အပိုင်း ၅၃
Viewers 12k

လင်းရှောင်နိုးလာသည့်အခါ ထိုနေရာတွင် မိုရွှီ၏အရိပ်အယောင်ကို မမြင်ရတော့ပေ။ အိမ်ရှေ့စံမင်းသားလည်း ထွက်သွားပြီဖြစ်သည်။
ဖူယွီကျွင်းက လင်းရှောင်၏ကုတင်ဘေးတွင်စောင့်ပေးနေပြီး လင်းရှောင်နိုးလာသည်နှင့် အခြေအနေကို မေးမြန်းပြီးသည့်နောက် အိမ်တော်တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေထားသည်။
မိုရွှီကို ကူညီပေးလိုက်သည့်လူအချို့က ထွက်ပြေးသွားသည်ကို သိလိုက်ရသည်။
နှစ်ယောက်မှာ အနောက်ဘက်ခြံဝင်းမှ တောက်တိုမယ်ရလုပ်ရသည့်အစေခံနှစ်ယောက်ဖြစ်သည်။ တစ်ယောက်က မီးဖိုချောင်မှအစေခံဖြစ်ပြီး အခြားတစ်ယောက်က ခြံဝင်းကိုစောင့်ကြပ်ရသည့်အစောင့်ဖြစ်သည်။ သူတို့နှစ်ယောက်၏ တူညီသောအချက်မှာ နှစ်ယောက်လုံးယောက်ျားများသာဖြစ်သည်။
ဖူယွီကျွင်းနှင့် လင်းရှောင်တို့ ကိစ္စတစ်ခုလုံးကို စုံစမ်းစစ်ဆေးပြီးသည့်အခါ ထိုလူနှစ်ယောက်ထံမှ ကြားသိချက်များအရ မိုရွှီနှင့် ဖူရှန့်ကျွင်းတို့က လွန်ခဲ့သည့် ခုနစ်ရက်ခန့်မှစ၍ အသိအကျွမ်းများ ဖြစ်နေကြပြီးဖြစ်သည်။
သူတို့က ထမင်းဆိုင်၏အပြင်ဘက်တွင် တွေ့ခဲ့ကြသည်။
မိုရွှီက သူမအလှတရားကိုအသုံးချ၍ ရက်အနည်းငယ်အတွင်း ယောက်ျားပေါင်းများစွာ၏နှလုံးသားကို ဖမ်းစားထားနိုင်ခဲ့သည်။ သူတို့ကို သူမအလိုရှိသည့်အချိန်၌ တစ်ယောက်ချင်းစီကို အသုံးချခဲ့သည်။
ထိုအစောင့်က မိုရွှီကို လွန်ခဲ့သည့်ခုနစ်ရက်ခန့် ထမင်းဆိုင်သို့ခေါ်သွားချိန်က ထိုနေရာကို လာနေကြဖြစ်သည့်ဖူရှန့်ကျွင်းနှင့် တွေ့ဆုံခဲ့သည်။ အလှတရားကိုသာ ပဓာနထားတတ်သည့် ဖူရှန့်ကျွင်းက မိုရွှီ၏ နတ်သမီးသဖွယ်အလှတရားကိုမြင်ပြီး သူမနှင့် မိတ်ဆွေဖြစ်ခဲ့သည်။
ထို့နောက် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာမှ အဆင်ပြေလာချိန်တွင် မိုရွှီက စတင်လှုပ်ရှားခဲ့သည်။ ဖူရှန့်ကျွင်းကို သူမအားခေါ်ထုတ်သွားရန် တောင်းဆိုချိန်တွင် သူကလည်း အားရဝမ်းသာဖြင့် သဘောတူခဲ့သည်။ ထို့ကြောင့် ဖူရှန့်ကျွင်းက အိမ်တော်အထိလာရောက်ပြီး သူမအကြောင်းမေးမြန်းခဲ့ခြင်းပင်။
