မိုရွှီ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။ သူမ စကားများက စည်းကျော်သွားသည်ကို သိသဖြင့် ပါးစပ်ပိတ်နေပြီး ဘာမှထပ်မပြောတော့ပေ။
လင်းရှောင်က မိုရွှီ၏ပုံစံကို အကဲခတ်နေပြီးနောက် ရယ်လိုက်သည်။
မိုရွှီကလည်း ပြန်လည်မွေးဖွားလာတာများလား ... အဲ့ဒါဆိုရင်တော့ သူမရဲ့အကျင့်စရိုက်က ရုတ်တရက် ပြောင်းလဲသွားတာ အံ့ဩစရာမရှိပါဘူး ...
အတိတ်ဘဝက သူမကိုလင်းရှောင်ကိုယ်တိုင် ပညာပြလို့ရပြီ ...
ဒါ ကောင်းတဲ့ကိစ္စတစ်ခုပဲ ...
သူ့ကို ဒုက္ခပေးခဲ့တဲ့လူက သူ့ရဲ့အတိတ်ဘဝက မိုရွှီပဲ ... ဒီဘဝမှာလည်း လင်းရှောင်က မ်ိုရွှီကို ဆန့်ကျင်နေခဲ့ပေမယ့် ဘာမှမသိနားမလည်ပဲ တုံးအနေတဲ့ လက်ရှိမိုရွှီကို ဒုက္ခပေးဖို့အတော်စဉ်းစားခဲ့ရတာ ...
ခုချိန်မှာတော့ အရင်ဘဝက မိုရွှီက ဒီခန္ဓာကိုယ်ထဲ ရောက်လာပြီဆိုတော့ သူ့ကိုသတ်ခဲ့တဲ့ တကယ့်တရားခံကို လက်စားချေလို့ရပြီ ...
လင်းရှောင်၏ အပြုံးက မိုရွှီကို ကြက်သီးထသွားစေသည်။ သူမကို ပြာမှုန့်အဖြစ်ပြောင်းချင်နေသည့် လင်းရှောင်ကိုကြည့်ပြီး ကြောက်လန့်၍ တုန်ယင်လာသည်။
မိုရွှီ၏ ယလုကဲ့သို့ဖြူဖျော့နေသည့်ပုံကိုမြင်ပါက ယခင်ဘဝက လင်းရှောင်ဆိုလျှင် စိတ်ဆင်းရဲပြီး ထိုင်မရ ထမရဖြစ်နေလိမ့်မည်။ သို့ရာတွင် ယခုဘဝယင်းရှောင်ကပူ သူမ၏ ထိုပုံစံကြောင့် ပျော်ရွှင်နေမိသည်။
လင်းရှောင် အေးစက်စွာပြုံးနေပြီး သူမမေးစေ့ကို တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်သည်။
" နင်ပြောခဲ့ပုံအရဆို ဒါမျိုးဖြစ်လာမှာ ကြိုသိနေပုံပဲ ... အဲ့တုန်းက ဘာလို့ငါ့ကို အဆိပ်ခတ်သတ်ခဲ့တာလဲ ..."
ထိုစကားများကို ကြားသည့်အခါ မိုရွှီခေါင်းခါလိုက်သည်။ မယုံကြည်နိုင်သော မျက်နှာတစ်ခုဖြင့်သူ့ကိုကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
" မဟုတ်မှလွဲရော နင်လည်း ..."
လင်းရှောင် ပြုံးပြလိုက်ပြီး သူမပြောသည်ကို မငြင်းဆိုပေ။
မိုရွှီက သဘောပေါက်သွားပုံရသည်။
" ငါအခုတော့ နားလည်သွားပြီ ... နင့်ကို အဆိပ်ခတ်သတ်ခဲ့လို့ ငါ့ကို အညိုးထားနေတာပဲ ... နင့်ရဲ့ပစ်မှတ်က အစတည်းကငါပေါ့ ... ငါ့ကို လက်စားချေချင်ခဲ့တာပဲ ..."
" အခုမှ နားလည်သွားလည်း အရမ်းနောက်ကျသွားပြီး ..."
လင်းရှောင်က သူမကို အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
" ဖူယွီကျွင်းရဲ့ တောင်းဆိုချက်ကြောင့် ငါနင့်ကိုမသတ်တော့ဘူး .. ဒါပေမဲ့ နင့်ကိုနှိပ်စက်ဖို့ နည်းလမ်းပေါင်းသန်းနဲ့ချီပြီးရှိတယ် ..."
အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့ စူးရှခက်ထန်သော လင်းရှောင်၏အမူအယာကြောင့် မိုရွှီထိတ်လန့်ပြီး နောက်သို့အနည်းငယ်ဆုတ်မိသွားသည်။
သူမ မျက်နှာတစ်ပြင်လုံး သွေးမရှိသလိုပင် ဖြူဆုတ်နေသည်။ သူမ နှုတ်ခမ်းများကို ကိုက်ထားသော်လည်း တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်နေသည်ကို မရပ်တန့်နိုင်ပေ။
ထိုမြင်ကွင်းကို လင်းရှောင်ကျေနပ်စွာကြည့်ပြီး မျက်လုံးများမှေးစင်းလိုက်သည်။ ပွင့်လင်းစွာပြောရလျှင် မိုရွှီကို သတ်လိုက်ရုံဖြင့် မလုံလောက်ပေ။ အကယ်၍ သူမနှိပ်စက်မှာများစွာကို ခံစားရပါက သူ့အတွက် ဝမ်းမြောက်ဖွယ်ဖြစ်လိမ့်မည်။
" အစေခံတွေ ..."
လင်းရှောင်က မိုရွှီကိုကြည့်နေလျက် အပြင်ဘက်မှကြားသည်အထိ ကျယ်လောင်စွာအော်လိုက်သည်။
ယခုချိန်တွင် မိုရွှီက လင်းရှောင်၏အစေခံဖြစ်နေသည့်အတွက် ထိုနေရာသို့ဝင်လာနိုင်သည့်လူများက နန်းတော်မှပေးထားသည့် အစေခံနှစ်ယောက်သာဖြစ်သည်။
လင်းရှောင်၏အော်သံကို ထိုနှစ်ယောက်က ဦးဆုံးကြားလိုက်သည်။
သူတို့က ရိုသေစွာဖြင့် တံခါးမှဝင်လာပြီး လင်းရှောင်ကိုမြင်သည့်အခါတွင်လည်း မအံ့ဩကြပေ။ ဖူယွီကျွင်းက လင်းရှောင်ကို အလုပ်အကျွေးပြုရန် ပြောထားပုံရသည်။
လင်းရှောင်က မျက်ခုံးပင့်လျက် ကြမ်းပြင်တွင်ဒူးထောက်နေသည့်နှစ်ယောက်ကိုကြည့်လိုက်သည်။ သူစကားပြောမည့်အချိန်မှာပင် ဖူယွီကျွင်းစီစဉ်ပေးထားသည့်အစောင့်များ ရောက်လာသည်။
" သခင်လေး ..."
သူတို့က လင်းရှောင်ကို ဦးညွတ်လိုက်ကြသည်။
လင်းရှောင်၏အကြည့်က အစေခံနှစ်ယောက်ထံမှ အစောင့်များထံသို့ရောက်ကာ စိတ်ပြောင်းသွားသည်။ ဘေးမှ မိုရွှီကိုကြည့်ကာ အမိန့်ပေးလိုက်သည်။
" ဒီမိန်းမကို မြင်ရတာ ကျက်သရေကိုမရှိဘူး ... လူလိုတဲ့ တစ်နေရာရာကို ပို့ထားလိုက်စမ်းပါ ..."
လင်းရှောင်က အစောင့်များဘက်သို့လှည့်ကာ ပြောလိုက်သည်။
" သူမကို လတ်လျားလတ်လျား မနေစေနဲ့နော် ..."
" သိပါပြီ ..."
အစောင့်များက အမိန့်က်ုနာခံပြီး မိုရွှီကို ဆွဲခေါ်သွားမည့်အချိန်တွင် မိုရွှီက စိတ်နှင့်လူနှင့်ပြန်ကပ်သွားပြီး အံကြိတ်ကာ လင်းရှောင်ကို စိုက်ကြည့်နေသည်။
" လင်းရှောင် ငါ့ဘဝရဲ့ အကြီးမားဆုံးအမှားက နင့်ကိုအဆုံးမသတ်ခဲ့မိတာပဲ ..."
