ဖူယွီကျွင်းထံတွင် လင်းရှောင် သိုင်းပညာသင်ယူခဲ့သည်မှာ လဝက်ခန့်ရှိသွားပြီဖြစ်သည်။ ထိုအချိန်အတောအတွင်း သိုင်းပညာအခြေခံမရှိသည့်လင်းရှောင်က ဖူယွီကျွင်း၏ သက်တော်စောင့်တစ်ယောက်ကို ခုခံနိုင်နေပြီဖြစ်သည်။
သက်တော်စောင့်တစ်ယောက်သာဖြစ်သော်လည်း လင်းရှောင်ကို ကျေနပ်တင်းတိမ်စေသည်။
သူ၏လျှို့ဝှက်ချက်ကိုလည်း ဖူယွီကျွင်းကို ပြောပြခဲ့ပြီးဖြစ်သည်။
နန်းတော်မှ ထွက်လာပြီးသည်ဖြစ်၍ ကုန်းကုန်းဟုတ်မဟုတ်ကို ဖုံးကွယ်ထားလျှင်လည်း အဓိပ္ပါယ်မရှိတော့ပေ ။ ဖုယွီကျွင်းကို ထိုအကြောင်းပြောပြလိုက်ချိန်က သူ၏အံ့ဩသွားသောမျက်နှာကို လင်းရှောင်မှတ်မိနေသေးသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို စူးစူးရဲရဲစိုက်ကြည့်နေပြီး အဝတ်များကိုလှန်ကာ ကိုယ်တိုင် အတည်ပြုချင်သည့်ပုံစံဖြစ်နေခဲ့သည်။
လင်းရှောင်က သူ့ကို သေချာပေါက်စစ်ဆေးခွင့်မပေးခဲ့ပေ။ အခြားမေးခွန်းတစ်ခုအတွက်မူ လင်းရှောင်ကဉာဏ်ကိုလွှာသုံး၍ ဖြေခဲ့သည်။ မိုရွှီကသူ့ကို ဝှေးသင်း၍ ကုန်းကုန်းဖြစ်စေချင်ခဲ့သည့်အတွက် သူမကို အလွန်မုန်းတီး၍ သေစေချင်သည်ဟု ဖူယွီကျွင်းကိုပြောပြခဲ့သည်။ ဤကဲ့သို့ဆင်ခြေမျိုးက ယောက်ျားတစ်ယောက်ဖြစ်သော ဖူယွီကျွင်းကို လက်ခံရန်လုံလောက်ပေသည်။
ထိုကိစ္စ နှစ်ခုကိုရှင်းပြပြီးသွား၍ လင်းရှောင်နန်းတော်မှထွက်လာချင်ရသည့်အကြောင်းရင်းက်ု ဖူယွီကျွင်း အကြမ်းဖျဉ်း သိရှိသွားသည်။
လင်းရှောင်ကို စိုက်ကြည့်၍ အတွေးထဲတွင်နစ်မြုပ်နေစဉ်၌ သူ၏ခေါင်းထဲတွင် အခြားမေးခွန်းတစ်ခုပေါ်လာသည်။
မူဧကရာဇ်နဲ့ ဒီအစေခံလေးက တကယ်ပဲ ...
အစေခံလေး၏ ခန္ဓာကိုယ်မှ အမှတ်အသားများကို မြင်လိုက်ချိန်တည်းမှစ၍ "ထိုကိစ္စ" က ဖြစ်ပျက်ခဲ့မည်ဖြစ်ကြောင်း သူခန့်မှန်းထားပြီးဖြစ်သည်။
ဒါဆိုရင် နောက်ဆုံးမှာတော့ သူ့ရဲ့လျှို့ဝှက်ချက်ကို ဧကရာဇ်က သိပြီးသွားပြီ မဟုတ်ဘူးလား ...
ဧကရာဇ်က သိသွားခဲ့ပြီဆိုရင်တော့ ဆက်ပြီးဖုံးကွယ်နေစရာ လျှို့ဝှက်ချက် မဟုတ်တော့ဘူးလေ ...