မိုရွှီက ပြန်လည်မွေးဖွားပြီးနောက်ပိုင်းတွင် ပို၍သတိကြီးလာသည်ဟု သတ်မှတ်၍ရနိုင်သည်။ လင်းရှောင်နှင့် ဖူယွီကျွင်းတို့ထံမှ ပုန်းကွယ်ရန်အတွက် အိမ်တော်ထဲတွင်ရှိနေစဉ်မှာပင် ထိုလူများနှင့် ပေါ်ပေါ်ထင်ထင် စကားပြောဆိုဆက်သွယ်ခြင်း မရှိခဲ့ပေ။ သူမကို ခေါ်ထုတ်သွားချင်သည့်နေ့ကပင် သူမက ဆင်ခြေတစ်ခုပေး၍ တစ်ယောက်တည်း အပြင်ထွက်ခဲ့သည်။
ထို့အပြင် ထိုယောက်ျားများ၏ ပြောကြားချက်များအရ ဖူရှန့်ကျွင်းက မိုရွှီကို ရွှေ၊ငွေ၊ ပုလဲနှင့် ပိုးထည်များပေးခဲ့သော်လည်း သူမက အိမ်တော်ထဲတွင် ဝတ်ဆင်ခြင်း မပြုခဲ့ပေ။
အစမှ အဆုံးအထိ သူမက အနိုင်ကျင့်ပြီး အရှက်ခွဲခံနေရကာ အသက်ရှင်ရန် ရုန်းကန်နေရသော သတ္တိမရှိသည့် အစေခံမလေးပုံစံဖြင့် နေထိုင်ခဲ့သည်။
ထို့ကြောင့် ခြံဝင်းထဲမှ ယောက်ျားအနည်းငယ်က သူမကိုသနားပြီး ချစ်ခင်လာကြသည်။
ဖူရှနံကျွင်းရောက်လာသည့်နေ့က သူတို့နှစ်ဦး၏ ပြောစကားများကို မိုရွှီက လျှို့ဝှက်စွာမေးမြန်းခဲ့သည်။ သူမ၏ ထွက်‌ခွာမှုကို ပိတ်ဆို့ခံရသည်မှန်း သိလိုက်ရသည့်အခါ မိုရွှီ ထွက်ပြေးရန် ကြိုးပမ်းတော့သည်။ သူမကို ချစ်ခင်သနားသည့် ယောက်ျားများကို အကူအညီတောင်းသည့်အခါ သူတို့အားလုံးက ကူညီလိုကြသည်။
လင်းရှောင်နှင့် အစေခံနှစ်ယောက်တို့ ရှုရှိုက်လိုက်ရသည်မှာ မိုရွှီ အပြင်ကယူလာသည့် သတိမေ့ဆေးများဖြစ်သည်ကိုကြည့်ခြင်းဖြင့် သူမက ဤကိစ္စကိုပြင်ဆင်ခဲ့သည်မှာ ကြာမြှင့်ခဲ့ပြီဖြစ်သည်။
ပန်းကန်လုံးထဲ ကျန်ရှိခဲ့သည့် ငှက်သိုက်ရည်များကို သမားတော်တစ်ယောက်အားခေါ်၍ စစ်ဆေးခိုင်းသည့်အခါ အဆိပ်ပြင်းတစ်မျိုး ဖြစ်နေသည်ကို သိရှိခဲ့ရသည်။
အရာအားလုံးက ရှင်းလင်းသွားပြီဖြစ်သည်။ လင်းရှောင်က ဖူယွီကျွင်း၏မျက်နှာကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်။
" ဒီမိန်းမက အန္တရာယ်မကြီးဘူးလို့ အရှင့်သားထင်နေသေးလား ..."