လင်းရှောင်က အေးစက်စွာကြည့်ပြီး ပြန်ဖြေလိုက်သည်။
" ငါလည်း အဲ့ဒါကို နောင်တအရဆုံးပဲ ..."
မိုရွှီက အောက်နှုတ်ခမ်းကိုကိုက်ထားပြီး ကြောက်မက်ဖွယ်အကြည့်များဖြင့် ကြည့်နေသည်။ သူမ၏အကြည့်များက တစ်နေ့တွင် လက်စားပြန်ချေမည်ဟု ပြောနေသကဲ့သို့ပင်။
မိုရွှီ ဆွဲခေါ်ခံသွားရသည်ကို လင်းရှောင်က မျက်တောင်မခတ်စတမ်းကြည့်နေပြီး သူ၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
ဒီ မိုရွှီက အရင်ကထက်ပိုပြီး ရင်ဆိုင်ရခက်လောက်တယ် ...
တကယ်လို့ အရင်တုန်းက မိုရွှီသာဆိုရင် သူမအသက်နဲ့ ဆိုင်နေရင်တောင် တိုက်ခိုက်မှာဟုတ်ဘူး ...
ဒါပေမဲ့ ဒီတစ်ယောက်ကိုတော့ လင်းရှောင်ကိုယ်တိုင် ပညာပြမှဖြစ်မယ်
လင်းရှောင် သက်ပြင်းချလိုက်သည်။
သူကတော့ အရင်ဘဝက အဆိပ်ခတ်ခံခဲ့ရလို့ထားပါ ... မိုရွှီကရော ... သူမ အရင်ဘဝတုန်းက ကောင်းကောင်းနေခဲ့ရတယ်လေ ဘာလို့ ပြန်လည်မွေးဖွားလာပါလိမ့် ...
အရင်ဘဝက သူမလည်း သေခဲ့လို့များလား ...
" အ ... အထိန်းတော် ..."
တွန့်ဆုတ်နေသော အသံတစ်ခုက လင်းရှောင်၏အတွေးများကို နှောင့်ယှက်လိုက်သည်။
အသံလာရာဆီသို့ ကြည့်လိုက်သည့်အခါ အစေခံမလေးနှစ်ယောက်က သူ့ကို စကားပြောရန်အတွက် တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးနေကြသည်။
လင်းရှောင်က သူတို့ကိုမေးခွန်းထုတ်ဟန်ဖြင့် လှည့်ကြည့်လ်ုက်သည့်အခါ သူတို့နှစ်ယောက်က ခေါင်းငုံ့၍ တေုင်းပန်နေကြသည်။
" အထိန်းတော် ... ကျွန်မတို့ အစေခံနှစ်ယောက်ကို ကျေးဇူးပြု၍ အသက်ချမ်းသာပေးပါ ... အထိန်းတော်ရဲ့ လျှို့ဝှက်ချက်ကို မပေါက်ကြားစေရပါဘူး ..."
" ဟုတ်ပါတယ် ... ကျွန်မတို့ကို အသက်ချမ်းသာပေးပါ အထိန်းတော် ... ကျွန်မတို့နှစ်ယောက် အထိန်းတော်ကိုဆက်ပြီး အလုပ်အကျွေးပြုပါရစေ ကျွန်မတို့နှစ်ယောက်ကို တခြားနေရာ မပို့လိုက်ပါနဲ့ ... ကျွန်မတို့လို မိဘမဲ့ အစေခံတွေသာ တခြားနေရာရောက်သွားရင် ဒီလိုရှောင်တိုင်းပြည်မှာ ..."
" နေပါဦး ..."
လင်းရှောင် မျက်မှောင်ကြုတ်ပြီး ထိုနှစ်ယောက်ကို ဖြတ်ပြောလိုက်သည်။
" နင်တို့နှစ်ယောက်ကိုပါ ပို့ပစ်မယ်လို့ ငါဘယ်တုန်းက ပြောမိလို့လဲ ..."
ထိုနှစ်ယောက်က အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်သော်လည်း သူတို့၏ အဆင့်ကိုအမှတ်ရသွား၍ ခေါင်းအမြန်ငုံ့လိုက်ကြသည်။
" ဒါ ... ဒါပေမဲ့ မောင်းမမိုရွှီကို ..."
" သူကသူ နင်တို့နှစ်ယောက်က နင်တို့လေ ဘာဆိုင်လို့လဲ ..."