ထိုအချိန်မှ လင်းရှောင်က သူ့ကိုကစားသွားပြီဖြစ်ကြောင်း ဖူယွီကျွင်းသဘောပေါက်သွားခဲ့သည်။
သူက ရယ်လိုက်ပြီး လင်းရှောင်၏ လူလည်ကျမှုကြောင့် သက်ပြင်းချလိုက်မိသည်။ သို့ရာတွင် အစေခံငယ်လေးက မျှော်လင့်တကြီးဖြင့် သူ့ထံမှ အဖြေကိုစောင့်နေသည်ကို မြင်လိုက်ရသောအခါ နှလုံးသားထဲ နူးညံ့ပျော့ပျောင်းသွားရသည်။
ဖူယွီကျွင်းက လင်းရှောင်၏ ဆန္ဒကိုဖြည့်ဆည်းပေးကာ ထိုနေ့မှအကမယ်လေးကို ရှာဖွေချင်ကြောင်းနှင့် လင်းရှောင်က သူမကို သိမသိ မေးမြန်းခဲ့သည်။
လင်းရှောင်က အံ့ဩနေသောမျက်နှာဖြင့် တောင့်ခဲနေပြီး သူမကို သိမသိမရှင်းလင်းလှကြောင်း ပြောလိုက်သည့်အခါ ဖူယွီကျွင်းက သူ့ကို သံသယမဝင်ခဲ့ပေ။
ကံကောင်းသည်မှာ ဖူယွီကျွင်းက ထိုမိန်းကလေးကိုတွေ့ခဲ့သည့်အချိန်ကို ပြန်အမှတ်ရ တမ်းတနေ၍ လင်းရှောင်၏ တောင့်ခဲသွားမှုကို သတိမပြုမိလိုက်သဖြင့် ဤကိစ္စက ဤမျှနှင့် ပြီးသွားခဲ့သည်။
ယနေ့တွင် လင်းရှောင်က ရှေ့ဘက်ခြံဝင်းထဲသို့ သွားခဲ့သည်။ ဤနေရာက ဖူယွီကျွင်း သိုင်းပညာလေ့ကျင့်သည့်နေရာဖြစ်သည့်အပြင် လင်းရှောင်ကို သင်ပေးသည့်နေရာလည်းဖြစ်သည်။
ပုံမှန်တွင် ထိုအချိန်၌ ခြံဝင်းထဲတွင် သူနှင့် လင်းရှောင်ထံတွင် အမှုထမ်းနေသည့် အစေခံတချို့သာရှိသည်။ သို့ရာတွင် ယနေ့ အရှေ့ဘက်ခြံဝင်းထဲကို ဝင်သွားချိန်တွင် အစောင့်များစွာရောက်နေသည်ကို မြင်လိုက်ရသည်။
လင်းရှောင် စိတ်ရှုပ်ထွေးစွာဖြင့် အနားကပ်သွားသည့်အခါ ဖူယွီကျွင်းနှင့် ရုပ်ချင်းဆင်သည့်လူတစ်ယောက်က သူနှင့်တူတူ စကားပြောနေသည်ကို မြင်လိုက်ရသည်။ အစောင့်များစွာ ဤနေရာသို့ရောက်နေရခြင်းက ထိုလူကြောင့်ပင်ဖြစ်မည်။
ရှောင်တိုင်းပြည်၏ တော်ဝင်မိသားစုက ဒုတိယမင်းသားဖြစ်သော ဖူယွီကျွင်းနှင့် သူ၏အစ်ကိုတော် အိမ်ရှေ့မင်းသား တစ်ယောက်သာရှိသည်ဟု သူသိရှိထားသည်။
ဒီနှစ်ယောက်က ရုပ်ချင်းဆင်တယ်ဆိုတော့ သူများတွေပြောကြတဲ့ မိန်းမပွေလွန်းတဲ့ အိမ်ရှေ့စံမင်းသား ဖူရှန့်ကျွင်းဆိုတာများလား ...
ထူးဆန်းလိုက်တာ ... ဒီမင်းသားနှစ်ယောက်က ဆက်ဆံရေးမပြေလည်ဘူးလို့ ကြားဖူးပါတယ် ... အိမ်ရှေ့စံမင်သားက ဒီကို ဘာလာလုပ်တာပါလိမ့် ...
လင်းရှောင် ထိုသို့တွေးနေလျက် သူတို့နားသို့ချဉ်းကပ်သွားစဉ် အိမ်ရှေ့မင်းသားက ပြောသည်ကို ကြားလိုက်ရသည်။
" ညီတော်လေး မင်းက မရက်စက်လွန်းဘူးလား ... ဒီလိုအလှလေးတစ်ယောက် မင်းရဲ့အိမ်တော်ထဲ ရောက်နေတာတောင်မှ အစ်ကိုတော်ကို သူမအကြောင်းမပြောပြဘူးပေါ့ ..."
လင်းရှောင်၏ မျက်လုံးများ မည်းနက်သွားသည်။
ဖူရှန့်ကျွင်းပြောနေတာ ဘယ်သူပါလိမ့် ...
ဖူယွီကျွင်းလည်း ပဟေဠိဖြစ်သွားသဖြင့် မေးလိုက်သည်။
" အစ်ကိုတော်ပြောနေတာ ဘယ်က အလှလေးလဲ ..."
" ညီတော်က တုံးချင်ယောင်ဆောင်နေတာလား ... ဒီလိုအလှလေးကို မဖွက်ထားသင့်ဘူးလေ ... ပြီးတော့ အဲ့အလှလေးက အနောက်ဘက်ခြံဝင်းထဲမှာပဲ အလုပ်ပေါင်းစုံလုပ်နေရတယ် နှမြောစရာကြီး ..."