မိုရွှီကို အထင်သေးခဲ့မိသည့်အတွက် အစေခံငယ်လေးက သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး သူ၏တုံးအမှုများကို အပြစ်တင်နေသည့်ပုံပင်။ ဖူယွီကျွင်း တိတ်ဆိတ်စွာဖြင့် မျက်လုံးများပိတ်ထားမိသည်။ သူမျက်နှာပင် မပြနိုင်တော့ဟု ခံစားနေရသည်။
သူ၏နှုတ်ခမ်းများ တွန့်ချိုးသွားပြီး လင်းရှောင်ကို မကြည့်သကဲ့သို့ သူ၏မေးခွန်းကိုလည်း ပြန်မဖြေပေ။ မခံမရပ်နိုင်ဖြစ်ပြီး ထိုလူလေးယောက်ကို ကွပ်မျက်ရန်အမိန့်ပေးလိုက်သည်။
ဖူယွီကျွင်း၏မျက်နှာက အမြဲပြုံးနေတတ်ပြီး တည်ကြည်နေသည့်ပုံစံကို မြင်ရခဲသည်။ သို့သော် ယခုအခါတွင် ထိုအပြုံးများ ပျောက်ကွယ်သွားကာ သူ၏ရက်စက်မှုများကိုသာ အပြည့်အဝမြင်နေရသည်။ ၎င်းက ဒေါသထွက်နေသော သားရဲနှင့်တူသည့်အတွက် လင်းရှောင်ပင် အလိုလို တုန်ယင်လာမိသည်။
ဤလူသည် မည်မျှဖော်ရွေပြီး ထိလွယ်ရှလွယ်ပုံပေါက်နေပါစေ သူက ထိပ်တန်းမှအာဏာကို သိမ်းပိုက်ထားသူဖြစ်နေဆဲပင်ဖြစ်ကြောင်း လင်းရှောင် ရုတ်တရက် သတိရသွားသည်။
အမြင့်တွင် ရှိနေသူတစ်ယောက်က တစ်စုံတစ်ယောက်က သူတို့အား မနာခံသည်ကို လက်မခံနိုင်ပေ။
လင်းရှောင် တိတ်ဆိတ်စွာဖြင့် မျက်စိမှိတ်ထားလိုက်စဉ် ဖူယွီကျွင်းပြောသည်ကို ကြားလိုက်ရသည်။
" ငါကြားတာတော့ မင်းက မိုရွှီကို အဲ့အဆိပ်ပါတဲ့ ငှက်သိုက်ရည်ကို အတင်းသောက်ခိုင်းတယ်ဆို ..."
လင်းရှောင် မဆိုင်းမတွဖြင့် ခေါင်းမော့လိုက်သည့်အခါ ဖူယွီကျွင်းက ပြုံးနေသည့်အမူအယာပြန်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ၏အပြုံးက ရေခဲတမျှအေးစက်နေသည်။ သူ၏ ပေါ့ပေါ့ပါးပါးနေတတ်သောပုံစံမဟုတ်တော့သဖြင့် လင်းရှောင်က အန္တရာယ်ကို ရိပ်စားမိပြီး သတိထားနေလိုက်ရသည်။
" ဘာလို့ ရုတ်တရက်ကြီး အဲ့‌အကြောင်း မေးရတာပါလဲ ..."
လင်းရှောင်က အမျှော်အမြင်ရှိရှိ မေးလိုက်သည်။
ဖူယွီကျွင်းက မျက်ခုံးပင့်လိုက်ပြီး မျက်လုံးကို မှေးကျဉ်းလိုက်မိသည်။ တစ်ဖက်သို့လှည့်၍ လင်းရှောင်ကို မျက်နှာချင်းဆိုင်လိုက်ချိန်တွင် ရုတ်တရက်လှုပ်ရှားမှုကြောင့် သူ၏အင်္ကျီမှ ရွှေရောင်အချောင်းလေးများက တချွင်ချွင်မြည်သွားသည်။ ထိုအသံကြောင့် လင်းရှောင် ရင်ခုန်သံများ တဖြည်းဖြည်းမြန်လာသည်။
သူ၏မျက်စိရှေ့မှ ဖူယွီကျွင်းက အန္တရာယ်များသည်ဟု အလိုလိုသိစိတ်က လင်းရှောင်ကို ပြောနေသကဲ့သို့ပင်။
သူမျှော်လင့်ထားသည့်အတိုင်း ဖူယွီကျွင်းက မျက်လုံးကိုဖွင့်ကာ ပြောလိုက်သည်။
" သူမအသက်ကို ထိခိုက်လို့မရဘူးလို့ ငါ မင်းကို အရင်က ပြောဖူးတယ်နော် ...ငါသိချင်တဲ့ကိစ္စကို သူမကိုခုထိမမေးရသေးဘူး အဲ့ဒါကိုမှတ်မိတယ်မလား ..."
သူ၏မျက်ဝမ်းထဲမှ အလင်းရောင်များက အေးစက်ပြီး အန္တရာယ်ရှိနေသဖြင့် လင်းရှောင် အလိုလို ခေါင်းငြိမ့်လိုက်မိသည်။
ဖူယွီကျွင်းက လင်းရှောင်၏ပခုံးကို အားအနည်းငယ်သုံး၍ ဖိညှစ်လိုက်သည်။
" မင်း မှတ်မိတယ်ဆိုရင်လည်း ရင်ထဲမှာ မြဲမြဲမှတ်ထားလေ ..."