လင်းရှောင်က အထစ်ထစ်အငေါ့ငေါ့ စကားများကြားမှ နောက်တစ်ကြိမ် ဖြတ်ပြောလိုက်ပြန်သည်။
အစေခံမလေးနှစ်ယောက်က ထိုအခါမှ ရှင်းလင်းသွားပြီး စိတ်အေးခက်အေးဖြင့် သက်ပြင်းချလိုက်ကြသည်။ လင်းရှောင်က ဆက်ပြောလိုက်သည်။
" မတ်တပ်ရပ်ပြီး ခုနကဟာ ဆက်ပြောကြပါဦး ..."
" ဟုတ်ကဲ့ သိပါပြီ ..."
သူတို့နှစ်ယောက်က မတ်တပ်ရပ်ပြီး ရှေ့မှလင်းရှောင်ကို အရိုအသေပေးလိုက်ကြသည်။
လင်းရှောင် မေးလိုက်သည်။
" ခုနက ငါ့ရဲ့လျှို့ဝှက်ကို မပေါက်ကြားစေရဘူးလို့ပြောတယ်လေ ... နင်တို့နှစ်ယောက် ဘာတွေမြင်လိုက်လို့လဲ ..."
ထိုမေးခွန်းကိုကြားသည့်အခါ နှစ်ယောက်လုံး၏ မျက်နှာက ဖြူဖျော့သွားပြီး တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် ပန်းရောင်သန်းလာပြန်သည်။ သို့ရာတွင် သူတို့လင်းရှောင်ကို ပြန်မဖြေရဲကြပေ။ တုန်တုန်ယင်ယင်နှင့်ပင် ခေါင်းငြိမ့်လိုက်ကြသည်။
လင်းရှောင်ဆက်ပြောလိုကိသည်။
" ငါ့ရဲ့လျှို့ဝှက်ချက်ကို မပေါက်ကြားစေရဘူးဆိုတော့ ဖူယွီကျွင်းကိုရော မပြောရသေးဘူးပေါ့ ..."
ထိုစကားကြောင့် သူတို့မျက်နှာမှ ရှက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး ချက်ချင်းဒူးထောက်၍ ခေါင်းခါလိုက်ကြသည်။
" အထိန်းတော်လင်း ဒီကိစ္စက အရမ်းအရေးကြီးပါတယ် ကျွန်တော်မျိုးမတို့ လက်လွတ်စပယ် မပြောရဲပါဘူး ..."
လင်းရှောင်က သံသယမကင်းစွာဖြင့် ထိုနှစ်ယောက်ကို ကြည့်နေသည်။
" ဘာလို့ ဖူယွီကျွင်းက မင်းတို့နှစ်ယောက်ကို မမေးတာလဲ ... မင်းတို့ သူ့ကိုသာ မပြောပြရသေးရင် ငါ့ရှေ့မှာ ဒီလိုဒူးထောက်ပြီး နေနိုင်မယ်တဲ့လား ..."
သို့ရာတွင် ဖူယွီကျွင်းက သိပုံမရပေ။ အနည်းဆုံး သူဤကိစ္စကို လုံးဝ အစမဖော်ပေ။
လင်းရှောင်၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။
ထိုနှစ်ယောက်က လျင်မြန်စွာရှင်းပြလိုက်သည်။
" အထိန်းတော်လင်း ကျွန်မတို့အစေခံနှစ်ယောက်က တကယ်တော့မေးခွန်းထုတ်ခံခဲ့ရပါတယ် ဒါပေမယ့် ရှို့ ... မိုရွှီရောက်လာတဲ့အချိန်မှာ ကျွန်မတို့ကို သွားခိုင်းလိုက်ပါတယ် ..."
" အိုး ..."
လင်းရှောင် မျက်ခုံးပင့်လျက် သူတို့က်ို စစ်ဆေးမေးမြန်းနေပုံဖြင့် ကြည့်နေသည်။
သူတို့နှစ်ယောက်က ဆက်ပြောသည်။
" ရှောင်တိုင်းပြည်မင်းသားက အထိန်းတော်ရဲ့ လျှို့ဝှက်ချက်အကြောင်း မေးချင်ခဲ့ပါတယ် ... ဒါပေမဲ့ အရှင်မင်းကြီးက မိုရွှီရဲ့အလောင်းကို ရှောင်တိုင်းပြည်မင်းသားရဲ့ နေထိုင်ရာကို ပို့ခဲ့လိုပါ ..."