ဖူရှန့်ကျွင်း ထိုသို့ပြောလိုက်ချိန်တွင် ဖူယွီကျွင်းနှင့် လင်းရှောင်၏စိတ်ထဲတွင် လူတစ်ယောက်ပေါ်လာသည်။
အနောက်ဘက်ခြံဝင်းထဲမှာ အလုပ်လုပ်ပြီး ဒီမိန်းမပွေတဲ့ မင်းသားကို ဆွဲဆောင်နိုင်တာ သူမပဲ မှားစရာကို မရှိဘူး ...
ဘယ်အချိန်က သူမက အဲ့မင်းသားနဲ့ ချိတ်မိသွားတာလဲ ... အခုတော့ သူ့ကိုကြည့်ပါဦး သေချာပေါက် သူမအတွက် ရောက်လာတာပဲ ...
လင်းရှောင်အေးစက်စွာပြုံးလိုက်ပြီး ရှေ့သို့ခြေနှစ်လှမ်းခန့်လျှောက်သွားလိုက်သည့်အခါ မင်းသားနှစ်ယောက်အနားမှ အစောင့်က သူ့ကို သတိထားမိပြီး ဟန့်တားလိုက်သည်။ လင်းရှောင် ခဏခန့်တွေးနေပြီးနောက် နေရာတွင်ပင်ရပ်နေကာ လည်ချောင်းရှင်း၍ အရိုအသေပြုလိုက်သည်။
" အရှင့်သားတို့နှစ်ယောက် စကားပြောနေတာကို လင်းရှောင် နှောင့်ယှက်မိပါပြီ ..."
ဖူရှန့်ကျွင်းက မျက်မှောင်ကြုတ်ပြီး စကားပြောမည်အပြုတွင် ဖူယွီကျွင်းက သူ့ထက်ဦးအောင် ပြောလိုက်သည်။
" သူ့ကို လာခိုင်းလိုက် ..."
သို့ရာတွင် အစောင့်က ဖူရှန့်ကျွင်း၏ အမိန့်ကိုသာ နာခံသည့်အတွက် ဖူယွီကျွင်း၏အမိန့်ကို မကြားဟန်ဆောင်နေသည်။ လင်းရှောင်က သူ့ရှေ့မှအစောင့်ကို ကျောက်တုံးတစ်တုံးကဲ့သို့ကြည့်လိုက်ပြီး မျက်ခုံးပင့်၍ ဖူယွီကျွင်းကိုကြည့်ကာ... "ရှောင်တိုင်းပြည်က မြင့်မြတ်တဲ့မင်းသားတစ်ယောက်ဖြစ်တဲ့ မင်းရဲ့အဆင့်က ဒီလောက်ပဲလား" ဟု ပြောနေသကဲ့သို့ပင်။
ဖူယွီကျွင်း၏မျက်နှာက မည်းမှောင်သွားပြီး ဖူရှန့်ကျွင်းကို အေးစက်စွာပြောလိုက်သည်။
" အစ်ကိုတော် ဒါက ဘာသဘောလဲ ..."
ဖူရှန့်ကျွင်းက မျက်လုံးများမှိတ်ကာ ခဏစဉ်းစားနေပြီးနောက် လူယုတ်မာပြုံး ပြုံးလိုက်သည်။
" ညီတော် ငါကမင်းနဲ့တူတူ စကားစမြည်ပြောဖို့လာတာလေ ...အပြင်လူတစ်ယောက်ယောက်ဝင်လာရင် စိတ်အနှောင့်အယှက်ဖြစ်ရတယ် ... ဘာလို့ သူ့ကိုမထွက်သွားခိုင်းတာလဲ ..."
နှုတ်ခမ်းများ တင်းတင်းစေ့ထားသည့်အတွပ် ဖူယွီကျွင်း မကျေမနပ်ဖြစ်နေကြောင်း ပြသနေသကဲ့သို့ပင်။ သို့သော် ခဏအကြာတွင် တစ်စုံတစ်ခုကိုတွေးမိသကဲ့သို့ မျက်လုံးများ မှေးကျဉ်းကာ ပြုံးပြလိုက်သည်။
" အစ်ကိုတော်ပြောတာမှန်တယ် ... သူ့ကို ဘာလို့ မထွက်သွားခိုင်းရမှာလဲ ..."
ဖူရှန့်ကျွင်းက ဖူယွီကျွင်းကို ထူးဆန်းစွာကြည့်နေပြီး လက်ဝှေ့ယမ်း၍ လင်းရှောင်ကို ထွက်သွားခိုင်းမည်အပြုတွင် ဖူယွီကျွင်းကပြုံး၍ ဆက်ပြောလိုက်သည်။
" ဒါပေမဲ့ အစ်ကိုတော်ပြောတဲ့ အလှလေးကို ကျွန်တော်ဖွက်ထားတာမဟုတ်ဘူး ... သူက မူတိုင်းပြည်က အစေခံလေ အခုက သူ့သခင်နဲ့တူတူ ရှောင်တိုင်းပြည်ကို လိုက်လာတာ ..."