ဖူယွီကျွင်းက အားမပျော့လှသဖြင့် ထိုအင်အား၏အောက်တွင် သူ၏ပခုံးပင် ထုံကျင်လာသည်။ လင်းရှောင် အသံမထွက်အောင်ညည်းညူလိုက်ပြီး မသက်မသာဖြစ်မှုကြောင့် မျက်ခုံးများ တွန့်ချိုးထားမိသည်။
လင်းရှောင်၏ တိတ်တဆိတ်တောင့်ခံနေရပုံက်ု မြင်သည့်အခါ ဖူယွီကျွင်း၏နှလုံးသားက အမည်မသိအကြောင်းအရင်းတစ်ချို့ကြောင့် တဒိတ်ဒိတ်ခုန်လာသည်။ မျက်နှာကြောကိုလျှော့လိုက်ပြီး လင်းရှောင်၏ပခုံးကို လွှတ်ပေးလိုက်သည်။
လင်းရှောင်က ဖူယွီကျွင်းကို ဘာမှမပြောနိုင်ပဲ စိုက်ကြည့်နေသည်။ ဖူယွီကျွင်းလည်း သူ့ကိုယ်သူ အံ့ဩသွားသည်။ သို့သော် အံ့ဩမှုများက ခဏအကြာတွင် ပျောက်ကွယ်သွားပြီး သက်ပြင်းသာချနေသည်။ ထို့နောက် လင်းရှောင်ကိုကြည့်ကာ ပြောလိုက်သည်။
" ဒီတစ်ကြိမ်တော့ထားလိုက်ပါတော့ ... သူမက အဲ့အဆိပ်ကို သူမဘာသာယူလာတာဆိုတော့ ပြဿနာရှာလိုက်တာပဲ ... တကယ်လို့ သူမ မသေသေးဘူးဆိုရင်တော့ မသေရုံတမယ်ပဲထားလိုက်ပြီး ငါလိုချင်တဲ့သတင်းကို ရအောင်မေးခဲ့ပါ ..."
လင်းရှောင်၏ မျက်လုံးများက သံသယများဖြင့်ပြည့်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာမေးလိုက်သည်။
" အဲ့ဒီအကြောင်းကို အရမ်းသိချင်နေတယ်ဆိုရင် သူမဒီမှာ အကြာကြီးနေသွားတုန်းက ဘာလို့‌မမေးလိုက်တာပါလဲ ..."
ဖူယွီကျွင်း ကြားသည့်အခါ လင်းရှောင်ကို မျက်လုံးထောင့်မှကြည့်လိုက်သည်။
" ငါ မေးလား မမေးလား မင်းဘယ်လိုသိလဲ ..."
" အရှင့်သား မေးလိုက်တာလား ..."
လင်းရှောင် အံ့အားသင့်သွားသည်။
" တစ်ခါမှ မမေးလိုက်ရပါဘူး ..."
လင်းရှောင် နှုတ်ခမ်းများစေ့ထားလိုက်သည်။
" ငါသူမကို မေးတဲ့အချိန်တိုင်း နှိပ်စက်နေတာလေ ... အဲ့အချိန်ဆို အစောင့်က အမြဲတမ်း လီစစ်ပဲ ... မိုရွှီက အရမ်းနှုတ်လုံပြီး တစ်ခွန်းမှမဟဘူး ... ဒါပေမဲ့ ပြန်စဉ်းစားမိတော့ လီစစ်ကပဲ မပြောအောင် ပိတ်ပင်ထားတာများလားလို့ ..."
ထိုအကြောင်းပြောနေစဉ် ဖူယွီကျွင်း၏ မျက်နှာက အေးစက်လာသော်လည်း ဆက်နားထောင်လေ လင်းရှောင်၏ မျက်နှာက ထူးဆန်းလာလေဖြစ်သည်။ ။ သူက အံ့ဩတကြီးဖြင့် မေးလိုက်သည်။
" ကျွန်တော်မျိုး ဒီကိစ္စကို ဘာလို့ မသိရတာလဲ ..."