" ရှောင်တိုင်းပြည်မင်းသားက မိုရွှီရဲ့ အလောင်းကို လာပို့တဲ့ ကုန်ကုန်းတွေကို မြင်လိုက်တယ် ... ဒါပေမဲ့ မိုရွှီနဲ့ စကားပြောပြီးတဲ့နောက်တော့ ကျွန်တော်မျိုးမတို့ အစေခံ နှစ်ယောက်ကို အာရုံမစိုက်တော့ပါဘူး ..."
" ဘာအလောင်းလဲ ... အသက်ရှင်နေတဲ့လူကြီးလေ ..."
ဖူကန်းက ခွန်းတုံ့ပြန်လိုက်သည်။
" အဲ့ဒီမိုရွှီက ကုန်းကုန်းတွေလည်း ပြန်သွားရော ထလာတယ် ... ကျွန်မတို့နှစ်ယောက်လုံးက အကွယ်ကနေ ခိုးကြည့်နေလို့ မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာပါ ..."
လင်းရှောင် တိတ်ဆိတ်သွားသည်။ မင်းကြီးက တစ် ဟုပြောလျှင် နှစ်ကို ဆိုလိုသည်မဖြစ်နိုင်ပေ။ သူက မိုရွှီကို သတ်မည်ဟု ပြောခဲ့သည့်အတွက် သေချာပေါက် သတ်လိမ့်မည်သာ။
ကြည့်ရတာ မိုရွှီက သူမအလောင်းကို လာပို့ပြီးတော့မှ ပြန်လည်မွေးဖွားလာတာဖြစ်မယ် ...
အဓိက ပြဿနာကတော့ မိုရွှီဘာကြောင့် ပြန်လည်မွေးဖွားလာတယ် ဆိုတာပဲ ...
" ရို့ ... ကြည့်ရတာ ငါက အချိန်ကောင်းမှ ရောက်လာမိတယ်ထင်တယ် ..."
ကလူကျီစယ်သည့် အသံတစ်ခုက တံခါးဝမှ ထွက်ပေါ်လာသည်။
လင်းရှောင်လှည့်ကြည့်လိုက်သည့်အခါ တိုင်းတစ်ပါးဆန်ဆန် ဝတ်စားထားသည့် ဖူယွီကျွင်းကို မြင်လိုက်သည်။ သူ၏ အဝတ်အစားပေါ်တွင် ရွှေစများ နေရာအနှံ့တွဲလောင်းကျနေပြီး နားတွင်လည်း တောက်ပနေသည့် ရွှေရောင်သစ်ရွက်များ ကပ်ထားသည်။
လင်းရှောင်က ရှေ့သို့ နှစ်လှမ်းခန့်လျှောက်လိုက်ပြီး အရှေ့မှ ဒူးထောက်နေသူနှစ်ယောက်ကို ပြောလိုက်သည်။
" ရပြီသွားတော့ ..."
" ဟေး အရမ်းမြန်မြန် ထွက်မသွားနဲ့လေ ..."
ဖူယွီကျွင်းက ထွက်သွားတော့မည့်လူနှစ်ယောက်ကို ကြည့်ကာ အမြန်မသွားရန် ပြောလိုက်သည်။ ထိုနှစ်ယောက်က ရပ်တန့်သွားပြီး ဆက်သွားရမလား ထိုနေရာတွင် နေရမည်လားပင် မသိတော့ပေ။
လင်းရှောင်က ဖူယွီကျွင်းလက်ကို ဖမ်းဆွဲလိုက်သည်။
" အရှင့်သားက ကျွန်တော်မျိုးကို လာရှာတာမလား ... မဆိုင်တဲ့လူတွေ ဒီမှာနေစရာမလိုပါဘူး ..."
ဖူယွီကျွင်း၏ မျက်လုံးများအရောင်တောက်လာပြီး လင်းရှောင်ကို ညင်သာစွာကြည့်လိုက်သည်။
" ဒါဆိုရင် မင်းက ငါနဲ့နှစ်ယောက်တည်း သီးသန့်ပြောချင်တာပေါ့လေ ... ဒီလိုဆိုတော့လည်း လက်မခံနိုင်စရာအကြောင်း မရှိတော့ပါဘူး ..."