ထိုစကားများပြောပြီးနောက် ဖူယွီကျွင်းက လင်းရှောင်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
" ပြီးတော့ သူ့သခင်က လင်းရှောင်လေ ... သူက ကျွန်တော့အသက်ကို ကယ်ခဲ့ဖူးတယ် ... ဒါကြောင့် ကျွန်တော့်ရဲ့ အထူးဧည့်သည်ပဲ ..."
" ဘာ ..."
ဖူရှန့်ကျွင်းက လင်းရှောင်ကို အံ့ဩတကြီးဖြင့် ကြည့်နေသည်။
လင်းရှောင်က ပြုံပြပြီး ကပ်ဖျားရပ်ဖျားအမူအရာမဟုတ်ပဲ ပုံမှန်အတိုင်း လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်သည်။
" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ် ..."
ဖူယွီကျွင်းက နူးညံ့စွာရယ်လိုက်သည်။
" အစ်ကိုတော်က အဲ့အလှလေးအကြောင်းသိချင်ရင် သူ့ကိုမေးလို့ရတယ် ... ကျွန်တော် မနှောက့်ယှက်ပါဘူး ..."
" ဒါ ..."
ဖူရှန့်ကျွင်းက လင်းရှောင်ကို ကြည့်နေဆဲပင်ဖြစ်သည်။
လင်းရှောင်က ဖူရှန့်ကျွင်း၏ အံ့ဩနေသော အမူအယာကို ကြည့်ပြီးနောက် ဖူယွီကျွင်း၏ အရိပ်အမြွက်ပြနေသော မျက်နှာကို ပြန်ကြည့်လ်ုက်သည်။ လင်းရှောင်၏ မျက်လုံးထဲတွင် ဉာဏ်နီဉာဏ်နက်များသည့် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး ပြုံး၍ လက်နှစ်ဖက်ကို ယှက်လိုက်သည်။
"တော်ဝင်မင်းသားနှစ်ပါးကို လင်းရှောင် အနှောင့်အယှက်ပေးမိတာ အလွန်ရိုင်းစိုင်းပါတယ် ... လင်းရှောင် အခုပဲထွက်သွားပါ့မယ် ..."
ထို့နောက် ခေါင်းငုံ့၍ အရိုအသေပြုပြီးနောက် ရင်ကိုကော့၍ တစ်ဖက်သို့ထွက်သွားရန် ပြင်လိုက်သည်။ သူ၏ ဂုဏ်ယူဝင့်ကြွားနေသောပုံစံက ဖူယွီကျွင်းကို အနည်းငယ် ပြုံးမိသွားစေသည်။
ဒီအစေခံလေးကတော့ နည်းနည်းလောက် အလိုလိုက်တာနဲ့ အကျင့်စရိုက်က ဆိုးဝါးလာတာပဲ ချစ်ဖို့တော့ကောင်းသား ...
ဖူရှန့်ကျွင်း မတ်တပ်ရပ်ပြီး လင်းရှောင်၏ လက်ကိုဖမ်းဆွဲကာ ထွက်မသွားခိုင်းချိန်တွင် ဖူယွီကျွင်း အလွန်အမင်းစိတ်ကျေနပ်သွားသည်။
" နေဦး ..."
ဖူယွီကျွင်းက မြင်သည့်အခါ သူ့နောက်ကို ရောက်သွားသည်။ လင်းရှောင်ကို တားဆီးနေသည့် ဖူရှန့်ကျွင်း၏ လက်ကိုဆွဲထားပြီး ကလိမ်ကကျစ်ပုံစံနှင့် ပြုံးလိုက်သည်။
" အစ်ကိုတော်က ညီတော်နဲ့ အတိတ်ကအကြောင်းတွေ ပြောချင်တာမလား ... သူ့လို အပြင်လူတစ်ယောက်ရှိနေရင် စိတ်အနှောင့်အယှက်ဖြစ်မှာပေါ့ ဘာလို့သူ့ကို ဆွဲထားတာလဲ ထွက်သွားခိုင်းလိုက်လေ ..."
ဖူယွီကျွင်းက ထိုသို့ပြောပြီးနောက် ဖူရှန့်ကျွင်းကိုဆွဲထားလိုက်သည်။
" အစ်ကိုတော် ဒါလေးသောက်ကြည့် ... ဒါက ညီတော်ကိုယ်တိုင် မူတိုင်းပြည်က ယူလာတဲ့ ကြာပန်းဝိုင်လေ အရမ်းမွှေးတယ် ..."