လင်းရှောင်ကိုကြည့်နေသော ဖူယွီကျွင်း၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုနှင့် ချစ်ခင်မှုများပါဝင်နေသည်ကို သူကိုယ်တိုင် သတိမထားမိပေ။
" မင်းက သိုင်းပညာလေ့ကျင့်ပြီးချိန်တိုင်း အခန်းထဲဝင်ပြီးအိပ်ပျော်သွားတာလေ ... ငါဘာလုပ်နေတယ်ဆိုတာ သိပါ့မလား ..."
“……” လင်းရှောင်ပြန်တွေးကြည့်သည့်အခါ အမှန်ဖြစ်နေသည်။ သိုင်းပညာလေ့ကျင့်ရခြင်းက သူ၏စွမ်းအင်များအားလုံးကို ယူဆောင်သွားသကဲ့သို့ပင်။
မိုရွှီ့ကိုတောင် အာရုံစိုက်ချိန်မရှိလိုက်တာ ဖူယွီကျွင်း ဘာလုပ်နေတယ်ဆိုတာ ဘယ်လိုသိတော့မှာတုန်း ...
လင်းရှောင် ရှက်ရွံ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
အစေခံငယ်လေး၏ ရိုးသားသောအမူအရာကြောင့် ဖူယွီကျွင်း၏စိတ်အလိုမကျမှုတို့က လုံးဝပျောက်ကွယ်သွားသည်။ ခေါင်းခါ၍ သက်ပြင်းချလိုက်ပြီးနောက် အဝတ်များကို ခါလိုက်သည်။
" ကောင်းပြီလေ ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်ကို သွားကြတာပေါ့ ..."
အမ် ...
စိတ်ရှုပ်ထွေးနေသော လင်းရှောင်မှာ ရှောင်တိုင်းပြည်၏ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သည့် နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်သို့ ဖူယွီကျွင်း၏ ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။
အဆောက်အဦအတွင်းရှိ စင်မြင့်ကြီးက ဤစားသောက်ဆိုင်၏ ထူးခြားချက်တစ်ခုဖြစ်သည်။ သာမာန်နေ့များတွင် နာမည်ကြီးအဆိုတော်များနှင့် အကသမားများက ဖျော်ဖြေတင်ဆက်ကြသည်။
နေရာတိုင်းတွင် ဝိုင်ရနံ့များသင်းပျံ့နေပြီး အချောအလှလေးများ ကခုန်နေခြင်းကို ကြည့်ရှုပြီး ၎င်းတို့၏ ချိုမြိန်သော သီချင်းများကို နားထောင်ခြင်းက အခြားအရာများထက် အားလုံးကပိုနှစ်သက်သည့် အရာဖြစ်သည်။
ထို့ကြောင့် ဤစားသောက်ဆိုင်က လူတိုင်း၏နှစ်သက်မှုကို အမြဲလက်ခံရရှိပြီး အချို့မှာ အထူးသဖြင့် သာယာမှုအတွက် ဤနေရာ၌ပင် ၎င်းတို့၏အချိန်များကို ဖြုန်းတီးကြသည်။ ထိုနေရာတွင် အပျော်အပါးလ်ိုက်စားတတ်သော လူချမ်းသာများ၏ သားများနှင့်အတူ ဖူရှန့်ကျွင်းလည်း အပါအဝင်ဖြစ်သည်။
သူတို့ဆိုင်ထဲသို့ရောက်ပြီးသည့်အခါ ဖူယွီကျွင်းက သီးသန့်အခန်းတစ်ခုယူလိုက်ပြီး လင်းရှောင်ကို ဒုတိယထပ်ကိုခေါ်သွားသည်။
သီးသန့်ခန်းထဲမှတစ်ဆင့် ပြတင်းပေါက်မှ ဖျော်ဖြေမှုမြင်ကွင်းများကိုတွေ့ရနိုင်သည်။ ထိုမြင်ကွင်းက ပို၍ပင်ဈေးကြီးလှသေးသည်။
ဖူယွီကျွင်းက ဝိုင်ကောင်းတစ်ပုလင်းနှင့် နှုတ်မြိန်စာအချို့ကိုမှာလိုက်ပြီး လင်းရှောင်ကို အောက်ဘက်မှ ဖျော်ဖြေမှုများအကြောင်းကိုရှင်းပြနေသည်။
လင်းရှောင်က သူ့ကိုပွင့်ပွင့်လင်းလင်းပင်မေးလိုက်သည်။
" ကျွန်တော်မျိုးတို့ ဘာလို့ ဒီနေရာကိုလာတာပါလဲ ..."