ထိုစကားများ ပြောပြီးသည့်အခါ လက်ယမ်းပြလိုက်သည်။
အစေခံနှစ်ယောက် မြင်သည့်အခါ တံခါးဝမှ အမြန်ထွက်ခွာသွားကြသည်။
လင်းရှောင်က အနောက်အနည်းငယ်ဆုတ်ပြီး ဖူယွီကျွင်း၏ဘေးမှ ခွာလိုက်သည်။
ဖူယွီကျွင်းက သဘောကျစွာကြည့်နေပြီး လင်းရှောင်ဆီသို့ တဖြည်းဖြည်းကပ်လာသည့်အတွက် လင်းရှောင်က အခန်းထောင့်တွင်ကပ်ပြီး ချောင်ပိတ်မိနေသည်။ လက်တစ်ဖက်ကိုမြှောက်၍ ဖူယွီကျွင်းကို တားဆီးလိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
" မင်းသား ကျွန်တော့်ကို လာရှာတာ ဘာကိစ္စများ ရှိလို့ပါလဲ ..."
ဖူယွီကျွင်းက မျက်ခုံးပင့်ပြီး လင်းရှောင်ကို သူနှင့်နံရံကြားတွင် ပိတ်ထားသည်။ သူ့ရှေ့မှ ဆွဲဆောင်မှုရှိ၍ ဉာဏ်ကောင်းသည့်လူငယ်လေးကို စိုက်ကြည့်နေမိသည်။
" ဘာမှတော့ အထွေအထူးမရှိပါဘူး ... မင်း အဆင်ပြေလား လာကြည့်တာပါ ... ဒီခြံဝင်းကို သဘောကျရဲ့လား ..."
" လင်းရှောင် အရမ်းသဘောကျပါတယ် အရှင့်သားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် ..."
ဖူယွီကျွင်း၏အသက်ရှုသံက မျက်နှာကို လာရောက်ရိုက်ခတ်နေသဖြင့် လင်းရှောင်မျက်မှောင်ကြုတ်နေမ်ိသည်။ လင်းရှောင်က ဖူယွီကျွင်းနှင့် ခပ်ခွာခွာနေချင်နေမိသည်။
လင်းရှောင်၏ မကြည်ဖြူမှုကို အာရုံခံမိသဖြင့် ဖူယွီကျွင်းက နောက်သို့နှစ်လှမ်းဆုတ်သွားသည်။
လင်းရှောင် အသက်ရှုချောင်သွားသည်။
ဖူယွီကျွင်း၏ ရင်ထဲတွင် မပျော်မရွှင်ဖြင့် လင်းရှောင်ကို စိုက်ကြည့်နေသည်။
" ကြည့်ရတာ မင်းက မူဧကရာဇ်ရဲ့ အထိအတွေ့နဲ့ပဲ အသားကျနေတဲ့ပုံပဲ ..."
ထိုစကားများက အနည်းငယ်ခါးသက်နေသည်ဟု တွေးမိသဖြင့် ဖူယွီကျွင်း မျက်မှောင်ကြုတ်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
" မိုရွှီ့ကို အပြင်မှာ အလုပ်လုပ်ခိုင်းလိုက်တယ်လို့ကြားတယ် ..."
" အရှင်မင်းသားပဲ မိုရွှီ့ကို ကျွန်တော်မျိုးစိတ်တိုင်းကျ ကိုင်တွယ်နိုင်တယ်လို့ ပြောတယ်လေ ..."
လင်းရှောင်က ယခင်တစ်ကြိမ်က ဖူယွီကျွင်းပြောဖူးသည်ကို အေးစက်စွာပြန်ပြောလိုက်သည်။
ထိုအခါမျ ဖူယွီကျွင်းက သူ၏လက်အောက်ငယ်သားတစ်ယောက်က သတင်းပို့ခဲ့သည်ကိုကြားပြီး ထပ်ခါထပ်ခါ သတိပေးလိုက်သည်။
" မိုရွှီ့ကို မသေစေနဲ့ဦး ... သူမပါးစပ်ကနေ ငါကိုယ်တိုင်ကြားရမယ့်ကိစ္စတွေ ရှိသေးတယ် ..."