လင်းရှောင် ခြံဝင်းထဲမှ ထွက်လာချိန်တွင် စကားပြောသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အတွက် သူတို့ဘာပြောနေသည်ကို မကြားရတော့ပေ။
အိမ်ရှေ့စံမင်းသား ရောက်လာရသည့်ရည်ရွယ်ချက်ကို သိရသောအခါ ရင်ထဲမှ သည်းမခံနိုင်သော ဒေါသများပေါက်ကွဲထွက်လာပြီး လမ်းလျှောက်နေရာမှ ရပ်လိုက်မိသည်။
သိုင်းပညာလေ့လာနေတုန်း ခဏလောက် အာရုံမစိုက်လိုက်တာနဲ့ မိုရွှီက ပြဿနာရှာထားပြန်ပြီ ...
လင်းရှောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ၏ခြံဝင်းထဲ ပြန်ဝင်လာပြီး အော်လိုက်သည်။
" မိုရွှီကို ခေါ်လိုက်ကြစမ်း ..."
" သိပါပြီ အထိန်းတော်လင်း ..."
အမိန့်ကို လက်ခံလိုက်သူများမှာ ကျီရှန့်နှင့် ဖူကန်းတို့ဖြစ်သည်။ သူတို့က လင်းရှောင်ကို ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ချိန်မှစ၍ သူတို့ကို သူ့ဘက်တွင်သာ နေခွင့်ပြုလိုက်သည်။
လင်းရှောင်အမိန့်ပေးပြီး မကြာမီအချိန်တွင် မိုရွှီက ဗန်းတစ်ခုကိုသယ်၍ တုန်တုန်ယင်ယင်နှင့် ဝင်လာသည်။
သူမ အဝတ်အစားများက ညစ်ပတ်ပေရေနေပြီး ခန္ဓာကိုယ်ကလည်း ပိန်ကပ်သွားသည်။ သူမ၏လက်ရှိပုံစံက ထောင်လွှားမှုများ လျော့နည်းပြီး သနားစဖွယ်ဖြစ်နေသည်။
အထူးသဖြင့် တံခါးဝတွင် တုန်တုန်ယင်ယင်နှင့် ရပ်နေပုံက အလွန်ပင် အတွေးအခေါ်ကောင်းလှသည်ဟုပင် ပြောရမည်။ သူမပုံစံကိုမြင်သော ယောက်ျားတိုင်းက သူမကို ညင်သာစွာပင် ဆက်ဆံကြလိမ့်မည်။
ကံကောင်းသည်မှာ လင်းရှောင်က သူမလက်ချက်ဖြင့် ခံစားခဲ့ရသူဖြစ်၍ သူမကို သနားခြင်းမရှိပဲ မုန်းတီးမှုများသာရှိသည်။
သူက အေးစက်စွာရယ်လိုက်ပြီး မိုရွှီ၏ရှေ့သို့ လျှောက်လာသည်။
လင်းရှောင်၏မျက်နှာမှ အေးစက်မှုက မိုရွှီ၏ရင်ထဲတွင် ကြောက်လန့်မှုများကို မွေးဖွားလာစေသည်။ သူမက လင်းရှောင်၏ရှေ့တွင် အားနည်းစွာဖြင့် ဒူးထောက်လိုက်သည်။
လင်းရှောင် မျက်ခုံးပင့်လိုက်သည်။
ဒီမိုရွှီက အတော်လေး ပါးနပ်လာတာပဲ ...
ထိုအတွေးကိုတွေးနေမိစဉ်က မိုရွှီက သူ့လက်ထဲမှဗန်းကို လင်းရှောင်ဆီသို့ မြှောက်လိုက်ပြီး တုန်ယင်စွာပြောလိုက်သည်။
" လင်းရှောင် ... မဟုတ်ဘူး သခင်လေး ဒါက မီးဖိုချောင်က ပျံလွှားငှက်သိုက်ရည်ပါ ... ကျွန်မအရင်တုန်းက မှားခဲ့ပါတယ် ... သခင်လေးကို ဆိုးဆိုးရွားရွားဆက်ဆံပြီး ဒုက္ခမပေးခဲ့သင့်ဘူး ... သခင်လေးက သဘောထားကြီးတဲ့လူပါ ကျေးဇူးပြုပြီး ဒီငှက်သိုက်ရည်သောက်ပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ .."
ပျံလွှားငှက်သိုက်ရည်လား ...