ဖူယွီကျွင်းက ဝိုင်ခွက်ကိုချလိုက်ပြီး ကျီစယ်စွာပြောလိုက်သည်။
" ရှောင်တိုင်းပြည်ရဲ့ နာမည်ကြီးစားသောက်ဆိုင်ကိုလေ့လာဖို့လေ ..."
လင်းရှောင် ထစ်ငေါ့လိုက်သည်။
" အရှင့်သားရဲ့ အိမ်တော်ကလည်း ဒါမျိုးပဲလေ ... အကြောင်းပြချက်မရှိပဲတော့ ဒီနေရာကို မလာဘူးထင်တယ် ..."
" ဒီနေရာကိုလာရတဲ့ အကြောင်းအရင်းရှိလား ..."
လင်းရှောင် မေးလိုက်သည်။
အစေခံငယ်လေး၏ တည်ကြည်သောမျက်နှာနှင့် မျက်ခုံးကိုတွန့်ချိုးထားပုံက ဖူယွီကျွင်းကို စိတ်ပျော်ရွှင်စေသည်။
သူမနေနိုင်ပဲ ရယ်လိုက်မိပြီးနောက် ရှင်းပြလိုက်သည်။
" ငါ့ရဲ့အစ်ကိုတော်အကြောင်းကို ခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူး ... သူက အချောအလှလေးတွေဆို စိတ်ဝင်စားပေမယ့် တင်းတိမ်မှုမရှိပဲ အသစ်အဆန်းတွေကိုပဲ ရှာဖွေချင်နေတာ ... သူ့မှာရှိတဲ့အရာတွေကိုလည်း တန်ဖိုးမထားတတ်ဘူး ..."
" ဒါဆိုရင် အရှင့်သားရဲ့ အစ်ကိုတော်က မိုရွှီကို ကစားနေရုံပဲပေါ့ ... သူမရဲ့ ပုံပန်းသွင်ပြင်နဲ့တောင်မှလေ ..."
လင်းရှောင်၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေသည်မှာ သိသာလှသည်။ မိုရွှီကဲ့သို့ ပုံပန်းသွင်ပြင်မျိုးက ဤကမ္ဘာတွင် မြင်ရခဲလှသည်။
ဖူယွီကျွင်းက ဝိုင်အနည်းငယ်သောက်ပြီးနောက် မေးလိုက်သည်။
" မင်းက ငါနဲ့ အစ်ကိုတော်က အချောအလှလေးတွေကို ကြည့်တဲ့နေရာမှာ ချို့ယွင်းချက်ရှိတယ်လို့ထင်နေတာလား..."
“……” လင်းရှောင် တိတ်ဆိတ်နေပြီးနောက် ထပ်မေးလိုက်သည်။
" ဒါဆိုရင် ကျွန်တော်မျိုးတို့ ဒီနေရာကိုဘာလို့လာတာလဲ ..."
" ငါ့အစ်ကိုတော်က ဒီနေရာကိုလာရတာ ဘာလို့ သဘောကျလဲသိလား ..."
ဖူယွီကျွင်းက ပြန်ဖြေရမည့်အစား မေးခွန်းတစ်ခုမေးလိုက်သည်။
လင်းရှောင် ခေါင်းခါလိုက်သည့်အခါ ဖူယွီကျွင်းက အောက်ဘက်ကို ကြည့်လိုက်သည်။ အောက်မှစင်မြင့်ပေါ်တွင် ကပြဖျော်ဖြေနေသော အမျိုးသမီးတစ်ယောက်ရှိသည်။ ထိုအကမယ်လေး၏ လှုပ်ရှားမှုများကိုကြည့်ကာ လင်းရှောင်ကိုမေးလိုက်သည်။
" အဲ့မိန်းကလေးရဲ့ အကကို ဘယ်လိုထင်လဲ ..."