ထိုစကားကို ကြားသည့်အခါ လင်းရှောင်က ဖူယွီကျွင်းကို သံသယမကင်းကြည့်နေမိသည်။
ဒီဖူယွီကျွင်းက မိုရွှီဆီကနေ တစ်ခုခု သိချင်တယ်လို့ အမြဲပြောတယ် ... သူသိချင်တာ ဘာများပါလိမ့် ...
လင်းရှောင် သိချင်နေသည့်အတွက် မနေနိုင်ပဲ ထပ်မေးလိုက်သည်။
" အရှင်မင်းသား ... မိုရွှီဆီကနေ ဘာကိုများသိချင်နေတာလဲ ..."
ဖူယွီကျွင်းက လင်းရှောင်ကို ရယ်စရာတစ်ခုကဲ့သို့ ကြည့်နေသည်။ ဤအစေခံလေးကို ထိုအကြောင်းထပ်မပြောရန် သူသတိပေးခဲ့သော်လည်း လင်းရှောင်က နောက်တစ်ကြိမ်ထပ်မေးနေသည်။
ဒီအစေခံလေးကတော့ သင်ခန်းစာပေးရတော့မယ်ထင်တယ် ...
ဖူယွီကျွင်းက ကြောက်စရာကောင်းစွာဖြင့် မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ လင်းရှောင်က ချက်ချင်းရှင်းပြလိုက်သည်။
" လင်းရှောင်က မိုရွှီနဲ့ ကြီးပြင်းလာတာပါ ... မိုရွှီသိတဲ့ ကိစ္စတော်တော်များများကို လင်းရှောင်လည်းသိပါတယ် ... အရှင့်သား ဘာကိုသိချင်တယ်ဆိုတာပြောပြရင် လင်းရှောင်သိရင် သိနေမှာပေါ့ ..."
ဖူယွီကျွင်း အံ့အားသင့်သွားသည်။
" မင်းလည်းသိတာလား ..."
" အရှင့်သားက ဘာကိုဆိုတာမပြောပြရင် ကျွန်တော်မျိုးက သိမသိ ဘယ်လိုလုပ်သိမှာပါလဲ ..."
လင်းရှောင်က တစ်ဆင့်ချင်း ဖိအားပေးနေသည်။
ဖူယွီကျွင်းကြားသည့်အခါ ခပ်ဖျော့ဖျော့ရယ်လိုက်သည်။
ဒီအစေခံလေးက တကယ်ကို ပြောတတ်ဆိုတတ်တာပဲ သူ့ကိုတစ်ဆင့်ချင်းကြိုးနဲ့ချည်နေတယ် ...
ထားလိုက်ပါတော့လေ ဒီကိစ္စက လျှို့ဝှက်ချက်မှ မဟုတ်တာ ...
ထိုသို့တွေးကာ ဖူယွီကျွင်း ပြောလိုက်သည်။
" ငါ မင်းကို ပြောပြလို့ရပါတယ် .... ဒါပေမဲ့ ငါသိချင်တဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ် ..."
" ပြောလို့ရပါတယ် မင်းသား ..."
လင်းရှောင်က အခိုင်အမာပြောလိုက်သည်။
ဖူယွီကျွင်းက လက်နှစ်ချောင်းထောင်ပြ၍ ပြောသည်။
" ပထမတစ်ခု မင်းဘာလို့ မိုရွှီ့ကို အရမ်းမုန်းတာလဲ ... ဒုတိယတစ်ခု မင်းဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကဘာလဲ ..."
" အရှင့်သား ဒါ မတရားတာပဲ ... ကျွန်တော်မျိုးက တစ်ခုပဲ မေးတာကို နှစ်ခုတောင် ပြန်မေးရလား ..."
လင်းရှောင်က ဈေးဆစ်နေသည်။
ဖူယွီကျွင်း ရယ်လိုက်သည်။
" ဒါဆိုရင် မင်းလည်း ငါ့ကိုနောက်တစ်ခုမေးလေ ..."
လင်းရှောင် မျက်လုံးမှိတ်လိုက်ပြီး ခဏတွေးလိုက်သည့်အခါ စိတ်ထဲသို့ အတွေးတစ်ခုရောက်လာသည်။
" ကျွန်တော်မျိုး အရှင့်သားကို မမေးချင်တော့ပါဘူး ... ဒါပေမဲ့ တောင်းဆိုချက်သေးသေးလေးတစ်ခုတော့ရှိတယ် ..."