လင်းရှောင်ရှုံ့မဲ့လိုက်သည်။ ယခင်က သောက်ခဲ့မိသည့် ပျံလွှားငှက်သိုက်ရည်ကို ပြန်သတိရပြီး သူ၏မျက်နှာက ဒယ်အိုးအောက်ခြေကဲ့သို့ မည်းမှောင်သွားသည်။
ဗန်းထဲမှ အဖြူရောင် ငှက်သိုက်ရည်ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေမိသည်။
ရုတ်တရက် ငှက်သိုက်ရည်ထည့်လာသည့်ဗန်းကို ပုတ်ချလိုက်သည်။ သူ့ကို ခိုးကြည့်နေသည့် မိုရွှီကိုကြည့်ပြီး လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။
" ငါ ငှက်သိုက်ရည်သောက်မယ်လို့ မပြောမိပါဘူး ..."
မိုရွှီက တိုးညှင်းစွာပြောလိုက်သည်။
" သခင်လေး ဗိုက်ဆာနေမှာစိုးလို့ မီးဖိုချောင်က ယူလာခဲ့တာပါ ... ကျွန်မက ခွင့်လွှတ်ဖို့ တောင်းဆိုချင်ရုံပါ ... ကျွန်မမှားသွားပါတယ် ခွင့်လွှတ်ပေးပါ ..."
ခွင့်လွှတ်ဖို့ တောင်းဆိုတယ်တဲ့လား ...
မိုရွှီက လင်းရှောင်ကို ခွင့်လွှတ်ဖို့ တောင်းပန်နေတယ်ပေါ့ ... အတော်လေး ပုံမှန်မဟုတ်တာပဲ ...
သို့သော် မိုရွှီ၏အသံမှ နောင်တရမှုနှင့် ရိုးသားမှုများကို လင်းရှောင်မခံစားမိပေ။
သူမ ဟန်ဆောင်နေသည်ကိုသိ၍ လင်းရှောင်က သရော်လိုက်ပြီး သရော်လိုက်ပြီး ရုတ်တရက် သူမဆံပင်ကို အားပြင်းပြင်းနှင့် ဆွဲလိုက်သည်။
နာကျင်သောကြောင့် မိုရွှီအော်ဟစ်လိုက်မိသည်။ လင်းရှောင်ကိုကြည့်နေသော အကြည့်များက မုန်းတီးမှုများဖြင့်ပြည့်နေသည်။ လင်းရှောင် ခန့်မှန်းထားသည်က ပို၍ သေချာသွားသည်။
ငှက်သိုက်ရည်ပန်းကန်ကို မိုရွှီ၏ ပါးစပ်နားကပ်လိုက်သည့်အခါ သူမပုံစံက အထိတ်တလန့်ဖြစ်သွားသည်။ လင်းရှောင်၏မျက်လုံးများက သူမကို စူးစမ်းနေပြီး တဖြည်းဖြည်းအေးစက်လာကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ငါကတော့ ဗိုက်မဆာဘူး ... နင့်ကိုကြည့်ရတာတော့ ဗိုက်ဆာနေပုံပဲ ဒီငှက်သိုက်ရည်တစ်ပန်းကန်လုံးကို သောက်လိုက်လေ ..."
မိုရွှီက ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
လင်းရှောင်မြင်သည့်အခါ အကြောင်းစုံကိုသိနေသော်လည်း ထိတ်လန့်သွားပုံဖြင့် သူမကို မေးလိုက်သည်။
" ဘာလို့ အရမ်းကြောက်နေတာလဲ ... ဒီပျံလွှားငှက်သိုက်ရည်ထဲမှာ တစ်ခုခုများ ထည့်ထားလို့လား ..."
သူ၏စကားများကြောင့် မိုရွှီ၏မျက်နှာ ဖြူရော်သွားပြီး ငြင်းဆန်သည့်အနေဖြင့် ခေါင်းခါပြလိုက်သည်။
လင်းရှောင် ပြုံးလိုက်သည်။ ပျံလွှားငှက်သိုက်ရည်ကို တစ်ချက်ကြည့်ပြီး ရယ်၍ ပြောလိုက်သည်။
" ဒါပေါ့လေ ဒီငှက်သိုက်ရည်က နင်ကိုယ်တိုင်ယူလာတာဆိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး ... ရော့ နင်ဗိုက်ဆာနေရင် ငါကျွေးမယ် ပါးစပ်ဟလိုက် ..."
မိုရွှီ အကြောက်အကန်ငြင်းဆိုနေသည်။ သူမမျက်လုံးများက ရီဝေနေပြီး မုန်းတီးမှုများ၏အထဲတွင် ကြောက်လန့်မှုနဲ့ အထိတ်တလန့်ဖြစ်မှုများ ပါဝင်နေသည်။ လင်းရှောင်က သူ့ရှေ့မှမြင်ကွင်းကိုကြည့်ကာ အေးစက်စက်ပြုံးလိုက်သော်လည်း သူ၏လှုပ်ရှားမှုများကို မရပ်တန့်လိုက်ပေ။
ထိုငှက်သိုက်ရည်ပန်းကန်ကို မိုရွှီကို အတင်းအကြပ်ကျွေးချင်နေသည်။
မိုရွှီက အသည်းအသန်ရုန်းကန်နေပြီး ခြေထောက်နှင့်လက်များကိုပါသုံး၍ လင်းရှောင်ကို တွန်းပစ်နေသည်။ လင်းရှောင် သတိလွတ်သွားသည်နှင့် သူ့ကိုဘေးသို့တွန်းလွှတ်လိုက်ပြီး အခွင့်အရေးကိုအသုံးချကာ စူးစူးဝါးဝါးအော်လိုက်သည်။
" လင်းရှောင် နင်လုပ်ရဲ လုပ်ကြည့်စမ်း ..."