ဖူယွီကျွင်းပြောသည့်နေရာကို ကြည့်လိုက်သောအခါ အနီရောင်တောက်တောက် အဝတ်အစားကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က မျက်နှာချေထူထူလိမ်းထားလျက် စင်မြင့်ပေါ်တွင် လှပသိမ်မွေ့စွာ ကပြဖျော်ဖြေနေသည်။
သူမအကတွင် နှစ်လိုဖွယ်ကောင်းမှုနှင့် ဆွဲဆောင်ခြင်းများ ပါဝင်နေပြီးသူမခါးကိုလည်း လှပစွာလှုပ်ရှားနေသည်။ သတိမပြုလိုက်မိချိန်မှာပင် အားလုံး၏အမြင်အာရုံများက သူမထံတွင် ဖမ်းစားခံလိုက်ရနိုင်သည်။ သို့ရာတွင် လင်းရှောင်က မတုန်မလှုပ်ပင်ကြည့်နေပြီး သူ၏စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းခါနေမိသည်။
ထိုမိန်းကလေး၏အကမှာ အလွန်လှုံ့ဆော်လွန်းနေပြီး သက်ဝင်လှုပ်ရှားမှုများ မပါရှိပေ။ သူမ၏သွေးဆောင်ဖြားယောင်းနေသောပုံစံက တမင်သက်သက် လုပ်ယူထားကြောင်း အလွန်သိသာနေပြီး ကိုးရို့ကားယားဖြစ်နေသည်။
ထို့သို့တွေးလိုက်သော်လည်း လင်းရှောင်က မည်သည့်အမူအရာမျှမပြပဲ ဖူယွီကျွင်းနှင့်သာ သဘောတူညီလိုက်သည်။
" အတော်လေး ကောင်းပါတယ် ..."
ဖူယွီကျွင်းက တစ်ဖက်သို့လှည့်ကာ သူ့ကိုပြုံးပြလိုက်သည်။
" အစေခံငယ်လေးတစ်ယောက်ဖြစ်ပေမယ့် မင်းရဲ့ စံသတ်မှတ်ချက်တွေက မြင့်လွန်းနေတာပဲ ... ဒါက ရှောင်တိုင်းပြည်ရဲ့ နံပါတ်တစ်အကမယ် ဟုန်ယဲ့ပဲ ... မင်းရဲ့ ထင်မြင်ချက်က အတော်လေးကောင်းပါတယ်တဲ့လား ..."
လင်းရှောင်ကြားသည့်အခါ ချက်ချင်းပင် ပြင်ပြောလိုက်သည်။
" ကောင်းပါတယ်အရှင့်သား တကယ်ကို အကကောင်းတာပါ ..."
ဖူယွီကျွင်းက သူ့ပခုံးကိုပုတ်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။
" ဒီမိန်းကလေးက ငါ့အစ်ကိုတော် အချိန်အကြာဆုံးစိတ်ဝင်စားခဲ့တဲ့သူပဲ ... သုံးနှစ်လောက်တောင်ရှိပြီ ..."
" ဘ ... ဘယ်လို ..."
လင်းရှောင် အံ့အားသင့်သွားသည်။
" ငါ့အစ်ကိုတော် ဒီစားသောက်ဆိုင်ကို လာရတာကို သဘောကျတဲ့အကြောင်းအရင်းက သူမကြောင့်ပဲ ..."
" အရှင့်သားပြောချင်တာက အရှင့်သားအစ်ကိုတော်က ဒီမိန်းကလေးကလွဲရင် ဘယ်သူ့ကိုမှ ကြာကြာမကြိုက်ဘူးဆိုတဲ့ သဘောလား ..."
လင်းရှောင် ထိုမိန်းကလေးကို ထပ်ကြည့်လိုက်မိသည်။
ထိုမိန်းကလေး၏ မျက်လုံးများက ဆွဲဆောင်မှုရှိပြီး မမျှော်လင့်စွာဖြင့် သူမအကထဲတွင် တင့်တယ်မှုများ ပါဝင်နေသည်ကို မြင်လိုက်ရသည်။ လင်းရှောင် သံသယမကင်းစွာဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်နေသည်။
ထို့နောက် ဖူယွီကျွင်းပြောသည်ကို ကြားလိုက်ရသည်။
" အစ်ကိုတော်အဲ့လိုဖြစ်နေရတဲ့ အကြောင်းအရင်းကလည်း ဒီမိန်းကလေးက သူ့ကိုငြင်းလိုက်လို့ပဲ ... သူ ဘယ်တုန်းကမှ သူမအချစ်ကို မရခဲ့ဘူး ..."