သူ၏ရှေ့မှ အစေခံငယ်လေး၏ အမူအယာက ရွှင်မြူးနေသည့်အတွက် ဉာဏ်နီဉာဏ်နက်များထုတ်နေသည်ကို ဖူယွီကျွင်းသိလိုက်သည်။ သူ၏ရှေ့မှ အစေခံငယ်လေးကိုမြင်ကာ သူ့ထံတွင်လည်း ပျော်ရွှင်မှုများ ရောက်ရှိလာသကဲ့သို့ပင်။ သူမနေနိုင်ပဲ ထပ်ရယ်လိုက်မိသည်။ သူ၏ ရယ်မောမှုများတွင် သူကိုယ်တိုင်မသိလိုက်သည့် နှစ်သက်မှုများ ပါဝင်နေသည်။
" ပြောလေ ..."
မျက်ခုံးများပင့်လျက် လင်းရှောင်ကို နူးညံ့စွာပြောလိုက်သည်။
လင်းရှောင်က အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။
" ကျွန်တော်ကြားတာတော့ အရှင့်သားက သိုင်းပညာမှာ ပြိုင်ဘက်ကင်းပဲတဲ့ ... အသက်ဆယ်နှစ်တည်းက ပြိုင်ဘက်သုံးယောက်ကို အနိုင်ယူခဲ့တာဆို ... ၁၅နှစ်အရွယ်မှာလည်း ရဲမက်ဆယ်ယောက်ကို အေးဆေးအနိုင်ယူနိုင်တယ်ဆို ... ရှောင်တိုင်းပြည်မှာ အရှင့်သားနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်မရှိတော့ဘူးမလား ..."
ဖူယွီကျွင်း မျက်ခုံးပင့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ဒီအစေခံငယ်လေးက တော်တော်များများကို သိထားတာပဲ ...
ဖူယွီကျွင်းက သူ့အတွေးများကို သိနေသော်လည်း သူဆက်ပြောမည်ကို ကြားချင်နေသေးသည်။
" အဲဒီတော့ ..."
လင်းရှောင် နှုတ်ခမ်းများမဲ့သွားသည်။
ဒီ ဖုယွီကျွင်းကတော့ သူဘာလိုချင်တယ်ဆိုတာ သိရဲ့သားနဲ့ ပါးစပ်ကပြောထွက်အောင် လုပ်နေတာပဲ ...
သူ့ကိုကြည့်ရတာ တော်တော်ပျင်းနေပုံပဲ ...
ထို့ကြောင့် လင်းရှောင်က ပြောလိုက်ရတော့သည်။
" အရှင့်သား လင်းရှောင်ကို သိုင်းပညာသင်ပေးပါလား ..."
သိုင်းပညာကိုသင်ယူထားခြင်းဖြင့် ဧကရာဇ်၊ လန်ဝေ့နှင့် သူ၏ရှေ့မှ ဖူယွီကျွင်းတို့နှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရပါက အကျိုးရှိနိုင်မည်ကို သိရှိထားသည်။
ဖူယွီကျွက်းက စိတ်ကျေနပ်စွာဖြင့် ရယ်လိုက်ပြီးဉာဏ်ဆင်ကာ ဖြေလိုက်သည်။
" ကောင်းပြီလေ ... မင်းကို သိုင်းပညာသင်ပေးရတော့မယ်ဆိုတော့ မင်းရဲ့ ဆရာဖြစ်သွားပြီပေါ့ ... ငါ့ကိုဆရာလို့ခေါ် ..."
" ဆရာ ..."
လင်းရှောင်က တစ်ကြိမ်တည်းပြောရုံဖြင့် ခေါ်လိုက်သဖြင့် ဖူယွီကျွင်း ထိတ်လန့်သွားသည်။
သို့ရာတွင် သူ၏ရှေ့မှ အစေခံငယ်လေး၏ ရိုးသားသောအကြည့်နှင့် လေးစားသော အပြူအမူကို မြင်လိုက်ရသည်။
ဖူယွီကျွင်း သက်ပြင်းချလိုက်သည်။
အင်း ကောင်းပြီလေ ... အချိန်ဖြုန်းတာပဲဆိုပေမယ့်လို့ ဒီအစေခံလေးနဲ့ဆိုရင်တော့ ဆုံးဖြတ်ချက်ကောင်းတစ်ခု ဖြစ်မှာပါ ...