လင်းရှောင် အေးစက်စွာပြောလိုက်သည်။
" ငါက ဘာလို့ မလုပ်ရဲရမှာလဲ ..."
" ဖူယွီကျွင်းက နင်ငါ့ကို မသတ်ရဘူးလို့ ပြောထားတယ်လေ ..."
မိုရွှီက လင်းရှောင်ကို တွန်းဖယ်လိုက်သည်။
လင်းရှောင် စိတ်ရှုပ်ဟန်ဆောင်လိုက်သည်။
" ငါနင့်ကို နင်ကိုယ်တိုင်ပြင်ဆင်လာတဲ့ ငှက်သိုက်ရည်တစ်ပန်းကန်ပဲ တိုက်ချင်ရုံလေးပါ ... ဘာလို့ နင့်ကိုသတ်ရမှာလဲ ... ဒီငှက်သိုက်ရည်ပန်းကန်လေးက နင့်ကို ဒဏ်ရာရစေမယ်တဲ့လား ..."
“……” မိုရွှီ ပြောစရာစကားများ ပျောက်ရှသွားသည်။
လင်းရှောင် သူမကို အထင်အမြင်သေးစွာကြည့်လိုက်ပြီး အပြင်ဘက်ကို အော်ခေါ်လိုက်သည်။
" အစေခံတွေ ..."
" အထိန်းတော်လင်း ..."
ကျီရှန့်နှင့် ဖူကန်းတို့က ခေါ်သံကြားပြီး ရောက်လာကြသည်။
လင်းရှောင်က သူတို့နှစ်ယောက်ကိုကြည့်ပြီး မိုရွှီကို လက်ညိုးထိုးပြလိုက်သည်။
" သူ့ကို ချုပ်ထားကြစမ်း ..."
" ဟုတ်ကဲ့ပါ ..."
ကျီရှန့်နှင့် ဖူကန်းတို့က အမိန့်ကို နာခံပြီး မိုရွှီကို လင်းရှောင်၏ရှေ့တွင် ချုပ်ထားလိုက်သည်။
ရုန်းကန်ထားရသောကြောင့် သူမဆံပင်များက ရှုပ်ပွနေပြီး တစ်က်ုယ်လုံးစုတ်ပြတ်ကာ မျက်နှာပေါ်တွင် ဖုန်မှုန့်များပင် ရှိနေသည်။ သူမကို မြင်သူတိုင်းက သနားကြလိမ့်မည်ဟု သူမထင်ထားမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူမပုံစံက ဆိုးရွားနေကာ မျက်လုံးများပင် နီရဲနေသည်။
သို့ရာတွင် ထိုနေရာတွင်ရှိနေသော မည်သူမျှ သူမကို မသနားကြပေ။
လင်းရှောင်က ခါးကိုင်း၍ မိုရွှီ့အနားကိုကပ်သွားသည်။ မိုရွှီက လင်းရှောင်ကို မုန်းတီးစွာကြည့်နေပြီး အံကြိတ်ထားသည်။
လင်းရှောင်က သူမဆံပင်များကိုကိုင်၍ ယခင်ဘဝကကဲ့သို့ ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ သူမဆံပင်များကို သပ်တင်ပေးလိုက်ချိန်တွင် မိုရွှီက အာရုံပြန့်သွားပုံရသည်။ သူ၏ လက်ချောင်းများက မိုရွှီ၏ပါးကို ညင်သာစွာကိုင်နေပြီးနောက် အောက်ဆင်းသွားပြီး သူမမေးစေ့ကို တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်သည်။
မိုရွှီ နာကျင်သွားသည်။ သူမခေါင်းမော့ပြီး နှုတ်ခမ်းများကို ဖိကိုက်ထားကာ လင်းရှောင်ကို ကြည့်နေပြီး စကားတစ်လုံးမှ မပြောပေ။ သူမ၏ မုန်းတီးမှုများဖြင့်ပြည့်နေသည့် အကြည့်များက သူမကိုတစ်ခုခုလုပ်ပါက ပြန်လည်ပေးဆပ်ရမည်ဟု လင်းရှောင်ကို သတိပေးနေသယောင်ပင်။
သို့သော် ထိုသို့သောခြိမ်းခြောက်မှုမျိုးကို လင်းရှောက် ဂရုမစိုက်ပေ။ မိုရွှီ၏ မေးစေ့ကိုကိုင်ထားပြီး စက်ဆုပ်နေဟန်ဖြင့် ပြောလိုက်သည်။
" မိုရွှီ နင်တော်တော်တုံးတာပဲ ... နင့်ရဲ့ ယုံကြည်မှုတွေ ဘယ်ရောက်သွားပြီလဲ ... နင်ငါ့ကို သတ်ခဲ့တာကိုတွေးလိုက်တိုင်း ငါနင့်ကို ခွင့်မလွှတ်နိုင်ဘူး ... နင်အဆိပ်ခတ်လို့ သေခဲ့ရပါတယ်ဆိုမှ နင်ပေးတဲ့ ငှက်သိုက်ရည်ကိုငါကစားမယ်တဲ့လား ဘာလို့အဲ့လောက်တောင် ယုံကြည်ချက်တွေ ရှ်ိနေရတာလဲ ..."
