသည်မှာ ဖူယွီကျွင်းက မိုရွှီကိုလည်း။သူ၏ကိုယ်ပိုင်အစေခံအဖြစ် အသုံးပြုထားခြင်းပင်။
ဤကဲ့သို့ စီစဉ်ထားမှုကြောင့် လင်းရှောင်ကို ပြုံးမိသွားစေသည်။
ယခင်ဘဝက မိုရွှီနောက်မှ တကောက်ကောက်လိုက်ကာ သူမတောင်းဆိုသမျှ အရာအားလုံးလုပ်ခဲ့ရမည့်အပြင် သူမ၏အစေခံဟုပါ ထင်ခဲ့ရသည်။
ယခုဘဝတွင် မိုရွှီက သူ၏အစေခံဖြစ်လာသည်။
တကယ့်ကို ကံကြမ္မာအလှည့်အပြောင်းတစ်ခုပဲ ... သူ့ကိုတော်တော်ဝမ်းသာစေတယ် ...
လင်းရှောင် ထိုအတွေးဖြင့် အစေခံများနေထိုင်သည့်နေရာသို့ ရောက်သွားသည်။ မိုရွှီက သူမပစ္စည်းများကို နေရာချနေပြီး လင်းရှောင်မြင်လာသည်ကို တွေ့သောအခါ စိုက်ကြည့်နေသည်။
ထို့နောက် သူမ မတ်တပ်ရပ်လိုက်သည်။
လင်းရှောင်က သူမရှေ့ကိုလျှောက်လာပြီး သူမတစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အေးစက်စွာပြောလိုက်သည်။
" ဘာလဲ ... နင့်ရဲ့ သခင်ကိုမြင်ရင် ဒူးထောက်ပြီး အရိုအသေပေးရမယ်ဆိုတာ နားမလည်ဘူးလား ..."
မိုရွှီအံကြိတ်ထားသည်။ အလိုမကျမှုနှင့် အရှက်ကွဲမှုတို့က သူမမျက်နှာတွင် ပေါ်လာသော်လည်း အဆုံးတွင် သည်းခံပြီး တည်ကြည်သော အမူအယာအဖြစ်ပြောင်းသွားသည်။ သူမ လင်းရှောင်ရှေ့တွင် ဒူးထောက်လိုက်သည်။
လင်းရှောင် မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။
မိုရွှီက သူ့ရှေ့မှာ ဒူးထောက်တယ်တဲ့လား ... သူမက သူမကိုချစ်သမျှလူတိုင်းကို အသက်ပါပေးပြီးချစ်မယ်လို့ ထင်နေတဲ့လူလေ ... ပြီးရင် အမြဲတမ်းဟိုဟာဒီဟာ တောင်းဆိုနေကြကို အဲ့လိုလူမျိုးက လွယ်လွယ် ဒူးထောက်တယ်ပေါ့ ...
" လင်းရှောင် ငါ ထလို့ရပြီလား ..."
ထိုကိစ္စများကို တွေးနေစဉ်မှာပင် အောက်မှ မိုရွှီ၏အသံထွက်လာသည်။
လင်းရှောင် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး သူမကိုကန်လိုက်ပြီး စိတ်ဆိုးစွာဖြင့်ပြောလိုက်သည်။
" ငါ နင့်ကို စကားပြောခိုင်းလို့လား ... ပြီးတော့ ငါက နင့်ရဲ့သခင်နော် ... သခင်တစ်ယောက်ကို နာမည်တပ်ခေါ်လို့ရမလား ..."
မိုရွှီက မြေပေါ်သို့ အကန်ခံလိုက်ရသည့်အတွက် နာကျင်စွာညည်းညူလိုက်သည်။ မုန်းတီးမှုပြည့်နေသောမျက်လုံးများဖြင့် လင်းရှောင်ကို စူးစူးရဲရဲကြည့်ပြီး အံကြိတ်နေသည်။
" လင်းရှောင် အပိုတွေသိပ်မလုပ်နဲ့ ..."
" ဟမ့် ..."
လင်းရှောင် သရော်လိုက်ပြီး သူမရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
" ငါက အပိုတွေလုပ်တော့ရော နင်ဘာလုပ်နိုင်လဲ ..."
မိုရွှီ၏အကြည့်များက လူသတ်လိုစိတ်များဖြင့် ပြည့်နေသည့်ပုံပင်။
" နင်ငါ့ကို ဒီနေ့လုပ်ခဲ့တာတွေအတွက် တစ်နေ့ပြန်ပေးဆပ်ရမယ် ... လင်းရှောင် နင်သေ‌ချာပေါက်နောင်တရစေရမယ် ... အရင်ဘဝတုန်းက သေခါနီးအချိန်မှာ နောင်တရသလိုပေါ့ ..."
" အရင်ဘဝ ဟုတ်လား ..."
လင်းရှောင်ထိတ်လန့်သွားပြီး မိုရွှီ့ကိုအချိန်အတော်ကြာ စိုက်ကြည့်နေသည်။