" ဟမ် ..."
လင်းရှောင်က မိုရွှီ၏ပါးစပ်ကိုဖွင့်လိုက်ပြီး ငှက်သိုက်ရည်များကို လည်ချောင်းထဲအထိ လောင်းချလိုက်သည်။
တစ်စက္ကန့်အတွင်း မိုရွှီ၏မျက်နှာက သေလုမျောပါး အနေအထားအထိ ဖြူဖျော့သွားသည်။ သူမခက်ခက်ခဲခဲ ရုန်းကန်နေပြီးနောက်ဆုံးတွင် လွတ်မြောက်သွားသည်။ သို့သော် ငှက်သိုက်ရည်တစ်ဝက်ခန့်ကို သောက်လိုက်မိကြောင်း သတိထားမိသွားသည့်အခါ ပြန်အန်ထုတ်ရန်ကြိုးစားသော်လည်း ဘာမှထွက်မလာတော့ပေ။
လင်းရှောင်က အေးစက်စက်ရယ်လိုက်ပြီး မနေနိုင်ပဲ ပြောလိုက်သည်။
" နင်က ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ ..."
မိုရွှီက လင်းရှောင်ကို ကြောက်စရာကောင်းအောင် စိုက်ကြည့်နေသည်။ သူမအကြည့်များက လင်းရှောင်၏တစ်ကိုယ်လုံးကို ဝါးမျိုတော့မည်ဟုပင် ထင်ရသည်။
သူမ ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
" စောင့်နေစမ်းပါ လင်းရှောင် ... နင် စောင့်ကြည့်နေလိုက် ... ငါသေရင် နင့်ကိုပါအတူခေါ်သွားမယ် ..."
လင်းရှောင်၏ မျက်နှာက အေးစက်သွားသည်။ ရပ်နေသော အစေခံနှစ်ယောက်ကို အော်ပြောလိုက်သည်။
" ဘာရပ်ကြည့်နေတာလဲ သူ့ကိုဖမ်းထားလေ ... ငါသူ့ကို ခုပဲငရဲပြည်ပို့ပစ်မယ် ..."
ကျီရှန့်နှင့် ဖူကန်းက အသိစိတ်ပြန်ဝင်လာပြီး မိုရွှီ့ဆီသို့ လျှောက်လာကြသည်။ မိုရွှီ ရုတ်တရက် ထရပ်လိုက်ပြီး သူမအင်္ကျီထဲမှ တစ်ခုခုထုတ်လိုက်ကာ လင်းရှောင်တို့ သုံးယောက်ထံသို့ ပစ်ပေါက်လိုက်သည်။
အံ့အားသင့်သွားသည့်လင်းရှောင်မှာ အင်္ကျီလက်ဖြင့်ကွယ်၍ ရှောင်လိုက်သော်လည်း ၎င်းက အမှုန့်များဖြစ်နေ၍ ငှက်မွှေးကဲ့သို့ပေါ့ပါးကာ လေထဲတွင် ခဏတွင်းချင်း ပြန့်သွားသည်။
လင်းရှောင် သတိထားမိချိန်တွင် မိုရွှီက ခြေရာလက်ရာပင် မကျန်တော့ပဲ ပျောက်ကွယ်သွားပြီဖြစ်သည်။ ယခုအချိန်တွင် ထိုအမှုန့်များ ရှုလိုက်ရသူ သုံးယောက်မှာ ရီဝေဝေဖြစ်လာကြသည်။
သတိမေ့ ဆေးမှုန့်တွေလား ...
ဒီအိမ်တော်ထဲမှာ မိုရွှီလာဘ်ထိုးထားတဲ့ တစ်ယောက်ယောက် ရှိနေပြီ ...
၎င်းက လင်းရှောင်သတိမလစ်မီ နောက်ဆုံးတွေးလိုက်သော အတွေးပင်။